ဖုန့်ချုံဟွမ် (အဖော်ရှာနေသော ဇာမဏီ)
Vol. 46 Ch. 628
“ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ ဒုတိယကောင်းကင်ဘုံ....”
ချင်မူ ဘေးဘီဝဲယာသို့ ကြည့်လိုက်သည့်အခါ အပျက်အစီးများအား မြင်လိုက်ရသည်။ ပြိုကျနေသော မြို့တံတိုင်းများ၊ နန်းဆောင်များ၊ ကောင်းကင်ယံတွင် ပျံဝဲနေသော မြို့ပျက်များအပြင် မြေပြင်တစ်လျှောက် ပြန့်ကြဲနေသော အရိုးစုများကိုလည်း တွေ့ရသည်။
အဝေးရှိ တောင်ကြီးများလည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးနေသည်။ တောင်ထိပ်များမှာ ဟိုတစ်ကွက်၊ သည်တစ်ကွက် ကိုက်ခံထားရသော ပြောင်းဖူးရိုးများနှင့် တူ၏။ အလယ်အူတိုင်များပင် ကိုက်ခံထားရသဖြင့် တောင်များမှာ အချိန်မရွေး ပြိုကျတော့မည့်အလား ထင်ရပေသည်။
ကွဲအက်နေသော မြေပြင်တွင်လည်း မီးတောင်များ၊ ချော်ရည်များ ဖုံးလွှမ်းနေသည်။ နီရဲနေသော ချော်ရည်မြစ်များက သွေးမြစ်များပမာ တသွင်သွင် စီးဆင်းနေ၏။
ကောင်းကင်ယံတွင် ထူးဆန်းသော ကြယ်အပိုင်းအစများနှင့် တိမ်တိုက်များလည်း ရှိနေသည်။ ထိုတိမ်တိုက်များက ကောင်းကင်နတ်သိုင်းများမှ ကျန်ရစ်ခဲ့သည့် အကြွင်းအကျန်များ ဖြစ်လောက်ပေသည်။
ချင်မူ မြေပြင်ပေါ် နင်းလိုက်သည့်အခါ မြေကြီးက မာကြောနေကြောင်း သတိပြုမိလိုက်သည်။ ဤမြေမျိုးတွင် အပင်သစ်ပင်မှ မပေါက်နိုင်ပေ။ ထိုစဉ် လေတစ်ချက် တိုက်ခတ်သွားပြီး မေ့မရနိုင်သော မြင်ကွင်းတစ်ခုအား မြင်လိုက်ရသည်။
တောင်လိုပုံနေသော လူအရိုးများသည် လေဖြတ်တိုက်သွားသည့်အခါ သူ့အရှေ့၌ လိမ့်သွားကြ၏။ အရိုးများက လေနှင့်အတူ လိမ့်ရင်း တစ်ခုနှင့်တစ်ခု ဆက်သွားကာ အလုံးကြီးများ ဖြစ်လာကြသည်။ မကြာခင် သူ့အရှေ့၌ အရိုးဖြူအလုံးကြီးများ ဟိုလှိမ့်သည်လှိမ့် လိမ့်နေကြတော့သည်။ လေငြိမ်သွားသည့်အခါ အရိုးဖြူအလုံးကြီးများလည်း ရပ်တန့်သွားပြီး မြေပြင်ပေါ်၌ ပြန့်ကြဲကျသွား၏။
ထို့နောက် အရိုးဖြူဖြူများအထဲမှ တစ်ပိုင်းတစဝိညာဉ်များက မီးခိုးငွေ့များသဖွယ် မျောလွင့်လျက် ထွက်လာကြသည်။ သူတို့၏မျက်နှာများအား မြင်ရသေးသော်လည်း ခန္ဓာကိုယ်များမှာမူ အင်္ဂါစုံလင်စွာ မရှိကြပေ။ လက်ပြတ်၊ ခြေပြတ်ဖြင့် စုတ်ပြတ်နေကြသည်။
လေပြန်တိုက်သည့်အခါ တစ်ပိုင်းတစဝိညာဉ်များက အရိုးများထဲသို့ ကပျာကယာ ပြန်ဝင်သွားကြပြီး လေကို ရှောင်ရန် ပြေးကြသည်။ သို့သော် ပြေးနေစဉ် လေသည် သူတို့ကို စွေ့တိုက်လိုက်၍ လေနှင့်အတူ လိမ့်သွားကြသည်။ အရိုးဖြူဖြူလက်များက တစ်ဖက်နှင့်တစ်ဖက် လှမ်းဆွဲပြီး အဖြူရောင်အရိုးလုံးကြီးအဖြစ် အတူလိမ့်ထွက်သွားကြ၏။
ဤကဲ့သို့ ထူးဆန်းသော မြင်ကွင်းမျိုးကို ချင်မူ မမြင်ဖူးပေ။
‘ဒီတစ်ပိုင်းတစ ဝိညာဉ်တွေက ဒီမှာ သေခဲ့ကြရတဲ့ သတ္တဝါတွေရဲ့ ဝိညာဉ်တွေ ဖြစ်လိမ့်မယ်.... ဝိညာဉ်တွေ အပြည့်အစုံမရှိလို့ ယိုတုက သူတို့ကို မခေါ်ဘဲ လျှောက်သွားခွင့်ပေးထားတာပဲ”
ချင်မူ သူ့ဘာသာသူ တွေးလိုက်မိသည်။ “သူတို့မှာ ဝင်စရာခန္ဓာမရှိတော့ အရိုးစုတွေထဲ ဝင်ကြရတယ်... အရိုးစုတွေထဲ ဝင်မှ အသက်ရှင်နေသေးသလို ခံစားရတာကြောင့်လား”
“ငါတော့ သေတော့မယ်ထင်တယ်”
သူ့အနောက်တွင် သိကြားဗုဒ္ဓ၏အသက်ရှူသံမှာ အားနည်းနေပြီး သူက သနားစဖွယ်လေသံဖြင့် ပြောလေသည်။ “တောင်ကောင်းကင်ဘုံ ဇာမဏီနတ်မင်း ချီရှားယွီရဲ့ အစွမ်းအစတွေက မြင့်လွန်းအားကြီးတယ်... သူ့ဆီက သံစဉ်လေးတစ်ခုနဲ့တင် ငါ့အသက်ကို ဖမ်းဖို့ လုံလောက်တယ်... ငါတော့ သေတော့မယ်ထင်တာပဲ.... ဒကာလေးချင်၊ ကို့ယ်ဘာသာကိုယ်သာ ဆက်သွားပါတော့”
“ဟုတ်ကဲ့”
ချင်မူက တွေဝေတွန့်ဆုတ်ခြင်းမရှိ ပြောလိုက်၏။ “ဗုဒ္ဓသေတာနဲ့ တပည့်တော် သင်္ဂြိုဟ်ပေးပြီး ကိုယ့်ဘာသာကိုယ် ဆက်သွားလိုက်ပါ့မယ်... ဗုဒ္ဓအနေနဲ့ ဂူသွင်းသင်္ဂြိုဟ်တာ ခံချင်လား... မီးသင်္ဂြိုဟ်တာ ခံချင်လား”
သိကြားဗုဒ္ဓ သူ့ကို မျက်လုံးကြီးပြူးလျက် စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။ “အခုထိတောင် မသေသေးပါဘူးဟ... ဂူသွင်းရမလား မီးသင်္ဂြိုဟ်ရမလားတောင် စဉ်းစားနေပြီပေါ့”
ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “တပည့်တော် သိကြားကျမ်းစာ ကျင့်ထားတာ မကြာသေးပေမယ့် ဒီကျင့်စဉ် ဘယ်လောက် အင်အားကြီးနိုင်လဲ သိပါတယ်... ရုပ်ခန္ဓာနဲ့ မူလဝိညာဉ်နှစ်ခုလုံးက ထိပ်တန်းတွေ၊ ပျက်စီးမလွယ်ဘူး... ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်နဲ့ ယှဉ်ရင် နိမ့်ကျတယ်ဆိုပေမယ့် သိပ်အကွာကြီးမဟုတ်ပါဘူး... ဗုဒ္ဓက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တဲ့သူပဲ... ဘယ်လိုလုပ် သံစဉ်တစ်ခုတည်းနဲ့ အနိစ္စရောက်မှာလဲ”
သိကြားဗုဒ္ဓက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ဖြူလျော့နေသော မျက်နှာဖြင့် ပြောလေသည်။ “ဒကာ့ကို ကယ်ဖို့ ငါ့မှာ ဇာမဏီနတ်မင်းချီရှားယွီရဲ့ ဗျပ်စောင်းသံစဉ်တွေကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရတယ်... ငါ့အသက်ဓာတ် အားနည်းနေပြီ....”
“ဇာမဏီနတ်မင်း ချီရှားယွီရဲ့ ကောင်းကင်နတ်သိုင်းက အာကာသကို ဖြတ်ပြီး ရောက်လာတာမလို့ ကူးပြောင်းနေတဲ့စွမ်းအင်နဲ့ ဝင်တိုက်သွားခဲ့တယ်.... အဲဒါကြောင့် ကောင်းကင်နတ်သိုင်းရဲ့ အားက တစ်ဝက်ပဲ ကျန်ခဲ့လိမ့်မယ်”
ချင်မူက ခွဲခြမ်းစိတ်ဖြာပြီး ဆက်ပြောသည်။ “ဒါကြောင့် ဗုဒ္ဓက တစ်ဝက်ပဲ ခံခဲ့ရတာပါ... အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ မပြင်းထန်ပါဘူး ဟုတ်တယ်မလား... ဒါ့အပြင် ဇာမဏီနတ်မင်း တီးခဲ့တဲ့ သံစဉ်ကိုလည်း ကြားဖူးတယ်... အဲဒါက အင်မတန် ကျော်ကြားတဲ့ ဗျပ်စောင်းသံစဉ်ပဲ.... သီချင်းနာမည်က ‘ဖုန့်ချုံဟွမ်’ အဖော်ရှာနေသော ဇာမဏီ’တဲ့”
သိကြားဗုဒ္ဓက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး အားနည်းဖျော့တော့စွာ ပြောလေသည်။ “ဘယ်ဇာမဏီက အဖော်ရှာနေလို့လဲ... အဲဒီသီချင်းမျိုး တစ်ခါမှ မကြားဖူးဘူး”
“တစ်ချိန်တုန်းက မိန်းမလှလေး ... ကိုယ် မင်းကို မြင်မြင်ချင်းမှာ မေ့မရနိုင်တော့ပါ... တစ်နေ့လုံး မင်းလေးကိုမှ မတွေ့ရရင် ကိုယ့်ရင်မှာ ဟာတာတာနဲ့.... ကိုယ့်ရဲ့စိတ်နှလုံးကို စိုးမိုးထားတာ မင်းပါပဲ.... ဝေဟင်ထက်မှာ ပျံဝဲနေတဲ့ ဇာမဏီဖိုလို ပင်လယ်လေးစင်းကို ဖြတ်ကျော်ရင်း ကိုယ့်ရဲ့ အသည်းကညှာ ဇာမဏီမလေးကို ရှာနေမိတယ်... အို ကံများ ဆိုးချင်တော့... မိန်းမလှလေးဟာ ဒီအရှေ့တံတိုင်းဆီမှာ မဟုတ်ဘူးတဲ့ကွယ်... ကိုယ့်ရင်မှာ ပေါက်ဖွားလာတဲ့ ဒီစာသားတွေနဲ့ မင်းလေးအတွက် သီချင်းစပ်မယ်... ဘယ်နေ့များမှ မင်းရဲ့အချစ်ကို လက်ခံရမလဲ... ဘယ်အချိန်များမှ ကိုယ့်ရဲ့ လွမ်းဆွတ်တောင့်တမှုတွေ ဖြေဖျောက်နိုင်မလဲ”
ချင်မူက ကျယ်လောင်စွာ သီဆိုရင်း လက်နှစ်ဖက်ကို လှုပ်ရှားနေသည်။ သူ့လက်အောက်တွင် ဗျပ်စောင်းသော်လည်းကောင်း၊ ကြိုးမျှင်များသော်လည်းကောင်း မရှိသည့်တိုင် သူ၏ချီစွမ်းအင်က ကြိုးမျှင်ဖွဲ့ကာ ဇာမဏီနတ်မင်းချီရှားယွီ သူတို့ကို လိုက်ဖမ်းခဲ့စဉ်က သုံးခဲ့သော သံစဉ်အတိုင်း တီးနေသည်။
လူငယ်လေးက ကြိုးများတီးခတ်၍ စိတ်လွတ်ကိုယ်လွတ် သီဆိုနေသည်။ “...ဘယ်တော့များမှ ဟင်္သာငှက်မောင်နှံလို ကိုယ်တို့ ကျီစယ်ပျော်မြူးနိုင်မလဲ... ဘယ်တော့များမှ ဝေဟင်မှာ အတူ ပျံဝဲနိုင်မလဲ.... ဇာမဏီမလေးရယ်၊ ဇာမဏီမလေးရယ် ကိုယ့်နောက် လိုက်ခဲ့ပါကွယ်... ကိုယ်တို့အတူ အသိုက်ဆောက်မယ်... ကိုယ်တို့အတူ ကလေးတွေမွေးမယ်... ကိုယ့်ရဲ့ ဇနီးလေး အမြဲဖြစ်ပေးပါ... နှလုံးသားတွေနဲ့ ပုံအောပြီး ချစ်ကြမယ်...ညဉ့်နက်သန်းခေါင်... မင်းလေးသာ ကိုယ့်နောက် လိုက်ခဲ့ရင် ဘယ်သူသိနိုင်မလဲ... ကိုယ်တို့နှစ်ယောက် တောင်ပံအတူဖြန့်ပြီး အမြင့်ဆုံးကို ပျံသန်းကြမယ်... ကိုယ့်ခံစားချက်တွေကို မင်းလေးမှ အသိအမှတ်မပြုရင် ကိုယ် သေရပါလိမ့်မယ်....”
ဗျပ်စောင်းသံက အတန်ကြာသည်အထိ ပျံ့လွင့်နေသည်။ အရိုးစုများမှာ သူ၏ဗျပ်စောင်းသံနှင့် သီချင်းထဲ နစ်မျောသွားပြီး သူတို့ကို ဝန်းရံကာ စိတ်ဝင်တစား နားထောင်ကြလေသည်။ တချို့အရိုးစုများဆိုလျှင် သူ့သီချင်းသံနှင့်အတူ လိုက်ကနေကြသည်။
ချင်မူက ချီစွမ်းအင်ကို ဖယ်ရှားကာ ပြောလိုက်၏။ “ဖုန့်ချုံဟွမ်ကို အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ရေးခဲ့တာပါ... အမျိုးသားက အမျိုးသမီးကို ပိုးပန်းနေတဲ့ သီချင်းစာသားမျိုးပေါ့... သူတို့နှစ်ယောက်က တစ်ညအတူ နေခဲ့ဖူးတယ်.... အမျိုးသားဘက်က အဲဒီအမျိုးသမီး သူ့အချစ်တွေကို အသိအမှတ်ပေးစေချင်တယ်... အရာအားလုံး စွန့်ပစ်ခဲ့ပြီး သူနဲ့အတူ ထွက်သွားစေချင်ခဲ့တယ်”
သိကြားဗုဒ္ဓ တိတ်ဆိတ်သွားသည်။ သူက ငေါက်ခနဲ ထကာ ဖုန်များ ခါပြီး ခိုးနားထောင်နေသော အရိုးစုများအား မောင်းထုတ်လိုက်၏။ “ဘာတွေကြည့်နေတာလဲ... ဘာကြည့်စရာရှိလို့လဲ ... သွားကြ သွားကြ... ဒကာလေးချင်၊ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံမှာ ကောင်းကင်ဘုံ ၃၃ ဘုံရှိတယ်... ထိုက်ဧကရာဇ်ကောင်းကင်ဘုံက ပထမကောင်းကင်ဘုံပဲ... ဒါက ဒုတိယကောင်းကင်ဘုံ ထိုက်မင်ကောင်းကင်ဘုံလို့ ခေါ်တယ်... ကောင်းကင်ဘုံ ၃၃ ဘုံက တကယ်တော့ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတာ.. ငါတို့ရောက်နေတာ ထိုက်မင်ကောင်းကင်ဘုံဆိုတော့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကနေ သိပ်မဝေးဘူး”
ချင်မူက မကြားသည့်အလား ဆက်ပြောသည်။ “တပည့်တော် ဒီသီချင်းကို ဘိုးဘိုးရွှေအဆီက သင်ခဲ့တာပါ... ဘိုးဘိုးရွှေအက တပည့်တော်တို့ရွာမှာ ဗဟုသုတအရှိဆုံးတစ်ယောက်ပဲ ... သူ သင်ပေးတာမှန်သမျှ တစ်ခါမှ မမှားခဲ့ဘူး... ဒါပေမဲ့ ဇာမဏီနတ်မင်းချီရှားယွီက မိန်းမမဟုတ်လား... သီချင်းကို ရေးတာက အမျိုးသားဆိုတော့ ဇာမဏီနတ်မင်း သံစဉ်တီးနေတာ ထူးဆန်းတယ်... ဒါ့အပြင် သံစဉ်မှာ အငြိုးအတေးတွေလည်း ပါတယ်... လူသတ်ဖို့ သုံးနေတာမဟုတ်ဘဲ သီချင်းရေးခဲ့တဲ့ လူကို သရော်နေတဲ့အတိုင်းပဲ”
သိကြားဗုဒ္ဓ၏ ဒဏ်ရာအားလုံး တမုဟုတ်ချင်း ပျောက်ကွယ်သွားသည်။ သူက ရှေ့တစ်လှမ်းတက်ကာ ပြောလေသည်။ “ထိုက်မင်ကောာင်းကင်ဘုံအတိုင်း တက်သွားရင် ချင်မင်ကောင်းကင်ဘုံဆီ ရောက်လိမ့်မယ်... ချင်မင်ကောင်းကင်ဘုံကို လွန်ရင်တော့ ရွှမ်ထိုက်ကောင်းကင်ဘုံ... အရင်တုန်းက အဲဒီနေရာက သိပ်စည်ကားတိုးတက်ခဲ့တာ”
မောင်းထုတ်ခံလိုက်ရသော အရိုးစုများက လည်ဆန့်ပြီး ခိုးနားထောင်နေကြသည်။
ချင်မူက ဆက်ပြောနေ၏။ “ဒီသီချင်းကို အမျိုးသမီးတစ်ယောက်က တီးပြီး သီချင်းရေးတဲ့သူကို သရော်နေတာဆိုတော့ ဇာမဏီနတ်မင်းချီရှားယွီ သရော်နေတဲ့လူက...”
“မင်း ဘာလိုချင်တာလဲ” သိကြားဗုဒ္ဓက ချာခနဲ လှည့်လာကာ ဒေါသတကြီး မေးလိုက်၏။
ချင်မူ အထိတ်တလန့် ထခုန်ပြီး အလျင်အမြန် ပါးစပ်ပိတ်လိုက်ရသည်။ အရိုးစုများလည်း ဂျိုးဂျိုးဂျောက်ဂျောက် ထွက်ပြေးသွားကြသည်။
သိကြားဗုဒ္ဓက သရော်တော်တော် ပြောရင်း ဒေါနှင့်မောနှင့် ရှေ့ဆက်လျှောက်သွားသည်။ “ငါ လောကီအနှောင်အဖွဲ့တွေကို လွှတ်ချလိုက်ပြီးပြီ.. အတိတ်အကြောင်း မပြောနဲ့တော့... အဲဒီကိစ္စက ပြီးသွားတာဖြင့် ကြာလှပြီ... သူကသာ မပြီးနိုင်ဘဲ ငါ့ကို ဆက်တိုက် ဒုက္ခပေးပြီး သတ်ချင်နေတာ... အဲဒါ ငါ့အမှားလား”
ချင်မူ မပြုံးမိအောင် ထိန်း၍ သူ့နောက်မှ လိုက်သွားသည်။ သိကြားဗုဒ္ဓက မဲ့ကာရွဲ့ကာဖြင့် ဆက်ပြောသည်။ “သူကမှ အမြင်ကျဉ်းတဲ့သူ... ငါ့ကို အပြစ်တင်လို့မရဘူး... ငါ ဘုန်းကြီးမဝတ်ခင်တုန်းက သူနဲ့ ဇာတ်လမ်းလေး ရှိခဲ့ဖူးတယ်... သူနဲ့အတူ နေပြီး ကောင်းကင်နတ်ဘုံနဲ့ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံကြားက ပဋိပက္ခတွေကို မေ့ထားနိုင်မယ် ထင်ခဲ့တယ်... ဒါမဲ့ သူက ရာထူးကို စွန့်ပစ်ပြီး ငါနဲ့အတူ ထွက်မသွားနိုင်မှတော့ ဘယ်တတ်နိုင်မလဲ... ငါတို့ စစ်မြေပြင်မှာ တွေ့တော့ သူ သတ်ခဲ့တဲ့ ငါ့ညီအစ်ကိုမောင်နှမတွေ ဘယ်လောက်များတယ် ထင်လဲ... တကယ် အသည်းနှလုံးမရှိလိုက်တဲ့ မိန်းမ.... အဲဒါကြောင့် ငါ သူနဲ့ သံယောဇဉ်ဖြတ်ခဲ့တာ”
ချင်မူ စပ်စုနေသည့် အရိုးစုများကို မောင်းထုတ်နေစဉ် သိကြားဗုဒ္ဓက သက်ပြင်းချ၏။ “ကောင်းကင်နတ်ဘုံ ဒီလောက်မြန်မြန် သတင်းရသွားတဲ့ အကြောင်းရင်းကလည်း သူ ငါ့ကို အငြိုးထားပြီး ငါက သူ့ကို သစ္စာဖောက်သွားတယ် ထင်နေလို့ပဲ... စောစောက သူ့ကောင်းကင်နတ်သိုင်း ငါ့ကို သတ်နိုင်ခဲ့ရင် ဘာမှမဖြစ်ဘူး... သူ ငါ့နောက် လိုက်လာမှာမဟုတ်တော့ဘူး... ဒါပေမဲ့ ငါ့ကို မသတ်နိုင်လိုက်တော့ သေချာပေါက် လိုက်ဖမ်းလိမ့်မယ်... သူ့အမြန်နှုန်းက ပြိုင်ဘက်ကင်းပဲ... ဒီတော့ ငါ မင်းနဲ့ အတူ ထွက်မပြေးနိုင်ဘူး... ငါ့ဒဏ်ရာတွေ ပြင်းထန်သလို ဟန်ဆောင်ခဲ့တာလည်း မင်း ငါ့ကို ထားခဲ့ပြီး ထွက်သွားအောင်လို့ပဲ... ဒါပေမဲ့ မင်းက ငါ့မုသားတွေကို ထိုးဖောက်မြင်နိုင်ခဲ့တယ်... ဒကာလေးချင်၊ တစ်ခါတလေမှာ ဉာဏ်ကောင်းလွန်းရင်လည်း အဆင်မပြေဘူး”
ချင်မူ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ “ဇာမဏီနတ်မင်းရဲ့ လက်ကနေ လွတ်အောင် ထွက်ပြေးနိုင်လား”
သိကြားဗုဒ္ဓက ခေါင်းခါပြသည်။ “သူ့သင်္ဘောက အနန္တကမ္ဘာတွေကို အတားအဆီးမရှိ ဖြတ်သွားနိုင်တယ်... သူ့အမြန်နှုန်းက တစ်လောကလုံးမှာ နံပါတ်တစ်ပဲ ... ငါ မယှဉ်နိုင်ဘူး... အဲဒါကြောင့် ခိုင်ဧကရာဇ်ကောင်းကင်ဘုံ ၃၃ ဘုံမှာ လျှောက်ပုန်းနေရမှာ.... ငါ့ကို မရှာနိုင်ရင် သူ ထွက်သွားလိမ့်မယ်... ငါ မင်းကို ခေါ်မသွားနိုင်ဘူး... မင်း သေချာပေါက် သေလိမ့်မယ်”
သင်္ဘောတချို့သည် ကမ္ဘာများအား ဖြတ်သွားနိုင်ပြီး ချင်မူ ထိုသင်္ဘောမျိုးအား မြင်ဖူးလေသည်။ စက်မှုလက်မှုနတ်ဘုရားမျိုးနွယ် တည်ဆောက်ခဲ့သည့် ပရမတ္တလှေမှာ ထိုကဲ့သို့သင်္ဘောတစ်စင်း ဖြစ်၏။ ထို့အပြင် သူ့အဖေ ချင်ဟန်ကျန်းတွင်လည်း တစ်စင်းရှိသည်။ ထိုသင်္ဘောက အခြားကမ္ဘာမှ မဟာမြို့ပျက်၏ ကောင်းကင်ထဲသို့ ရွက်လွှင့်လာခဲ့ဖူး၏။
တောင်ကောင်းကင်ဘုံ၏ ဇာမဏီနတ်မင်းအတွက် ထိုကဲ့သို့ သင်္ဘောတစ်စင်း ရှိနေသည်မှာ မထူးဆန်းပေ။
ချင်မူ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “တပည့်တော်ကို ခေါ်သွားရင် ဗုဒ္ဓအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေလိမ့်မယ်... ဒီမှာပဲ လမ်းခွဲကြတာပေါ့”
သိကြားဗုဒ္ဓက ခေါင်းပြညိတ်ပြပြီး ပြော၏။ “သူ ဒီနေရာကို မကြာခင် ရောက်လာတော့မယ်... ငါ မင်းကို ဒီမှာပဲ ထားခဲ့ရမယ်... မင်းမှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီ ပြန်နိုင်တဲ့ တခြားနည်းလမ်း ရှိလား”
ချင်မူက ပြုံးလျက် ပြောလိုက်သည်။ “တပည့်တော် စွမ်းအင်အကူးအပြောင်းတံတား ထပ်ဆောက်လို့ရပါတယ်... ဗုဒ္ဓအတွက်သာ ပိုစိတ်ပူရတာ”
သိကြားဗုဒ္ဓက အရှိန်တင်ရင်း အရှေ့အရပ်သို့ ညွှန်လိုက်သည်။ သူ့အသံက သူနှင့်အတူ တဖြည်းဖြည်း ဝေးကွာသွား၏။ “အဲဒီကို သွားရင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီ ပြန်နိုင်မယ့်လမ်း တွေ့လောက်တယ်”
သူ၏ပုံရိပ်သည် အဝေးသို့ လျင်မြန်စွာ ဝင်ရောက်သွားကာ ပျောက်ကွယ်သွား၏။
ချင်မူ မျက်လုံးဖွင့်လိုက်သည့်အခါ အမြင်အာရုံ ပြန်ကောင်းမွန်လာသည်ကို တွေ့လိုက်ရသည်။ သူက ရွှေရောင်မိုးမခသစ်ရွက်ကို တတိယမျက်လုံးအပေါ် ပြန်ကပ်လိုက်၏။ တတိယမျက်လုံး ဖွင့်ထားသည့်အချိန်တွင် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ် ထုတ်ဖော်ရန် မဝံ့ရဲသောကြောင့် ပုံမှန်အချိန်များတွင် ပြန်ကပ်ထားသည်က အကောင်းဆုံး ဖြစ်၏။
သူ အရှေ့အရပ်သို့ လျှောက်သွားသည့်အခါ ခြောက်ကပ်နေသော နေရာတစ်နေရာကို မြင်တွေ့ရသည်။ သက်ရှိတစ်ကောင်တစ်မြီးမှ မတွေ့ရသည့်အပြင် အရိုးဖြူဖြူများက လေနှင့်အတူ လိမ့်နေကြသည်။ လေရပ်သွားသည့်အခါတိုင်း ထိုအရိုးစုများက သူ့နောက်သို့ စပ်စပ်စုစု လိုက်လာတတ်၏။ သတ္တိကောင်းသည့် တချို့က သူ့အဝတ်အစားများကို ထိပြီး သူ့ပါးကိုလည်း ဖြစ်ညစ်တတ်ကြသည်။
ချင်မူက ဤဝိညာဉ်များအား အဖက်မလုပ်ဘဲ ရှေ့ဆက်သွားနေသည်။ ရုတ်တရက် ကောင်းကင်ထက်မှ ဗျပ်စောင်းသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
၎င်းက ‘အဖော်ရှာနေသော ဇာမဏီ’ သံစဉ် ဖြစ်သည်။ အသံသည် ချစ်ခွင့်ပန်နေသော သီချင်းဖြစ်ပါသော်လည်း ဝမ်းနည်းနာကြည်းနေသော ခံစားချက် ကိန်းဝပ်နေသည်။
မှိန်ပျနေသော ကောင်းကင်မှာ တောက်ပလာပြီး တောင်ပံတစ်စုံဖြင့် သင်္ဘောတစ်စင်းသည် အခြားကမ္ဘာမှ ထွက်လာ၏။ ၎င်းက ထိုက်မင်ကောင်းကင်ဘုံထက်၌ ပေါ်လာသည်။ သီချင်းသံက ထိုသင်္ဘောဆီမှ လာနေခြင်းဖြစ်သည်။
ချင်မူမှာ သီချင်းထဲတွင် အတော်လေး နစ်မျောသွား၏။ ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ရာ အသိစိတ်အလျဉ်တစ်ခုက အရပ်လေးမျက်နှာအပေါ် ခြုံလွှမ်းသွားသည်။ ၎င်းက ရေလှိုင်းသဖွယ် ထိုက်မင်ကောင်းကင်ဘုံတစ်လျှောက် ဖြာထွက်သွား၏။
အသိစိတ်အလျဉ်က ချင်မူ့ခန္ဓာကိုယ်မှ ဖြတ်သွားသည့်အခါ အတန်ငယ် ရပ်သွားသည်။ ထို့နောက် ချင်မူ့ကို မည်သို့မျှမလုပ်ပေ။
သင်္ဘောက တောင်ပံခတ်၍ လှပစွာ ကွေ့သွားသည်။ ချင်မူ့အား မဖမ်းဘဲ သိကြားဗုဒ္ဓ ထွက်ပြေးသွားသောဘက်သို့ ဦးတည်သွား၏။
ဇာမဏီနတ်မင်းချီရှားယွီက ချင်မူ့ကို စိတ်မဝင်စားပေ။ သိကြားဗုဒ္ဓကိုသာ စိတ်ဝင်စားသည်။
“သိကြားဗုဒ္ဓနဲ့ သူနဲ့ကြားမှာ ဘာဇာတ်လမ်း ရှိခဲ့တာပါလိမ့်... သူတို့ဇာတ်လမ်းမှာတော့ သူတို့က အဓိကဇာတ်ကောင်တွေ ဖြစ်လောက်တယ်...”
လေသင်္ဘော ထွက်သွားသည်ကို ကြည့်ပြီးနောက် ချင်မူ စိတ်ဒုန်းဒုန်းချကာ အရှေ့အရပ်သို့ ဆက်သွားသည်။ သူက ကျင့်စဉ်လှည့်ပတ်လိုက်၍ သူ့အနောက်တွင် မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာများ ပေါ်လာ၏။ သူက အရပ်ခြောက်မျက်နှာကောင်းကင်ရတနာကို ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာနှင့် တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းနေသည်။
အတန်ကြာ လျှောက်ပြီးသော်လည်း ထိုက်မင်ကောင်းကင်ဘုံ၏ အဆုံးအား မမြင်ရသေးပေ။
ရုတ်တရက် ချင်မူ လမ်းလျှောက်နေသည်ကို ရပ်လိုက်၏။ သူ့အရှေ့တွင် ခမ်းနားတင့်တယ်သော နတ်ဘုရားမြို့တစ်မြို့ ထီးထီးတည်း ရှိနေသည်။ မြို့ထဲတွင် လူများ သွားလာလှုပ်ရှာနေကြသည်။ အဆောက်အအုံအမြင့်များတွင် နတ်ဘုရား ရပ်နေကြပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုနေကြ၏။
ချင်မူ အနည်းငယ် တုန်လှုပ်သွားပြီး ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။ ပျက်စီးစုတ်ပြတ်နေသော ထိုက်မင်ကောင်းကင်ဘုံမှာ ပျောက်ကွယ်သွားခဲ့ကာ ယခုတွင် စစ်မဖြစ်သေးသည့် ထိုက်မင်ကောင်းကင်ဘုံဖြင့် အစားထိုးခံလိုက်ရသည်။
ချင်မူ ပတ်ဝန်းကျင်၏ မြေပြင်အနေအထားများကို ကြည့်ကာ အံ့အားသင့်သွား၏။ ပြိုကျနေသော တောင်တန်းများ ပြန်ထူမတ်လာပြီး ပျက်စီးနေသည့် နတ်ဘုရားမြို့မှာ အသစ်အတိုင်း ပြန်ဖြစ်လာသည်။ ထို့အပြင် ဤနေရာ၏ အနေအထားသည် တည်ထောင်သူဂိုဏ်းသခင် ချန်ထားခဲ့သော မြေပုံတစ်ခုနှင့် တူနေ၏။
ထိုမြေပုံတွင် ဝိုင်းပြထားသည်မှာ ဤနတ်ဘုရားမြို့ ဖြစ်လေသည်။
“အစ်ကိုကြီးက ခိုင်ဧကရာဇ်ခေတ် အဆုံးသတ်ပြီးတဲ့နောက်မှ မွေးလာတဲ့သူဆိုတော့ ခိုင်ဧကရာဇ်ခေတ် မပျက်သုဉ်းခင်က မြေပုံကို ဆွဲပြနိုင်မှာမဟုတ်ဘူး... သူက ပျက်စီးနေတဲ့ ဒီနတ်ဘုရားမြို့ကို ဝိုင်းပြထားတာ... မဟုတ်သေးဘူး တစ်ခုခု လွဲနေတယ်” ချင်မူ မူးဝေလာတော့သည်။