← Chapters

ကင်းခြေများကြီး ပြန်လည်ပေါ်ပေါက်လာခြင်း

Vol. 79 Ch. 1096

ကင်းခြေများကြီး ပြန်လည်ပေါ်ပေါက်လာခြင်း

Vol. 79 Ch. 1096

လီဝမ်အာ အပါအဝင် မွေးနေ့ပွဲသို့ ရောက်ရှိလာကြသည့် ကျင့်ကြံသူများအားလုံးမှာ မျက်စိပွင့်နားပွင့် ဖြစ်သွားကြသည့်အလား ခံစားလိုက်ရ၏။

ထို အခြင်းအရာများ အားလုံး၏ အဓိက အကြောင်းရင်းမှာ ဝမ်ပေါင်လဲ့ ဖြစ်ပေသည်။

သူ အရည်အချင်းစမ်းသပ်ပွဲထဲမှ ပြန်ထွက်လာခဲ့ပြီးနောက် အခြား ကျင့်ကြံသူများ မြင်ခဲ့ရသည့် မြင်ကွင်းများအားလုံးမှာ ထူးဆန်းအံ့ဖွယ် ကောင်းလွန်းနေသည်မဟုတ်ပါလော။

ထို့အပြင် အနာဂတ်၏ ပုံရိပ်များကို မြင်ခဲ့ရသည့် အခြား ပါရမီရှင်များ၏ အပြုအမူများမှာလည်း အလွန်အင်မတန်မှ ထူးဆန်းနေခဲ့သေးသည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာ အများနှင့်မတူသည့် နည်းလမ်းတစ်ခုဖြင့် အနာဂတ်ပုံရိပ်များကို ကြည့်ရှုခဲ့၏။ နောက်ဆုံးတွင်လည်း... ကံကြမ္မာစာအုပ်မှာ သူ့အား မျက်နှာချိုသွေးနေသည့်အလား ပြုမူခဲ့သေးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ မွေးနေ့ပွဲသို့ရောက်လာကြသည့် ကျင့်ကြံသူများမှာ ထို အခြင်းအရာများ အားလုံးကို သေသည့်အချိန်အထိ မေ့နိုင်တော့မည်မဟုတ်ပေ။

ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ အစေခံအိုကြီးမှာလည်း ထိုနည်းတူပင်။ သူသည် ကံကြမ္မာစာအုပ်၏ အပြုအမူများကို မြင်ခဲ့ရပြီးနောက် ၎င်းအပေါ် ထားရှိသော သူ၏ လေးစားကြည်ညိုမှုများကို ပြန်၍ မေးခွန်းထုတ်နေမိတော့သည်။

" ကံကြမ္မာစာအုပ်က ဒီလိုမျိုး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ... " အစေခံအိုကြီးမှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်ရုံတစ်ပါး အခြား ဘာမှမတတ်နိုင်ခဲ့ပေ။ ထိုသို့ဖြင့် တုန်ခါမှုလှိုင်းများ ပျံ့နှံ့သွားသည်နှင့် ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသည့် ကမ္ဘာကြီးမှာလည်း နောက်ထပ်တစ်ကြိမ်ထပ်၍ ပြောင်းလဲသွားပြန်သည်။

ယခုအကြိမ်တွင်မူ ဝမ်ပေါင်လဲ့မှာ စကားတစ်ခွန်းမှပင် ပြောနေစရာမလိုတော့ပေ။ အစတွင် ပုံရိပ်ကြီးမှာ မှုန်ဝါးဝါး ဖြစ်နေခဲ့ပါသော်လည်း ချက်ချင်းပြောင်းလဲသွား၏။ သို့ဖြစ်ရာ ကံကြမ္မာစာအုပ်မှာ တွက်ချက်မှုများ မရပ်မနား ပြုလုပ်နေသည့်ပုံပင်။ ထို့ကြောင့်လည်း ခဏအကြာတွင် ဝမ်ပေါင်လဲ့၏ ရှေ့၌ ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

ထို ပုံရိပ်တစ်ခုချင်းစီတိုင်းမှာ တုနှိုင်းမမှီလောက်အောင် လှပပြီး အသေးစိတ်ကျလွန်းနေ၏။ ထို ပုံရိပ်များထဲရှိ မျက်နှာများပေါ်မှ အမွေးအမျှင်လေးများကိုပင် ရှင်းလင်းပြတ်သားစွာ မြင်နေရသည်ဖြစ်ရာ နောက်ခံမြင်ကွင်းများမှာဆိုလျှင် အထူးတလည် ဖော်ပြနေစရာပင် မလိုတော့ပေ။ အရာအားလုံးမှာ ပြီးပြည့်စုံနေ၏။

ထို့အပြင် ကံကြမ္မာစာအုပ်မှာ ဝမ်ပေါင်လဲ့ ထိုပုံရိပ်များအား နားမလည်ဘဲ ဖြစ်နေမည်ကို စိုးသောကြောင့် ထိုပုံရိပ်များထဲတွင် သူနှင့်အတူ ရှိနေသည်။ လူတစ်ယောက်ချင်းစီတိုင်း၏ ဦးခေါင်းအထက်တွင်လည်း စာကြောင်းများ ပေါ်ပေါက်လာပြီး သူတို့၏ နာမည်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ကျင့်ကြံခြင်းအဆင့်များနှင့် ဓမ္မရတနာများကိုပါ အသေးစိတ် ဖော်ပြထားသေးသည်။

သို့သော် ၎င်းမှာ ဝမ်ပေါင်လဲ့အား အံ့သြတုန်လှုပ်သွားစေခဲ့သည့်အရာ မဟုတ်သေးပေ။ သူ့အား အံ့သြတုန်လှုပ်သွားစေခဲ့သည်မှာ ထို စာကြောင်းများထဲတွင် လူတစ်ယောက်ချင်းစီတိုင်း၏ အဆက်အသွယ်များနှင့် လျှို့ဝှက်ချက်များ ပါနေခြင်းပင်။ ဝမ်ပေါင်လဲ့မှာ လူတစ်ယောက်အား အချိန်အကြာကြီး စိုက်ကြည့်နေလိုက်မည် ဆိုပါက ထိုသူ၏ ဘဝလမ်းကြောင်းကိုပင် မြင်နိုင်စွမ်းရှိပေသည်။

ထို့ကြောင့် သူသည် သူ မြင်နေရသည့် အရာများကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရ၏။ ထိုအချိန်တွင် သူသည် ပြည်ထောင်စုကြီးထဲရှိ ကမ္ဘာဂြိုဟ်ပေါ်၌ တမူထူးခြားသည့် သက်ရှိတစ်မျိုးအား သတိထားမိလိုက်၏။ ၎င်းမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့အား တုန်ရီသွားအောင် လုပ်နိုင်စွမ်းရှိသလို ၎င်း၏ စိတ်ဆန္ဒများဖြင့် ရေခဲတောင်များကိုပင် အရည်ပျော်ကျသွားအောင် လုပ်နိုင်စွမ်းလည်း ရှိနေသည်...

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ အထူးအဆန်းဖြစ်သွားပြီး ၎င်းအား လှမ်းကြည့်မိလိုက်၏။ သို့သော် ထိုကဲ့သို့ အသေးစိတ်အချက်အလက်များအား အမြဲတမ်း တင်ပြနေရသည်မှာ ကံကြမ္မာစာအုပ်အတွက် အလွန်အင်မတန်မှ ခက်ခဲပင်ပန်းသည့်အလုပ်တစ်ခု ဖြစ်နေသည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုပုံရိပ်များအား တစ်ခဏမျှ ကြည့်ရှုလိုက်ပြီးနောက် ၎င်းတို့မှာ မကြာသေးမီတုန်းကလောက် လှပတိကျနေခြင်း မရှိတော့သည့်အပြင် အနည်းငယ်ခန့် မှုန်ဝါးဝါးဖြစ်လာသည်ကိုပင် သတိထားမိလိုက်၏။ ထို့ကြောင့်လည်း သူသည် အခြားသူများ၏ ဘဝလမ်းကြောင်းများအား ကြည့်ရှုနေခြင်းကို ရပ်တန့်လိုက်ပြီး ကံကြမ္မာစာအုပ် တွက်ချက်ပေးထားသည့် သူ၏ အနာဂတ်မှ ပုံရိပ်များကိုသာ အလျင်အမြန် အကဲခတ်ကြည့်ရှုလိုက်တော့သည်။

သူသည် အမှောင်ဂိုဏ်း တန်ခိုးအာဏာကြီးထွားလာသည့် မြင်ကွင်းများ၊ အဆုံးမရှိသော စစ်ပွဲများ ပေါ်ပေါက်လာသည့် မြင်ကွင်းများနှင့် သူ၏ ကျင့်ကြံခြင်းအဆင့် ထာဝရကြယ်အဆင့်နှင့် ကြယ်နယ်မြေအဆင့်သို့ ဖောက်ထွက်သွားသည့် မြင်ကွင်းများကို မြင်လိုက်ရသည်။ သို့သော် ထိုမြင်ကွင်းများအားလုံးမှာ တစ်ပိုင်းတစ်စစီ ဖြစ်နေကြ၏။ ၎င်းတို့၏ ကြားတွင် ချိတ်ဆက်မှုများ မရှိပေ။ ထို့အပြင် ထိုကဲ့သို့ ပေါ်ပေါက်လာသည့် ပုံရိပ်များမှာ မှုန်ဝါးဝါး ဖြစ်နေသေးသည်။ သို့ဖြစ်ရာ ထိုပုံရိပ်များမှာ ဖြစ်နိုင်ခြေ တစ်ခုတည်းမဟုတ်ဘဲ အများကြီးအား ဖော်ပြနေခြင်းဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုပုံရိပ်များထဲမှ နှစ်ခုအား အချိန်အကြာကြီး စိုက်ကြည့်မိနေ၏။ ပထမပုံရိပ်ထဲတွင် သူ၏ ဆရာ မီးတောက်ခေါင်းဆောင်ကြီး၊ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းနှင့် သူ၏ လူရိပ် ရှိနေသည်။

ထို ပုံရိပ်ထဲတွင် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းနှင့် သူ၏ ဆရာ မီးတောက်ခေါင်းဆောင်ကြီးတို့ နှစ်ယောက်စလုံးမှာ ဒဏ်ရာများရထားကြ၏။ သို့သော်လည်း သူတို့မှာ သူတို့ရင်ဆိုင်နေရသည့် အသက်အန္တရာယ်များကို မမှုဘဲ အန္တရာယ်တောထဲသို့ ရောက်နေသည့် သူ့အား ကယ်တင်နိုင်ရန် ရှေ့သို့ ပြေးထွက်လာနေကြသည်။ သူတို့နှစ်ယောက်၏ မျက်နှာများပေါ်မှ စိုးရိမ်တကြီးဖြစ်နေသည့် အမူအရာများကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ နွေးခနဲဖြစ်သွားရ၏။

ဒုတိယပုံရိပ်ထဲတွင် ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းမှာ တည်ကြည်လေးနက်မှု အပြည့်ရှိသော အမူအရာဖြင့် အနက်ရောင် သလင်းကျောက်တုံးတစ်တုံးအား သူ၏ လက်ထဲသို့ အပ်လိုက်ပြီးနောက် စကားတစ်ခွန်းပြောလိုက်သည်။

" ဂိုဏ်းတူညီလေး။ အစ်ကို အမှောင်ဂိုဏ်းကို ညီလေးရဲ့ လက်ထဲ အပ်ခဲ့ပါတယ် "

ထိုပုံရိပ်မှာ ထိုနေရာတွင်ပြီးဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာမူ နှုတ်ဆိတ်ကာ မလှုပ်မယှက် ရပ်နေဆဲပင်။ သူ သူ၏ ဘေးပတ်ဝန်းကျင်ကြီး တစ်ခုလုံး နောက်ထပ်တစ်ကြိမ်ထပ်၍ မှုန်ဝါးဝါး ဖြစ်သွားသည်ကို ကြည့်နေစဉ် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းမှာ သူ၏ အသိစိတ်ထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။ သူသည် သူ့အား လွမ်းဆွတ်သတိရနေခြင်း ဖြစ်သည်။

ထိုပုံရိပ်မှာ အနာဂတ်တွင် သေချာပေါက် ဖြစ်လာနိုင်သည့်ဖြစ်ရပ် မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရသွားဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထွက်ခွာသွားရန် ပြင်လိုက်စဉ်မှာပင် နတ်ဧကရာဇ်ကျိကျား၏ တပည့်နှင့် လမ်းကိုးသွယ်တာအိုဂိုဏ်းမှ တာအိုဂိုဏ်းသား သူတို့၏ အနာဂတ်ပုံရိပ်များကို မြင်ခဲ့ရပြီးနောက် အမူအရာများ ပြောင်းလဲသွားသည့် အချက်အား ပြန်၍ သတိရသွား၏။ ထို့ကြောင့် သူသည် ရင်ခုန်သံများ တစ်ခဏမျှ ရပ်တန့်သွားရသည်။

" ငါ နတ်ဧကရာဇ်ကျိကျားရဲ့ နံပါတ်ကိုးတပည့်နဲ့ လမ်းကိုးသွယ်တာအိုဂိုဏ်းက သတ္တမအဆင့်တာအိုဂိုဏ်းသား မြင်ခဲ့ရတဲ့ အနာဂတ်ပုံရိပ်တွေကို ကြည့်ချင်တယ် "

အကယ်၍ ပုံမှန်အတိုင်းသာဆိုပါက ကံကြမ္မာစာအုပ်မှာ ဝမ်ပေါင်လဲ့၏ တောင်းဆိုမှုအား ငြင်းဆန်လိုက်မည်သာ ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ... ဝမ်ပေါင်လဲ့ စကားဆုံးသွားသည်နှင့် နတ်ဧကရာဇ်ကျိကျား၏ တပည့်၏ ပုံရိပ်မှာ သူ၏ရှေ့၌ ပေါ်ပေါက်လာတော့သည်။

ထိုပုံရိပ်ထဲတွင် နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်မှာ အဆုံးမဲ့မျိုးနွယ်စု၏ အတွင်းရေးပဋိပက္ခများကြောင့် ပေါ်ပေါက်လာခဲ့သည့် မျိုးနွယ်စုတွင်း တိုက်ပွဲတစ်ခုထဲ၌ သေဆုံးသွားခဲ့၏။ သူ သေဆုံးသွားခဲ့ရသည့် အကြောင်းရင်းမှာ ဝမ်ပေါင်လဲ့နှင့် လုံးဝသက်ဆိုင်မှုမရှိပေ။ သို့သော် သူသည် ထိုမြင်ကွင်းအား မြင်ခဲ့ရသည်ဖြစ်ရာ ထိုအန္တရာယ်ကြီးအား ရှောင်လွှဲနိုင်ရန်အခွင့်အရေးရှိနေမည် ဖြစ်သည်။

" အဲဒီကောင်က တကယ် ငါ့ကို လှည့်စားဖို့ ကြိုးစားခဲ့တာပဲ။ သူက အနာဂတ်မှာ ငါ ကြောက်ခမန်းလိလိ အစွမ်းထက်သွားတာကို မြင်လိုက်ရတဲ့ပုံ ဟန်ဆောင်နေခဲ့တာ။ ငါ့ကို တခြားလူတွေ ပိုသတိထားမိသွားပြီးတော့ ငါ့အတွက် ရန်သူတွေ ပိုများလာအောင် အကွက်ကျကျစီစဉ်ခဲ့တာပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အေးစက်စက်လေသံဖြင့် ရယ်မောလိုက်၏။ ထို့နောက် သူသည် မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သတ္တမအဆင့် တာအိုဂိုဏ်းသား၏ ပုံရိပ်အား လှမ်းကြည့်လိုက်သည်။

ထိုပုံရိပ်မှာလည်း သူနှင့် သက်ဆိုင်မှုမရှိပေ။ နောက်ဆုံးတွင် ထို တာအိုဂိုဏ်းသားအား သတ်ဖြတ်ခဲ့သည့်သူမှာ သူမဟုတ်ဘဲ ထိုတာအိုဂိုဏ်းသား၏ ဂိုဏ်းတူအစ်ကိုကြီးတစ်ယောက်သာ ဖြစ်ပေသည်။

" သူကလည်း ငါ့ကို လှည့်စားခဲ့တာပဲ " ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်အား ဝှေ့ယမ်းလိုက်ပြီးနောက် ရှင်းကျင့်ကျိနှင့် ရှဲ့ဟေးရန်တို့ မြင်ခဲ့ရသည့် ပုံရိပ်များကိုလည်း ကြည့်လိုက်ပြန်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား ကြည့်နေရင်း အမူအရာများ ပြောင်းလဲသွားရ၏။

ရှင်းကျင့်ကျိ၏ အနာဂတ်ပုံရိပ်မှာ သူနှင့် လုံးဝသက်ဆိုင်မှုမရှိပေ။ ရှဲ့ဟေးရန်၏ အနာဂတ်ပုံရိပ်မှာလည်း သူနှင့် လုံးဝနီးပါး သက်ဆိုင်မှုမရှိပေ။ သို့ဖြစ်ရာ ရှဲ့ဟေးရန်ပြောခဲ့သည့် စကားများနှင့် ကွဲလွဲနေ၏။

နတ်ဧကရာဇ်ကျိကျား၏ တပည့်နှင့် လမ်းကိုးသွယ်တာအိုဂိုဏ်းမှ တာအိုဂိုဏ်းသား သူ့အား လှည့်စားခဲ့သည့်အချက်မှာ အထူးအဆန်း မဟုတ်ပါသော်လည်း ရှင်းကျင့်ကျိမှာ သူ့အား လှည့်စားစရာအကြောင်း မရှိပေ။ သို့ဖြစ်ရာ ရှဲ့ဟေးရန်မှာဆိုလျှင် ထည့်တွက်နေစရာပင်မလိုပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွားရ၏။ ထို ကိစ္စကြီးတစ်ခုလုံးမှာ ထူးဆန်းလွန်းနေသည်မဟုတ်ပါလော။ သူသည် အချိန်အတော်အတန်ကြာအောင် စဉ်းစားတွေးတောလိုက်ပါသော်လည်း လက်ရှိအနေအထားဖြင့် ဆုံးဖြတ်ချက်ချ၍ မရသေးကြောင်း မှတ်ယူလိုက်၏။ ထိုအချိန်တွင် သူသည် သူ၏ ပတ်ပတ်လည်ရှိ မှုန်ဝါးဝါးဖြစ်နေသော ပုံရိပ်ကြီးအား ကြည့်ရင်း မည်သည့်အကြောင်းကြောင့်မှန်းမသိ နှလုံးသားထဲ၌ ဆတ်ခနဲ တုန်ရီသွားရ၏။

" သွားကြစို့ " ထို့ကြောင့် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ဆိုလိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် ကံကြမ္မာစာအုပ်၏ စိတ်ဆန္ဒမှာ အပြင်းအထန် တုန်ရီသွား၏။ ထို့နောက် ၎င်းမှာ ပျောက်ကွယ်မသွားခင် ဝမ်ပေါင်လဲ့ဆီသို့ နတ်ဘုရားအာရုံတစ်ခုသာ ပေးပို့နိုင်ခဲ့သည်။ သို့ဖြစ်ရာ အခြားစိတ်ဆန္ဒတစ်ခုမှာ မည်သည့်နေရာကမှန်းမသိ ပေါ်ပေါက်လာပြီး ကံကြမ္မာစာအုပ်အား ဖိနှိပ်ချုပ်တည်းကာ ထိုနေရာသို့ ဆင်းသက်လာသည့်အလားပင်။

ထို စိတ်ဆန္ဒကြီးမှာ ခပ်တိုးတိုး စကားသံတစ်သံအဖြစ် ပြောင်းလဲသွားပြီး မှုန်ဝါးဝါးဖြစ်နေသော အနာဂတ်ပုံရိပ်ထဲ၌ ပဲ့တင်ထပ်သွားသည်။

" နောက်ထပ်ပုံရိပ်တစ်ခု ရှိသေးတယ်။ ဒီကောင်လေးရဲ့ နတ်ဘုရားဝိညာဉ်က အားနည်းနေတာမလို့ အဲဒီပုံရိပ် ပေါ်လာအောင် တွက်ချက်ပေးနိုင်မှာ မဟုတ်ဘူး။ ငါကတော့ တွက်ချက်ပေးနိုင်တယ်... မင်း ကြည့်ချင်လား "

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ ကြက်သီးမွေးညင်းများ ထသွားရ၏။ ထို့နောက် သူသည် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အသက်ရှူနှုန်းများ မြန်ဆန်လာတော့သည်။ ယခုလေးတင် ကံကြမ္မာစာအုပ်၏ စိတ်ဆန္ဒမှာ သူ့ဆီသို့ နတ်ဘုရားအာရုံတစ်ခု ထုတ်လွှတ်ကာ အနာဂတ်မှ စိတ်ဆန္ဒတစ်ခု ရောက်ရှိလာပြီဖြစ်ကြောင်း သူ့အား လှမ်း၍ သတိပေးခဲ့သည်မဟုတ်ပါလော။

သို့သော် ထိုအချက်မှာ အရေးကြီးဆုံး မဟုတ်သေးပေ။ အရေးကြီးဆုံးအချက်မှာ... ဝမ်ပေါင်လဲ့သည် ထိုစကားသံကြီးအား ကြားဖူးနေခြင်းပင်။

၎င်းမှာ... သူ သူ၏ အတိတ်ဘဝထဲ၌ မြင်ခဲ့ရသည့် သွေးနီရောင်ကင်းခြေများကြီးကြောင့် ပေါ်ပေါက်လာခဲ့သော မျက်နှာကြီး၏ စကားသံဖြစ်ပေသည်။

" ခင်ဗျားက ဘယ်သူလဲ " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် မေးလိုက်၏။

" ငါ မင်းကို ပြောပြခဲ့ပြီးသား မဟုတ်ဘူးလား။ ငါက စကားတစ်ခွန်းကို နှစ်ခါပြောမှာမဟုတ်ဘူး။ ကဲ အဲဒီတော့ မင်းရဲ့အဖြေက ဘာလဲ "

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောနေလိုက်ပြီးနောက် မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး ပြန်ဖြေလိုက်သည်။

" ကြည့်မယ် " ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် သူ၏ ပတ်ပတ်လည်ရှိ မှုန်ဝါးဝါးဖြစ်နေသော နယ်မြေကြီးမှာ ပျောက်ကွယ်သွားပြီး ၎င်း၏ နေရာ၌ စကြဝဠာကြီးတစ်ခု အစားထိုးဝင်ရောက်လာ၏။ ၎င်းမှာ သူ ယခင်တုန်းက မြင်ခဲ့ရသည့် ပုံရိပ်များနှင့် မတူပေ။ ယခုအကြိမ်တွင် သူသည် ပုံရိပ်တစ်ခုအား ကြည့်နေခြင်းမဟုတ်ဘဲ စကြဝဠာကြီးနှင့် တစ်သားတည်းပေါင်းစည်းကာ ထိုပုံရိပ်ထဲတွင် ရှိနေသည့် လူအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။

သူသည် ထိုစကြဝဠာကြီးထဲတွင် ရပ်ရင်း ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် လက်ကြီးတစ်ဖက်အား မြင်လိုက်ရ၏။ ၎င်းမှာ သူ ရှင်းဟော့ နတ်ဘုရားမျိုးနွယ်စုဝင်တစ်ယောက် ဖြစ်ခဲ့သည့် အတိတ်ဘဝထဲမှ မှတ်ဉာဏ်များထဲ၌ ပေါ်ပေါက်လာခဲ့သည့် လက်ကြီးဖြစ်ပေသည်။ ထို့အပြင် ထိုလက်ကြီးမှာ သူ့အား ထို အတိတ်ဘဝထဲ၌ သတ်ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

ယခုတွင် ထိုလက်ကြီးမှာ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာပြီး သူ၏ နဖူးဆီသို့ ဦးတည်လာနေ၏။ ထို့နောက် စကြဝဠာကြီး တစ်ခုလုံးထဲတွင် ခပ်တိုးတိုး စကားသံတစ်သံ ပဲ့တင်ထပ်သွားသည်။

" ငါ မင်းကို ဘယ်လိုခေါ်ရမလဲ။ အနက်ရောင်ပျဉ်ပြားလေးလို့ ခေါ်ရမလား။ မင်းရဲ့ ကံကြမ္မာက... ငါ ပူးကပ်တာ ခံရဖို့ပဲ "

ထိုစကားသံကြောင့် ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ တုန်ရီသွား၏။ သူသည် ထို လက်ကြီး ပေါ်ပေါက်လာသည်နှင့် မျက်ဝန်းများ ဝင်းလက်စွာတောက်ပသွားပြီး လဆုတ်ပညာရပ်အား အသုံးပြုလိုက်သဖြင့် အချိန်စွမ်းအားများ ပေါ်ပေါက်လာသည်။ ထို ပညာရပ်မှာ တမူထူးခြားသောကြောင့် လက်ကြီးပေါ်၌ အကျိုးသက်ရောက်နိုင်စွမ်း ရှိပေသည်။ သို့သော် အချိန်မှာ နောက်ပြန်ဆုတ်သွားခြင်းမဟုတ်ဘဲ ရပ်တန့်သွားခြင်းသာ ဖြစ်၏။

သို့သော် ထိုကဲ့သို့ တစ်ခဏမျှသာ ရပ်တန့်သွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့အတွက် လုံလောက်နေဆဲပင်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ဖုတ်ကောင်တစ်ကောင်၏ ပုံရိပ်တစ်ခု ပေါ်ပေါက်လာပြီး သူ့ဆီသို့ ဦးတည်လာနေသည့် လက်ကြီးအား စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

" အလင်းရောင် "

နတ်ဆိုးဓား၏ ပုံရိပ်တစ်ခုမှာလည်း ပေါ်ပေါက်လာပြီး ထိုလက်ကြီးအား လှမ်း၍ ခုတ်ထစ်လိုက်၏။

ရှင်းဟော့ နတ်ဘုရားမျိုးနွယ်စုဝင်တစ်ယောက်၏ ပုံရိပ်တစ်ခုမှာလည်း ပေါ်ပေါက်လာပြီး လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်ပြန်သည်။

ထို့အပြင် ကမ္ဘာကြီးတစ်ခုလုံးကိုပင် တုန်ရီသွားစေနိုင်သည့် မုန်းတီးစိတ်များဖြင့် ပြည့်နှက်နေသော ပါရမီရှင်တစ်ယောက်၏ ပုံရိပ်တစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ ပေါ်ပေါက်လာသည်နှင့် အသံကုန်အော်ဟစ်လိုက်၏။

" ဝါးမျိုခြင်း "

နောက်ဆုံးတွင် သမင်ဖြူလေးတစ်ကောင် ပြေးထွက်လာ၏။ ထို့နောက် ၎င်းမှာ ကမ္ဘာကြီး၏ အကာအရံများကိုပင် ထိုးခွင်းပစ်နိုင်စွမ်းရှိသော ၎င်း၏ ဦးချိုဖြင့် ရှေ့သို့ ဦးတည်လာနေသည့် လက်ကြီးအား ဝင်တိုက်ပစ်လိုက်တော့သည်။

All Chapters