ပိုးကောင်ကိုရိုက်ရတာပျော်စရာကောင်းတယ်
Vol. 77 Ch. 1080
အခန်း (၁၀၈၀) ပိုးကောင်ကိုရိုက်ရတာပျော်စရာကောင်းတယ်
မြေကမ္ဘာနယ်မြေ ချောက်နက်ကြီးအတွင်းမှ ငရဲကိုးထပ်အက်ကွဲကြောင်းကို ချိတ်ပိတ်ပြီး ထိုက်စွေ့အလံရှည်ကိုယူကာ ရန်ကျောက်ကဲ ထိုနေရာမှ ထွက်လာခဲ့သည်။
သူက ဝါဒတောင်တည်ရှိရာ ကောင်းကင်နယ်မြေဆီသို့ အရင်ဆုံးဦးတည်ထွက်ခွာလာခဲ့သည်။
ချန်ချန်းဟွာနှင့် သူ၏ ကြီးမားသော တိုက်ပွဲကြောင့် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ဝိညာဉ်စွမ်းအားလည်ပတ်မှုများက လုံးဝ ရှုတ်ထွေးနေပြီ ဖြစ်သည်။
ထိုကိစ္စကို မဖြေရှင်းပါက ဤကမ္ဘာတစ်ခုလုံး ပျက်ဆီးသွားနိုင်သည်။
ဝါဒတောင်ထက်တွင် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ဝိညာဉ်စွမ်းအားလည်ပတ်မှုကိုပြုပြင်ရန် တည်ဆောက်ထားသည့် ယန္တရားတစ်ခု နဂိုကပင် တည်ရှိပြီးသား ဖြစ်၏။
ယခုတိုက်ပွဲကြောင့် ပျက်ဆီးသွားသော ဤကမ္ဘာ၏ ဝိညာဉ်စွမ်းအား သွေးကြောများ ပြန်လည်ကောင်းမွန်လာစေရန် ထိုယန္တရားကို အသုံးပြုရပေမည်။
ဝါဒတောင်မှ လူများသည်လည်း မိုးမြေတစ်ခုလုံး တုန်ခါသွားသည့် အပြောင်းအလဲကြီးကို ခံစားခဲ့ကြရသည်။
သို့သော် ငရဲကိုးထပ်တံခါးတွင် အပြောင်းအလဲဖြစ်နိုင်သည်ဟု ရန်ကျောက်ကဲက ကြိုတင်အကြောင်းကြားထားသဖြင့် တောင်ပေါ်မှလူများအားလုံး စိတ်ပူပန်ခြင်းမရှိဘဲ နေနိုင်ခဲ့ကြသည်။
သူတို့ဝါဒတောင်မှ ဂန္ထဝင်တွင်သော ‘ကောင်းကင်ဘုံမှဆင်းသက်လာသည့်နတ်ဘုရား’ ရန်ကျောက်ကဲက အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်လာပြီး ဤပြဿနာကို ဖြေရှင်းခဲ့သည် မဟုတ်ပါလား။
ဤသို့သိရတော့ အားလုံးက စိတ်အေးလက်အေး ရှိကြသည်။
‘ရန်ကျောက်ကဲ’ ဆိုသောအမည်ကို ပြောလိုက်ရုံဖြင့် ဘာမှစိတ်ပူစရာမရှိဟု အဓိပ္ပါယ်ရသည်။
မြေကမ္ဘာနယ်မြေမှ နောက်ဆုံးရလဒ်သည်လည်း ဤအချက်ကို သက်သေပြခဲ့သည်။
ငရဲကိုးထပ်တံခါး၏ လှုံ့ဆောက်မှုကြောင့် မိုးမြေတုန်လှုပ်လုမတတ် ချောက်ချားဖွယ်ရာ ငလျင်လှိုင်းလုံးကြီးများသည်လည်း ယခုတော့ ငြိမ်သက်သွားပြီ ဖြစ်၏။
ရန်ကျောက်ကဲ ဝါဒတောင်သို့ပြန်ရောက်လာတော့ အားလုံးက အမှန်တကယ်ပင် စိတ်ဓာတ်တက်ကြွနေကြသည်။
ယခင်က ရန်ကျောက်ကဲနှင့် ပုဂ္ဂိုလ်ရေးသိကျွမ်းခဲ့ကြသော ဝါဒတောင်မှ တပည့်များအားလုံးက သူ၏ဘုန်းတန်ခိုးကြီးမားမှုကို မျှဝေခံစားခဲ့ကြသည်။
ရန်ကျောက်ကဲမှာလည်း အသိမိတ်ဆွေဟောင်းအချို့ကို ပြန်တွေ့ရသည့်အတွက် ဝမ်းသာပီတိ ဖြစ်ခဲ့ရသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အချိန်စီးဆင်းမှုက အထက်ဘုံကမ္ဘာ၏ တစ်ဝက်မျှရှိပြီး သမုဒ္ဒရာကမ္ဘာ၏ ငါးပုံတစ်ပုံခန့်သာ ရှိသည်။
ရန်ကျောက်ကဲ အထက်ဘုံကမ္ဘာတွင် ဘုန်းတန်ခိုးကြီးမားစွာ တိုက်ခိုက်ခဲ့သောနှစ်များတစ်လျှောက် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်တော့ ဆယ်စုနှစ်တစ်ခုမျှသာ ကုန်လွန်ခဲ့သေး၏။
ထိုနှစ်များအတွင်း ကိစ္စရပ်အတော်များများလည်း ဖြစ်ပေါ်လာခဲ့သည်။
အထက်ဘုံကမ္ဘာမှ ဝါဒတောင်က ကြီးမားသောရင်းမြစ်ပစ္စည်းများပို့ဆောင်ပေးခဲ့သဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ဝိညာဉ်စွမ်းအား စီးဆင်းမှုလှည့်ပတ်မှုအား ပြောင်းလဲပေးနိုင်ခဲ့သည်။
ထို့ကြောင့် ဖုန်းချီသည်လည်း သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းသူတော်စင်အဖြစ် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
တပည့်ငယ်များကြားတွင်လည်း ထူးချွန်ထက်မြက်သူများ အသီးသီးပေါ်ထွက်လာကြသည်။ သို့သော် သေဆုံးသွားသော တပည့်အချို့လည်း ရှိခဲ့သည်ပင်။
လက်ရှိအချိန်တွင်...
ဝါဒတောင်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထူးခြားထင်ရှားသော ပြိုင်ဘက်ကင်းသိုင်းဂိုဏ်းကြီးတစ်ခုဖြစ်ပြီး ရန်သူမရှိသလောက် ဖြစ်သည်။
သို့သော် ဝါဒတောင်တပည့်များအတွက် ကျင့်ကြံခြင်းသွေဖယ်သည့် အန္တရယ် ကြုံတွေ့ရနိုင်ခြေရှိသလို အနောက်ဘက်သဲကန္တာရ ၊ တောင်ပိုင်းမြေအောက်နန်းတော်နှင့် ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောကဲ့သို့သော နေရာများတွင် အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ခြေ ရှိသည်။
ဥပမာတစ်ခုဆိုရသော်...
ရန်ကျောက်ကဲ ၊ ရွှီဖေးနှင့် စစ်ခုန်ချင်းတို့ကဲ့သို့ ချီးကျူးခံရလေ့ရှိသော ဖန်ကျွင်း၏တပည့်ရင်း လုဝမ် ဖြစ်သည်။
ဝါဒတောင်တွင် တံခါးပိတ်ကျင့်ကြံစဉ် လုဝမ် အမှောင်ဘက်ခြမ်းသို့ ကျရောက်လုနီးပါးဖြစ်ခဲ့ရသော်လည်း ရွှီဖေးက တားဆီးကယ်တင်နိုင်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် လုဝမ်က ကျင့်ကြံခြင်းအဆင့်မြင့်တက်ရန် အလွန်အမင်းစိတ်စောလွန်းအားကြီးသဖြင့် ကျင့်ကြံခြင်းသွေဖယ်သွားကာ တံခါးပိတ်ကျင့်ကြံရင်းဖြင့်ပင် သေဆုံးသွားခဲ့ရသည်။
လုဝမ်က ယခင်ကလို သူ့ကိုယ်သူ ရန်ကျောက်ကဲနှင့် ယှဉ်တုဖက်ပြိုင်ရန် စိတ်မဝင်စားတော့သော်လည်း စစ်ခုန်ချင်း ၊ ဖန်းယွင်ရှန်းနှင့် ယင်လုန်ထူတို့က သူ့အားကျော်တက်သွားသည့်အခါ တောင်တစ်လုံးဖိနှိပ်သည့်ပမာ ဖိအားများစွာ ခံစားခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ တံခါးပိတ်ကျင့်ကြံရင်း အသက်ဆုံးရှုံးခဲ့ရသော ကျင့်ကြံသူများကြား လုဝမ်က ပထမဆုံးမဟုတ်သလို နောက်ဆုံးတစ်ယောက်လည်း မဟုတ်ပေ။
သိုင်းကျင့်ကြံသည့်လမ်းစဉ်ဆိုသည်က ဘယ်သောအခါမှ အတားအဆီးကင်းမဲ့ပြီး ချောမွေ့သည်ဟူ၍ မရှိနိုင်ပေ။
အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ဝိညာဉ်စွမ်းအား ချိန်ခွင်လျှာကို ပြန်လည်တည်ဆောက်ပေးပြီးသည့်နောက် ရန်ကျောက်ကဲက ဖုန်းချီနှင့် အခြားသူများကိုနှုတ်ဆက်ပြီး လှိုင်းနက်ဂေဟာသို့ ပြန်လာခဲ့သည်။
လှိုင်းနက်ဂေဟာသည် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ကွဲထွက်နေသည့်အလား ငရဲကိုးထပ်တံခါး၏ လှိုင်းလုံးများ သက်ရောက်ခြင်းကိုမခံရဘဲ အေးချမ်းငြိမ်သက်လျှက် ရှိသည်။
ရန်ကျောက်ကဲနှင့် ချန်ချန်းဟွာတို့၏ မိုးမြေပြောင်းပြန်လှန်သေသာ တိုက်ပွဲသည်လည်း ဤနေရာသို့ သက်ရောက်ခြင်း မရှိပေ။
အန်းချင်လင် ၊ ရှဲ့ယိုချန်နှင့် လှိုင်းနက်ဂေဟာမှ အခြားသောကျင့်ကြံသူများကို နှုတ်ဆက်စကားဆိုပြီးနောက် ချန်မင်ယင်းနေထိုင်သည့် ခြံဝင်းငယ်လေးအတွင်းသို့ ရန်ကျောက်ကဲ ဝင်ရောက်လာခဲ့သည်။
ခြံဝင်းထဲတွင် ပိုးသားဧကရာဇ်နှင့် ချန်မင်ယင်းတို့ စကားပြောဆိုနေဆဲ ဖြစ်သည်။
နွေးထွေးပွင့်လင်းပြီး စကားပြောကောင်းသေသာ ပိုးသားဧကရာဇ်ကြောင့် ချန်မင်ယင်းမှာ တဖြည်းဖြည်း ပိုးသားဧကရာဇ်၏ ဂုဏ်ပုဒ်ကိုပင်မေ့လျော့လာပြီး စကားပြောရာတွင် အလွန်ထိန်းချုပ်ထားခြင်းမျိုး မရှိတော့ပေ။
မန်ဝမ်ကတော့ ဘေးနားတွင်ထိုင်ရင်း မျက်နှာထက်တွင် ပြုံးပန်းဝေလျှက် ရှိ၏။
သူမ ဤသို့မပျော်ရွှင်ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ရန်ကျောက်ကဲ ရောက်လာသည်ကိုတွေ့တော့ ပိုးသားဧကရာဇ်က...
“ကြည့်ရတာ တိုက်ပွဲမှာ မင်းအနိုင်ရသွားပုံပဲ ၊ ချန်ချန်းဟွာ အထက်ဘုံကမ္ဘာကို ပြန်သွားပြီလား”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“သူ့သဘောနဲ့သူ ငရဲကိုးထပ်ကို ဆင်းသွားပြီ...”
ထိုအချိန်က ငရဲကိုးထပ်တံခါးက ချန်ချန်းဟွာ၏ ခန္ဓာကိုယ်အား ဆွဲယူလိုက်စဉ် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ မိုးမြေဖိနှိပ်မှုမှ လွတ်မြောက်သွားသဖြင့် သူ့အနေဖြင့် အထက်ဘုံကမ္ဘာသို့ ချက်ချင်းပြန်သွားရန် ဖြစ်နိုင်သည်။
ရန်ကျောက်ကဲကလည်း ထိုအချက်အတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။
သူက ချန်ချန်းဟွာကို ငရဲကိုးထပ်အက်ကွဲကြောင်းထဲတွင် ခဏမျှ ပိတ်ဆို့ထားချင်ခဲ့သည်။
သို့မှသာ ချန်ချန်းဟွာအနေဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ နယ်နိမိတ်ဖိနှိပ်မှုအောက်မှ လွတ်မြောက်ကာ အထက်ဘုံကမ္ဘာသို့ ပြန်မတက်နိုင်ဘဲ အဟန့်အတား ဖြစ်နေနိုင်သည်။
သို့ပေသိ ချန်ချန်းဟွာကို ချောက်နက်ထဲတွင် ထိုအတိုင်းထားခဲ့ရန် ရန်ကျောက်ကဲတွင် လုံလောက်သည့်ယုံကြည်မှု မရှိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် ချန်ချန်းဟွာကိုထိန်းချုပ်ရန် ထိုနည်းလမ်းက အကောင်းဆုံး ဖြစ်ခဲ့ည်ပင်။
သို့ရာတွင်...
စိတ်မကောင်းစရာမှာ အရူးများက အမှန်တကယ်ပင် မှန်းဆမရသော လုပ်ရပ်များကို လုပ်ဆောင်ခြင်း ဖြစ်၏။
ချန်ချန်းဟွာက သူကိုယ်တိုင်ပင် ငရဲကိုးထပ်သို့ ပျော်ပျော်ကြီး ဆင်းသက်သွားခဲ့သည်။
တိုက်ပွဲဇာတ်လမ်းကိုနားထောင်ရင်း ပိုးသားဧကရာဇ်က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်... အဲဒါက သူလုပ်မယ့် ပုံစံမျိုးပဲ”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“ဒါပေမဲ့ သူမသွားခင်မှာ နတ်ဆိုးလှည့်စားထုံးတမ်းအစီအရင် လက်ဆောင်ပေးလိုက်တယ်”
သူက ဆက်ပြောသည်။
“သူ မသေရင်တောင် နတ်ဆိုးတွေအများကြီး နောက်ကလိုက်သတ်တာခံရမှာပဲ ၊ မြန်မြန်ဆန်ဆန် ငရဲကိုးထပ်က ပြန်တက်လာနိုင်မှာ မဟုတ်ဘူး”
ဂယက်တစ်သိန်းထနေသော ချန်ချန်းဟွာကို ငရဲကိုးထပ်တွင် ခဏမျှချုပ်နှောင်ထားနိုင်မှသာ ပိုးသားဧကရာဇ် ၊ မန်ဝမ်တို့နှင့်အတူ ဖန်းယွင်ရှန်းကို သွားရောက်ရှာဖွေမည့် ခရီးစဉ်အတွက် စိတ်ချလက်ချ ရှိနိုင်မည် ဖြစ်၏။
ထို့ပြင် ဖန်းယွင်ရှန်း ပြင်ပဗလာနယ်သို့ ထွက်ခွာသွားသည့်ခရီးစဉ်ကလည်း ငရဲကိုးထပ်နှင့် ဆက်စပ်နေနိုင်သည်။
ပိုးသားဧကရာဇ်မျက်နှာထက် အပြုံးရိပ်တစ်ခု ထင်ဟပ်လာပြီး...
“ချန်ချန်းဟွာနဲ့ တိုက်ချင်တဲ့လူက လူနည်းစုပဲ ရှိတာ...”
သူက ဆက်ပြောသည်။
“အဓိကအကြောင်းရင်းကတော့ သူ့ကိုနိုင်အောင်တိုက်နိုင်တဲ့သူ မရှိလို့ပဲ ၊ ဒါပေမဲ့ သူ့ကို အနိုင်ယူရင်တောင်မှ သူနဲ့တိုက်ရတာ ပျော်စရာသိပ်မကောင်းလှဘူး”
“ဘာလို့လဲဆိုတော့ ဒီကောင်က သေခြင်းရှင်ခြင်း ၊ အနိုင်အရှုံး ၊ သိက္ခာကျခြင်း မကျခြင်းတွေကို ဘာမှအရေးမစိုက်ဘူး ၊ သူရှုံးသွားလို့လည်း ဘာမှ ရှက်တာ ကြောက်တာ အရှုံးတရားခံစားရတာတွေ မရှိဘူး”
ပိုးသားဧကရာဇ်က ပြုံးလိုက်ရင်း...
“ပြိုင်ဘက်က သူ့ဆီကရတနာပစ္စည်းတွေရသွားရင်လည်း ဘာမှ စိတ်ပူတာမျိုးမရှိဘူး... သေရမယ်ဆိုရင်တောင် စိုးရိမ်မယ့်သူမျိုး မဟုတ်ဘူးလေ”
ချန်ချန်းဟွာက ပြိုင်ဘက်များထံမှ စိတ်ဝင်စားစရာကောင်းမကောင်းကိုသာ အာရုံစိုက်ပြီး တိုက်ပွဲနှင့်ပတ်သက်လျှင် စိတ်အားထက်သန်ခြင်းမရှိပေ။
ထို့ပြင် ရန်ငြိုးဖွဲ့ခြင်း ၊ ရန်ကြွေးထားခြင်း ၊ အနိုင်အရှုံး ၊ သေခြင်းရှင်ခြင်းနှင့် အကျိုးအမြတ်များကိုလည်း ထားရှိခြင်း မရှိပေ။
သူ လိုက်လံရှာဖွေသည့်အရာက လူအများစုရှာဖွေသည့်အရာနှင့် လုံးဝ ထပ်တူကျခြင်း မရှိပေ။
ထိုအရူးသည် အခြားသူများနှင့်မတူညီသော ကမ္ဘာတစ်ခုတွင် အမှန်တကယ် နေထိုင်သူ ဖြစ်၏။
ပိုးသားဧကရာဇ်က ပေါ့ပါးစွာဖြင့်...
“ရှုံးတဲ့သူက အရှုံးအတွက် ဘာခံစားချက်မှမရှိတော့ အနိုင်ရတဲ့သူကလည်း ဘယ်လိုပျော်ရတော့မလဲ...”
သူကဆက်ပြောသည်။
“ဒီတော့ ချန်ချန်းဟွာအကြောင်းသိတဲ့သူအတွက်ကတော့ သူ့ကိုအနိုင်ယူရတာ စိတ်ကျေနပ်မှု မရနိုင်ဘူးလေ”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဒါပေမဲ့ သေချာပေါက်တော့ အဲဒီလိုမဟုတ်ဘူး ၊ ချန်ချန်းဟွာလိုလူမျိုးကို ပိုးကောင်းတစ်ကောင်လို ရိုက်နှက်ပစ်ရတာ အရမ်းပျော်စရာကောင်းတယ် ၊ သူ့ဘက်က ဘယ်လိုထင်လဲ ကျွန်တော် ဂရုမစိုက်ဘူး”
ပိုးသားဧကရာဇ်က ပြုံးရင်း...
“တူညီတဲ့ကျင့်ကြံခြင်းအဆင့်မှာ ချန်ချန်းဟွာကို ပိုးကောင်းတစ်ကောင်လို ရိုက်နှက်နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိမှာတဲ့လဲ”
ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး မန်ဝမ်နှင့် ချန်မင်ယင်းကို ကြည့်လိုက်သည်။
“အခု ဒီကကိစ္စတွေလည်းပြီးပြီဆိုတော့ အထက်ဘုံကမ္ဘာကို ပြန်ကြစို့ ၊ ဒီနေ့ လာပြီးနှောက်ယှက်ရတာ တောင်းပန်ပါတယ် တာအိုရောင်းရင်း ‘ချန်’”
သူက ဆက်ပြောသည်။
“စောစောကလည်း ပြောထားပြီးဖြစ်ပေမယ့် ထပ်ပြောချင်ပါသေးတယ် ၊ ငါနဲ့ ဝမ်အာက နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့တာ ၊ ဖခင်တစ်ယောက်အနေနဲ့ သူ့အပေါ် တာဝန်မကျေခဲ့ဘူး ၊ ဒါပေမဲ့ တာအိုရောင်းရင်း’ချန်’ က ဝမ်အာကို ပြုစုပျိုးထောင် သင်ပြပေးခဲ့တယ် ၊ ဒီအတွက် တကယ် ကျေးဇူးတင်မိပါတယ်”
ဤသည်ကို ချန်မင်ယင်းက မခံယူဝံ့ပချေ။
နှုတ်ဆက်ရန် မန်ဝမ်ကို လှမ်းကြည့်လိုက်တော့ တပည့်ဖြစ်သူနှင့်ခွဲခွာရန် ဝန်လေးနေသလို ခံစားလိုက်ရသည်။
မန်ဝမ်က သူမ အနားသို့တိုးကပ်လိုက်ရင်း...
“အခွင့်အရေးရရင် ဒီတပည့် ဆရာ့ကို သေချာပေါက် နောက်တစ်ကြိမ် လာတွေ့ပါဦးမယ်”
ပိုးသားဧကရာဇ်ကလည်း ပြုံးလျှက် ခေါင်းညိတ်ပြလိုက်သည်။
ရန်ကျောက်ကဲမျက်ဝန်းများကတော့ လက်ခနဲတစ်ချက် တောက်ပသွားခဲ့လေသည်။