မဝယ်တော့ဘူး
Vol. 83 Ch. 1157
လူအများစုအတွက် ယခုလို ကျောက်စိမ်းလည်ဆွဲမျိုးသည် အလွန်ဆုံး ဝိညာဉ်ကျောက်တုံး သိန်း ၂၀၀၊ ၃၀၀ မျှ တန်ကောင်းတန်နိုင်၏။ အင်မော်တယ်ကျောက်စိမ်းတစ်တုံးက ဝိညာဉ်ကျောက်တုံးတစ်သောင်းနှင့် ညီမျှလေရာ အလွန်ဆုံး အင်မော်တယ်ကျောက်စိမ်းထောင်ဂဏန်းမျှသာ တန်ဖိုးရှိနိုင်ပြီး တစ်သောင်းမကျော်ပေ။
သို့သော် မိုးလေဂုရုကြီးက ယခုတွင် အင်မော်တယ်ကျောက်စိမ်း သိန်းတစ်ရာကို တောင်းဆိုခဲ့ရာ အဆိုပါပမာဏသည် စုစုပေါင်း ဝိညာဉ်ကျောက်တုံး ကုဋေတစ်သောင်းနှင့် ညီမျှ၏။
ထိုမျှကြယ်ဝမှုပမာဏကို စိတ်ကူးကြည့်ရန်သော်လည်းကောင်း ဖော်ပြရန်သော်လည်းကောင်း ခက်ခဲလေသည်။ ၎င်းက ဂိုဏ်းတစ်ဂိုဏ်းလုံး သို့မဟုတ် မျိုးနွယ်စုတစ်စုလုံးကိုပင် ချွတ်ခြုံကျသွားစေနိုင်သည့် ပမာဏဖြစ်သည်။ မိုးတိမ်ဈေးအတွက်မူ အင်မော်တယ်ကျောက်စိမ်းသိန်းတစ်ရာကို စုဆောင်းဖို့ နှစ်ပေါင်းရာချီ၊ ထောင်ချီ ကြာပေလိမ့်မည်။
သူ့အတွက် ယခုလိုတန်ဖိုးကို တောင်းဆိုလိုက်ခြင်းက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေခြင်းနှင့် တူ၏။
ပရိသတ်ထုကြီးမှာ ပါးစပ်ပင် မစေ့နိုင်ကြတော့ပေ။ သူတို့သည် မိုးလေဂုရုကြီး၏ စကားလုံးများကြောင့် တုန်လှုပ်နေကြသလို ၊ မန်ဟို၏ ကြွယ်၀ချမ်းသာမှုကြောင့်လည်း အံ့အားသင့်နေကြသည်။
"အင်မော်တယ်ကျောက်စိမ်းသိန်းတစ်ရာဆိုရင် မင်း ဆွဲကြိုးကို ယူနိုင်ပြီ" မိုးလေဂုရုကြီးက ပြောသည်။ "မပေးနိုင်လို့ကတော့ အဲဒီပစ္စည်းက မိုးတိမ်ဈေးရဲ့အပိုင်ပဲ။ ငါတို့ အဲ့ဒါကို ခွဲခြေပစ်ရင်တောင်မှ မင်းအပူ မပါတော့ဘူး" မိုးလေဂုရုကြီး၏ မျက်လုံးများက နီရဲနေသည်။ မန်ဟို မည်သူမည်ဝါမှန်း သိထား၍ အင်မော်တယ်ကျောက်စိမ်းပမာဏဆယ်သိန်းထက် နည်းခဲ့လျှင် သူ့အနေဖြင့် သူ့ကို အတိုက်အခံမလုပ်ဘဲ နေခဲ့မည်ဖြစ်သည်။ သို့သော် ကြယ်ဝမှုပမာဏက သူ့ကို မန်ဟိုမည်သူဖြစ်ဖြစ် ဂရုမစိုက်တော့သည့်အတိုင်းအတာအထိ တွန်းပို့ခဲ့လေပြီ။
ချမ်းသာမှုသည် လူများကို ရူးသွပ်စေနိုင်သည်။ တွေးတောနိုင်စွမ်း ကင်းမဲ့စေနိုင်သည်။ အထူးသဖြင့် ပြင်းထန်သော လိုချင်တပ်မက်မှုဖြင့် ဒွန်တွဲလိုက်သောအခါ စိတ်ကိုလွတ်သွားစေနိုင်သည်။ မိုးလေဂုရုကြီးအတွက် အင်မော်တယ်ကျောက်စိမ်း သိန်းတစ်ရာမှာ သူ့အသက်ကို လောင်းကြေးထပ်ဖို့ပင် တန်၏။ ဤဆုံးဖြတ်ချက်ကို ချပြီးခဲ့ပြီဖြစ်၍ သူကား မန်ဟို့ကို ရန်စဖို့ တန်လား မတန်လား စဉ်းစားရမည့် အဆင့်ကို ကျော်၍ ခြိမ်းခြောက်ဖို့ ရွေးချယ်ခဲ့လေသည်။
တကယ်တော့ သူသည် မိုးတိမ်ဈေးကို ဂရုပင်မစိုက်ပေ။ ထိုမျှငွေကြေးပမာဏနှင့်ဆိုလျှင် စကြ၀ဠာ၏ ချောင်အကျဆုံးနေရာသို့ သူ ထွက်ပြေးသွားနိုင်သည်။ ထိုမျှသာမက သူ့အစ်ကိုကြီး တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာလျှင်တောင်မှ ငွေပမာဏမြင်လျှင် ၀င်ရောက်စွက်ဖက်လိမ့်မည်မဟုတ်ပေ။ မိုးလေဂုရုကြီးသည် မိုးတိမ်ဂုရုကြီး၏အကြောင်းကို လူတကာထက် ပိုသိသည် မဟုတ်ပါလော။
"ဒီနေ့ သူ ပေးချင်ချင် မပေးချင်ချင် .... ဒီပစ္စည်းကို ၀ယ်ရလိမ့်မယ်" သူက တွေးလိုက်သည်။ သူ၏အနီ၀တ်နောက်လိုက်လေးယောက်မှာ သူ့နည်းတူ အသက်ပြင်းပြင်းရှူရင်း မန်ဟို့လမ်းကို ပိတ်ထားကြသည်။
မန်ဟိုက သွေးအေးသော မျက်နှာထားဖြင့် မိုးလေဂုရုကြီးကို စိုက်ကြည့်ရင်း လေလယ်တွင် ပျံဝဲနေ၏။
"အရှက်မရှိတဲ့ အီးပေါလောကြီး" သူက အေးတိအေးစက် နှာမှုတ်ကာ ပြောသည်။ "အင်မော်တယ်ကျောက်စိမ်းဆယ်သိန်း ကမ်းလှမ်းပေးခဲ့တာတောင် လက်မခံဘူးပေါ့လေ။ ရတယ်လေ ..... မ၀ယ်တော့ဘူး" သူက ခပ်သုတ်သုတ် ပြေးဖို့ ပြင်နေသော လေလံပစ်သူကို လှမ်းကြည့်လိုက်သည်။ မိုးလေဂုရုကြီးကို ဂရုစိုက်နေဖို့ စိတ်မပါတော့သဖြင့် သူ့ခန္ဓာကိုယ်က ရိပ်ခနဲ လှုပ်ရှားသွား၏။ သူသည် အလွန်လျင်မြန်သောနှုန်းဖြင့် ရွေ့လျားသွားခဲ့သည့်အတွက် မိုးလေဂုရုကြီးနှင့် သူ၏ နောက်လိုက်လေးယောက်မှာ ဝါးတားတားသာ မြင်လိုက်ရကြသည်။ တခဏကြာသော် မန်ဟိုက သူတို့အနောက်သို့ ရောက်သွားခဲ့ပြီး လေလံပစ်သူ၏ ညာဘက်ရှိ ပင်မစင်မြင့်ပေါ်တွင် ပေါ်လာခဲ့လေပြီ။
"အဲ့ဒါ ငါ့ကို ပေးစမ်း" သူက လက်ဖြန့်ရင်း ပြောသည်။ လေလံပစ်သူမှာ ကတုန်ကယင်ဖြင့် ကျောက်စိမ်းပြားအား မန်ဟို့ဆီ ပစ်ပေးပြီး အရှုပ်ထဲ မပါလိုသဖြင့် ထွက်ပြေးတော့သည်။
မိုးလေဂုရုကြီး၏ မျက်နှာပျက်သွားသည်။ "မန်ဟို မင်း ဘာလုပ်နေတာလဲ" သူက စွမ်းအားတို့ကို ထုတ်ဖော်၍ သတ်ဖြတ်လိုသော မျက်၀န်းများဖြင့် မန်ဟို့ထံ ပျံသန်းလာရင်း ဟိန်းဟောက်လိုက်သည်။
"ငါ ဘာလုပ်နေလဲ။ မင်း မျက်လုံးကန်းနေလား" မန်ဟိုက အေးတိအေးစက် ပြန်ဖြေသည်။ "ငါ မင်းဆီက လုနေတာလေ မမြင်ဘူးလား" သူက ညာလက်ဖြင့် ဖမ်းဆုပ်သည့်ဟန်လုပ်လိုက်ရာ ကျောက်စိမ်းဆွဲကြိုးသည် သူ့ထံ ပျံသန်းလာ၏။ ၎င်း လက်ဖဝါးပေါ် ကျရောက်လာသည်နှင့်တစ်ပြိုင်နက် မန်ဟိုက သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်သည်။
ပရိသတ်ထုကြီးမှာ အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်နေသော မန်ဟို၏စကားလုံးများကြောင့် မျက်လုံးများဝိုင်းစက်ပြူးကျယ်သွားကြသည်။
ဤသည်မှာ လုယက်ခြင်းက ဖြောင့်မတ်ရိုးသားသောလုပ်ရပ်ဖြစ်သကဲ့သို့ ယုံကြည်ချက်ရှိစွာဖြင့် လူတစ်ယောက် ပြောနေခြင်းကို သူတို့ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
မိုးလေဂုရုကြီး၏ အမျက်ဒေါသကား ငယ်ထိပ်ရောက်သွားလေပြီ။ သူနှင့် သူ၏အနီ၀တ်နောက်လိုက်လေးယောက်က မန်ဟို့အနား ရောက်လာစဉ် မှော်ရတနာစေတီအသွင်ဖြင့် မန်ဟို့အပေါ် ကျသွားသော မှော်သိုင်းကွက်များအား ထုတ်လွှတ်လိုက်ကြသည်။
"မန်ဟို မင်းက ဒီနေရာမှာ သောင်းကျန်းရဲတယ်ပေါ့လေ" မိုးလေဂုရုကြီးမှာ အမျက်တချောင်းချောင်းထွက်နေလေပြီ။
မန်ဟိုက ရှောင်လည်းမရှောင်သလို၊ တိမ်းလည်းမတိမ်းဘဲ အေးတိအေးစက် ရပ်နေသည်။ သူ၏မျက်လုံးများက အေးစက်စက် လင်းလက်နေပြီး သူက ညာလက်ကို ဝှေ့ယမ်းလိုက်ကာ သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်လိုက်သည်။ အလွန်ကြီးမားသော အားလှိုင်းကြီးက သူ့အရှေ့တည့်တည့်သို့ ဖြာထွက်သွား၏။
တဝုန်းဝုန်း မြည်သံများ ပဲ့တင်ထပ်လာ၍ မိုးလေဂုရုကြီး၏ မျက်နှာပျက်သွားသည်။ စေတီမှာ တခဏ တုန်ခါသွားပြီးနောက် အက်ရာများ မျက်နှာပြင်တစ်လျှောက် ပျံ့နှံ့သွားသည်။ ထို့နောက် မမြင်ရသော ဧရာမလက်ဝါးကြီးတစ်ဖက်က ၎င်းကို စိစိညက်ညက် ဖိချေပစ်လိုက်သကဲ့သို့ ပေါက်ကွဲသွားတော့သည်။
ကြေမွသွားသောစေတီသည် ပြာကျပြီးနောက် မိုးလေဂုရုကြီးထံသို့ လိမ့်ထွက်လာသည့် တန်ပြန်တိုက်ကွက်အသွင် ပြောင်းသွား၏။ မိုးလေဂုရုကြီးမှာ ပြန်မတိုက်ခိုက်နိုင်သော စွမ်းအားလှိုင်းကို ရင်ဆိုင်နေရကြောင်း သဘောပေါက်လိုက်သဖြင့် မျက်စိမျက်နှာပျက်သွားတော့သည်။ သေရတော့မည့်အန္တရာယ်က ချက်ချင်း သူ့စိတ်ထဲတွင် စိုးမိုးသွားခဲ့လေပြီ။
"မဖြစ်နိုင်ဘူး" မိုးလေဂုရုကြီးမှာ အလွန်အမင်း အံ့အားသင့်နေတော့သည်။ သူသည် ရှေးဟောင်းနယ်ပယ်နှောင်းပိုင်းအဆင့်တွင် ဖြစ်၍ တောင်ပင်လယ်လောကတစ်ခုလုံးတွင် အစွမ်းထက်ပြီး အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။ သို့ထိတိုင် မန်ဟို့ကို ရင်ဆိုင်ရသောအခါ သူ့မှာ ကြောက်ဒူးတုန်လာရတော့သည်။
စောစောက သူသည် မန်ဟိုနှင့်ပက်သက်သမျှအကုန်လုံးကို မမြင်ခဲ့ရ၍ မန်ဟိုကား အင်အားတောင့်တောင့် မျိုးနွယ်စုကြီးနောက်ခံရှိသည့် အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ဟုသာ သိခဲ့၏။ သို့သော် ယခုမူ မန်ဟိုသည် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေသည့်အပြင် .... တန်ခိုးပင် ကြီးမားနေလေသည်။
သူက အလွန်တရာ အစွမ်းထက်လွန်းသဖြင့် မိုးလေဂုရုကြီးမှာ သူ၏တိုက်ကွက်ကို ရှောင်သည်ဆိုရုံလေး ရှောင်လိုက်နိုင်၏။ ထိုမျှသာမက သူ၏ ကျင့်ကြံခြင်းအခြေခံပင်လျှင် ပရမ်းပတာဖြစ်သွားခဲ့သည်။ မန်ဟိုက သူ့မျက်လုံးများကို ဝိုင်းစက်ပြူးကျယ်သွားစေခဲ့ပြီး သူ့တစ်ကိုယ်လုံးကို တုန်ရီလာစေ၏။ သူ့နှလုံးသားမှာလည်း တဒိန်းဒိန်း ခုန်နေ၍ အသက်ရှုရပ်သေတော့မည့်အလား ခံစားနေရသည်။
သူ့မှာ ထိုကဲ့သို့ ဖိအားမျိုးကို သူ့အစ်ကိုမိုးတိမ်ဂုရုကြီးထံမှပင် မခံစားခဲ့ရဖူးပေ။ သူက နောက်သို့ ကပျာကယာ နောက်ဆုတ်ရင်း သွေးအန်လိုက်ရသည်။
သူသည် ယခုလေးတင် တိုက်ကွက်၏ ပင်မအားလှိုင်းကို ပွတ်ကာသီကာ ရှောင်လိုက်နိုင်ခဲ့၏။ ကံဆိုးစွာနှင့် အနီ၀တ်ကျင့်ကြံသူလေးယောက်မှာမူ ထိုသို့ ရှောင်တိမ်းနိုင်စွမ်းမရှိပေ။ တအုန်းအုန်းမြည်သံများနှင့်အတူ သူတို့၏ပါးစပ်မှ သွေးများပန်းထွက်သွားကြသည်။ ပျက်စီးခြင်းလေလှိုင်းတစ်ချက်က သူတို့ကို တိုးဝှေ့လွှမ်းခြုံ၍ သူတို့၏အသားများကို စုတ်ဖြဲရင်း အရိုးများသာ ချန်ပစ်ခဲ့သည်။ လေကား ယခုတွင် သွေးမှုန်လေဖြစ်သွားခဲ့ချေပြီ။
ကျန်ရစ်ခဲ့သော အရိုးစုများမှာ ပြာမကျခင် အသက်တစ်ရှိုက်ခန့်သာ ခံနိုင်ခဲ့သည်။ သူတို့၏ ဝိညာဉ်များပင်လျှင် အပြီးတိုင် ဖယ်ရှားခံလိုက်ရ၏။
အရာအားလုံးဖြစ်ပျက်သွားသည်မှာ လျင်မြန်လွန်းလှသည်။ လက်ကလေးတစ်ချက်လှုပ်ရှားရုံဖြင့် မန်ဟိုက အင်မော်တယ်နယ်ပယ်ကျင့်ကြံသူလေးယောက်ကို သတ်ဖြတ်ခဲ့ပြီး မိုးလေဂုရုကြီးကို ဒဏ်ရာအပြင်းအထန် ရစေခဲ့သည်။ ပတ်၀န်းကျင်ရှိ ကျင့်ကြံသူများမှာ ပင့်သက်ရှိုက်နေကြပြီး မန်ဟို့ကို မယုံနိုင်သော အမူအရာများဖြင့် လှမ်းကြည့်နေကြတော့သည်။
"ဒါ …ဒါက ...."
"သူ့မှာ ဘယ်လို ကျင့်ကြံခြင်းအခြေခံမျိုး ရှိနေတာလဲ။ မိုးလေဂုရုကြီးကိုတောင် နောက်ဆုတ်အောင် လုပ်နိုင်ခဲ့ပါလား"
"ဒါပေမယ့် ကြည့်ရတာတော့ သူက အင်မော်တယ်နယ်ပယ်မှာပဲ မဟုတ်ဘူးလား...."
"မိုးလေဂုရုကြီးက အခုလေးတင် သူ့ကို မန်ဟိုလို့ ခေါ်ခဲ့တယ် ....မန်ဟို ....မန်ဟို.... ငါ မှတ်မိပြီ သူက မန်ဟိုလေ။ ဖန်မျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသား။ တာအိုဆရာအစည်းအရုံးသုံးခုလုံးရဲ့ တပည့်။ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်နိုင်ရတာတုန်း"
အကုန်လုံး ဆူညံပွက်လောရိုက်နေကြသည်။
မိုးလေဂုရုကြီးသည် မန်ဟို့ကို တစ်ယောက်တည်း မတိုက်ခိုက်နိုင်ကြောင်း သဘောပေါက်လိုက်သဖြင့် ရင်တဒိန်းဒိန်း ခုန်လာတော့၏။ မန်ဟို၏ ကျင့်ကြံခြင်းအခြေခံက အင်မော်တယ်နယ်ပယ်ဟု ထင်ရသော်လည်း တိုက်ခိုက်ပြီးနောက်တွင် မန်ဟိုသည် ထင်ထားသည်ထက် အဆများစွာ ပို၍အစွမ်းထက်ကြောင်း မိုးလေဂုရုကြီး သိခဲ့ရလေပြီ။
သူက ပါးစပ်မှ သွေးများစီးကျနေလျက် နောက်သို့ ဆုတ်ရင်း ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ "မိုးတိမ်ဈေးက ဂိုဏ်းသားအကုန်လုံး ငါ့အမိန့်ကို နာခံကြစေ။ ဒီကောင်ကို ဘယ်လိုပဲဖြစ်ဖြစ် ရအောင် သတ်ကြ"
ပတ်၀န်းကျင်ရှိ ပန်းခရမ်းရောင်၀တ်ရုံနှင့် ကျင့်ကြံသူများမှာ တွန့်ဆုတ်နေကြသည်။ ထို့နောက် အချို့က ရဲဆေးတင်၍ ဟိန်းဟောက်ရင်း မန်ဟို့ထံ ချဉ်းကပ်လာကြသည်။
မိုးလေဂုရုကြီးက ဤအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ထွက်ပြေးဖို့ ကြိုးစားလေသည်။
မန်ဟိုက အေးစက်စက် နှာတစ်ချက်မှုတ်ရင်း ရှေ့တက်လာသည်။ ပန်းခရမ်းရောင်၀တ်ရုံနှင့်လူများ သူ့လမ်းကို တားဖို့ ကြိုးစားသောအခါ သူက ငေါက်ငမ်းလိုက်၏။ "ဖယ်ကြစမ်း"
သူ့အသံသည် မိုးခြိမ်းသံများကဲ့သို့ ကျင့်ကြံသူများ၏ နားစည်ကို ရိုက်ခတ်ကာ သူတို့၏ စိတ်ကို ချာချာလည်သွားစေပြီး ကျင့်ကြံခြင်းအခြေခံများကို မငြိမ်မသက် ဖြစ်သွားစေသည်။ သူတို့မှာ အမြင်အာရုံများ ဝေဝါးလာရင်း စိတ်သည်လည်း တခဏမျှ ဗလာကျင်းသွားကြ၏။
မိုးလေဂုရုကြီးမှာမူ စကားလုံးများက သူ့ပါးစပ်မှ သွေးများပန်းထွက်သွားစေ၍ သူကား အရှိန်ပိုတင်လိုက်တော့သည်။
"သေစမ်း ဒီကောင် ဘာလို့ ဒီလောက်တောင် အစွမ်းထက်ရတာလဲ" သူ့မျက်နှာသည် လူသေကောင်ပမာ ဖြူဖျော့နေပြီး သူ့နှလုံးသားတွင် နောင်တတို့ပြည့်နှက်နေ၏။ သူ့မှာ မန်ဟို့ကို ရိုင်းရိုင်းစိုင်းစိုင်း အတိုက်အခံလုပ်ခဲ့ပြီးပြီဖြစ်၍ မန်ဟိုက သူ့ကို ဘယ်နည်းနှင့်မှ လွှတ်ပေးတော့မည်မဟုတ်ကြောင်း သဘောပေါက်လိုက်သဖြင့် ဇောချွေးများ ပြန်လာတော့သည်။
မန်ဟိုက မိုးပြာရောင်သိမ်းငှက်ကြီးအသွင်ပြောင်းရင်း လေကိုခွင်းလာသည်။ သူနှင့် မိုးလေဂုရုကြီးအကြား အကွာအဝေးမှာ မီတာတစ်ရာကျော်မှ မီတာသုံးဆယ်အထိ လျှော့ချခံခဲ့ရလေပြီ။
"အစ်ကိုကြီး ကယ်ပါဦး" မိုးလေဂုရုကြီးက ကြောက်လန့်တကြား အော်သည်။ ယခုတွင် သူ့နှလုံးသား၌ အကြောက်တရားတို့ ပြည့်နေပြီဖြစ်သည်။
မိုးတိမ်ဈေးတစ်ဈေးလုံးမှာတော့ အုံးအုံးကျွက်ကျွက် ဆူညံနေခဲ့၏။ နောက်မှလိုက်၍ တိုက်ခိုက်နေသော မန်ဟိုနှင့် အော်ဟစ်အကူအညီတောင်းနေသော မိုးလေဂုရုကြီးကို ကြည့်ရင်း သူတို့အားလုံး အမြုတေအထိ တုန်လှုပ်ကုန်ကြလေသည်။
မန်ဟို ဈေး၀ယ်ခဲ့သော ဆိုင်များမှ လူတိုင်းသည် ဖြစ်ပျက်နေသော အရာကို မြင်လိုက်ကြရ၏။ သူတို့မှာ သူ မည်သူမှန်း ကြားခဲ့တုန်းက တုန်လှုပ်ခဲ့ကြသော်လည်း သူ့တွင် အင်အားကြီးမားသော နောက်ခံရှိရုံသာမက ကျင့်ကြံခြင်းအခြေခံအားဖြင့်လည်း ထိတ်လန့်ဖွယ်ကောင်းကြောင်း တွေ့လိုက်ရသဖြင့် ပို၍ပင် အံ့အားသင့်ကုန်ကြတော့သည်။
မှန်ပါသည်။ သူတို့မသိသည်က ၎င်းက ရေခဲတောင်ကြီးက ထိပ်စွန်းလေးမျှသာ ရှိသေးသည်ကိုပင်။ ဖန်မျိုးနွယ်စုသည် လောကပါလမျိုးနွယ်စုတစ်စုဖြစ်ပြီး မန်ဟိုက ထိုမျိုးနွယ်စု၏ အစစ်အမှန်ခေါင်းဆောင်ကြီးဖြစ်ကြောင်း သိလျှင်တော့ သူတို့၏ အံ့ဩတုန်လှုပ်မှုက ဖော်ပြ၍ပင် မရနိုင်သော အတိုင်းအတာသို့ ရောက်ရှိသွားခဲ့လိမ့်မည်။
ယခုတွင် ဂြိုဟ်သိမ်ကွင်းပြင်ထဲရှိ နေရာရွေ့ပြောင်းခြင်းမုခ်၀အသီးသီးကို စောင့်ကြပ်နေသော ကျင့်ကြံသူများလည်း ဈေးထဲတွင် ဆူညံပွက်လောရိုက်နေသည်ကို အာရုံရလိုက်ကြသည်။ အတော်များများက ဘာတွေဖြစ်နေသလဲ စူးစမ်းဖို့ ပျံသန်းလာကြ၏။
ထိုအချိန်တွင် မိုးပြာရောင်သိမ်းငှက်ကြီးအသွင်ဖြင့် မန်ဟိုက မိုးလေဂုရုကြီးအရှေ့တွင် ပေါ်လာခဲ့ပြီး ဘရိတ်ဓားတမျှ ချွန်မြသော ခြေသည်းများဖြင့် ပိုင်းချလိုက်သည်။
သို့သော် သူ ထိုသို့လုပ်လိုက်သည့်အချိန်မှာပင် အေးစက်ခက်ထန်သောအသံက မနှစ်မြို့မှုနှင့် အမျက်ဒေါသအပြည့်ဖြင့် ဈေးတစ်လျှောက်လုံး ပဲ့တင်ထပ်လာခဲ့သည်။
“သူ့ကို အန္တရာယ်မပေးနဲ့ ကောင်လေး။ ငါ မင်းကို ရှင်းပြပေးမယ်” အသံနှင့်အတူ အလင်းတန်းတစ်တန်းက လူသတ်ငွေ့တထောင်းထောင်းထလျက် လာနေသည်။ ၎င်းသည် မန်ဟို့ဆီ စီးဖြာကျသွားသော ရေတံခွန်အသွင် ပြောင်းသွား၏။
မန်ဟိုသာ ဆက်လက်တိုက်ခိုက်ရဲလျှင် ရေတံခွန်က သူ့အား အပိုင်းပိုင်းဖြတ်ပစ်တော့မည့်အလားပင်။
စကားသံက ဆွေးနွေးညှိနှိုင်းပေးမည့်သံပေါက်သော်လည်း မန်ဟို့ကို ရွယ်ထားသော တိုက်ကွက်အရ မိုးတိမ်ဈေး၏ပိုင်ရှင် မည်မျှတင်စီးသလဲ ပေါ်လွင်စေသည်။ ဤသည်မှာ အဆုံးစွန်အထိ တင်စီးလှသော မိုးတိမ်ဂုရုကြီးပင် ဖြစ်သည်။
သို့သော် မန်ဟို့အရှေ့တွင် တစ်ယောက်ယောက် တင်စီးပြလျှင် ... သူက ပို၍ပင် တင်စီးလွှမ်းမိုးပြလိမ့်မည်။