ထိုက်စွေ့အလံရှည်
Vol. 77 Ch. 1079
အခန်း (၁၀၇၉) ထိုက်စွေ့အလံရှည်
ငရဲကိုးထပ်သို့ရောက်ရှိသွားသည်နှင့် ချန်ချန်းဟွာ၏ ကျင့်ကြံခြင်းအဆင့်က အစွန်းရောက်ရှစ်ပါးကမ္ဘာ နယ်နိမိတ်အရံအတား ထိန်းချုပ်မှုမှ လွတ်မြောက်သွားလေရာ သူ၏ တန်ခိုးစွမ်းအားက ပုရွက်ဆိတ်မှ ဆင်တစ်ကောင်ဖြစ်သွားသည့်အလား အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။
ထိုသက်ရောက်မှုကြောင့် သူ၏ဒဏ်ရာများလည်း လျှင်မြန်စွာ သက်သာလာသည်။
ဧကရာဇ်ရွှမ်မု အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်သွားစဉ်က ရန်တိလက်ချက်ဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး အထက်ဘုံကမ္ဘာသို့ ပြန်လည်ရောက်ရှိသည့်တိုင် သူ့အခြေအနေက ဆိုးရွားနေဆဲ ဖြစ်သည်။
သို့သော် ကမ္ဘာအခြေခံအုတ်မြစ် ခိုင်မာပြီးမြောက်စွာ တည်ဆောက်ထားနိုင်သည့် ‘လူသားအထွတ်ထိပ်’ အဆင့် သိုင်းသူတော်စင် ချန်ချန်းဟွာကတော့ ဒဏ်ရာများက (၅၀)ရာနှုန်းကျော် ပြန်လည်ကောင်းမွန်လာခဲ့သည်။
သို့ရာတွင် ရန်ကျောက်ကဲ ပစ်လွှတ်လိုက်သော အနက်ရောင်အလင်းလုံးကြောင့် သဏ္ဌန်မဲ့အနာရွတ်က ဆိုးရွားလှစွာ ထင်ကျန်နေသည်။
ထိုအနာရွတ်မှ သွေးများထွက်နေခြင်းမရှိသော်လည်း အနက်ရောင်အလင်းစီးကြောင်းများ မရပ်မနား ထွက်ပေါ်နေသည်။
ထိုအလင်းစီးကြောင်းများကြောင့် ငရဲကိုးထပ်ရှိ နေရာအသီးသီးမှ စွမ်းအားကြီးမားသော မဟာနတ်ဆိုးကြီးများမှာ ချန်ချန်းဟွာ တည်ရှိရာနေရာသို့ အာရုံစိုက်ကာ ချဉ်းကပ်လာကြသည်။
သူတို့ကြားထဲတွင် ငရဲကိုးထပ်မှ အစစ်အမှန် အထွတ်ထိပ် မဟာနတ်ဆိုးများပင် ပါရှိနေသေးသည်။
ချန်ချန်းဟွာ အံ့အားသင့်သွားပြီး...
“နတ်ဆိုးလှည့်စားထုံးတမ်းအစီအရင်...”
သူက ဆက်ပြောသည်။
“ဒါက မဟာကပ်ဘေးကြီးမတိုင်ခင်က တာအိုဝါဒ တန်ခိုးစွမ်းအားရှင်တွေ ငရဲကိုးထပ်က နတ်ဆိုးတွေကို ထောင်ဖမ်းပြီးသတ်ဖြတ်ဖို့တီထွင်ထားတဲ့ ဂန္ထဝင်တွင်တဲ့ နတ်ဆိုးလှည့်စားထုံးတမ်းအစီအရင် မဟုတ်လား...”
သဏ္ဌန်မဲ့အနာရွတ်၏သက်ရောက်မှုကြောင့် ပင်လယ်ထဲ သွေးညှီနံ့ရသဖြင့် ငါးမန်းများဝိုင်းအုံလာသည့်ပမာ ငရဲကိုးထပ်မှနတ်ဆိုးများစွာ စုဝေးရောက်ရှိလာကြလေသည်။
ချန်ချန်းဟွာ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ငရဲကိုးထပ်နက်ရှိုင်းရာမှ တန်ခိုးစွမ်းအားရှင်များ ဝိုင်းဝန်းတိုက်ခိုက်ခံရမည်ဆိုပါက အလွန်အန္တရယ်များနေသေးသည်။
တန်ခိုးစွမ်းအား ပိုမိုမြင့်မားသည့် နတ်ဆိုးများကို ဆွဲဆောင်မိလျှင်တော့ ပိုဆိုးပေမည်။
သာမန်အခြေအနေဆိုလျှင် ချန်ချန်းဟွာ ဒဏ်ရာရထားသည့်တိုင် ငရဲကိုးထပ်မှ အလျှင်အမြန် ထွက်သွားနိုင်မည် ဖြစ်သည်။
ယခုတော့ နတ်ဆိုးလှည့်စားထုံးတမ်းအစီအရင်အား ဖယ်ရှားနိုင်ခြင်းမရှိသေးသရွေ့ နတ်ဆိုးများစွာ တိုင်းဝန်းတိုက်ခိုက်မှုကို ခံရပေမည်။
ထို့ကြောင့် ဒဏ်ရာများကိုကုသရင်း ငရဲကိုးထပ်မှ ထွက်ခွာသွားရန်မှာ ပိုမိုခက်ခဲသွားပေသည်။
ညအမှောင်ထုထဲတွင် လင်းလက်နေသည့် တောက်ပသောဖယောင်းတိုင်က လူအများ၏မျက်လုံးကို ဖမ်းစားနိုင်သည့်ပမာ နတ်ဆိုးလှည့်စားထုံးတမ်းအစီအရင် အနာရွတ်က ငရဲကိုးထပ်မှနတ်ဆိုးများကို သေချာပေါက် ဆွဲဆောင်နေပေလိမ့်မည်။
ချန်ချန်းဟွာ တသိပြန်ဝင်လာချိန် ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအား ဖိနှိပ်မှုအောက်တွင် ငရဲတံခါးအက်ကွဲကြောင်းက ပျောက်ကွယ်လုနီးပါးဖြစ်တော့မည်ကို တွေ့မြင်လိုက်ရသည်။
ချန်ချန်းဟွာမျက်ဝန်းများ တောက်ပနေပြီး....
“မင်းက တကယ်ပဲ နတ်ဆိုးလှည့်စားထုံးတမ်းအစီအရင်ကို သိတာလား”
သူက ဆက်ပြောသည်။
“ဒီ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ မင်းက စိတ်ဝင်စားဖို့အကောင်းဆုံးလူပဲ”
ရန်ကျောက်ကဲက ပြုံးရင်း ချန်ချန်းဟွာကို လက်ပြနှုတ်ဆက်လိုက်သည်။
“ကျေးဇူးပဲ... ပျော်ရွှင်ပါစေကွာ...”
ထို့နောက် ငရဲကိုးထပ်တံခါးကို နောက်တစ်ကြိမ် စည်းတံဆိပ်ခတ်လိုက်သည်။
ချန်ချန်းဟွာသည်လည်း ရန်ကျောက်ကဲအမြင်အာရုံမှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
သူ နောက်ဆုံးတွေ့လိုက်ရသည့်မြင်ကွင်းကတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာကဲ့သို့ အောက်ဘုံကမ္ဘာများကို သိပ်စိတ်မဝင်စားသော မဟာနတ်ဆိုးကြီးများသည်ပင် စုရုံးရောက်ရှိလာကြပြီး ချန်ချန်းဟွာကို ဝိုင်းထားလိုက်ကြခြင်းပင်။
ငရဲကိုးထပ်အက်ကွဲကြောင်းကို လုံးဝ တံဆိပ်ခတ်လိုက်ပြီးနောက် မြေကမ္ဘာနယ်မြေ ချောက်နက်ထဲတွင် လှုပ်ခတ်နေသော မိစ္ဆာချီအငွေ့အသက်များ လုံးဝ ရှင်းလင်းသွားသည်။
နောက်ဆုံးတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး ငြိမ်းချမ်းမှု ပြန်လည် ရရှိခဲ့သည်။
သို့တိုင် ရန်ကျောက်ကဲနှင့် ချန်ချန်းဟွာ တိုက်ခိုက်ရာတွင် သူတို့၏ အစစ်အမှန်တန်ခိုးစွမ်းအားများ ထုတ်ဖော်ပြသခဲ့ရသဖြင့် ထိခိုက်မှုအနည်းအကျဉ်း ရှိခဲ့သည်။
အထူးသဖြင့် မြေကမ္ဘာနယ်မြေ ပတ်ဝန်းကျင်တဝိုက် နယ်မြေများတွင် မိုးမြေပြောင်းပြန်လှန်သွားသည့်ပမာ ဒေသဆိုင်ရာ ပထဝီအနေအထားများ ပြောင်းလဲသွားခဲ့သည်။
အစောပိုင်းတိုက်ပွဲကြောင့် အက်ကွဲသွားသည့် အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ဝိညာဉ်စွမ်းအားလှည့်ပတ်မှုကတော့ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်။
မြေကမ္ဘာနယ်မြေမှ ငရဲတံခါးကို ချိတ်ပိတ်ပြီးနောက် ရန်ကျောက်ကဲ အခြားနေရာတစ်ခုသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် ချန်ချန်းဟွာ၏ ဗုဒ္ဓဘာသာကိုယ်ပွားက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် အပြင်းအထန်တိုက်ခိုက်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများနှင့် ပြည့်နက်နေသည်။
ထိုကိုယ်ပွားက အောက်ဘုံကမ္ဘာ၏ ဖိနှိပ်ချုပ်ချယ်ခြင်းမှ ရုန်းထွက်ပြီး အထက်ဘုံကမ္ဘာသို့ ပြန်လည်တက်လှမ်းရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကဲ့သို့ပင် ထိုကိုယ်ပွားသည်လည်း သိုင်းသူတော်စင် တတိယအဆင့်ထက် ကျော်လွန်သော ကျင့်ကြံခြင်းစွမ်းအားရှိသည်။
သူ၏ ကျင့်ကြံခြင်းအဆင့်က အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်လာချိန် ဖိနှိပ်ခံထားရခြင်းပင်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ သံသယစိတ်များကို ခံစားမိသော ချန်ချန်းဟွာ၏ ကိုယ်ပွားက ပြုံးလိုက်ရင်း...
“စိတ်မကောင်းစရာပဲ စိတ်မကောင်းစရာပဲ... ၊ မင်းက ငရဲကိုးထပ်ဝင်ပေါက်ကို ချိတ်ပိတ်လိုက်တာကိုး... မဟုတ်ရင် ငါ့ကိုယ်ပွားလည်း ငါနဲ့အတူ ငရဲကိုးထပ်ကို လိုက်လာနိုင်မှာ”
သူက ဆက်ပြောသည်။
“ငရဲကိုးထပ်က နတ်ဆိုးတွေက ပရမ်းပတာနဲ့ ဘာမှမှန်းဆလို့မရဘူး ၊ ဒါပေမဲ့ အများစုက ဦးနှောက်မရှိကြတော့ ဒီပွဲက သိပ်ပြိးစိတ်ဝင်စားဖို့မကောင်းဘူး ၊ ဒါပေမဲ့ သူတို့နဲ့ ပေါ့ပေါ့ပါးပါး ကစားရတာလည်း ပျော်စရာကောင်းပါတယ်”
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပေါ့ပါးသည့် လေသံဖြင့်...
“မင်း အထက်ဘုံကမ္ဘာကို ပြန်သွားဖို့ ကြိုးစားနိုင်တယ် ၊ ဒီမှာဆိုရင်တော့ ငါ မင်းကို သတ်ပစ်မှာပဲ”
ချန်ချန်းဟွာ၏ ကိုယ်ပွားက ကျယ်လောင်စွာ ရယ်မောရင်း...
“အထက်ဘုံကမ္ဘာကို ပြန်ပြန် မပြန်ပြန် အရေးမကြီးတော့ဘူး ၊ ငါက အခု ပိုးသားဧကရာဇ်ထက် မင်းကိုပိုပြီး စိတ်ဝင်စားနေတာ ၊ မင်းက သူ့ထက်ပိုပြီး အများကြီး စိတ်ဝင်စားဖို့ ကောင်းတယ်”
ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ရွှေစင်ရုပ်တုတစ်ခုပမာ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်အတွင်းပိုင်းမှ စိမ်းပြာရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ရွှေခန္ဓာအဖြစ်သို့ ပြောင်းလဲသွားသည်။
လက်ရှိ ဗုဒ္ဓဘာသာနယ်မြေမှ ယုံကြည်ခြင်းအလင်းတန်းကို ဆောင်ယူထားသော ကျင့်ကြံသူများကဲ့သို့ သူ့ကိုယ်သူ အဆုံးသတ်တော့မည် ဖြစ်သည်။
သို့တိုင် သုခဘုံမှ ကျင့်ကြံသူများက ယုံကြည်ခြင်း ဗုဒ္ဓအလင်းတန်းကိုအသုံးပြုပြီး သူတို့ကိုယ်သူတို့ အဆုံးသတ်ကြခြင်း ဖြစ်လေရာ ချန်ချန်းဟွာ၏ ကိုယ်ပွားမှာ ယုံကြည်ခြင်းအလင်းတန်းမရှိဘဲ ဗုဒ္ဓကျင့်စဉ်များကို ကျင့်ကြံထားသူဖြစ်နေသဖြင့် ထိုသို့ပြုလုပ်ရန် ခက်ခဲနေခဲ့သည်။
ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားလာလျှင်တော့ ထိုသို့ပြုလုပ်ရန် လွယ်ကူလာမည် ဖြစ်သည်။
ဒါကိုမြင်တော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပြုံးလိုက်ရင်း...
“ဒါဖြင့် သေလေ...”
ထို့နောက် သူက ချန်ချန်းဟွာ၏ကိုယ်ပွား ငယ်ထိပ်တည့်တည့်သို့ လက်သီးဖြင့် ထိုးစိုက်ချလိုက်လေရာ ရွှေခန္ဓာအသွင်ကိုယ်ပွားခန္ဓာမှာ အက်ကွဲပြိုကျသွားတော့သည်။
တစ်ချက်မျှကြည့်လိုက်ပြီး ရန်ကျောက်ကဲက ၎င်းကို အရေးမစိုက်တော့ပေ။
ယခု အထက်ရပ်ထိပ်တန်းအရှင်သခင်ကို သူ ကောင်းကောင်းနားလည်နေပြီ ဖြစ်၏။
ထိုပုဂ္ဂိုလ်က အမှန်တကယ်ပင် အရူးတစ်ယောက် ဖြစ်သည်။
မိမိကိုယ်တိုင်၏ သေခြင်းရှင်ခြင်း ကံကြမ္မာကိုပင် အရေးမစိုက်ဘဲ သူ့ခေါင်းထဲ အချိန်နှင့်အမျှ ထွက်ပေါ်လာနေသည့် စိတ်ကူးပေါက်ရာများကိုသာ အာရုံစိုက်သူ ဖြစ်သည်။
ပုံမှန်ဆိုလျှင် ချန်ချန်းဟွာ အထက်ဘုံကမ္ဘာသို့ ပြန်ရောက်သည်နှင့် ရန်ကျောက်ကဲ လုပ်ခဲ့သည့် လုပ်ရပ်များအတွက် အထက်ဘုံကမ္ဘာမှ ဝါဒတောင်အား လက်စားချေမည်လားဟု တွေးတောစရာ ရှိသည်။
ယခုတော့ ထိုသူ အထက်ဘုံကမ္ဘာသို့ ပြန်ရောက်သွားလျှင်လည်း ရန်ကျောက်ကဲကိုသာ ပစ်မှတ်ထားပေလိမ့်မည်။
အကြောင်းမှာ ချန်ချန်းဟွာအမြင်တွင် ရန်ကျောက်ကဲမှလွဲပြီး အခြားသူများက စိတ်ဝင်စားစရာမကောင်းသောကြောင့် ဖြစ်၏။
ဟုတ်ပေ၏။
ဤသည်က လုံးဝ ချွင်းချက်မရှိ မှန်ကန်မည်ဟုတော့ အတတ်ပြော၍မရပေ။
အဘယ်ကြောင့်ဆိုသော အရူးများဆိုသည်က ကိုင်တွယ်ရခက်ခဲလှပြီး သူတို့စိတ်ထဲမှ အတွေးအခေါ်များကို မူမှန်စိတ်ဖြင့် အကဲဖြတ်၍မရနိုင်သောကြောင့်ပင်။
အထူးသဖြင့် ဤအရူက အလွန်ဖျက်ဆီးနိုင်စွမ်းမြင့်မားလေရာ ပို၍ပင် စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းလှ၏။
ထူးခြားသောစွမ်းရည်မျိုးစုံ ပိုင်ဆိုင်ထားသော ချန်ချန်းဟွာသည် ရန်ကျောက်ကဲလောက် မတော်သော်လည်းတူညီသည့် ကျင့်ကြံခြင်းအဆင့် ရှိသူများထက်သာလွန်ကာ ကမ္ဘာကိုတုန်လှုပ်စေသူတစ်ယောက် ဖြစ်သည်။
သူက ယွိချင်အဆက်အနွယ် မူလကောင်းကင်ကျမ်းစာ (၁၀)စောင်မှ နှောင်းပိုင်း ကျမ်းစာ (၆)စောင်လုံး ကျင့်ကြံအောင်မြင်ထားသည်ဖြစ်ရာ အစစ်အမှန်ဇာမဏီကျမ်းစာကို ကျင့်ကြံထားသည့် ‘ကျွမ်းရှန်’ ၊ ချန်စန်းသိုင်းပညာကို ကျင့်ကြံထားသည့် တာအိုဆရာ ‘ထျန်းယိ’ တို့ထက် များစွာပိုမိုပြီး တန်ခိုးစွမ်းအား မြင့်မားသည်။
ပြန်လည်ရှင်သန်နိုင်စွမ်း သီးသန့်တစ်ခုတည်းတွင်ဆိုလျှင် ရန်ကျောက်ကဲသည်ပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။ သို့သော် လျှင်မြန်မှုနှင့် တန်ခိုးစွမ်းအားပေါက်ကွဲထွက်မှုတွင်တော့ ရန်ကျောက်ကဲက သာလွန်သူ ဖြစ်၏။
ဖန်ဆင်းခြင်းတရားကိုပင် ပြောင်းပြန်လှန်ပစ်နိုင်သော အတိုင်းအတာရှိသည့် ‘စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်’ တစ်ခုတည်းဖြင့် စန်းချင်း (၃)ပါး၏ သိုင်းပညာရပ်များကို တပြိုင်တည်းကျင့်ကြံခဲ့သည့် ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအခြေခံကို ထင်ရှားစေသည်။
ထို့ကြောင့် တူညီသော ကျင့်ကြံခြင်းအဆင့်တွင် ချန်ချန်းဟွာက ရန်ကျောက်ကဲအား ရှုံးနိမ့်ခဲ့ရခြင်းပင်။
“ဒါပေမဲ့ ဒီ ခွေးကောင်က ငါ့ကို အတော်လေး အံ့အားသင့်အောင်တော့ လုပ်သွားတာပဲ”
အစိမ်းရောင်တောက်ပနေသည့်အလံရှည်ကိုကြည့်ရင်း ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
ထိုက်စွေ့အလံရှည်သည် ထူးကဲယန်စည်းတံဆိပ်နှင့် ရင်ဆိုင်တိုက်ခိုက်နေဆဲ ဖြစ်သည့်တိုင် အစိမ်းရင့်ရောင်ဝါးကိုင်းဖြင့် အရိုက်ခံထားရသဖြင့် အားနည်းနေပြီ ဖြစ်၏။
ရန်ကျောက်ကဲ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ထိုက်စွေ့အလံကို ရယူရန် ကြိုးစားလိုက်သော်လည်း သိပ်တော့မလွယ်ကူလှပေ။
ဤပစ္စည်းက ထူးကဲယန်စည်းတံဆိပ်ဖြင့်ပင် ကောင်းစွာယှဉ်ပြိုင်နိုင်သည့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု မဟုတ်ပါလား။
ထို့ပြင် အလံရှည်ထက်တွင် အထက်ရပ်ထိပ်တန်းအရှင်သခင်က ‘လူသားအထွတ်ထိပ်’ အဆင့် တန်ခိုးစွမ်းအားဖြင့် လက်သီးအမှတ်အသားတစ်ခု ပြုလုပ်ထားခဲ့သည်။
အစစ်အမှန်နတ်ဘုရားများကိုပင် ရင်ဆိုင်နိုင်စွမ်းရှိသော လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူဖြစ်သည့် ‘ချန်ချန်းဟွာ’ ချန်ထားခဲ့သော အမှတ်အသား ဖြစ်သည်။
ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် မဖြစ်နိုင်ပေ။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲစိတ်ထဲ အတော်လေး နေလို့ထိုင်လို့ ကောင်းနေခဲ့သည်။
အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်သည့် ထိုက်စွေ့အလံရှည်သည့် သူ့အတွက် ထူးခြားသောအဓိပ္ပါယ်ရှိသည် အမှန်ပင်။
ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်နှင့် အစိမ်းရင့်ရောင်ဝါးကိုင်းကိုအသုံးပြုပြီး ထိုက်စွေ့အလံရှည်ကို ဖိနှိပ်ကာ သိမ်းဆည်းထားလိုက်သည်။
နောက်ပိုင်းမှ ဤပစ္စည်းကို ထိန်းချုပ်ရန် စဉ်းစားရမည် ဖြစ်၏။