← Chapters

ဖန်အိုးထဲက ဦးခေါင်း

Vol. 46 Ch. 630

ဖန်အိုးထဲက ဦးခေါင်း

Vol. 46 Ch. 630

တွင်းဝမှ အလင်းရောင်ဆီသို့ ခရီးမှာ အလွန်တရာ ရှည်လျားလှသည်။ ချင်မူသည် ဆက်တိုက်ကျဆင်းနေပြီး သွေးများ အေးစက်လာနေ၏။ သူ ကျနေသည့် အရှိန်မှာလည်း မြန်သထက် မြန်လာသည်။ ဤအတိုင်း ဆက်ကျနေပါက ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်၍ အရှိန်မလျှော့နိုင်တော့ဘဲ အောက်ရောက်သည်နှင့် အရိုးတခြား၊ အသားတခြား ဖြစ်သွားလိမ့်မည်။

သူ ကောင်းကင်နတ်သိုင်း ထုတ်လွှတ်ရန် ကြိုးစားကြည့်သည်။ သူ၏ ချီစွမ်းအင်မှ သင်္ကေတအမှတ်အသားတစ်ခု ဖွဲ့တည်လိုက်သော်လည်း နောက်တခဏတွင် ကြေမွသွား၏။

ဤတွင်းကြီးထဲတွင် ကောင်ကင်နတ်သိုင်းနှင့် ကျင့်စဉ်လည်ပတ်မှုကို နှောင့်ယှက်နေသည့် ထူးဆန်းသောစွမ်းအားတစ်ရပ် ရှိနေသယောင်ပင်။ မကြာမီ ဤနှောင့်ယှက်မှုက သူ၏အသိစိတ်အလျဉ်အပေါ် သက်ရောက်နေခြင်းဖြစ်ကြောင်း ချင်မူ သဘောပေါက်သွားသည်။ ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်ရန် ကြိုးစားသည့်အချိန်တွင် ထူးဆန်းသောစွမ်းအားတစ်ရပ်သည် သူ၏အတွေးများကို နှောင့်ယှတ်တတ်၏။ ထို့ကြောင့် သူ ကောင်းကင်နတ်သိုင်း မထုတ်လွှတ်နိုင်တော့ပေ။

“စိတ်ကောင်းကင်နတ်သိုင်းလား”

ချင်မူ အံ့အားသင့်သွားသည်။ ဤကောင်းကင်နတ်သိုင်းမျိုးသည် မြင်တွေ့ရခဲပါသော်လည်း မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာတွင် ဤနယ်ပယ်နှင့် ပတ်သက်သော မှတ်တမ်းများ ရှိ၏။ သူတို့သည် အားကောင်းသော ဦးနှောက်လှိုင်းများဖြင့် စိတ်ကို ပစ်မှတ်ထားသည့် ကောင်းကင်နတ်သိုင်းများ ဖြစ်ကြ၏။

များသောအားဖြင့် ပုံရိပ်ယောင်သိုင်းကွက်များအသွင်ဖြင့် ရှိကြသည်။ ရန်သူကို ထင်ယောင်ထင်မှား ပုံရိပ်ယောင်တစ်ခုထဲ၌ နစ်မျောသွားစေလိုက်ပြီး အတုနှင့်အစစ် ခွဲခြားမရအောင် တိုက်ခိုက်ခြင်းမျိုး ဖြစ်သည်။

သူ့အနေဖြင့် သူ၏ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်ကာ ပုံရိပ်ယောင်ထဲမှ ထွက်ပြီး ပုံရိပ်အစစ်ရှာဖွေ၍ ရန်သူအား သတ်ဖြတ်နိုင်သည်။

သို့သော် ဤ‌မြေအောက်ထဲရှိ စိတ်ကောင်းကင်နတ်သိုင်းမှာ ပို၍ပင် နက်နဲလေသည်။ ၎င်းက သူ၏အသိစိတ်အလျဉ်ကို တိုက်ရိုက် တိုက်ခိုက်နေ၍ ရန်သူ၏ စိတ်ကောင်းကင်နတ်သိုင်းထဲမှ ရုန်းမထွက်နိုင် ဖြစ်နေစေသည်။

‘စိတ်ကောင်းကင်နတ်သိုင်းက လေ့လာသင့်တဲ့ နယ်ပယ်ပဲ... ပြန်ရောက်တာနဲ့ ဧကရာဇ်အတိုင်ပင်ခံကို ပြောပြရမယ်... တချို့ကျောင်းသားတွေကို စိတ်ကောင်းကင်နတ်သိုင်းတွေနဲ့ လေ့ကျင့်ပေးပြီး စစ်ပွဲမှာ အသုံးချလိုက်ရင် ရန်သူတွေအနေနဲ့ ကောင်းကင်နတ်သိုင်းတွေ ထုတ်လွှတ်နိုင်တော့မှာ မဟုတ်ဘူး... ဒါဆို ရန်သူကို သတ်ရလွယ်သွားပြီ... ဟ ငါ ဘာလို့ အဲဒါတွေ တွေးနေမိတာတုန်း... အရိုးတခြား အသားတခြား ဖြစ်ခါနီးနေပြီကို”

ချင်မူမှာ အသိစိတ်အလျဉ်ကို မစူးစိုက်နိုင်သော်လည်း သူ၏ရုပ်ခန္ဓာသည် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် အားကောင်းသေး၏။ သူက အမှောင်ထုထဲတွင် ပြေးရန် ကြိုးစားကြည့်သည်။ အလွန်လျင်မြန်သော နှုန်းဖြင့် လေထဲတွင် တရှိန်ထိုး ပြေးကြည့်လိုက်သည်။

ထူးဆန်းသော အချက်တစ်ချက်ကို သူ သတိပြုမိလိုက်၏။ ဤနေရာရှိ လေထုကား အလွန်ပါးလျလေသည်။ အောက်သို့ရောက်လာလေလေ၊ လေထုသည် ပါးလျလာလေလေ ဖြစ်၏။ ခြေထောက်များဖြင့် ပြေးကြည့်သော်လည်း ပြေးအားက ပါမလာပေ။

ဤအခိုက်အတန့်တွင် ကြယ်တစ်စင်း မြင်လိုက်ရသည်။ ထိုကြယ်သည် ခြင်းတစ်ခြင်း အရွယ်မျှသာ ရှိရာ ကြယ်သဲမှုန်ဖြစ်လောက်၏။

‘အစ်ကိုကြီးရဲ့ ကြယ်သဲမှုန်... သူ ဒီကို ရောက်လာခဲ့တာပဲ’

ချင်မူ ဝမ်းသာသွားသည်။ ဤကြယ်သဲမှုန်အပေါ် သူ နင်းလိုက်သည့်အခါ နင်းလိုက်သည့် အားကြောင့် ကြယ်သဲမှုန်မှာ အောက်သို့ လျင်မြန်စွာ ကျဆင်းသွား၏။ သို့သော် ကြယ်သဲမှုန်ထဲရှိ စွမ်းအင်က ဤနေရာ၏ ထူးဆန်းသော အားစက်ကွင်းကို ခုခံပေးထားသည်။ ချင်မူ၏အရှိန်မှာ တဖြည်းဖြည်း နှေးကွေးလာပြီး ပင့်အားသည် သူ့အလေးချိန်ကို ထိန်းပေးလိုက်၏။

ချင်မူက တမုဟုတ်ချင်း ဒူးကို ကွေး၍ ခုန်လိုက်သည်။ ကြယ်သဲမှုန်နောက်တစ်ခုအပေါ် သူ ဆင်းသက်သွားပြီး ပျံသန်းနေသကဲ့သို့ ဟိုခုန်သည်ခုန်သွားသည်။ သူသည် ကြယ်သဲမှုန်များကို နင်းရင်း တွင်းကြီးထဲရှိ အလင်းရောင်ဆီ လျင်မြန်စွာ ချဉ်းကပ်သွား၏။

အလင်းရောင် ဖြာထွက်နေသောနေရာတွင် စင်မြင့်တစ်ခု လွင့်မျောနေသည်။ စင်မြင့်၏ လေးဖက်လေးလံ၌ လှေကားထစ်များ ရှိပြီး စင်မြင့်သည် အောက်၌ ကျယ်၍ ထိပ်တွင် ကျဉ်းသွား၏။ ဤစင်မြင့်က ယဇ်ပလ္လင်တစ်ခုပမာ အမှောင်ထု၏ အလယ်၌ ထီးထီးတည်း ပျံဝဲနေလေသည်။

ချင်မူ ယဇ်ပလ္လင်အ‌ပေါ် ဆင်း၍ အမှောင်ထဲ၌ လွင့်မျောနေသော ကြယ်သဲမှုန်များဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။ တည်ထောင်သူဂိုဏ်းသခင်သည် ဤနေရာထံ ရောက်လာခဲ့ပြီး ဝင်္ကပါတစ်ခု တည်ခင်းခဲ့ခြင်းဖြစ်လိမ့်မည်။ ဆိုလိုသည်က ဤယဇ်ပလ္လင်အပေါ်ရှိ အရာသည် တည်ထောင်သူဂိုဏ်းသခင် တန်ခိုးရှင်သစ်ခုတ်သမားအတွက် ချန်ခဲ့ချင်သော ပစ္စည်းဖြစ်လိမ့်မည်။

‘ဒါက ဘာပါလိမ့်... အစ်ကိုကြီး ချန်ခဲ့တဲ့ ပစ္စည်းက နှစ်ခုရှိပြီ... တစ်ခုက ဘူးလေးထဲ ထည့်ထားတဲ့ လူ့ခေါင်း၊ နတ်ဘုရားစီရင်ရာဓားမ၊ နောက်တစ်ခုက ခေတ်တစ်ခေတ်ရဲ့ အမိန့်ပြား... ဒီယဇ်ပလ္လင်‌ပေါ်က ပစ္စည်းက ဘာများဖြစ်မလဲ’

သူ ယဇ်ပလ္လင်၏အလယ်သို့ လှမ်းကြည့်လိုက်ရာတွင် ကျောက်ခေါင်းတလားတစ်ခုအား မြင်လိုက်ရသည်။ ဤခေါင်းတလား၌ အတားအဆီးအစီအရင်နှင့် တူသော အမှတ်အသားများ ဖုံးလွှမ်းနေ၏။

ကျောက်ခေါင်းတလားသည် ကိုက်သုံးဆယ်ရှည်ပြီး ဆယ်ကိုက်ကျယ်သည်။ အလွန်ကြီးမားသည့်အတွက် သာမန်လူတစ်ယောက်၏ ခေါင်းတလားဟုပင် ပြောမရပေ။ နတ်ဘုရားအား ထည့်သွင်းထားသော ခေါင်းတလား ဖြစ်လိမ့်မည်။

ချင်မူ ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကို ထုတ်လွှတ်ကြည့်ပါသော်လည်း ထုတ်လွှတ်၍မရသေးပေ။ သူ့မှာ အတန်ကြာ တွန့်ဆုတ်နေပြီးနောက် မျက်ခုံးနှစ်ဖက်အကြားရှိ ရွှေရောင်မိုးမခသစ်ရွက်ကို ခွာလိုက်သည်။ ထို့နောက် တတိယမျက်လုံးဖြင့် ကျောက်ခေါင်းတလားဆီသို့ ကြည့်လိုက်၏။

ဤမျက်လုံးဖြင့် မူမမှန်သည့်အရာတစ်ခုမှ မမြင်ရသော်လည်း ကျောက်ခေါင်းတလားထဲ၌ အလောင်းမရှိသည်ကိုတော့ ခပ်ရေးရေးမျှ မြင်နေရသည်။ အထဲတွင် ဧရာမဖန်အိုးကြီးတစ်အိုးသာ ရှိနေချေသည်။

ချင်မူ မျက်ခုံးနှစ်ဖက်ကြား၌ ရွှေရောင်မိုးမသစ်ရွက်ကို ပြန်ကပ်ပြီး ရှေ့ဆက်လျှောက်သွား၏။

‘ခေါင်းတလားထဲမှာ ဘာလို့ ဖန်အိုးကြီး ထည့်ထားတာလဲ”

သူက ချီစွမ်းအင်ကို ဂရုတစိုက် သုံး၍ ကျောက်ခေါင်းတလားအား ထိကြည့်လိုက်သည်။ မည်သည့်အရာမှ မဖြစ်ပေ။ ချင်မူ စိတ်ဒုန်းဒုန်း မချနိုင်‌သေးဘဲ ကြောင်တစ်ကောင်လို ကျောက်ခေါင်းတလားဘေး၌ လှုပ်ရှားနေသည်။ သူ ထပ်ခါတလဲလဲ စမ်းသပ်ကြည့်သော်လည်း မူမမှန်သည့်အရာ မတွေ့ရသေးပေ။

ထိုအခါမှ သူ စိတ်ချသွားပြီး ကျောက်ခေါင်းတလားကို ဖွင့်ရန် ရှေ့ဆက်လျှောက်သွားသည်။

ခေါင်းတလား၏အဖုံးသည် အတိုင်းထက်အလွန် လေးလံ၏။ အားကုန်ထည့်လိုက်သည့်အချိန်မှ ခေါင်းတလားအဖုံးကို အနည်းငယ် ဖွင့်နိုင်သွားသည်။

ကျောက်ခေါင်းတလား၏အတွင်းတွင် အမှန်တကယ်ပင် ဧရာမဖန်အိုးကြီးတစ်အိုး ရှိနေသည်။ အနည်းငယ် ဟနေသောကြားမှ ကြည့်လိုက်သည့်အခါ အိုးအတွင်း၌ ခေါင်းတစ်ခေါင်း ထည့်ထားကြောင်း မြင်လိုက်ရသည်။ ခေါင်းတွင် မျက်နှာလေးဖက် ရှိပြီး ပိရမစ်သဏ္ဍာန် ဆံထိုး ထိုးထား၏။ ဆံထိုးတွင်လည်း မျက်လုံးတစ်လုံး ရှိနေသည်။

ချင်မူ အံ့အားသင့်သွားသည်။ သူ့မျက်စိရှေ့ရှိ မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွား၏။ အမှောင်ထု၊ ယဇ်ပလ္လင်၊ ကျောက်ခေါင်းတလားနှင့် ဖန်အိုးထဲရှိ ခေါင်းကြီး ပျောက်ကွယ်သွားချေပြီ။

အလွန်ခံ့ညားထည်ဝါသောနေရာတစ်နေရာတွင် သူ ပေါ်လာသည်။ မြေပြင်တွင် အဖြူရောင်ကျောက်စိမ်းများ ခင်းထားပြီး ပုလဲများ၊ ပုတီးစေ့များသည် ကြယ်များဖြစ်၏။ မျက်နှာမရှိသော လူတစ်ယောက်က သူ့ဆီ လျှောက်လာကာ ပြောသည်။ “ယင်ကျောက်၊ ငါတို့ခိုင်ဧကရာဇ်ခေတ်အတွင်း တစ်ခုခုလုပ်ပေးဖို့ ငါ မောင်မင်းကို လိုအပ်တယ်”

“ခိုင်ဧကရာဇ်ရဲ့ အမိန့်တော် အတိုင်းပါ”

“သိကြားက ဒီကမ္ဘာပေါ်မှာ ရှိတဲ့ စက်မှုလက်မှုပညာရှင်အားလုံး စုဝေးပြီး ရွှင်ပျော်ပျော်ကျေးရွာနဲ့ ပရမတ္တလှေကို တည်ဆောက်လိမ့်မယ်.... နောင်တစ်ချိန်ကျရင် လူတွေ ရွှင်ပျော်ပျော်ကျေးရွာကို မေ့သွားမှာ ငါ ကြောက်တယ်... ရန်သူတွေ ပရမတ္တလှေကို ဖျက်စီးမှာလည်း စိုးရိမ်မိတယ်... ဒါတွေက ပရမတ္တလှေရဲ့ ပုံကြမ်းတွေပဲ... မောင်မင်းက ဉာဏ်အကောင်းဆုံးဆိုတော့ အလွတ်မှတ်‌ပေးပါ”

ချင်မူ တောင်လိုပုံနေသော ပုံကြမ်းများအား ကြည့်လိုက်သည်။ သူက ဤစာရွက်များအား လှန်ကြည့်နေသော ‘သူ့ကိုယ်သူ’ ကြည့်နေ၏။ ပုံကြမ်းများအပေါ်ရှိ ရုပ်ပုံများနှင့် စာသားများသည် အလွန်ရှုပ်ထွေးလွန်း၍ မှတ်ရန် ခက်သော်လည်း ‘သူ’က အမှားတစ်ခုမှမပါအောင် မှတ်သားနိုင်လိုက်သည်။

“အရှင်မင်းကြီး၊ ကျွန်တော်တို့ အနိုင်ရနိုင်ခြေ တကယ် မရှိတာလား” မရင်းနှီးသောအသံတစ်သံကို ချင်မူ ကြားလိုက်ရသည်။

အသံကား ယင်ကျောက်ဟု ခေါ်သည့် နတ်ဘုရား၏အသံ ဖြစ်လေသည်။

“မရှိဘူး”

မျက်နှာမရှိသည့်လူက သူ့ကို ကျောပေးကာ ခေါင်းယမ်းလိုက်၏။ “တစ်စက်မှကို မရှိတာ... ရန်သူအကြောင်း သိရလေလေ၊ ငါ ပိုစိတ်ညစ်ရလေလေပဲ... အတိတ်တုန်းက ခေတ်တိုင်း ဖယ်ရှားသုတ်သင်ခံခဲ့ရတော့ ငါတို့အတွက်လည်း အဲဒီကံကြမ္မာကနေ လွတ်မြောက်ဖို့ ခက်ခဲတယ်... ဒါပေမဲ့ နောင်တစ်ချိန်ကျရင် မျှော်လင့်ချက် ရှိပါသေးတယ်... ဒီပုံကြမ်းတွေကို ထားခဲ့တာက မျှော်လင့်ချက်ကို သိမ်းဆည်းထားတာနဲ့ အတူတူပဲ... နောင်ကျရင် ငါ့ရဲ့မျိုးဆက်က မင်းကို လာရှာပြီး ဒီပုံကြမ်းတွေ ပြန်ယူလိမ့်မယ်... သူက မင်းကို ရွှင်ပျော်ပျော်ကျေးရွာမှာ ရှိတဲ့ ငါ့ဆီ ခေါ်လာပေးလိမ့်မယ်... အဲဒီအချိန်ကျရင် ငါတို့ ပြန်တိုက်ခိုက်ကြမယ်၊ ကောင်းကင်နဲ့ မြေပြင်ကို ပြောင်းလဲကြမယ်....”

“အရှင်မင်းကြီး...”

မျက်နှာမရှိသည့်လူက ထွက်သွားပြီး သူ့အား ချန်ရစ်ခဲ့သည်။ ‘သူ’က ပုံကြမ်းများကို အလွန်ကြာမြင်စွာ ထိုင်မှတ်နေပြီး နောက်ဆုံးတွင် ပြိုင်ဘက်ကင်းလောက်အောင် ရှုပ်ထွေးသော ပရမတ္တလှေ၏ ဖွဲ့စည်းတည်ဆောက်ပုံများအား မှတ်ထားနိုင်သွား၏။

ထို့နောက် သူက ပုံကြမ်းများကို မီးရှို့လိုက်သည်။ စာရွက်များမှာ တမြေ့မြေ့ ကျွမ်းလောင်ရင်း ပြာကျသွားလေသည်။

စာရွက်အားလုံး လောင်ကျွမ်းသွားသည်နှင့် နန်းဆောင်မှာ အမှောင်ထုထဲ စုန်းစုန်းမြုပ်သွားသည်။

ထို့နောက် အလင်းတန်းများက အမှောင်ထုကို ထိုးခွဲလျက် မြင်ကွင်းတစ်ခုအား ပြသ၏။ သူ့အရှေ့ မြင်ကွင်းမှာ အလွန်ကြောက်လန့်တုန်လှုပ်ဖွယ်ရာကောင်းသော နတ်ဘုရားတို့၏ စစ်မြေပြင် ဖြစ်သည်။ ကောင်းကင်မြေပြင်တစ်ခွင်တွင် နတ်ဘုရားများ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြပြီး နတ်ဘုရားများစွာ သေဆုံးနေကြသည်။ ကြည့်ရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ကောာင်းလှသည်။

ခိုင်ဧကရာဇ်ကောင်းကင်ဘုံသည် လွန်စွာမြင့်မားသည့်နေရာတစ်နေရာမှ ကျလာပြီး တခြားကောင်းကင်ဘုံများအား တိုက်ချသွားသည်ကို ချင်မူ မြင်နေရ၏။ ခိုင်ဧကရာဇ်ကောင်းကင်ဘုံမှာ မီးတောက်တလူလူဖြင့် အခြားကမ္ဘာများအား ဝင်တိုက်ရင်း အောက်ပြုတ်ကျနေသည်။

ချင်မူက ငေးကြောင်နေသော ‘သူ့ကိုယ်သူ’ ကြည့်လိုက်သည်။ ‘သူ’က နတ်ဓားကို လည်ပင်းဆီသို့ မြှောက်လိုက်သည်။ ထို့နောက် ပြန်ချကာ နတ်ဘုရားမြို့ထဲ ပြန်ဝင်သွားသည်။ ‘သူ’သည် မြေကြီးအောက်သို့ သွား၍ အမှောင်ထုထဲတွင် နေရာကွင်းပြင်တစ်ခု ရှင်းလင်းပြီး ယဇ်ပလ္လင်တစ်ခု တည်ဆောက်လိုက်၏။

‘သူ’က အသိစိတ်အလျဉ်ဖြင့် ထူးဆန်းသော စိတ်အားလှိုင်းစက်ကွင်းတစ်ခုကို ဖွဲ့တည်ရင်း သူ့အတွက်သူ ခေါင်းတလားတစ်ခု ပြင်လိုက်သည်။ ထို့နောက် ခေါင်းတလားထဲ၌ ဧရာမဖန်အိုးကြီးတစ်အိုး ထည့်ပြီး ရေဖြည့်သည်။ ရေသည် ‘သူ’၏ အသိစိတ်အလျဉ်နှင့် အသက်ဓာတ်မှ သန့်စင်ထားသော ကောင်းကင်ရေစင်ဖြစ်၏။ ၎င်းက ‘သူ’၏ရုပ်ခန္ဓာ မပုပ်မသိုးအောင် ထိန်းသိမ်းပေးထားနိုင်သည်။

သူက ဓားကို မြှောက်လိုက်ပြန်သည်။

“ဒီမြင်ကွင်းကို မြင်တဲ့သူ...”

မရင်းနှီးသောအသံကို ချင်မူ ထပ်ကြားလိုက်ရသည်။ “မင်းက ချင်မျိုးဆက်လား... ခိုင်ဧကရာဇ်အမိန့်ကြောင့် ပုံကြမ်းတွေ ယူဖို့ လာတာလား... ငါ ခိုင်ဧကရာဇ်ရဲ့ ကျေးဇူးကို ပြန်မဆပ်နိုင်ခဲ့တဲ့အတွက် ငါ့ခေါင်းကို ဖြတ်ပြီး သခင်ချင် လာယူမှာကိုပဲ တိတ်ဆိတ်စွာ စောင့်နေပါတော့မယ်”

ရွှပ်

ဓားရောင်လက်သွားပြီး ချင်မူ စူးအောင့်နာကျင်သွားသည်။ ‘သူ’က သူ့ခေါင်းသူ ဖန်အိုးထဲ ထည့်ပြီး အပြင်သို့ ကြည့်လိုက်သည်။ နတ်ဘုရားယင်ကျောက်၏အလောင်းမှာ ခေါင်းတလား၏အဖုံးကို ယူကာ ဖန်အိုးအပေါ်မှ ဖုံးလိုက်၏။

တခဏကြာသော် တွင်းကြီးဆီမှ ဘုန်းခနဲ အသံအကျယ်ကြီး ကြားလိုက်ရသည်။ အသံမှာ နတ်ဘုရားယင်ကျောက်၏အလောင်း မြေကြီး‌ပေါ် ပြတ်ကျသွားသောအသံ ဖြစ်လေသည်။

ချင်မူ့မျက်လုံးများ နီရဲလာပြီး သူ မျက်ရည်များ သုတ်လိုက်မိသည်။

အိုးထဲရှိ ခေါင်းက သူ့ကို မြင်နေရပုံပေါ်ပြီး အားကောင်းသော ဦးနှောက်လှိုင်းများအား သူ၏အသိစိတ်အလျဉ်ထဲသို့ ပို့လွှတ်လိုက်သည်။ ပုံကြမ်းများသည် သူ၏စိတ်ထဲ၌ သင်္ကေတရုပ်ပုံများအဖြစ် ခတ်နှိပ်ခံလိုက်ရ၏။ ရုပ်ပုံများစွာ ပေါ်လာလေလေ၊ အိုးထဲတွင် ကောင်းကင်ရေစင်များ လျော့နည်းသထက် လျော့နည်းလာသည်။

ဖန်အိုးထဲရှိ ကောင်းကင်ရေစင်အားလုံး ကုန်ခမ်းသွားသည့်အခါ ချင်မူ့စိတ်ထဲတွင် ပရမတ္တလှေ၏ ပုံကြမ်းများ ပြည့်နှက်နေချေပြီ။

ထိုနတ်ဘုရား၏ခေါင်းမှ ဦးနှောက်လှိုင်းများ အဆက်မပြတ် ပို့လွှတ်လျက် ချင်မူ့စိတ်ထဲသို့ ကျန်ပုံကြမ်းများ ထည့်သွင်းပေးနေသည်။ ခေါင်းမှာ လျင်မြန်စွာ ပုပ်သိုးလာ၏။ အသိစိတ်အလျဉ် ခမ်းသွားသည့်အချိန်တွင် ဖန်အိုးထဲ၌ ဦးခေါင်းခွံတစ်ခုသာ တိတ်ဆိတ်စွာ ကျန်ခဲ့တော့သည်။

ချင်မူမှာ ဤကျောက်ခေါင်းတလား၏အရှေ့၌ တိတ်ဆိတ်စွာ ရပ်နေမိသည်။ သူက ရုတ်တရက် ပြောလိုက်၏။ “ခင်ဗျားက ချင်မိသားစုအပေါ် ဘာကျေးဇူးမှ အကြွေးမတင်ပါဘူး... ချင်မိသားစုကသာ ခင်ဗျားအပေါ် အကြွေးတင်နေတာပါ.... ခင်ဗျားကို မပြည့်စုံတဲ့ အလောင်းအဖြစ်နဲ့ သေခွင့်မပေးနိုင်ဘူး”

သူက ယဇ်ပလ္လင်ပေါ်မှ ခုန်ချပြီး ချီစွမ်းအင်ကြိုးမျှင်ကို တွဲခိုကာ မြေကြီးအောက်သို့ ဆက်ဆင်းသွားသည်။ အတန်ကြာသော် ချင်မူသည် ခေါင်းပြတ်အရိုးစုတစ်စုအား ချီကြိးမျှင်များဖြင့် ပင့်ကူအိမ်သဖွယ် ရစ်ပတ်ကာ တဖြည်းဖြည်း ဆွဲတင်လာ၏။

သူ ယဇ်ပလ္လင်ဆီ ပြန်သွားပြီး ဖန်အိုးကြီးအား အပြင်ထုတ်လိုက်သည်။ ခေါင်းပြတ်အရိုးစုကို ခေါင်းတလားထဲ၌ ရိုရိုသေ‌သေ ထည့်ပြီးသည့်အခါ အိုးထဲမှ အရိုးစုကို ထုတ်၍ လည်ပင်း၌ တင်ပေးလိုက်သည်။

ချင်မူက ကျောက်ခေါင်းတလားကို ပြန်ပိတ်ကာ သုံးကြိမ်ဦးချလိုက်သည်။ ထို့နောက် ချာခနဲ လှည့်၍ လေပေါ် ခုန်တက်ပြီး ကြယ်သဲမှုန်များနင်းလျက် ကောင်းကင်သို့ တက်သွား၏။

နောက်ဆုံးကြယ်သဲမှုန်နေရာမှ အပေါ်သို့ ခုန်တက်ရန် ကိုက်သုံးထောင် လိုနေသေးသည်။ ချင်မူ လက်တစ်ချောင်း ဆန့်တန်းလိုက်သည့်အခါ ချီစွမ်းအင်ကြိုးမျှင်တစ်မျှင်က ကိုက်သုံးထောင်ဆီသို့ ပျံထွက်သွားသည်။ ၎င်းသည် တွင်းမှ တွဲလောင်းကျနေသော အရိုးဖြူကြိုးလှေကားအား ရစ်ပတ်လိုက်၏။

တွင်းဝရှိ အရိုးစုများက အလျင်အမြန် ဆွဲတင်ပေးသည်။ အတော်လေး အားထုတ်ပြီးနောက် သူ့အား အပြင်သို့ ဆွဲထုတ်နိုင်လိုက်လေသည်။

ချင်မူ တွင်းအပြင်ရောက်သည့်အချိန်မှာပဲ မြေကြီးအောက်မှ တုန်ခါလှိုင်းများ ပေါ်ထွက်လာသည်။ ချင်မူ့အမူအရာ ပြောင်းလဲသွား၏။ သူ၏ချီစွမ်းအင်သည် တရှိန်ထိုး ဖြာထွက်သွားပြီး ပတ်ဝန်းကျင်ရှိ အရိုးစုများအား ပွေ့သယ်လိုက်သည်။ သူက မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းအား ခင်းကျင်း၍ ထိုအရိုးစုများအား သယ်ကာ ပြေးတော့သည်။

သူ့အနောက်တွင် မြေကြီးများ ကျွံကျနေ၏။ ပျက်စီးစုတ်ပြတ်နေသော နတ်ဘုရားမြို့ပျက်မှာ တွင်းကြီးဆီသို့ ပြိုကျသွားသဖြင့် တွင်းကြီးကား ကျယ်သထက် ကျယ်လာသည်။

ချင်မူမှာ အရှိန်အသားကုန် တင်၍ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် မြို့ပျက်ထဲမှ ထွက်လိုက်သည်။ တုန်ခါလှိုင်းများ တဖြည်းဖြည်း ရပ်တန့်သွားပြီး သူ နောက်ပြန်ကြည့်လိုက်သည့်အချိန်တွင် နတ်ဘုရားမြို့မှာ အသူရာချောက်ကြီး ဖြစ်သွားပြီး မြေကြီးအောက်၌ နစ်မြုပ်သွားချေပြီ။

ချင်မူ အရိုးစုများကို ပြန်ချပေးကာ ကျောက်တုံးတစ်တုံးအပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် တွင်းနက်ကြီးအား ငုံ့ကြည့်လိုက်၏... အောက်ခြေအား မမြင်ရပေ။ ချင်မူ့အကြည့်မှာ လေးနက်နေပြီး ဝမ်းနည်းရိပ်တို့ ထင်ဟပ်နေသည်။

အရိုးစုတစ်စုသည် သူ့ခေါင်းကို ပွတ်သပ်ရင်း နှစ်သိမ့်ပေး၏။ နောက်အရိုးစုတစ်စုက သူ့မျက်နှာပေါ်ရှိ မျက်ရည်များအား သုတ်ပေးသည်။

ချင်မူ ပြုံးပြလိုက်သည်။ သူက ထပြီး အရိုးစုများအား အရိုအသေပေးလိုက်၏။ “အဆင်ပြေသွားပါပြီ.. ဒီရက်ပိုင်း ကျွန်တော့်ကို အဖော်ပြုပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်... နောင်တစ်ချိန် ကျွန်တော် မသေသေးရင် ပြန်လာခဲ့ပါ့မယ်... ခင်ဗျားတို့ရဲ့ ဝိညာဉ်တွေကို ပြန်စုစည်းပြီး အသက်ပြန်သွင်းပေးပါ့မယ်... နောင်ကျ ပြန်တွေ့ကြပါစို့”

ချင်မူက ခြေလှမ်းကြဲကြဲများဖြင့် ထွက်သွားပြီး ဤတစ်ကြိမ်တွင် အရိုးစုများက သူ့နောက် လိုက်မလာပေ။ ချင်မူ ခေါင်းလှည့်ကြည့်သည့်အခါ အရိုးဖြူဖြူများ သူ့အား လက်ဝှေ့ယမ်းပြန်နေသည်ကို မြင်လိုက်ရသည်.

ချင်မူ လက်ပြန်ဝှေ့ယမ်းပြကာ ထွက်ခွာလာခဲ့၏။

“သေသွားပြီး အရိုးချည်းပဲ ရှိတော့ပေမယ့် စိတ်ဓာတ်တွေ မွန်မြတ်ကြသေးတယ်... သူရဲကောင်းသိက္ခာတွေလည်း အပြည့်ပဲ... ခိုင်ဧကရာဇ်၊ ရွှင်ပျော်ပျော်ကျေးရွာက ကျွန်တော့်ဘိုးဘေးကြီး ခင်ဗျားဆီက အမိန့်ကြောင့် ကိုယ့်ကိုယ်ကို ခေါင်းဖြတ်ခဲ့တဲ့ ယင်ကျောက်ဆိုတဲ့ နတ်ဘုရားတစ်ပါးကို မှတ်မိသေးလား... ခင်ဗျား မမှတ်မိမှာ စိုးလို့ ကျွန်တော် မှတ်မိအောင် လုပ်ပေးမယ်... ချင်ရဲ့ သားတော်က နောက်လိုက်တွေကို ဘယ်တော့မှ သစ္စာမဖောက်ဘူး.. သူတို့ပေးခဲ့တဲ့ ကတိ၊ သူတို့ဘိုးဘေးပေးခဲ့တဲ့ ကတိတွေကို ဘယ်တော့မှ မမေ့ဘူး”

သူက တိတ်ဆိတ်ခြောက်နေသော မြေပြင်ထက်၌ တရှိန်ထိုး ပြေးကာ ခိုင်ဧကရာဇ်ကောင်းကင်ဘုံ ပြုတ်ကျသွားခဲ့သော နေရာဆီသို့ ဦးတည်နေသည်။ နတ်ဘုရားယင်ကျောက်၏ မှတ်ဉာဏ်အရ ထိုနေရာတွင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ သို့မဟုတ် မဟာမြို့ပျက်ဆီ ရောက်မည့် ဝင်ပေါက် ရှိလိမ့်မည်။

“ခင်ဗျားရဲ့ကတိကို ကျွန်တော် တည်ပေးမယ်... သေဆုံးသွားတဲ့ သူရဲကောင်းတွေ အေးအေးချမ်းချမ်း အနားယူနိုင်အောင် လုပ်ပေးမယ်”

ပျက်စီးနေသော နေရာဟင်းလင်းပြင်တစ်ခုသို့ သူ ရောက်လာပြီး ထိုနေရာမှ နေအလင်းတန်းများ ဖြာထွက်လာနေသည်။ အခြားကမ္ဘာတစ်ခုကိုလည်း ခပ်ရေးရေးမျှ မြင်နေရ၏။ သို့သော် ကြေမွသွားသော ဟင်းလင်းပြင်ထံမှ စူးရှလှသည့် နေအလင်းတန်းများကြောင့် ... ဖြတ်သန်းရန် အလွန်အန္တရာယ်များနေသည်။

ချင်မူက ထောင်ကျယ်အိတ်ထဲမှ ဘူးအသေးလေးတစ်ဘူး ထုတ်၍ ပျက်စီးကြေမွနေသည့် ဟင်းလင်းပြင်အထဲ ခုန်ဝင်လိုက်သည်။ နေအလင်းတန်းနှင့် ထိသွားသည့်အခါ လူငယ်လေးသည် ဘူးအား ဖွင့်လိုက်၏။ သွေးဆာနေသော အလင်းတန်းများ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ဓားမရောင်နှစ်ချက်အဖြစ် ဖွဲ့တည်သွားသည်။ ဓားမရောင်နှစ်ချက်က ရွှပ်ခနဲ နေရောင်အား ခွဲပစ်လိုက်၏။

နေရောင်တို့ ပြန်စုမသွားခင် ချင်မူက ဟင်းလင်းပြင်ကို ဖြတ်လိုက်ပြီး သူ့ခန္ဓာကိုယ်မှာ တမုဟုတ်ချင်း ပြုတ်ကျသွားလေသည်။ သူ့အောက်၌ စိမ်းစိုနေသော တောအုပ်နှင့် တောင်တန်းများ ရှိနေသည်။ တောင်ဘက် ကောင်းကင်မုခ်ဝသည်လည်း မားမားမတ်မတ် ရပ်တည်နေ၏။

ချင်မူ မှင်သက်သွားသည်။ သူ့အောက်တွင် ရှိနေသည်မှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံမဟုတ်ပေ။ မဟာမြို့ပျက် ဖြစ်လေသည်။

၎

င

၎

၎

All Chapters