ရိုက်နှက်ခံရသည့်ပိုးကောင်ပမာ
Vol. 77 Ch. 1077
အခန်း (၁၀၇၇) ရိုက်နှက်ခံရသည့်ပိုးကောင်ပမာ
ရန်ကျောက်ကဲ လက်ဖဝါးကိုလှန်လိုက်သည်။
စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က ရန်ကျောက်ကဲ၏ ကိုယ်ပိုင်အယူအဆဖြင့် ထူးခြားပေါ်လွင်စွာ ထွက်ပေါ်လာသည်။
လေထုထဲတွင် ရှည်လျားသည့် အချိန်ရေစီးကြောင်း ထင်ရှားထွက်ပေါ်လာပြီး ကနဦးကောင်းကင် အစပြုဖြစ်တည်ခြင်းနှင့်အတူ ပုံသဏ္ဌန်မရှိသော ‘ထိုက်ယိ’ စွမ်းအားက ပရမ်းပတာ မှောင်မိုက်နေသည်။
မိုးမြေမဖြစ်တည်ခင် ဖန်ဆင်းခြင်းတရား ကနဦးပိုင်းဖြစ်သော အချိန်ကာလသို့ ရောက်ရှိသွားပြီး အရာအားလုံးက အချည်းနှီးပျက်ဆီးခြင်းသို့ ဦးတည်နေသည်။
ရန်ကျောက်ကဲက လင်ပေါင်ဓားသိုင်း (၄)မျိုးမှ မဟာတာအိုပြိုကွဲခြင်းနှင့်အတူ အဆုံးတရားနိယာမများကို ကိုယ်စားပြုသော ‘နတ်ဘုရားသတ်ဖြတ်ဓားသိုင်း’ ကို ကျင့်ကြံထားခြင်းမရှိသော်လည်း ထိုဓားသိုင်း အယူအဆများကိုစုစည်းပြီး ဖန်ဆင်းခြင်းနှင့် ပျက်သုဉ်းခြင်း အလုံးစုံသဘောတရားများကို နားလည်နိုင်စွမ်း ရှိသည်။
သို့ဖြစ်ရာ ရန်ကျောက်ကဲက ယွိချင်အဆက်အနွယ်မှ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အား ထိုက်ယိလက်သီးသိုင်းအပြင် စန့်ချင်အဆက်အနွယ်မှ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကိုပါ ထည့်သွင်းပေါင်းစပ် အသုံးပြုလိုက်သည်။
ဤကမ္ဘာလောကတွင် လူအများ စိတ်ကူးနိုင်သည်ကို ကျော်လွန်သွားသည့် စန်းချင်း (၃)ပါး၏ ပညာရပ်များ တပြိုင်တည်းပေါင်းစပ်ထားသည့် ‘စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်’ ဖြစ်သည်။
ဖန်ဆင်းခြင်းနှင့် ပျက်ဆီးခြင်းက ပြောင်းပြန်လည်ပတ်သွားပြီး အကျိုးသက်ရောက်မှုသည်လည်း ပြောင်းပြန် ဖြစ်သည်။
ကမ္ဘာပေါ်ရှိ စွမ်းအားအကြီးဆုံးနှင့် အခြေခံအကျဆုံးနိယာမမှာ ယခု ရန်ကျောက်ကဲ၏လက်ဖဝါးထက်တွင်ရှိနေသော ဆန့်ကျင်ဘက် အစွန်းနှစ်ဖက် ဖြစ်၏။
ဤသည်မှာ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်၏ အဆုံးစွန်သော ပြောင်းလဲမှုများထဲမှ တစ်ခု ဖြစ်သည်။
သို့သော် ရှေးခေတ်အချိန်ကတည်းကပင် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ကျင့်ကြံခဲ့ကြသော သိုင်းသူတော်စင်များစွာမှာ ဤပြောင်းလဲမှုကို လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြပေ။
ဤသည်က ကနဦးကောင်းကင်မှသည် ဖန်ဆင်းခြင်းအချိန်ကာလအထိ ပြောင်းပြန်ပြောင်းလဲမှုတစ်ခု ဖြစ်သည်။
ရန်ကျာက်ကဲ၏လက်ဝါးရိုက်ချက် ဆင်းသက်လာသည်နှင့် ချန်ချန်းဟွာ မျက်လုံးရှေ့မှ ကမ္ဘာလောကတစ်ခုလုံး ပြောင်းလဲသွားသည်။
အစောပိုင်းနှင့် နှောင်းပိုင်းကောင်းကင် နယ်နိမိတ်များ ဖယ်ရှင်းခံလိုက်ရပြီဖြစ်သဖြင့် ကမ္ဘာလောကြီးအတွင်းမှ အရာအားလုံး ပျောက်ကွယ်သွားသည်။
ဖန်ဆင်းခြင်းဖြစ်စဉ်အားလုံးကို အတင်းအကျပ် ပြောင်းပြန်လှန်ပစ်လိုက်သည့် ကြီးကျယ်ခမ်းနားသော ဤသိုင်းပညာအယူအဆတွင် ကြောက်မက်ဖွယ်ကောင်းသော ၊ တုနှိုင်းမရကြီးမားသော တန်ခိုးစွမ်းအားတစ်ခု ပါဝင်သည်။
ထိုတန်ခိုးစွမ်းအားက များပြားလှစွာသော အခြေခံနိယာမများကို ချေမှုန်းပြီး အတိုင်းအဆမရှိသော အနန္တစွမ်းအားများ ပိုင်ဆိုင်ထားသည်ဖြစ်ရာ ဖြစ်တည်မှုအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက် ကျဆင်းလာသည်နှင့် ချန်ချန်းဟွာ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ဖွဲ့စည်းထားသော ကျိုင်းတံလှံရှည်မှာ မြူခိုးမှုံများအဖြစ် တစ်စစီ အက်ကွဲသွားသည်။
‘ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ’ က မြင့်မားသောခံစစ်စွမ်းအားကို ပိုင်ဆိုင်သည့်တိုင် ချန်ချန်းဟွာမှာ ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ခုခံနိုင်စွမ်း မရှိတော့ပေ။
ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြား ဖိအားများစွာ ခံစားလိုက်ရပြီး ချန်ချန်းဟွာ၏ ပုံရိပ်ယောင်အသွင် ဆုံးရှုံးသွားကာ အစစ်အမှန်အသွင် ပြန်ပေါ်လာသည်။
ရန်ကျောက်ကဲ၏ ပြင်းထန်သော လက်ဝါးရိုက်ချက် ထိမှန်ခံလိုက်ရသော ချန်ချန်းဟွာမှာ မြေကမ္ဘာနယ်မြေအောက်ဘက်ရှိ ချောက်နက်ကြီးအတွင်းသို့ တန်းတန်းမတ်မတ်ပင် လွင့်ထွက်သွား၏။
ချန်ချန်းဟွာ လွင့်ထွက်သွားသည်နှင့် ရန်ကျောက်ကဲ စိတ်ထဲ တစ်စုံတစ်ခု တွေးလိုက်မိသည်။
ချက်ချင်းပင် သူ့ထံမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ လေထုထဲတွင် ကြီးကျယ်ခမ်းနားသော နေမင်းကြီးအဖြစ် ပြောင်းလဲသွားကာ အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးအား နေရောင်ခြည်အလင်းတန်းများဖြင့် ဖိနှိပ်ထားလိုက်သည်။
ဤသည်က ‘ထူးကဲယန်စည်းတံဆိပ်’ ပင် ဖြစ်၏။
ထူးကဲယန်စည်းတံဆိပ် ဆင်းသက်လာသည်နှင့်အမျှ မြေကမ္ဘာနယ်မြေထဲသို့ တိုးဝင်လာသော မိစ္ဆာချီများ ချက်ချင်းပင် ငြိမ်သက်သွားသည်။
ယခုတစ်ကြိမ် မြေကမ္ဘာနယ်မြေသို့ ငရဲကိုးထပ်ဝင်ရောက်ကျူးကျော်ခြင်းက ယခင်အကြိမ်များစွာထက် သာလွန်သွားခဲ့သည်။
သို့သော် လက်ရှိတွင် ရန်ကျောက်ကဲသည်လည်း ထူးကဲယန်စည်းတံဆိပ်ကို သူ့စိတ်တိုင်းကျ လွတ်လပ်စွာ ကိုင်တွယ်နိုင်နေပေပြီ။
ငရဲကိုးထပ်မှ ထိပ်ဆုံးအဆင့် မဟာနတ်ဆိုးတစ်ယောက် လှုပ်ရှားမှုမပြုပါက မိစ္ဆာချီများအနေဖြင့် ထူးကဲယန်စည်းတံဆိပ်ကို ခံရပ်နိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲက ချောက်နက်ကြီးအတွင်းသို့ စူးစိုက်ကြည့်ရင်း...
“ဘယ်လိုလဲ... အခုရော အံ့အားသင့်စရာ ရှိသေးလား ၊ မင်း ပျော်နိုင်သေးလား...”
ချောက်နက်အောက်ဘက် နက်မှောင်သော မိစ္ဆာချီများအလယ်တွင် ချန်ချန်းဟွာ၏ပုံရိပ်က လွင့်မျောလျှက် ရှိ၏။
မိစ္ဆာချီများက သူ့အပေါ် သက်ရောက်မှု မရှိနိုင်သော်လည်း သူ့ပုံစံကြည့်ရသည်မှာ အတော်လေး ကပိုကရိုဖြင့် ရှုတ်ထွေးလျှက် ရှိသည်။
ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာစည်းတံဆိပ်ကို အတင်းအကျပ် တောင့်ခံထားရသော သူ၏လက်များမှာ အသွေးအသားများအက်ကွဲနေပြီး ထူးဆန်းစွာပုံပျက်နေသည်။
သူ၏မျက်နှာမှာလည်း သွေးရောင်တစ်စက်မရှိတော့အောင် ဖြူဖပ်ဖြူလျော် ဖြစ်လျှက်ရှိသည်။ သူ ပါးစပ်ဟပြီး ချောင်းဆိုးလိုက်သည့်အခါ သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။
“အဟွတ်... အဟွတ်... အဟွတ်... မင်း... မင်းက စန်းချင်း (၃)ပါး သိုင်းပညာရပ်တွေကို တပြိုင်တည်းကျင့်ကြံထားတာ မဟုတ်လား ၊ အဟွတ် အဟွတ် ... မဟုတ်ရင် မင်းက သိုင်းသူတော်စင်အဆင့်လောက်နဲ့ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ကနဦးကောင်းကင် ဖန်ဆင်းခြင်းအချိန်ကာလရောက်အောင် ပြောင်းပြန်လှန်နိုင်မှာ မဟုတ်ဘူး”
ချောင်းဆိုးပြီး သွေးများအဆက်မပြတ်အန်ထွက်နေသည့်တိုင် ချန်ချန်းဟွာ၏မျက်နှာက ရွှင်မြူးရိပ်များ ထင်ဟပ်နေသည်။
“တကယ်ပဲ... တကယ်ပဲ... အဟွတ် အဟွတ်... မင်းက ပိုးသားဧကရာဇ်ထက် အများကြီးပိုပြီး စိတ်ဝင်စားစရာကောင်းတာပဲ”
စကားပြောနေရင်းဖြင့်ပင် သူ၏လက်များမှ အက်ကွဲတွန့်လိမ်နေသော အသွေးအသားများ မရပ်မနား လျှင်မြန်သောအရှိန်ဖြင့် ပြန်လည်ကောင်းမွန်သွားသည်ကို သာမန်မျက်စိဖြင့်ပင် တွေ့မြင်နိုင်သည်။
စက္ကူဖြူတစ်ချပ်ပမာ ဖြူဖျော့နေသောမျက်နှာသည်လည်း သွေးရောင်ပြန်လွှမ်းလာသည်။
အချိန်က ပြန်လည် လှည့်ပတ်သွားပြီး ဗလာနယ်နက ပုံရိပ်ယောင်အဖြစ်ပြောင်းလဲသွားကာ ကျယ်ပြန့်ပြီး အကန့်အသတ်မရှိသော ဖြစ်စဉ်များ ထွက်ပေါ်လာသည်။
ယင်နှင့်ယန် မျှခြေအဖြစ် စီးဆင်းသွားပြီး ပြောင်းလဲနိုင်သော စိတ်အစဉ်က လှိုင်းထန်လှုပ်ခတ်သွားသည်။
ယင်နှင့်ယန် ၊ အချိန်ကာလ ၊ ဗလာနယ် ၊ အသက်ဓာတ် ၊ ရုပ်နှင့် ခန္ဓာ ဟူသော အယူအဆ (၆)ခု သဘောတရားက တစ်ပြိုင်နက်တည်း ပေါ်လွင်လာပြီး ကမ္ဘာကြီး၏ အခြေခံအုတ်မြစ်ကို စုပေါင်းဖွဲ့စည်းသည်။
ဤလေးနက်သော တန်ခိုးစွမ်းအားအောက်တွင် ရန်ကျောက်ကဲကြောင့် ရရှိထားသော ချန်ချန်းဟွာ၏ဒဏ်ရာများ လျှင်မြန်စွာ ပျောက်ကင်းသွားသည်။
ချန်ချန်းဟွာကိုကြည့်ရင်း ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်၏။
“အိုး... မင်းက ယွိချင်အဆက်အနွယ် မူလကောင်းကင်ကျမ်းစာ (၁၀)ခုထဲက နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)ခုလုံးကို အပြည့်အဝ စုစည်းထားနိုင်တာပဲ”
ချန်ချန်းဟွာ၏ စွမ်းအားရောင်ဝါများ အားနည်းနေသည့်တိုင် သွေးများအန်ထွက်နေခြင်းကတော့ ရပ်တန့်သွားသည်။
“နေဝန်းထက်ယံအရှင်သခင်ရဲ့ အတွေးတွေက တကယ်ခန့်မှန်းရခက်တယ် ၊ သူလည်း အတော်လေး စိတ်တင်စားစရာကောင်းတာပဲ”
ချန်ချန်းဟွာ၏ စွမ်းအားရောင်ဝါများက အားနည်းနေသေးသည့်တိုင် သွေးများအန်ထွက်နေခြင်းကတော့ ရပ်တန့်သွားသည်။
အစိမ်းရောင်အလင်းတန်းတစ်ခု သူ့ထံမှ လွင့်ပျံထွက်ပေါ်လာပြီး လေထဲတွင် တဖြည်းဖြည်းကြီးမားလာကာ အလံရှည်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဒြပ်စင်ငါးပါးမှ မွေးဖွားလာသည့် အဆုံးမရှိသော အသက်ဓာတ်စွမ်းအားအယူအဆများက တဟုန်ထိုး မြင့်တက်လာသည်။
အစိမ်းရောင်အလံရှည်က မြေကမ္ဘာနယ်မြေ ချောက်နက်ကြီးအတွင်း ကျဆင်းသွားပြီး ထူးကဲယန်စည်းတံဆိပ်ကို ကြားဖြတ်ဟန့်တားလိုက်သည်။
နေမင်းကြီး ဆင်းသက်လာသည်နှင့် ဆင်တူသော ရက်စက်ကြမ်းကြုတ်လွန်းသည့် ထူးကဲယန်စည်းတံဆိပ်မှာ ထိုအလံရှည်၏ တားဆီးမှုကိုခံရပြီး ဆက်လက်မဆင်းသက်နိုင်တော့ဘဲ ရပ်တန့်သွားသည်။
ထူးကဲယန်စည်းတံဆိပ်ဖြင့် ဖိနှိပ်မခံရတော့သည့်အခါ မြေကမ္ဘာနယ်မြေအတွင်းမှ ငရဲကိုးထပ်မိစ္ဆာချီများ နောက်တစ်ကြိမ် သောင်းကျန်းထကြွလာပြန်သည်။
ထိုအစိမ်းရောင်အလံရှည်ကိုကြည့်ရင်း ရန်ကျောက်ကဲမျက်ဝန်းများ တည်ကြည်လေးနက်သွားသည်။
သူက အံ့အားသင့်စွာဖြင့်...
“ဒါက ထိုက်စွေ့အလံရှည် မဟုတ်ဘူးလား ၊ ဘာလို့ မင်းမှာ ရှိနေရတာလဲ”
ထိုက်စွေ့အလံရှည်ဆိုသည်က ခွန်လွန်အထင်ကရ (၉)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ‘မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ ပြုလုပ်ထားသည့် လက်နက်တစ်ခုဖြစ်ပြီး ထူးကဲယန်စည်းတံဆိပ် ၊ ထူးကဲယင်သရဖူတို့နှင့် တန်းတူ တန်ခိုးစွမ်းအား မြင့်မားသည်။
ရန်ကျောက်ကဲ စိတ်ပူပန်သွားသည့်အချက်မှာ မိခင်ဖြစ်သူ ‘ရွှယ်ချူးချင်’ က ‘မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ မှ ဆင်းသက်လာသော အဆက်အနွယ် ဖြစ်သည်။
လျိုကျန်းကူ ၊ ချောင်ကျယ် ၊ ဝမ်ဖူနှင့် အခြားသူများ ပြောဆိုသည့်သတင်းအရဆိုလျှင် ‘ထုန်းမင်ဧကရာဇ်’ ဟူယွဲ့ရှင်းက ‘မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ ၏ တစ်ဦးတည်းသော တပည့်ဖြစ်သည်။
ချန်ချန်းဟွာက ခေါင်းခါယမ်းရင်း...
“ဘာလဲ... ဒီပစ္စည်းက မင်းအမေလက်ထဲမှာ ရှိသင့်တယ်လို့ တွေးနေတာလား”
သူက ဆက်ပြောသည်။
“ဖြစ်တော့ဖြစ်သင့်ပါတယ် ၊ မင်းအမေရဲ့ဆရာဘွားဘွားက သူ့တပည့် ထုန်းမင်ဧကရာဇ်ကို ပေးခဲ့တာတော့ အမှန်ပါပဲ ၊ ဒါပေမဲ့ ထုန်းမင်ဧကရာဇ် သေဆုံးသွားတော့ သူက ထိုက်စွေ့အလံကို မင်းအမေဆီ လက်ဆင့်မကမ်းခဲ့ဘူး”
“ငါက တခြားသူဆီက ယူလာတာ ၊ ဘယ်နေရာမှာ သုံးရမှန်းမသိတာနဲ့ ဒီအတိုင်း သိမ်းထားလိုက်တာ”
ချန်ချန်းဟွာက ပြုံးလိုက်ရင်း...
“အခုတော့ စိတ်ရှည်ရှည်နဲ့ သိမ်းထားရကျိုး နပ်ပြီပေါ့ ၊ ဒီနေ့ ဒီပစ္စည်းကို အသုံးပြုရပြီလေ ၊ ပြီးတော့ မင်းနဲ့တိုက်တဲ့နေရာမှာ သုံးရတဲ့အတွက် ဒီထက်ပိုပြီး ပြီးပြည့်စုံတာ မရှိနိုင်တော့ဘူး”
ရန်ကျောက်ကဲက သူ့ကိုကြည့်ရင်း နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးလိုက်သည်။
“အမှန်ပဲ... တကယ့်ကို အံ့သြစရာပဲ”
ရန်ကျောက်ကဲက ထိုက်စွေ့အလံရှည်နှင့် တားဆီးခံထားရသည့် ထူးကဲယန်စည်းတံဆိပ်နှင့် နောက်တစ်ကြိမ် ပျံ့နှံ့ထွက်ပေါ်လာသော မိစ္ဆာချီများကို အရေးမစိုက်တော့ပေ။
သူက ချန်ချန်းဟွာဆီသို့ နောက်ထပ်လက်ဝါးရိုက်ချက်တစ်ချက် ရိုက်ချလိုက်သည်။
တစ်ချိန်တည်းပင် အဝေးတစ်နေရာ၌ အလင်းရောင်တစ်ချက် ဖျတ်ခနဲလင်းလက်လာပြီး မိုးမြေတစ်ခွင် လေထုထဲတွင် အလွန်ကြီးမားသော ဧရာမငှက်ကြီးတစ်ကောင် ထွက်ပေါ်လာသည်။
ခွန်ဖိန်ငှက် ကြုံးဝါးအော်မြည်သံနှင့်အတူ အဆုံးမဲ့အကွာအဝေးကိုဖြတ်သန်းပြီး ရန်ကျောက်ကဲနှင့် ချန်ချန်းဟွာတို့ရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။
ထို့နောက် ခွန်ဖိန်ငှက်အသွင်ပျောက်ကွယ်သွားပြီး ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအသွင် ထွက်ပေါ်လာသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလက်ထဲတွင် (၇)ပေရှည်သော အစိမ်းရင့်ရောင်ဝါးကိုင်းတစ်ခုရှိနေပြီး သူက ဝါးကိုင်းကို စက်ဝိုင်းသဏ္ဌန်လှည့်ပတ်ကာ ထိုက်စွေ့အလံအား ရိုက်ချလိုက်၏။
အစိမ်းရင့်ရောင်ဝါးကိုင်းဖြင့် ရိုက်နှက်ခံရသည်နှင့် ထိုက်စွေ့အလံရှည်မျက်နှာပြင်ထက်မှ အစိမ်းရောင်အလင်းတန်းများ တစ်ချက် တုန်ခါသွားသည်။
အမှန်တော့ ထိုက်စွေ့အလံရှည် ၊ ထူးကဲယန်စည်းတံဆိပ်ကဲ့သို့ အံ့သြဖွယ်ရာ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို ကိုင်တွယ်ရန် ဝါးကိုင်းအရှည် (၈)ပေ ရှိရမည် ဖြစ်သည်။
ချန်ချန်းဟွာက ရန်ကျောက်ကဲနှင့် ရင်ဆိုင်တိုက်ခိုက်ရန် အပြည့်အဝ အာရုံစိုက်နေရသဖြင့် ထိုက်စွေ့အလံရှည်ကို ထိန်းချုပ်မှု အားနည်းသွားသည်။
သို့ဖြစ်ရာ ထိုက်စွေ့အလံရှည်မှာ အစိမ်းရင့်ရောင်ဝါးကိုင်းဖြင့် ရိုက်နှက်ခြင်းအား မခုခံနိုင်တော့ဘဲ ထူးကဲယန်စည်းတံဆိပ်အောက် တန်ခိုးစွမ်းအား လျော့ကျသွားသည်။
ချက်ချင်းပင် ထူးကဲယန်စည်းတံဆိပ်အသာစီးရသွားပြီး အောက်ဘက်တွင် ထကြွသောင်းကျန်းနေသော ငရဲကိုးထပ်မိစ္ဆာချီများကို ဆက်လက်ဖိနှိပ်ထားလိုက်သည်။
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“ငါ မင်းကို ချီးကျူးစကား ဆိုရမယ် ၊ မင်းက ငါ့ကို တကယ့်ကို အံ့သြသွားအောင် လုပ်နိုင်တယ်”
ထို့နောက် သူ၏လက်ဝါးရိုက်ချက်က ချန်ချန်းဟွာ၏ဦးခေါင်းထက်မှ မိုးမြေတစ်ခွင်သို့ လွှမ်းခြုံသွားလေ၏။