ဂုဏ်သိက္ခာအား ထပ်တလဲလဲ ထိပါးခံ၍ မဖြစ်
Vol. 79 Ch. 1095
ထို မြင်ကွင်းကြီး ရှေ့သို့ ရွေ့လျားသွားသည်နှင့် ဝမ်ပေါင်လဲ့မှာလည်း အာရုံအပြည့်စိုက်၍ ၎င်းအား စိုက်ကြည့်နေလိုက်၏။ သူ၏ မျက်ဝန်းထဲတွင် ထိုမြင်ကွင်းကြီးမှာ ကင်မရာတစ်လုံး စကြာဝဠာကြီးထဲ၌ လျင်မြန်စွာ ရွေ့လျားနေသကဲ့သို့ပင်။
သူသည် ထိုကင်မရာ၏ မှန်ဘီလူးမှတစ်ဆင့် မရေမတွက်နိုင်လောက်အောင် များပြားသည့် ကြယ်တာရာများ၊ ကြယ်စင်စုများနှင့် သက်ရှိအမျိုးအစားပေါင်း မြောက်မြားစွာ သူ၏ ဘေးမှ ဖြတ်သွားသည်ကို မြင်နေရသည်။ သို့ဖြစ်ရာ သူသည် အဆုံးမဲ့တာအိုနယ်မြေ၏ သမိုင်းကြောင်းအား ကြည့်ရှုနေရသကဲ့သို့ပင်။
သို့သော် ထိုမြင်ကွင်း ရွေ့လျားနေသည့် အမြန်နှုန်းမှာ မြန်ဆန်လွန်းနေသောကြောင့် အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်သာ ဖြစ်သည်။ ထိုသို့ဖြင့် သူ အချိန်အတော်အတန်ကြာအောင် စောင့်ဆိုင်းပြီးသွားချိန်တွင် ... ထိုမြင်ကွင်းမှာ ရုတ်တရက်ဆိုသလို ပြောင်းလဲသွား၏။ ၎င်းမှာ အလျင်အမြန် ရွေ့လျားနေခြင်းမရှိတော့ဘဲ မီးခိုးရောင် စကြဝဠာကြီးတစ်ခုထဲ၌ ရပ်တန့်သွားသည်။
ထို မီးခိုးရောင် စကြဝဠာကြီးထဲတွင် ကြယ်တစ်လုံးမှမရှိသလို လူမှုအဖွဲ့အစည်းများလည်း တစ်ခုမှ မရှိသည့်ပုံပင်။ ရှေးဟောင်း အပျက်အစီးနယ်မြေကြီးတစ်ခုသာ ရှိနေ၏။ ထို့အပြင် ထို အပျက်အစီးနယ်မြေကြီးမှာလည်း အစစ်မဟုတ်ဘဲ မကြာခဏဆိုသလို မှုန်ဝါးဝါးဖြစ်နေသောကြောင့် အလွန်အင်မတန်မှ ထူးဆန်းနေသည်။
ပို၍ ထူးဆန်းသည့်အချက်မှာ ထို အပျက်အစီးနယ်မြေကြီးထဲမှ ဗိသုကာလက်ရာ ပုံစံများမှာ အမျိုးမျိုး ကွဲပြားနေကြခြင်းပင်။ အကယ်၍ ဝမ်ပေါင်လဲ့သာ သူ၏ အတိတ်ဘဝများထဲမှ ရရှိခဲ့သည့် အတွေ့အကြုံများကြောင့်သာ မဟုတ်ပါက ထို အပျက်အစီးနယ်မြေကြီးအား မြင်လိုက်ရချိန်တွင် ၎င်းမှာ ထူးဆန်းနေသည်ဟု ခံစားနေရမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စကြဝဠာကြီးမှာ ကြီးမားကျယ်ပြန်လွန်းလှပြီး လူမျိုးစုများနှင့် လူမှုအဖွဲ့အစည်းပေါင်း မြောက်မြားစွာ ရှိနေကြသည်ဖြစ်ရာ ဗိသုကာလက်ရာများလည်း အမျိုးမျိုးရှိနေနိုင်သည်မဟုတ်ပါလော။
သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ သူ၏ အတိတ်ဘဝများထဲမှာ ရရှိခဲ့သည့် အတွေ့အကြုံများကြောင့် ထိုမြင်ကွင်းအား မြင်လိုက်ရချိန်တွင် ရုတ်တရက်ဆိုသလို မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။ အဘယ်ကြောင့်ဆိုသော် ထို အပျက်အစီးနယ်မြေကြီးထဲတွင်... သူ သူ၏ အတိတ်ဘဝများထဲ၌ မြင်ခဲ့ရသည့် ဗိသုကာလက်ရာအချို့ ရှိနေသောကြောင့်ပင်။
သို့ဖြစ်ရာ ထို မီးခိုးရောင်စကြဝဠာကြီးမှာ တမူထူးခြားရပေမည်။
ဝမ်ပေါင်လဲ့မှာ ထိုနေရာတစ်ဝိုက်အား သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ခရမ်းရောင် အမျှင်အတန်းလေးမှာလည်း ထိုအပျက်အစီးနယ်မြေကြီး၏ အလယ်ဗဟိုထဲသို့ ဝင်သွားနေသည်ဖြစ်ကြောင်း မြင်လိုက်ရ၏။ သို့သော် ၎င်းမှာ အဝေးကြီးတွင်ရှိနေသောကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရပေ။
" ရှေ့ကိုဆက်သွား " ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်။ ထို့ကြောင့် ထိုမြင်ကွင်းကြီးမှာလည်း သူ၏ အမိန့်အတိုင်း ရှေ့သို့ ဆက်တိုးသွားသည်။ သို့သော်လည်း ၎င်းမှာ ထို နေရာကြီး၏ အစွန်အဖျားပိုင်း တစ်နေရာသို့ ရောက်ရှိသွားသည်နှင့် ချက်ချင်း ရပ်တန့်ခံလိုက်ရသဖြင့် အထဲသို့ မဝင်နိုင်တော့ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပင့်သက်ရှိုက်မိသွား၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် မေးမြန်းလိုက်သည်
" ဒါ ဘယ်လိုနေရာကြီးလဲ "
ထိုအခါ နာကြည်းချက်များဖြင့် ပြည့်နှက်နေသည့် စိတ်ဆန္ဒတစ်ခုမှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာသည်။
" ဖျောက်ဖျက်ခံထားရတဲ့နေရာ"
ဝမ်ပေါင်လဲ့မှာ ကံကြမ္မာစာအုပ်၏ အဖြေကြောင့် အံ့အားသင့်သွားရ၏။ ၎င်းမှာ ဤနေရာကြီး၏ နာမည်အား မသိသောကြောင့် ၎င်း နားလည်ထားသည့်အတိုင်း ပြန်ဖြေလိုက်ခြင်းဖြစ်ရပေမည်။
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် နားလည်သွား၏။ စာအုပ်တစ်အုပ်အတွက် ' ဖျောက်ဖျက်ခြင်း ' ဆိုသည့် အရာမှာ ၎င်း၏ စာမျက်နှာများပေါ်ရှိ စာလုံးများနှင့် ရုပ်ပုံများ မှားယွင်းနေသောကြောင့် ဖယ်ရှားပစ်ခြင်းကို ဆိုလိုခြင်း ဖြစ်ရပေမည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်သည်နှင့် အနည်းအကျဉ်းမျှ နားလည်သွားရပါသော်လည်း အနည်းငယ်ခန့် အံ့အားသင့်သွားရခြင်းပင်။ သူသည် စကြဝဠာကြီးထဲ၌ ထိုကဲ့သို့သော နယ်မြေကြီးတစ်ခုရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ကျိယွဲ့မှာ ထိုနယ်မြေထဲ၌ ပုန်းနေခြင်း ဖြစ်ရပေမည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ရုတ်တရက် အမိန့်ပေးလိုက်၏။
" ဒီနေရာကို ပတ်ပတ်လည်ကနေ ပြ "
ယခုအကြိမ်တွင် ကံကြမ္မာစာအုပ်မှာ သူ၏ အမိန့်အတိုင်း ချက်ချင်းဆောင်ရွက်ပေးခဲ့၏။ ထို မြင်ကွင်းမှာ စတင်ရွေ့လျားလာပြီး ထို နယ်မြေကြီးအား ပတ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုနယ်မြေကြီး၏ အရွယ်အစားအား အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့၏။ သို့သော်လည်း စက်ဝိုင်းတစ်ဝက်စာနီးပါး ပတ်ပြီးသွားချိန်တွင် ထိုမြင်ကွင်းကြီးမှာ တစ်စုံတစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရသည့်အလား ရပ်တန့်သွားပြန်သည်။
" နောက်တစ်ခေါက် ရပ်သွားပြန်ပြီ... " ဝမ်ပေါင်လဲ့သည် ထိုနေရာကြီးမှာ အလွန်အင်မတန်မှထူးဆန်းသည်ဟု ခံစားနေရပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအကြိမ်တွင် ထိုပုံရိပ်အား တားဆီးလိုက်သည့်အရာမှာ မီးခိုးရောင်နယ်မြေကြီး မဟုတ်ဘဲ ဟင်းလင်းပြင် စကြဝဠာကြီး ဖြစ်နေသောကြောင့်ပင်။
" တခြားတစ်ဖက်ကနေ ပတ်ကွာ " ဝမ်ပေါင်လဲ့မှာ စကြာဝဠာကြီးအား စိုက်ကြည့်နေလိုက်ပြီးနောက် ထပ်၍ အမိန့်ပေးလိုက်၏။ ထိုအခါ ထို ပုံရိပ်မှာလည်း နောက်သို့ပြန်ဆုတ်သွားပြီး အခြားတစ်ဖက်မှနေ၍ ပတ်လိုက်ပြန်သည်။ သို့သော်လည်း ခဏအကြာတွင်.... ၎င်းမှာ ဟင်းလင်းပြင် စကြာဝဠာကြီး၏ တားဆီးခြင်းကို ခံလိုက်ရသည်သာဖြစ်သည်။
ထို့အပြင် ထိုမြင်ကွင်း တားဆီးခံလိုက်ရသည့် နေရာနှစ်ခုမှာ အမြင့်တစ်ခုတည်းတွင် ရှိနေသည့်ပုံ ပေါက်နေ၏။ သို့ဖြစ်ရာ ထိုနေရာတွင် ဧရာမ နံရံကြီးတစ်ခုကဲ့သို့ ဖြစ်နေသည့် မျက်လုံးဖြင့်မမြင်နိုင်သော အကာအရံကြီးတစ်ခု ရှိနေပြီး အရာအားလုံးအား တားဆီးပိတ်ဆို့ထားသကဲ့သို့ပင်။
မီးခိုးရောင်နယ်မြေကြီးထဲ၌ ထိုနံရံကြီးနှင့် ချိတ်ဆက်နေသည့်နေရာတစ်ခု ရှိနေသောကြောင့် ကင်မရာမှာ ၎င်းအား တစ်ပတ်ပြည့်အောင် မပတ်နိုင်ခြင်း ဖြစ်၏။
ထိုကဲ့သို့ မျက်လုံးဖြင့် မမြင်နိုင်သည့် နံရံကြီးကြောင့် ဝမ်ပေါင်လဲ့မှာ သမင်ဖြူလေး၏ ဘဝနှင့် သူ ဟင်းလင်းပြင်ကြီးအား ထိုးခွင်းသွားခဲ့သည့် အဖြစ်ကို ပြန်၍ သတိရသွားသည်။ ထို့ကြောင့် သူသည် မျက်လုံးများမှေးသွားရ၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးပြီးသွားသောအခါမှ သူသည် ထို မီးခိုးရောင်နယ်မြေကြီးအား အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီး ဆိုလိုက်သည်။
" နောက်ပြန်သွားကြတာပေါ့ "
သူ ထိုသို့ ဆိုလိုက်သည်နှင့် နာကြည်းချက်များဖြင့် ပြည့်နှက်နေခဲ့သည့် စိတ်ဆန္ဒမှာ ရုတ်ခြည်းဆိုသလို စိတ်လှုပ်တရှား ဖြစ်သွား၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် ထို မြင်ကွင်းကြီးမှာ ဤနယ်မြေကြီးဆီသို့ ရောက်ရှိလာခဲ့စဉ်တုန်းကထက် အဆပေါင်းများစွာ ပို၍ မြန်ဆန်သည့် အမြန်နှုန်းမျိုးဖြင့် နောက်သို့ ပြန်ဆုတ်သွားတော့သည်။ ထိုသို့ဖြင့် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်အတွင်းတွင် ၎င်းမှာ ၎င်း၏ မူလစမှတ်နေရာသို့ ပြန်ရောက်သွားပြီး လုံးဝပျောက်ကွယ်သွား၏။
ဝမ်ပေါင်လဲ့၏ မျက်စိရှေ့တွင် ရှိနေသောကမ္ဘာကြီးမှာ ပုံရိပ်တစ်ခု မဟုတ်တော့ဘဲ ကံကြမ္မာဂြိုဟ်ကြီးအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုအချိန်တွင် သူ၏ လက်ထဲရှိ ကံကြမ္မာစာအုပ်မှာ ယခင်အကြိမ်များတုန်းကထက်ပင် ပို၍အားကောင်းသည့် တွန်းကန်အားတစ်မျိုးကို ရုတ်တရက်ဆိုသလို ထုတ်လွှတ်လိုက်၏။
ထိုတွန်းကန်အားမှာ အလွန်အင်မတန်မှ အားကောင်းနေသည်ဖြစ်ရာ ကံကြမ္မာစာအုပ်မှာ ၎င်းတို့အား တစ်ချိန်လုံး စုစည်းထားခဲ့ရခြင်း ဖြစ်ရပေမည်။ ထို့ကြောင့် ထိုစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာချိန်တွင် ဝမ်ပေါင်လဲ့၏ လက်မှာ ကံကြမ္မာစာအုပ်ပေါ်မှ နေ၍ လေထဲသို့ တစ်ပေတိတိ မြောက်တက်သွားတော့သည်။
ဝမ်ပေါင်လဲ့၏လက် ထိုသို့ တွန်းထုတ်ခံလိုက်ရသည်နှင့် ကံကြမ္မာစာအုပ်မှာ စိတ်လှုပ်တရှား ဖြစ်သွားပြီး ပျော်ရွှင်မြူးထူးစွာ အော်ဟစ်မြည်တမ်းလိုက်သည့် ပုံပင်။ မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းမှာ မှုန်ဝါးဝါးဖြစ်သွားပြီး ထွက်ပြေးလွတ်မြောက်သွားသည့်အလား ပျောက်ကွယ်သွားတော့သည်... ထို့အပြင် တရွှီးရွှီးမြည်သံများပင် ထွက်ပေါ်လာသေးသည်။
ထိုအသံများမှာ လေတိုက်သံနှင့် တူပါသော်လည်း လေတိုက်သံများတော့ မဟုတ်ပေ... ဘေးနားတစ်ဝိုက်ရှိ လူများမှာ ထိုအသံများကိုကြားလိုက်ရသည်နှင့် ကံကြမ္မာစာအုပ်မှာ တစ်စုံတစ်ယောက်အား ကျိန်ဆဲနေခြင်းဖြစ်ကြောင်း ခံစားလိုက်ရ၏။
ထို တရွှီးရွှီးမြည်သံများမှာ ကံကြမ္မာစာအုပ်၏ ကျိန်ဆဲသံများဖြစ်ပေသည်။
၎င်း ကျိန်ဆဲနေသည့်သူမှာမူ... အထူးတလည် ခန့်မှန်းကြည့်နေစရာပင် မလိုပေ။
ထို့ကြောင့် ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများသာမက ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ ဘေးတွင်ရှိနေသည့် အစေခံအိုကြီးပင်လျှင် ဆွံ့အမှင်တက်သွားရ၏။ သူသည် ကံကြမ္မာစာအုပ် ယခုကဲ့သို့ လူသားတစ်ယောက််လို ပြုမူနေသည်ကို ယခုမှ ပထမဆုံးအကြိမ်ဖြင့် မြင်ဖူးခြင်းဖြစ်ပေသည်။
" သူ ဘယ်လိုများ နှိပ်စက်ခံခဲ့ရလို့ အခုလို အခွင့်အရေးရတာနဲ့ ချက်ချင်း ထွက်ပြေးသွားခဲ့ရတာလဲ ... "
ခဏအကြာတွင် ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများမှာ မျက်နှာအမူရာများ ပြောင်းလဲသွားကြပြန်သည်။ သူတို့ထဲမှ အများစု၏ မျက်ဝန်းများထဲတွင် ကရုဏာစိတ်များပင် ပေါ်ပေါက်လာပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ကံကြမ္မာစာအုပ် ပျောက်ကွယ်သွားသည်နှင့် နောက်သို့တွန်းထုတ်ခံခဲ့ရသည့် ဝမ်ပေါင်လဲ့၏ လက်မှာ အောက်သို့ ပြန်ကျလာသောကြောင့်ပင်။
သူ၏ လက် ပြန်ကျသွားသည့်နေရာတွင် မည်သည့်အရာမှ ရှိမနေသည်ကို အထင်အရှားမြင်နိုင်ပေသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် မကြာသေးမီတုန်းက ထွက်ပြေးပျောက်ကွယ်သွားခဲ့သည့် ကံကြမ္မာစာအုပ်မှာ ထိုနေရာ၌ အလိုလို ပြန်လည်ပေါ်ပေါက်လာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ လက်မှာလည်း ၎င်းပေါ်သို့ အလိုလိုပြန်ကျသွားတော့သည်။
သို့ဖြစ်ရာ ကံကြမ္မာစာအုပ်မှာ ဆွံ့အမှင်တတ်သွားရပြီး အသက်ရှူကြိမ် အနည်းငယ်ခန့် အကြာတွင် အပြင်းအထန် တုန်ရီလာတော့သည်။ ထို့အပြင် ၎င်းမှာ မချိတင်ကဲဝေဒနာများ ခံစားနေရသည့် အသံဖြင့် အော်ဟစ်လိုက်၏။ ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများမှာမူ သူတို့၏ ရင်ထဲမှ ခံစားချက်များကို စကားလုံးများနှင့်ပင် ဖော်ပြနိုင်စွမ်း မရှိလောက်အောင် ဖြစ်နေရတော့သည်။
အစေခံအိုကြီးမှာ ပါးစပ်ဟကာ စကားပြောရန်ပြင်လိုက်ပါသော်လည်း ချီတုံချတုံဖြစ်သွား၏။ နောက်ဆုံးတွင် သူသည် သက်ပြင်းသာ ချလိုက်တော့သည်။
ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ မျက်နှာတစ်ချက် မဲ့သွားပါသော်လည်း ကြံရာမရ ဖြစ်နေသည့် အမူအရာဖြင့်သာ ဝမ်ပေါင်လဲ့အား လှမ်းကြည့်နေ၏။
ဝမ်ပေါင်လဲ့မှာမူ ဘေးပတ်ပတ်လည်ရှိ လူများ၏ မျက်ဝန်းများထဲမှ ကရုဏာစိတ်များကို သတိမထားမိသည့်အလား မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ သူသည် အတွေးများထဲ၌ နစ်မျောနေပြီး မီးခိုးရောင်စကြဝဠာကြီးဆီသို့ သွားသည့် လမ်းကြောင်းအား ပြန်စဉ်းစားနေ၏။ နောက်ဆုံးတွင် သူသည် မျက်ဝန်းများ အရောင်လက်သွားပြီး ကောင်းကင်ဘုံဓမ္မသခင်ကြီးအား လှမ်းကြည့်ကာ ဆိုလိုက်တော့သည်။
" ရှင်းရှင်းလင်းလင်း မမြင်ရသေးဘူး။ နောက်တစ်ခေါက် ထပ်ကြည့်မယ် "
သူ ထိုသို့ဆိုလိုက်သည်နှင့် ဘေးပတ်ပတ်လည်ရှိ လူများမှာ သည်းမခံနိုင်တော့သဖြင့် ဆူညံပွက်လော ရိုက်သွားကြတော့သည်။
" နောက်တစ်ခေါက် ထပ်ကြည့်ဦးမယ် ဟုတ်လား "
" ငါ လူအချင်းချင်း အနိုင်ကျင့်တဲ့လူတွေကို တွေ့ဖူးပါတယ်။ ဒါပေမဲ့ စာအုပ်တစ်အုပ်ကို အနိုင်ကျင့်တဲ့လူမျိုး တစ်ယောက်မှ မတွေ့ဖူးဘူး "
" ကံကြမ္မာစာအုပ်ဆိုတာ အထွတ်အမြတ်ရတနာတစ်ခုလေ။ အဲတာကို အခုလို အနိုင်ကျင့်ခံနေရတယ်လို့ "
" တကယ့်ကို လူထူးဆန်းကြီး တစ်ယောက်ပါလား။ အနာဂတ်ကပုံရိပ်တွေကို ဒီလိုနည်းနဲ့ ကြည့်လို့ရတယ်လို့ ငါ တစ်ခါမှ မတွေးမိခဲ့ဘူး "
ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများအားလုံး ဆူညံပွက်လော ရိုက်နေကြစဉ် ဝမ်ပေါင်လဲ့၏ လက်ထဲမှာ ကံကြမ္မာစာအုပ်မှာ ပို၍ပင် ကျယ်လောင်စွာ အော်ဟစ်နေပြီး ၎င်း၏ နာကြည်းချက်များမှာလည်း ပွင့်အန်ထွက်လာတော့မည့်ပုံ ပေါက်နေပြီဖြစ်သည်။ ၎င်းမှာ ၎င်း၏ ဂုဏ်သိက္ခာအား ထပ်တလဲလဲ ထိပါးခံ၍ မဖြစ်ကြောင်း ခံစားလာရသည့်ပုံပင်။ ထို့ကြောင့် ထိုအခိုက်အတန့်တွင် ၎င်းဆီမှ စိတ်ဓာတ်ပြတ်သားမှု အငွေ့အသက်များ ထွက်ပေါ်လာ၏။ ၎င်းမှာ အရှက်တရားနှင့် အသက်ရှင်နေထိုင်ရခြင်းထက် အသက်အသေခံရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာလည်း ကံကြမ္မာစာအုပ်၏ အငွေ့အသက်များကို အာရုံခံမိလိုက်သဖြင့် သူ၏ စိတ်ထဲ၌ လှမ်းခေါ်လိုက်၏။
" ရီရီ။ ဒီစာအုပ်က မလိမ္မာပဲ ဆိုးနေတာ။ တစ်စစီ ဆုတ်ဖြဲပစ်ပါ့လား။ ကျွန်တော် ရီရီ့ကို စာအုပ်အသစ်တစ်အုပ် ပြန်ရှာပေးမယ် "
တစ်အောင့်ခန့်အကြာတွင် မျက်နှာဖုံးအပိုင်းအစထဲရှိ မမလေးဆီမှ နှာမှုတ်သံတစ်သံ ထွက်ပေါ်လာသည်။
ထို နှာမှုတ်သံကြောင့် ကံကြမ္မာစာအုပ်မှာ ချက်ချင်း ငြိမ်ကျသွားသည်။ ခဏအကြာတွင် ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ မနေနိုင်တော့သဖြင့် ထို စာအုပ်အား နားချရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် ၎င်းမှာ ရုတ်တရက်ဆိုသလို အပေါ်သို့ မြောက်တက်လာပြီး ဝမ်ပေါင်လဲ့၏ လက်ဖဝါးအား စိတ်အားထက်သန်စွာ ပြေးထိလိုက်တော့သည်။ ထို့ကြောင့် ဘုတ်ခနဲ မြည်သံတစ်သံပင် ထွက်ပေါ်လာ၏။
ထို့အပြင် ၎င်းမှာ သူလိမ္မာကြောင်း သက်သေပြနိုင်ရန် ထိုမျှလောက်နှင့် မလုံလောက်မည်ကို စိုးရိမ်နေသည့် ပုံဖြင့် အောက်သို့ပြန်ကျသွားလိုက် အပေါ်သို့ ပြန်တက်လာပြီး သူ၏လက်အား ပြန်ထိလိုက် ထပ်တလဲလဲ လုပ်နေလိုက်တော့သည်။ ထို့ကြောင့် တဘုတ်ဘုတ်မြည်သံများမှာလည်း အဆက်မပြတ် ထွက်ပေါ်လာရ၏။ ထို့အပြင် ၎င်းမှာ ဝမ်ပေါင်လဲ့အား စိတ်ကျေနပ်အောင် လုပ်နိုင်ရန်အလို့ငှာ သူ၏ လက်ကိုပင် အကြိမ်အနည်းခန့် ပွတ်သပ်လိုက်သေးသည်။ ထိုသို့ဖြင့် နောက်ဆုံးတွင် ယခင်အကြိမ်များတုန်းကနှင့် လုံးဝမတူလောက်အောင် အားကောင်းသည့် တုန်ခါမှုလှိုင်းများ ပေါ်ပေါက်လာတော့သည်။ ထို တုန်ခါမှုလိုင်းများမှာ မျက်စိတစ်မှိတ်အတွင်းတွင် ကံကြမ္မာဂြိုဟ် တစ်ခုလုံးပေါ်တွင်သာမက ကံကြမ္မာကြယ်အဖွဲ့အစည်း တစ်ခုလုံးထဲတွင်ပါ ပဲ့တင်ထပ်သွားတော့သည်။
ထို့ကြောင့် ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ ပါးစပ်ပိတ်သွားရ၏။
အစေခံအိုကြီးမှာလည်း မျက်လုံးများကျွတ်ထွက်လာလုမတတ် ဖြစ်သွားရသလို ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများ အားလုံးမှာလည်း ကြက်သေသေသွားရသည်...
" အရှက်မရှိလိုက်တာ "
" ဘုရားရေ။ ငါ အမြင်မှားနေတာဖြစ်မှာပါ။ ဝမ်ပေါင်လဲ့။ မင်းက ငါ့ရဲ့နှလုံးသားထဲက အဖိုးတန်ရတနာ ကံကြမ္မာစာအုပ်ရဲ့ ပုံရိပ်လေးကို ဖျက်ဆီးပစ်လိုက်တာပဲကွ "
" နေပါဦး... ဒီမြင်ကွင်းက နည်းနည်း ထူးဆန်းနေလားလို့။ ဘာလို့ ငါ့ရဲ့အတွေးထဲမှာ တခြားမြင်ကွင်းတစ်ခု ပေါ်လာရတာလဲ... " ခပ်လှမ်းလှမ်းတွင် ရှိနေသည့် လီဝမ်အာမှာလည်း အထူးအဆန်းဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ဝမ်ပေါင်လဲ့အား စိန်စိန်းဝါးဝါး စိုက်ကြည့်နေတော့သည်။