ဖန်မျိုးနွယ်စု ရောက်လာပြီ
Vol. 83 Ch. 1160
မျက်စိတစ်မှိတ်အတွင်း မိုးတိမ်ဂုရုကြီးနှင့် မန်ဟိုသည် တိုက်ကွက်ပေါင်းရာချီ ဖလှယ်ခဲ့ပြီးလေပြီ။ မိုးတိမ်ဂုရုကြီးမှာ တိုက်ခိုက်လေလေ၊ တုန်လှုပ်လေလေ ဖြစ်နေသည်။ လက်ဦးမှုမရယူနိုင်ခဲ့၍ ပြန်တွန်းလှန်ရန် အခွင့်မရတော့ကြောင်း သူတွေ့လိုက်ရလေသည်။ ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်ကား မန်ဟိုကြောင့် ဆုတ်ပြီးရင်းဆုတ်နေရခြင်းပင်။
မန်ဟို တိုက်ကွက်များ ဆက်တိုက်ထုတ်လွှတ်၍ ရှေ့တက်လာနေစဉ် သူ၏ လွှမ်းမိုးနေသော တိုက်ခိုက်ပုံတိုက်ခိုက်နည်းက ထင်ရှားပေါ်လွင်လျက်ရှိ၏။ ဤတစ်ခေါက်တွင် သူက လက်ဝှေ့ယမ်းရင်း န၀မတောင်ကို ဖော်ဆောင်၍ မိုးတိမ်ဂုရုကြီးအား ဖိချလိုက်သည်။
အောက်ရှိ လူတိုင်းမှာတော့ ရင်သပ်ရှုမောနေကြလေသည်။
"မန်ဟိုက ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်ရတာတုန်း" မိုးတိမ်ဂုရုကြီးမှာ တအံ့တဩနှင့် နတ်ဘုရားစွမ်းရည်တစ်ခုအား ထုတ်လွှတ်ရန် ပြင်ရင်း နောက်ဆုတ်လိုက်သည်။ သို့သော် ဤအခိုက်အတန့်တွင် မန်ဟိုက မိုးတိမ်ဂုရုကြီးကို တစ်ချိန်လုံး အေးစက်စက်ကြည့်ရင်း လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
အကြည့်ချင်းဆုံသောအခါ မိုးတိမ်ဂုရုကြီး၏နှလုံးသားမှာ စိမ့်ခနဲ အေးသွား၏။ သူက နောက်ဆုတ်၍ ရှောင်ဖို့ ကြိုးစားသော်လည်း နောက်ကျသွားခဲ့လေပြီ။
"ပျက်စီးလိုက်စမ်း" မန်ဟိုက အေးစက်စက် ပြောသည်။
ချက်ချင်းပင် အရောင်အဝါများ လင်းလက်သွားပြီး လေများ တဝေါဝေါ တိုက်ခတ်သွားသည်။ မဖော်ပြနိုင်လောက်အောင် ကြီးမားသောအားတစ်ရပ် လိမ့်ထွက်လာသဖြင့် မိုးကောင်းကင်မှာ တုန်ခါသွား၏။
တဝုန်းဝုန်း မြည်သံများ ပဲ့တင်ထပ်နေစဉ် မန်ဟိုက လျှပ်စီးလို လေကိုခွင်းလာသည်။ မိုးတိမ်ဂုရုကြီး၏အရှေ့တွင် ပြန်ပေါ်လာသောအခါ သူသည် နတ်ဆိုးလက်သီးကို ပထမဆုံးအကြိမ် အသုံးပြုလိုက်၏။
ခန္ဓာစတေးလက်သီး နတ်ဆိုးလက်သီး
မိုးတိမ်ဂုရုကြီးမှာ ပါးစပ်မှ သွေးများပန်းထွက်လျက် ဆုတ်သွားသည်။ သူ ဆုတ်လိုက်သည့်အချိန်မှာပင် မန်ဟိုက ထပ်ကြပ်မကွာ လိုက်လာသည်။ သို့သော် တခဏကြာသော် မန်ဟိုသည် တုံ့ခနဲ ရပ်၍ အမြန်ဆုံးနောက်ပြန်ဆုတ်လိုက်သည်။
မန်ဟို ဆုတ်လိုက်သောအခိုက်တွင် သူ ယခုလေးတင် ရှိခဲ့သည့်နေရာမှာ ဝုန်းခနဲ ပေါက်ကွဲသွား၏။ မန်ဟိုသာ နောက်မဆုတ်ခဲ့လျှင် သေရာပါဒဏ်ရာ ရသွားလိမ့်မည်။
သူ၏ အသေတိုက်ကွက်ကို မန်ဟို ရှောင်လိုက်နိုင်ကြောင်း မြင်လျှင် မိုးတိမ်ဂုရုကြီးက မျက်မှောင်ကြုတ်လိုက်သည်။
"မန်ဟို မင်းက ငါ့ရဲ့ အစွမ်းထက်ဆုံးအဆင့်ကို ကြည့်ဖို့ အရည်အချင်း ပြည့်မှီတယ်" သူက ပြောရင်း ညာလက်ကို မြှောက်၍ နဖူးပေါ်သို့ ဖိလိုက်ရာ မှော်သင်္ကေတနှစ်ခု ပေါ်လာသဖြင့် မိုးထစ်ချုန်းသံများ ပဲ့တင်ထပ်သွားလေသည်။
အံ့အားဖွယ်ကောင်းစွာနှင့် သူသည် လက်ရှိအချိန်တွင် တာအိုနယ်ပယ်သို့ မဝင်ရောက်အောင် အချိန်ဆွဲထားသည့် ချိတ်ပိတ်အခြေအနေ၌ ဖြစ်၏။ ထိုသို့ချိတ်ပိတ်ထားခြင်းဖြင့် တာအိုနယ်ပယ်သို့ အချိန်မရွေးတက်လှမ်းနိုင်မည်။ ပထမချိတ်စည်းက လျင်မြန်စွာ မှိန်ကျပြီး ထိုသို့မှိန်သွားသည်နှင့် မိုးတိမ်ဂုရုကြီး၏တန်ခိုးသည် ကြောက်မက်ဖွယ်ကောင်းစွာ လိမ့်ဖြာထွက်လာ၏။ သူကား သာမန်မဟာစက်၀န်းအဆင့်မှ တက်သွားခဲ့လေပြီ။
သူ့အနေဖြင့် မန်ဟိုက သူ့ထက်ပင် အစွမ်းထက်သည်ဟု ၀န်ခံရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ သူ့မှာ အစွမ်းကုန်ထုတ်ခဲ့ရသည်သာမက သူ၏ ကျင့်ကြံခြင်းအခြေခံကို ချိတ်ပိတ်ပေးထားသော စည်းတံဆိပ်များကို ဖယ်ရှားလိုက်ရသည့်အတိုင်းအတာအထိ ရောက်ခဲ့ရပြီမဟုတ်လော။
"ကောင်းတယ်" မန်ဟိုက အေးစက်စက် နှာမှုတ်ကာ ပြောသည်။ "အခု သွေးပူလေ့ကျင့်ခန်းပြီးပြီဆိုတော့ ငါ မင်းကို သတ်ရတော့မယ်ထင်တယ်။ သိပ်ခက်လောက်မှာ မဟုတ်ပါဘူး" ထို့နောက် သူက ညာလက်ကို ဆန့်၍ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်အား ထုတ်လွှတ်ရင်း မိုးတိမ်ဂုရုကြီးဆီ လက်ညှိုးထိုးလိုက်သည်။
မိုးတိမ်ဂုရုကြီးမှာ ရုတ်တရက် မလှုပ်နိုင်တော့ပေ။ သူ့မျက်လုံးများ ပြူးကျယ်နေစဉ် မန်ဟိုက လက်ချောင်းကို ဒုတိယအကြိမ်၊ တတိယကြိမ်နှင့် စတုတ္ထအကြိမ် ဝှေ့ယမ်းလိုက်သည်။
သတ္တမမိစ္ဆာချုပ်နှောင်မန္တန်၊ ကံကြွေးမန္တန်က ချက်ချင်းပင် မိုးတိမ်ဂုရုကြီး၏အပေါ်တွင် ကံကြွေးမျှင်များ ပေါ်လာစေသည်။ သူ၏ခန္ဓာကိုယ်ချိတ်ပိတ်ခြင်းကြောင့် ၎င်းတို့သည် တွန့်လိမ်နေခဲ့ပြီးဖြစ်ပြီး ယခုမူ တဂျုန်းဂျုန်းမြည်သံများအား သူ့ကိုယ်ထဲမှ ကြားလာရသည်။ စူးအောင့်နေသော နာကျင်မှုက သူ့ကိုယ်တစ်လျှောက် ပျံ့နှံ့လာရာ သူ့မှာ ရုတ်တရက် မူးဝေလာသည်။ သူ၏ မှတ်ဉာဏ်များပင်လျှင် ဝေဝါးလာ၏။ သူ၏ ကျင့်ကြံခြင်းအခြေခံက သူ၏ထိန်းချုပ်မှုအောက်တွင် မရှိတော့၍ ကံကြွေးမျှင်များမှာ အချိန်မရွေး ပြတ်တောက်တော့မလိုဖြစ်နေသည်။
ဆဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်၊ ရှင်ခြင်းသေခြင်းမန္တန်က သူ့တစ်ကိုယ်လုံးတွင် မှော်သင်္ကေတများ ပေါ်လာစေသည်။ ကံဆိုးစွာနှင့် မန်ဟိုမှာ မိုးတိမ်ဂုရုကြီးအား ရုပ်သေးရုပ်အဖြစ် ပြောင်းလဲရာ၌ မအောင်မြင်ခဲ့၍ ရလဒ်က မိုးတိမ်ဂုရုကြီးကို သွေးတစ်ပွက် အန်လိုက်ရစေသည်။ သူ၏ ကံကြွေးသည် ပျက်ပြားသွားပြီး သူ၏ ကျင့်ကြံခြင်းအခြေခံလည်း ပရမ်းပတာဖြစ်သွား၏။
ထို့နောက် ပဉ္စမမိစ္ဆာချုပ်နှောင်မန္တန်၊ အတွင်းအပြင်ပြောင်းလဲခြင်း။ စုပ်ယူခြင်းနှင့် စုပ်ထုတ်ခြင်းနှစ်မျိုးလုံး လုပ်ဆောင်နေသော အကွဲကြောင်းတစ်ကြောင်းက မိုးတိမ်ဂုရုကြီးကို ပိုင်းချလိုက်သော ဓားတစ်လက်အား ဖန်ဆင်းလိုက်သည်။ မိုးတိမ်ဂုရုကြီးမှာ နှစ်ပိုင်းတိတိ ပိုင်းခံလိုက်ရသဖြင့် သွေးပျက်စွာ အော်ဟစ်လိုက်တော့သည်။
အရာအားလုံးသည် အံ့မခန်းလိလိ အမြန်နှုန်းဖြင့် ဖြစ်ပျက်သွားခဲ့၏။ လက်ချောင်းတစ်ချောင်း၏ လေးကြိမ်ဝှေ့ယမ်းမှုက စွမ်းအားမြှင့်နေသောခုလတ်တွင်ဖြစ်သည့် မိုးတိမ်ဂုရုကြီးအား မန်ဟို၏သတ်ခြင်း ခံလိုက်ရစေခဲ့သည်။
ဤသည်မှာ မန်ဟို၏ အစစ်အမှန်တန်ခိုးဖြစ်သည်။ သူ့အတွက် ရှေးဟောင်းနယ်ပယ်မဟာစက်၀န်းအဆင့်မှာ ဂရုစိုက်ရန်ပင် မထိုက်တန်ပေ။
သို့သော် မိုးတိမ်ဂုရုကြီးက တကယ်မသေ။ နှစ်ပိုင်းပိုင်းခံခဲ့ရသည့်တိုင် သူသည် သူ၏ ကိုယ်နှစ်ပိုင်းကို ပြန်ဆက်နိုင်၏။ သို့ရာတွင် မန်ဟိုကား သူ့ကို ထိုအခွင့်အရေးမပေးပေ။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အရိုးထိပ်လှံ ပေါ်လာသည်။ လှံသည် ဝှီးခနဲ မိုးတိမ်ဂုရုကြီးကို ထုတ်ချင်းဖောက်သွား၏။
ဘန်းးးးးးးး....... မိုးတိမ်ဂုရုကြီး ပေါက်ကွဲသွားသည်။ သူ၏ အနုသုခုမနတ်ခန္ဓာက စုတ်ပြတ်နေသော ခန္ဓာကိုယ်ထဲမှ ပျံထွက်လာပြီး ပန်းခရမ်းရောင်၀တ်ရုံနှင့် ကျင့်ကြံသူတစ်ယောက်ဆီသို့ ပျံဆင်းသွားသည်။ ၎င်းက ထိုလူ၏ နဖူးထဲ ထိုးဝင်လိုက်ရာ မချိတင်ကဲအော်သံကြီး ကြားလိုက်ရ၏။ ထိုလူ၏ ပုံပန်းသွင်ပြင်မှာ တခဏ ရှုံ့မဲ့သွားပြီးနောက် တည်ငြိမ်သွားလေသည်။ ထို့နောက် သူက မန်ဟို့ကို ဒေါသတကြီး မော့ကြည့်သည်။
"မန်ဟို" ထိုကျင့်ကြံသူကား ယခုတွင် မိုးတိမ်ဂုရုကြီး ဖြစ်သွားခဲ့လေပြီ။ သူက ဒေါကြီးမောကြီး ပျံတက်လာ၏။ ယခုလို အသတ်ခံခဲ့ရခြင်းက သူ့အတွက် မျက်နှာထားစရာမရှိအောင် အရှက်ကွဲရလေသည်။ ထိုကဲ့သို့ လျင်မြန်စွာ အသတ်ခံရမည်ဟု သူ မည်သို့ ထင်ထားခဲ့မည်နည်း။
အမှန်တွင် ဘယ်သူမှမသိခဲ့သော်လည်း သူ့မှာ သူ၏ အသက်ကယ်ပူးကပ်ခြင်းမှော်အစွမ်းကိုပင် အသုံးပြုခဲ့ရသည်။
၎င်းက အတိုင်းထက်အလွန် ရှားပါးပြီး သူ့ကို နောက်လူတစ်ယောက်၏ ခန္ဓာကိုယ်အား ချက်ချင်း ပူးကပ်နိုင်သော တာအိုမှော်အစွမ်းမျိုး ဖြစ်သည်။ ကံဆိုးစွာနှင့် ၎င်းက မပြည့်စုံ၍ အထစ်အငေါ့မရှိ အသုံးချရန် ခက်ခဲလေသည်။
သို့သော်လည်း လက်ရှိအခြေအနေတွင် သူ့မှာ ရွေးချယ်စရာမရှိခဲ့ပေ။
မန်ဟိုက မိုးတိမ်ဂုရုကြီးကို လှမ်းကြည့်လိုက်စဥ် မျက်လုံးများ ထူးဆန်းစွာ တောက်ပသွားသည်။ ထို့နောက် သူသည် အသာအယာ ပြုံးပြီးနောက် ရှေ့သို့ လျှောက်လာကာ တိုက်ခိုက်ရန် ပြင်၏။
မိုးတိမ်ဂုရုကြီးမှာ ချက်ချင်းဆိုသလို မိုးမီးလောင်သွားတော့သည်။ သူက နဖူးကို ဖိ၍ ဒုတိယချိတ်စည်းကို ဖယ်ရှားလိုက်သည်။
ထိုအခိုက်အတန့်တွင် .... မယုံကြည်နိုင်ဖွယ် စွမ်းအားတစ်ရပ်က မိုးတိမ်ဂုရုကြီး၏ ကိုယ်ထဲတွင် ပေါ်ထွက်လာသည်။ ရုတ်တရက်ဆိုသလို သူ၏ဝိညာဉ်မီးအိမ်များ ပေါ်ပေါက်လာ၏။
မီးအိမ်အားလုံးက ငြိမ်းနေပြီး အံ့ဩဖွယ်ကောင်းစွာနှင့် သူ့ကို လှည့်ပတ်နေစဉ် ထိုဝိညာဉ်မီးအိမ်များသည် မိုးတိမ်ဂုရုကြီးနှင့် ချွတ်စွပ်တူသော လူသေးသေးလေးများဖြစ်ကြောင်း မြင်ရပေမည်။
ပို၍ အံ့ဩဖွယ်ကောင်းသည်က ထိုလူသေးသေးလေးများ၏ ဘယ်လက်ထဲတွင် ချိတ်စည်းသင်္ကေတတစ်ခုစီအား ကိုင်ထားကြ၏။ ထိုသင်္ကေတတစ်ခုစီတွင် လူသေးသေးလေးများမှ ထည့်သွင်းပေးနေသော တာအိုမှော်အစွမ်းတစ်မျိုးစီ ရှိနေသယောင်ပင်။ ထိုမျှသာမက ထိုအရိပ်သေးသေးလေးတစ်ခုစီ၏ ညာလက်ပေါ်တွင်လည်း မှော်ပစ္စည်းတစ်ခုစီ ပျံဝဲနေကြသည်။
ဓားပျံ၊ ဒိုင်း၊ ပုလဲနှင့် စေတီအသေးစားလေးများအပါအဝင် မှော်ပစ္စည်းဆယ်ခုကျော်ရှိသည်။ ၎င်းတို့ ပေးစွမ်းနေသော ခံစားချက်အရ အဆင့်မြင့်အင်မော်တယ်ရတနာများ ဖြစ်တန်ရာသည်။
ဤရွေ့ဤမျှသာဆိုလျှင် ကိစ္စမရှိသေး။ သို့သော် ယခုတွင် မိုးတိမ်ဂုရုကြီးမှာ မတတ်သာတော့သည့်နောက်ဆုံး ခရမ်းရောင်ခမောက်တစ်ခုကို ထုတ်ရန် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။
ခမောက်သည် သေမျိုးစစ်သားတစ်ယောက် ဆောင်းတတ်သော မောက်တိုမျိုးနှင့်တူသည်။ သို့သော် ၎င်းကား နှစ်ပေါင်းမရေမတွက်နိုင်အောင် ဖြတ်သန်းခဲ့သည့်အလား အင်မတန် ရှေးကျနေသည်။ မိုးတိမ်ဂုရုကြီးက ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့ခေါင်းပေါ်တင်လိုက်၏။
ချက်ချင်းဆိုသလို သူ့စွမ်းအားသည် ကြောက်ခမန်းလိလိ အဆင့်တစ်ခုသို့ ထိုးတက်သွားပြီး သူ့နတ်ဘုရားအာရုံက တဟုန်ထိုးကြီးမားလာသည်။
အံ့ဩဖွယ်ကောင်းစွာနှင့် ဤခမောက်ကား... ရှေးဟောင်းနယ်ပယ်မှော်ပစ္စည်းတစ်ခု ဖြစ်နေသည်။
“မန်ဟို ဒါက ငါ့ရဲ့အစွမ်းထက်ဆုံးအဆင့်ပဲ။ ဒါက ... ရှေးဟောင်းနယ်ပယ်ရဲ့ မဟာစက်ဝန်းအဆင့်။ မင်း ငါ့ကို အနိုင်ယူနိုင်ရင် ငါ ချက်ချင်း တာအိုနယ်ပယ်တံခါးကို ဆင့်ခေါ်မယ်
“ငါ တာအိုနယ်ပယ်ကို အောင်အောင်မြင်မြင် ရောက်ရှိသွားရင် မင်းကို ရပ်နေတဲ့နေရာမှာပင် သတ်ပစ်မယ်... ငါ မအောင်မြင်ရင်တော့ တန်ခိုးကြီးတစ်ဝက်တစ်ပျက်တာအိုပညာရှင် ဖြစ်လာမယ်။ အဲဒီအချိန်ကျရင် ငါ့အသက်စွမ်းအား ကုန်ခမ်းလာပြီး ငါ့သက်တမ်းဟာ တစ်နေ့ပြီးဆုံးသွားလိမ့်မယ်။ ဒါပေမဲ့ မင်းကို အဲဒီအဆင့်နဲ့ သတ်ဖို့ကတော့ ... လွယ်လွယ်လေးဖြစ်သွားပြီ
“မင်း ဆက်တိုက်မလား နောက်ဆုတ်မလား သေသေချာချာ စဉ်းစားစမ်း” မိုးတိမ်ဂုရုကြီးမှာ နောင်တအကြီးအကျယ်ရနေသည်။ မန်ဟိုသည် ထူးချွန်ပြောင်မြောက်သည့်အပြင် ကြောက်စရာကောင်းသည်။ သို့ဖြစ်၍ ဖန်မျိုးနွယ်စုနှင့်ပတ်သက်သော သူ၏သုံးသပ်မှုများ မှန်မမှန် မသေချာတော့ပေ။
သူသည် ပုံမှန်အားဖြင့် ထိုကဲ့သို့ရာဇသံများအား မျိုးဆက်တူများထံသို့သာ ပြောတတ်၍ မန်ဟို့ကို ခြိမ်းခြောက်ရသည့်အခါ အောင့်သက်သက် ခံစားရလေသည်။ သို့သော်လည်း ယခုမူ မန်ဟို့ကို ရမ်းရမ်းကားကား ဆက်မပြုမူဖို့ သတိပေးရန် ထိုသို့ပြောရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ....
ဤအခိုက်အတန့်တွင် မန်ဟို၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး ဖန်မျိုးနွယ်စု၏ နေရာရွှေ့ပြောင်းဂြိုဟ်သိမ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ မိုးတိမ်ဂုရုကြီးလည်း မန်ဟို့နည်းတူ ခံစားလိုက်ရသဖြင့် လှမ်းကြည့်လိုက်ရာ လူရိပ်များ ပေါ်လာသည်ကို မြင်လိုက်ရ၏။ နောက်ဆုံးတော့ သူ့ရင်ထဲက အလုံးကြီးကျသွားလေပြီ။
သူ့အနေဖြင့် သူ့လိုလူက ထိုကဲ့သို့ဖြစ်နေရသည်ကို ဝန်မခံချင်သော်လည်း ရွေးချယ်စရာမရှိပေ။ သူ့မှာ မန်ဟို့ကို ရင်ဆိုင်မည့်အစား ဖန်မျိုးနွယ်စု၏ တာအိုနယ်ပယ်ပညာရှင်များဖြင့်သာ ထိပ်တိုက်တွေ့ခြင်းက တော်သေးသည်။ စောစောက မန်ဟို ထုတ်လွှတ်ခဲ့သော လက်ချောင်းတိုက်ကွက်လေးကွက်က သူ့ကို ကြောက်စိတ်တို့မွှန်ထူသွားစေခဲ့သည်မဟုတ်ပါလော။
သူသည် ယုံကြည်ချက်ရှိနေသေးသော်လည်း သူ့နှလုံးအိမ်၌ ပုန်းလျှိုးနေသည့် အကြောက်တရားကို မဖယ်ရှားနိုင်သေးပေ။ ထို့အပြင် ယခုချက်ချင်း ဤနေရာတွင် အဆင့်တက်ဖို့ ကြိုးစားလျှင်လည်း ဖြေဆည်မရသောဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လိမ့်မည်။
မိုးတိမ်ဂုရုကြီးသည် အမျက်တချောင်းချောင်း ထွက်နေသည့်တိုင် သူ့ကိုယ်သူ ထိန်းလိုက်နိုင်ပုံရသည်။ သူက ချက်ချင်း လက်နှစ်ဖက်ယှက်၍ နေရာရွှေ့ပြောင်းခြင်းမုခ်ဝထဲမှ ထွက်လာသောလူရိပ်များကို အရိုအသေပေးလိုက်သည်။
ဖန်ရှုတောက်က မျက်နှာထားမာမာထန်ထန်ဖြင့် လမ်းလျှောက်ထွက်လာသည်။
မိုးတိမ်ဂုရုကြီးသည် အေးစက်စက် ရယ်ရင်း သူ၏အသံကြီးကို ဟိန်းထွက်သွားစေလိုက်၏။ “မိုးတိမ်ဈေးရဲ့ ကျုပ် မိုးတိမ် ဂါဝရပြုပါတယ် စီနီယာရှုတောက်
“ကျုပ်က ဖန်မျိုးနွယ်စုကို တစ်ခါမှ အတိုက်အခံမလုပ်ခဲ့ဖူးသလို၊ နှစ်တိုင်းလည်း နည်းနည်းလေးမှ မတွန့်တိုဘဲ အခွန်မှန်မှန်ဆောင်ခဲ့ပါတယ်။ ခင်ဗျားတို့ မျိုးနွယ်စုက ချမှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း တုံ့ဆိုင်းမခြင်းမရှိဘဲ လိုက်နာခဲ့ပါတယ်။ ကျုပ်က ဖန်မျိုးနွယ်စုကို အမှန်တကယ် လေးစားတာပါ
“တခြားမျိုးနွယ်စုတွေ၊ အင်အားစုတွေ ကျုပ်ကို အဖွဲ့ဝင်အဖြစ် ခေါ်ဖို့ အသည်းအသန်ကြိုးစားခဲ့ကြပေမယ့် ကျုပ် ဘယ်အဖွဲ့ကိုမှ မဝင်ရသေးပါဘူး။ ကျုပ်က ဘယ်ဂိုဏ်း၊ ဘယ်အင်အားစုကိုမဆို အမြဲလေးစားခဲ့ပါတယ်။ ဖန်မျိုးနွယ်စုနဲ့ပတ်သက်ရင် ပိုလို့တောင် လေးစားပါသေးတယ်ခင်ဗျာ
“ဒါမဲ့ အဲဒါတွေအားလုံးအတွက် ကျုပ် ဘာကို ပြန်ရလိုက်သလဲ။ ကျုပ်ညီဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့အပြင် ကျုပ်တပည့်တွေလည်း မညှာမတာ သတ်ခံခဲ့ရတယ်။ အဲဒါတွေအားလုံးက လုယက်ခိုးယူခြင်းကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတဲ့ ဈေးစည်းမျဉ်းတွေကို လူတစ်ယောက် လျစ်လျူရှုခဲ့လို့ ဖြစ်လာတာပါ
“အဲဒီလိုအရှက်ခွဲမှုရဲ့ အဓိပ္ပါယ်က ဘာများဖြစ်မလဲ။ စီနီယာရှုတောက် ဖန်မျိုးနွယ်စုက .... မိုးတိမ်ဈေးကို တကယ်ပဲ အပြတ်ရှင်းပစ်ချင်နေတာလား။ စောစောက ခင်ဗျားတို့အိမ်ရှေ့မင်းသားကိုယ်တိုင် မိုးတိမ်ဈေးကို ဖန်မျိုးနွယ်ဈေးလို့ ပြောင်းခဲ့တာဆိုတော့
“အဲဒီလိုရန်စခံရတာတောင် ကျုပ် ဘာမှ မလုပ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက ကလေးတစ်ယောက်၊ ဖန်မျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသား။ ပြီးတော့ သူက ကျုပ်ကို တိုက်ခိုက်ခဲ့လို့ ကျုပ်ကျင့်ကြံအဆင့်နဲ့အဆင့်အတန်းအရ သူ့ကို သည်းခံခဲ့တယ်။ သူ့ကို ထိခိုက်အောင် မလုပ်ချင်လို့ နတ်ဘုရားစွမ်းရည်တောင်မသုံးဘဲ မှော်ပစ္စည်းတွေပဲ သုံးခဲ့တာ
“ဒါပေမဲ့ အိမ်ရှေ့မင်းသားက အင်မတန် မောက်မာတင်စီးလွန်းတယ်။ သူက ကျုပ် ဆက်မဆုတ်နိုင်တော့တဲ့အထိ ချောင်ပိတ်ဖို့ အလစ်တိုက်ခဲ့တယ်။ ကျုပ်အနေနဲ့ သူ့ကို အချိန်မရွေး ရှင်းလင်းပစ်နိုင်ပေမယ့် ဖန်မျိုးနွယ်စုနဲ့ ရန်ငြိုးမရှိချင်တာကြောင့် မလုပ်ခဲ့ဘူး
“ဒါပေမဲ့ လူတိုင်းမှာ သည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိပါတယ်။ ကျုပ်လည်း သည်းခံနိုင်စွမ်းကျော်သွားပြီ
“စီနီယာရှုတောက် ကျုပ်ဟာ အဆင့်တက်ဖို့အပြင် ရွေးစရာမရှိတော့တဲ့နေရာအထိ ဖိအားပေးခံခဲ့ရပါပြီ။ အောင်မြင်ရင် တာအိုနယ်ပယ်ရောက်မယ်။ ရှုံးနိမ့်ရင်တော့ တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်ပေါ့လေ။ ဒါကြောင့် ကျုပ် ဖန်မျိုးနွယ်စုစိတ်ကွက်အောင် ဘာအတိုက်အခံများ လုပ်ခဲ့မိလဲ သိချင်မိပါတယ်။ ဘာကြောင့် ကျုပ်ကို ... သုတ်သင်ပစ်ချင်တာလဲ
“မိုးတိမ်ဈေးက သေးတယ်ထင်ရပေမယ့် ကျုပ်တို့က သူငယ်နှပ်စားလေးတွေ မဟုတ်ပါဘူး။ စီနီယာ ကျေးဇူးပြုပြီး တရားမျှတအောင် စီရင်ပေးပါ”