မှောင်မိုက်နေသော တွင်းနက်
Vol. 46 Ch. 629
‘တန်ခိုးရှင်သစ်ခုတ်သမားက အစ်ကိုကြီးရဲ့ မြေပုံတွေက အင်မတန် အန္တရာယ်များတယ်လို့ ပြောခဲ့တယ်... သူတောင်မှ မဆင်မခြင် ဝင်မသွားရဲဘူးတဲ့... ထိုက်မင်ကောင်းကင်ဘုံရဲ့ ဒီနတ်ဘုရားမြို့ကလည်း အဲဒီလိုအန္တရာယ်များတဲ့ နေရာတစ်နေရာလား”
ချင်မူ၏အကြည့် လှုပ်ခတ်သွားသည်။ သူက တွေးကြည့်လိုက်ပြီး နောက်ဆုံးတွင် နတ်ဘုရားမြို့သို့ မဝင်ဘဲ ဘေးမှ ပတ်သွားရန်သာ ဆုံးဖြတ်လိုက်သည်။
နတ်ဘုရားမြို့၏ ဘေးတွင် သူ လျှောက်နေစဉ် လူရိပ်တစ်ခုအား မျက်လုံးထောင့်စွန်းမှ မြင်လိုက်ရသည်။ ချင်မူ တမုဟုတ်ချင်း ခြေလှမ်းများ ရပ်လိုက်၏။
“သိကြားဗုဒ္ဓ”
ချင်မူ တအံ့တဩ အော်လိုက်မိသည်။ သိကြားဗုဒ္ဓနောက်တစ်ယောက်ကို သူ မြင်နေရ၏။ ရှင်းရှင်းလင်းလင်း ပြောရလျှင် ခိုင်ဧကရာဇ်ခေတ်၏ သိကြားဗုဒ္ဓကို သူ တွေ့မြင်နေရလေသည်။
ဤသိကြားဗုဒ္ဓသည် ဗုဒ္ဓမဟုတ်သေးပေ။ နုပျိုငယ်ရွယ်ပြီး နူးညံ့သိမ်မွေ့သောအသွင်အပြင်ဖြင့် လူငယ်တစ်ပါး ဖြစ်သည်။ သူ၏ခေါင်းနောက်၌ ဗုဒ္ဓရောင်ခြည်တော်များ ကွန့်မြူးမနေသလို၊ ဗုဒ္ဓသင်္ကန်းကိုလည်း မဝတ်ထားပေ။ ခြေဗလာလည်း ဖြစ်မနေ။ သူ၏ခြေထောက်တွင် တောင်ပံပါသည့် ဖိနပ်တစ်စုံ ဝတ်ထားပြီး ရွှေရောင်ချပ်ဝတ်က သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။
ချင်မူ မှင်သက်သွားသည်။
သိကြားဗုဒ္ဓက တစ်ယောက်တည်းမဟုတ်ပေ။ အာဏာရှိဟန်တူသော နတ်ဘုရားများနှင့်အတူ မြို့အလယ်သို့ လျှောက်သွားနေသည်။
ချင်မူ ရင်တဒိန်းဒိန်း ခုန်လာပြီး နောက်မှ ခိုးကြောင်ခိုးဝှက် လိုက်သွားသည်။ မြို့သူမြို့သားများက သူ့ကို အာရုံမရှိကြပေ။ မြို့ကို စောင့်ရှောက်နေသော နတ်ဘုရားများပင်လျှင် သူ့ကို မမြင်ကြပုံရသည်။
ချင်မူမှာ ဇဝေဇဝါ ဖြစ်သွားမိသည်။ ရုတ်တရက် ခြေသံများ ကြားလိုက်ရ၍ အလျင်အမြန် ခေါင်းလှည့်ကြည့်လိုက်သည့်အခါ သူ့နောက်မှ ခြေဖျားထောက်လျက် ခိုးကြောင်ခိုးဝှက် လိုက်လာသော အရိုးစုများအား မြင်လိုက်ရ၏။
ချင်မူ တဟားဟား ရယ်လိုက်သည်။ ‘ဒီဝိညာဉ်တွေ ခိုးကြောင်ခိုးဝှက် လိုက်လုပ်နေတာ တော်တော် ရယ်စရာကောင်းတာပဲ.... အမ် မဟုတ်သေးဘူး... ဒီဝိညာဉ်တွေက ငါ့ကို လိုက်တုနေတာပဲ... ဒီတော့ တကယ် ခိုးကြောင်ခိုးဝှက် လုပ်နေတဲ့လူက ငါပေါ့”
သူ့မျက်နှာ နီရဲသွားပြီး ခိုးကြောင်ခိုးဝှက်ဖြင့် ရှေ့ဆက်သွားသည်။ သိကြားဗုဒ္ဓအနားသို့ ရောက်သည့်အခါ သူ၏အဝတ်စကို လှမ်းဆွဲကြည့်လိုက်၏။ သို့သော် မည်သည့်အရာကိုမှ သူ မဖမ်းဆုပ်နိုင်လိုက်ပေ။
သူ၏လက်ဝါးသည် သိကြားဗုဒ္ဓ၏ အဝတ်အစားများကို ဖြတ်သွား၏။
ချင်မူ အံ့အားသင့်သွားပြန်သည်။ သိကြားဗုဒ္ဓ၏ ခန္ဓာကိုယ်ကို ထိကြည့်ရာတွင်လည်း ထိမရပေ။
‘ဒီနတ်ဘုရားမြို့နဲ့ နတ်ဘုရားတွေက အစစ်မဟုတ်ဘူး’
ချင်မူမှာ ငေးကြောင်သွား၏။ ဤအရာသည် သမိုင်းပုံရိပ်များလော။
သမိုင်းပုံရိပ်သည် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက် နေရာဟင်လင်းပြင်ထဲတွင် ခတ်နှိပ်ထားခဲ့သော ပုံရိပ်နှင့် အသံဖြစ်၏။ ထိလိုက်မိသည့်အချိန်မှ ပြသတတ်သည်။ အားနည်းသော ပုံရိပ်များကိုမူ ခတ်နှိပ်ခဲ့မည်မဟုတ်ပေ။
သို့သော် ဤသည်မှာ မြို့တစ်မြို့လုံး ဖြစ်၍ သာမန်ပြည်သူများ ပြည့်နေရာ သမိုင်းပုံရိပ်တစ်ခုမဟုတ်ကြောင်း ထင်ရှားပေသည်။
ထို့အပြင် ဤမြို့ထဲရှိ လူသားများနှင့် နတ်ဘုရားများကို ထိတွေ့မရသည့်အတွက် အတိတ်သို့ ပြန်ရောက်သွားခြင်းလည်း မဟုတ်ပေ။
သို့ဆိုလျှင် ဤနတ်ဘုရားမြို့သည် မည်သည့်အရာနည်း။
သိကြားဗုဒ္ဓနှင့် ကျန်ရှိသူများက စကားတပြောပြောဖြင့် လျှောက်သွားကြသည်။ သိကြားဗုဒ္ဓ၏ ဟန်ပန်အမူအရာကို ကြည့်ရလျှင် ဤလူအားလုံးသည် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ကြပြီး သိကြားဗုဒ္ဓထက်ပင် ရာထူးမြင့်လောက်၏။
ချင်မူ ဤလူများကို ကြည့်ရန် ရှေ့တက်သွားသော်လည်း သူတို့၏မျက်နှာများကို မြင်လိုက်လျှင်ချင်း သူ မှင်သက်သွားသည်။
ဤလူများ၏မျက်နှာတိုင်းတွင် မျက်လုံး၊ နား၊ ပါးစပ် နှင့် နှာခေါင်းတို့ မရှိပေ။ စက္ကူများဖြင့် မျက်နှာကို အုပ်ထားကဲ့သို့ ထင်ရသည်။
အရိုးစုများကလည်း သူ့နောက်မှ လိုက်လာပြီး အရှေ့မှ ကြည့်လိုက်ကြသည်။ သူတို့မှာ အောက်မေးရိုးများ မြေကြီးပေါ် ပြုတ်ကျသွားကြသည်အထိ အံ့အားသင့်သွားကြသည်။
သိကြားဗုဒ္ဓနှင့် ကျန်ရှိသူများက ချင်မူ၏ခန္ဓာကိုယ်ကို ဖြတ်၍ လျှောက်သွားကြ၏။ ချင်မူမှာ အံ့ဩမှင်သက်စွာ ကျန်ခဲ့လေသည်။ သူ့ခန္ဓာကိုယ်ကို ဖြတ်သွားသည်ဟု မခံစားခဲ့ရပေ။
သူက လက်ဆန့်ထုတ်ပြီး သူတို့အား လှမ်းဆွဲကြည့်သော်လည်း မည်သူ့ကိုမှ မဆွဲမိပေ။
အရိုးစုများမှာ မြေကြီးပေါ် ပြုတ်ကျသွားသော အောက်မေးရိုးများအား ကပျာကယာ ကောက်လိုက်ကြသည်။ နတ်ဘုရားများ သူတို့ကို ဖြတ်သွားသည့်အခါ သူတို့လည်း တဆတ်ဆတ် တုန်သွားပြီး မြေကြီးပေါ် လဲကျသွားကာ မလှုပ်ရဲတော့ပေ။
အရိုးစုတစ်စု၏ ဝိညာဉ်က ပြည့်စုံဟန်တူသည်။ ၎င်းဆီမှ အော်သံတစ်သံ ထွက်လာ၏။ “သရဲ...”
ချင်မူ အရိုးစုများကို ကွေ့ပတ်ပြီး နတ်ဘုရားနောက် လိုက်သွားကာ သူ့ဘာသာသူ တွေးနေသည်။ “ဒီအရိုးစုတွေက စောစောက ငါ့ကို လိုက်တုနေတာမဟုတ်ဘူး... ငါ ကြောက်လည်း မကြောက်မိပါဘူး... မြေကြီးပေါ် လဲကျသွားဖို့က အဝေးကြီး”
သိကြားဗုဒ္ဓက လောလောဆယ်တွင် စကားပြောနေသည်။ ချင်မူ အာရုံစိုက်နားထောင်လိုက်သည်။ သူတို့အဖွဲ့ထဲ၌ အလေးစားခံရဆုံး ဖြစ်ဟန်တူသော မျက်နှာမဲ့ပုဂ္ဂိုလ်တစ်ယောက်၏ အသံကိုသာ ကြားရသည်။ “... ငါတို့ခေတ်မတိုင်ခင်တုန်းက ခေတ်တွေ ရှိသေးတယ်... ငါ အဲဒီခေတ်တွေရဲ့ မြို့ပျက်တွေထဲ လျှောက်သွားပြီး ရန်သူရဲ့ဇစ်မြစ်၊ ရန်သူက ဘယ်သူဘယ်ဝါဆိုတာ သိအောင် လိုက်ရှာခဲ့တယ်.. ကြယ်တွေကို ကြီးကြပ်ကွဲကဲနေတဲ့ ကောင်းကင်နယ်စားမင်းနဲ့လည်း ငါ တွေ့ခဲ့ဖူးတယ်... ကြယ်အပိုင်စား ကောင်းကင်နတ်ဘုရားတွေဆီလည်း ဝင်တွေ့ခဲ့ဖူးတယ်.... စိတ်ဝင်စားစရာတော့ ကောင်းတယ်.... ငါ အသုံးဝင်မယ့်အကြောင်းအရာတွေ သိခဲ့ရပေမယ့် ရန်သူက ငါတို့ထင်ထားသလိုမဟုတ်ဘူး.... ကောင်းကင်နတ်ဘုံက...”
အသံက ပိုတိုးသွားသဖြင့် ချင်မူ ရှေ့တိုးကာ နားထောင်လိုက်သည်။
“အနိုင်ကို မတွေးခင် အရှုံးကို ကြိုတွေးထားဖို့ လိုတယ်... သိကြား ငါ ကိစ္စတစ်ခု လုပ်ခိုင်းဖို့ မောင်မင်းအကူအညီ လိုတယ်... တစ်လောကလုံးမှာ ရှိတဲ့ စက်မှုလက်မှုအားလုံး စုစည်းပြီး ငါတို့ ရှုံးရင်တောင်မှ အသက်ရှင်နိုင်မယ့် နေရာတစ်နေရာ တည်ဆောက်မယ်.... ရှုံးခဲ့ရင် နလန်ပြန်ထူဖို့ အင်အားတစ်စိတ်လောက် လျှိုထားရမယ်.... ငါ ကောင်းကင်နတ်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို လိုက်ရှာခဲ့တုန်းက အင်မတန် အံ့ဖွယ်ဆန်းကြယ်တဲ့နေရာတစ်နေရာ တွေ့ထားတယ်...”
အသံက တိုးသထက် တိုးသွား၍ ရှင်းလင်းပြတ်သားစွာ မကြားရတော့ပေ။
ချင်မူ သူတို့နောက်မှ လိုက်သွားသည့်အခါ အသံမှာ မည်သို့မျှ မကြားရတော့သည့်တိုင်အောင် တိုးသထက် တိုးလာတော့သည်။
ထို့အပြင် သူ လိုက်သွားနေစဉ် သိကြားဗုဒ္ဓတို့၏ ပုံရိပ်များက ဝေဝါးလာသည်။ နောက်ဆုံးတော့ သူတို့သည် စံအိမ်တစ်ခုထဲ ဝင်သွားကြပြီး တံခါး၏ဘေးနှစ်ဖက်ရှိ နတ်ဘုရားများက တံခါးပိတ်လိုက်ကြ၏။ သိကြားဗုဒ္ဓနှင့် ကျန်ရှိသူများ ပျောက်ကွယ်သွားလေသည်။
ချင်မူ မှင်သက်နေသည်။ သူ ဤလူများနှင့်အတူ စံအိမ်ထဲ လိုက်ဝင်ခဲ့သော်လည်း တံခါးပိတ်လိုက်သည့်အခါ သိကြားဗုဒ္ဓနှင့် ကျန်ရှိသူများသည် သူ၏မျက်စိရှေ့မှာတင် ပျောက်ကွယ်သွား၏။
‘ဒီလိုအခြေအနေမျိုးက... မြင်ကွင်းတစ်ခု များလား’
ချင်မူမှာ ခေါင်းငုံ့ကာ တွေးနေသည်။ ရုတ်တရက် သူက ခေါင်းမော့လိုက်ပြီး မျက်လုံးများ လင်းလက်တောက်ပလာကာ လက်ဝါးပေါ် လက်သီးဖြင့် ရိုက်လိုက်သည်။ “မြင်ကွင်းပဲ... တစ်ယောက်ယောက်က လွန်ခဲ့တဲ့ နှစ်နှစ်သောင်းတုန်းက ခိုင်ဧကရာဇ်ခေတ်အတွင်းမှာ ဒီမြင်ကွင်းကို မြင်ခဲ့တာပဲ ဖြစ်မယ်... သူက သူ မြင်ခဲ့သမျှအကုန်လုံးကို မှတ်ဉာဏ်တစ်ခုအဖြစ် သိမ်းထားလိုက်တယ်.... ငါက အဲဒီမှတ်ဉာဏ်ထဲ ရောက်သွားတာ.... ငါနဲ့ အစ်ကိုကြီးနှစ်ယောက်လုံး ဒီလူရဲ့ မှတ်ဉာဏ်ထဲ ရောက်လာခဲ့တာပဲ... မှတ်ဉာဏ်ဆိုတာ လူတစ်ယောက် မြင်ခဲ့တဲ့အရာကို စိတ်ထဲမှာ ပြသပေးတာဆိုတော့ အဲဒီလူက စံအိမ်အတွင်းပိုင်းကို မမြင်ခဲ့လောက်ဘူး... ဒါကြောင့် စံအိမ်ထဲ ဝင်လိုက်တဲ့အချိန်မှာ သိကြားဗုဒ္ဓနဲ့ ကျန်တဲ့သူတွေ ပျောက်ကွယ်သွားတာပဲ...”
ချင်မူ တံခါးကို ဖြတ်ကာ အပြင်သို့ ထွက်လိုက်သည်။ ‘သူက သိကြားဗုဒ္ဓက လွဲပြီး ကျန်တဲ့သူတွေရဲ့ မျက်နှာတွေကို မမြင်ခဲ့ဘူးဆိုတော့ အဲဒီလူတွေရဲ့ အစွမ်းအစက သိပ်ကြီးမားလိမ့်မယ်... သူတို့မျက်နှာတွေကို ကောင်းကင်အလင်းတန်းတွေနဲ့ ဖုံးကွယ်ထားတာကြောင့် မမြင်ခဲ့ရတာ နေမှာ.... ဒါကြောင့် သူ့မှတ်ဉာဏ်ထဲက လူတွေမှာ မျက်နှာမရှိတာပဲ... အဲဒီအတိုင်းဆို သူ ဘယ်နေရာကနေ ဒီလိုမြင်ကွင်းကို မြင်ခဲ့တာ ဖြစ်မလဲ...’
သူ လာခဲ့သော လမ်းအတိုင်း ပြန်လျှောက်ရင်း တွေးနေသည်။ ‘ဒီလူရဲ့အသွင်အပြင်က ထူးဆန်းတယ်.... အရပ်လေးမျက်နှာကို မြင်နိုင်တဲ့ ခေါင်းတွေအများကြီးနဲ့ လူတစ်ယောက် ဖြစ်ရမယ်...’
မြို့ထဲတွင် ဟိုဟိုသည်သည် လျှောက်သွားနေကြသော နတ်ဘုရားများနှင့် လူများစွာ ရှိသည့်အတွက် မည်သည့်နတ်ဘုရား၏ မှတ်ဉာဏ်မှန်း ဆုံးဖြတ်ရခက်၏။
ဤနတ်ဘုရားမြို့သည် ထိုက်မင်ကောင်းကင်ဘုံတွင် အတိုင်းထက်အလွန် အရေးပါသော နေရာတစ်နေရာ ဖြစ်နိုင်၏။ နတ်ဘုရားအရေအတွက်က မယုံကြည်နိုင်ဖွယ်ကောင်းပြီး အတော်များများက ထူးခြားဆန်းပြားသော မူလဝိညာဉ်အသွင်များ ပိုင်ဆိုင်ထားကြသည်။
မဟာမြို့ပျက်ရှိ ဝိညာဉ်ခန္ဓာလေးခု အသွင်သဏ္ဍာန်များဖြင့် မူလဝိညာဉ်များကိုလည်း နေရာအတိုင်းတွင် မြင်ရနိုင်သည်။ လူခေါင်း၊ မြွေကိုယ် နတ်ဘုရားများကိုပင် မြင်ရပြီး ငှက်ခေါင်း၊ လူကိုယ် နတ်ဘုရားများ၊ လူခေါင်း ငှက်ကိုယ်နတ်ဘုရားများလည်း ရှိကြသည်။ ခေါင်းများစွာ ပိုင်ဆိုင်ထားသော နတ်ဘုရားများသည်လည်း မရှားပေ။
ချင်မူ ဘေးဘီဝဲယာကို ကြည့်နေစဉ် နတ်ဘုရားများက သူ၏ခန္ဓာကိုယ်ကို တစ်ချက်တစ်ချက် ဖြတ်သွားတတ်သော်လည်း ဤမြင်ကွင်း၏ပိုင်ရှင်အား ရှာမတွေ့ဖြစ်နေသည်။
‘နတ်ဘုရားမြို့တစ်မြို့လုံးက မှတ်ဉာဏ်ကနေ ပေါ်ထွက်လာတာဆိုတော့ ကြည့်နေတဲ့သူက အမြင့်တစ်နေရာမှာ ရှိနေလိမ့်မယ်... အမြင့်ရောက်နေမှ မြို့တစ်မြို့လုံးကို ကြည့်ပြီး ခေါင်းထဲ မှတ်ထားနိုင်မှာ...”
ချင်မူက ခေါင်းမော့၍ မျှော်စင်ဆီသို့ လှမ်းကြည့်လိုက်သည်။ မျှော်စင်တွင်လည်း မျက်နှာမရှိသော နတ်ဘုရားတစ်ပါး ရပ်နေ၏။
ချင်မူ လေပေါ် ပျံတက်ကာ မျှော်စင်ဆီ လျင်မြန်စွာ သွားလိုက်သည်။ သူက ထိုနတ်ဘုရားကို လှည့်ပတ်ပျံသန်းကြည့်လိုက်ပြီး နတ်ဘုရား၏ ခေါင်းတွင် မျက်နှာလေးဖက်ရှိကြောင်း မြင်လိုက်ရ၏။ သူ့၌ မျက်လုံးကိုးလုံးရှိပြီး မျက်ခုံးနှစ်ဖက်ကြားတွင်လည်း ဒေါင်လိုက်မျက်လုံးများ ဖွဲ့တည်နေသည်။ သူ၏ဦးခေါင်းအပေါ်ရှိ ဆံထိုးမှာ ပိရမစ်အသွင် ရှိပြီး ထိပ်တွင် မျက်လုံးတစ်လုံး ရှိလေသည်။ ထိုမျက်လုံးက အရပ်မျက်နှာတစ်ခွင်အား မြင်ရခြင်း ဖြစ်၏။
‘ခင်ဗျားပဲ... ကျွန်တော် ခင်ဗျားရဲ့ မှတ်ဉာဏ်ထဲ ရောက်သွားတာပဲ’
ချင်မူ ဝမ်းသာသွားပြီး ဤနတ်ဘုရားဆီ သွားရန် ရှေ့တစ်လှမ်း လှမ်းလိုက်သည်။
ရုတ်တရက် ပတ်ဝန်းကျင်မှာ တမုဟုတ်ချင်း ပြောင်းလဲသွားပြီး နတ်ဘုရားမြို့ ပြိုကျသွားသည်။ မြို့ထဲရှိ နတ်ဘုရားများနှင့် မြို့သူမြို့သားအားလုံး ပျောက်ကွယ်သွား၏။
နတ်ဘုရားမြို့ထဲရှိ အရိုးစုများမှာ လောလောဆယ်တွင် မြေပြင်ထက်၌ တုန်ရီနေကြသည်။ နတ်ဘုရားမြို့ ပျောက်ကွယ်သွားသည့်အခါ ပျက်စီးစုတ်ပြတ်နေသော တံတိုင်းများနှင့် အရိုးဖြူဖြူများသာ ကျန်ခဲ့၏။ ဤအရိုးစုများမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြပြီး ကြက်ပေါက်လေးများသဖွယ် ခြေဦးတည့်ရာ ပြေးနေကြသည်။
မျှော်စင် ရှိခဲ့သည့်နေရာမှာ တွင်းနက်ကြီးတစ်တွင်း ဖြစ်နေသည်။ အရိုးစုတစ်စုမှာ ခြေမခိုင်တော့၍ အထဲ လိမ့်ကျသွားပြီး ကျယ်လောင်စွာ အော်နေသည်။
ချင်မူ လေပေါ် ခုန်လိုက်သော်လည်း အံ့အားသင့်သွားသည်။ သူ ကောင်းကင်နတ်သိုင်း ထုတ်လွှတ်၍ ပျံသန်းတော့မည့်အချိန်တွင် ထူးဆန်းသော အားစက်ကွင်းတစ်ခုက သူ၏ကောင်းကင်နတ်သိုင်းအား ချေဖျက်နေသလို ခံစားလိုက်ရ၏။
သူ၏ခန္ဓာကိုယ်မှာ အောက်သို့ ကျသွားပြီး စောစောက ပြုတ်ကျသွားည့် အရိုးစု၏ အော်သံများအား ကြားနေရ၏။ သူက အလျင်အမြန် လက်မြှောက်၍ ချီစွမ်းအင်ကြိးမျှင်များ ဖြန့်ကျက်လိုက်သည်။ ကံကောင်းထောက်မစွာနှင့် ချီစွမ်းအင်ကြိးမျှင်တစ်ချောင်းက တစ်စုံတစ်ခုကို လှမ်းချိတ်မိလိုက်သဖြင့် သူ့ကိုယ်သူ ထိန်းလိုက်နိုင်သည်။
ထို့နောက် ကျသွားသော အရိုးစုဆီသို့ ချီစွမ်းအင်ကြိုးမျှင်တစ်ချောင်း ထုတ်လွှတ်ကာ ပင့်သယ်လိုက်သည်။ အရိုးစုမှာ ညင်ညင်သာသာ ပွေ့သယ်ခံလိုက်ရပြီး တွင်းကြီး၏အပြင်၌ ချပေးခံလိုက်ရ၏။ သူက မည်သည့်အရာ ဖြစ်သွားမှန်း နားမလည်သည့်အလား ငေးငေးငိုင်ငိုင် ဖြစ်နေသည်။
ကျန်အရိုးစုများက သူ့ဆီ ပြေးလာကြပြီး မေးရိုးများ ဖွင့်လိုက်ပိတ်လိုက်ဖြင့် သူ့အား နှစ်သိမ့်နေကြသည်။
အရိုးစုနောက်တစ်သုတ်က တွင်းကြီး၏အစပ်နားသို့ သွားကာ ငုံ့ကြည့်သည်။ ဤတွင်းကြီးက မည်မျှနက်ရှိုင်းပြီး မည်မျှကျယ်ဝန်းမှန်း သူတို့ မသိပေ။
ချင်မူမှာ အမှောင်ထုထဲရှိ ပိုးကောင်လေးပမာ ချီစွမ်းအင်ကြိုးမျှင်တစ်ချောင်းကို တွဲလောင်းခိုထားသည်။ တွင်းကြီးအတွင်း၌ သူ့မှာ အလွန်သေးငယ်လှ၏။
အရိုးစုများက တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ဆုံးဖြတ်ချက် ချလိုက်ကြသည်။ သူတို့က တစ်ယောက် ခြေထောက်တစ်ယောက် ဆွဲ၍ တစ်ယောက်ပေါ် တစ်ယောက် တက်လိုက်ကြ၏။ ထို့နောက် အရိုးလှေကားသဖွယ် ဖွဲ့စည်းကာ ချင်မူ့ကို ကယ်ရန် ကြိုးစားကြသည်။
ဤအခိုက်အတန့်တွင် အမှောင်ထုထဲ၌ တစ်စုံတစ်ခု တောက်ပလာသည်။ အလင်းတန်းများ ဖြာထွက်လာသော်လည်း ဝေးလွန်းသဖြင့် ချင်မူ မည်သည့်အရာကိုမှ ရှင်းလင်းပြတ်သားစွာ မမြင်ရပေ။
သူက ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကို ထုတ်လွှတ်လိုက်သော်လည်း ထုတ်လွှတ်လိုက်သည့်အချိန်မှာပဲ ကောင်းကင်နတ်သိုင်းမှာ ပြန့်ကြဲသွား၍ သူ့မျက်လုံးပင် ပေါက်ကွဲလုဆဲဆဲ ဖြစ်သွားသည်။ သူ လက်လျှော့လိုက်ရ၏။
“အားလုံး ကျေးဇူးတင်ပါတယ်”
ချင်မူ ချီစွမ်းအင်ကြိုးမျှင်ကို ပြန်ရုတ်ပြီး တွင်းကြီး၏ထိပ်သို့ တက်လာသည်။ ထို့နောက် သူက ဦးခေါင်းကို အောက်စိုက်၍ ခြေထောက်နှစ်ချောင်းကို အပေါ်ထောင်ထားတာ ကျောက်သားနံရံကို ကုပ်တွယ်လိုက်သည်။ သူ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ငါ အရင်ဆုံး ဆင်းကြည့်လိုက်ဦးမယ်... မင်းတို့တွေ နောက်မှ ငါ့လာကယ်ကြတော့”
အရိုးဖြူကြိုးလှေကား၏ အဆုံးရှိ အရိုးစုက ခေါင်းညိတ်ပြသည်။ ချင်မူသည် ခြေထောက်၏ ကန်အားကို အသုံးပြုကာ မြားတစ်စင်းပမာ အမှောင်ကို ခွင်း၍ အလင်းရောင်ဆီ ပြေးဝင်သွား၏။
အဆုံးမဲ့သော အမှောင်ထုထဲတွင် လူငယ်လေးမှာ အမှောင်ပင်လယ်ထဲ ဒိုင်ဗင်ထိုးချနေသကဲ့သို့ ဖြစ်နေပြီး သူ့နားဘေး၌ လေတိုးသံများသာ ကြားရလေသည်။
၎
င
၎
၎