အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်
Vol. 77 Ch. 1081
အခန်း (၁၀၈၁) အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်
ချန်မင်ယင်းကိုနှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲသည်လည်း ပိုးသားဧကရာဇ် ၊ မန်ဝမ်တို့နှင့်အတူ အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အထက်ဘုံကမ္ဘာသို့ ပြန်လာခဲ့သည်။
နေသူတော်စင်ဂိုဏ်း ဌာနချုပ်ဟောင်းတည်ရှိရာနေရာ ကောင်းကင်အက်ကွဲကြောင်းကို ဖြတ်ကျော်ပြီး အထက်ဘုံကမ္ဘာ ၊ ဝါဒတောင်အနောက်ဘက် ရေစင်တောင်ထွတ်အောက်သို့ ရောက်ရှိလာကြသည်။
ရန်ကျောက်ကဲက ပိုးသားဧကရာဇ်ကို စူးစိုက်ကြည့်ရင်း...
“ကျွန်တော်တို့ ကျင်းထင်တောင်ကို အရင်သွားကြမလား”
သူက ဆက်ပြောသည်။
“အစ်ကို’ထန်’ နေသူတော်စင်ဂိုဏ်း ပြန်လည်တည်ထောင်မယ်ဆိုရင် အရှေ့တောင်ထိပ်တန်းအရှင်သခင်ရဲ့ ပံ့ပိုးကူညီမှု လိုအပ်မှာပဲ မဟုတ်လား”
ထိုစကားကြားတော့ ပိုးသားဧကရာဇ်က ပြုံးလိုက်ရင်း...
“အမှန်ပဲ... ငါလည်း တာအိုရောင်းရင်း’ချောင်’ ကို မတွေ့ရတာ ကြာနေပြီ”
ထို့နောက် သူတို့ ချက်ချင်းပင် ကျင်းထင်တောင်သို့ ထွက်ခွာလာခဲ့ကြသည်။
လမ်းခရီးတွင် ရန်ကျောက်ကဲက သတင်းအချက်အလက်လမ်းကြောင်းများမှတစ်ဆင့် အထက်ဘုံကမ္ဘာ နောက်ဆုံးသတင်းများကို ရရှိခဲ့သည်။
သတင်းများက အကောင်းအဆိုး ရောထွေးနေသည်။
အဆိုးဆုံးသတင်းမှာ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က အပြည့်အဝ တံခါးပိတ်ကျင့်ကြံနေပြီး ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်နေခြင်း ဖြစ်သည်။
နန်ကောင်းတောင်ထွတ် ၊ ချီလင်ကမ်းပါးမှ ဝမ်ကျန်းချန်နှင့် လီကျွင်းရှင်းရော ၊ မြောက်ပိုင်းကုန်းမြင့်တောင်ထွတ် ၊ ကျောက်စိမ်းကျောက်ဆောင်မှ ဝမ်ဖူတို့အားလုံးရော ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သို့မှ မတတ်နိုင်ခဲ့ကြပေ။
မိန်းမပျိုဧကရာဇ် ကျဲ့မင်ခုန်ကတော့ သူမနှင့်မသက်ဆိုင်သော ကိစ္စများတွင် ဘယ်တုန်းကမှ ဝင်ပါလေ့ မရှိပေ။
ချင်းယွမ်ဧကရာဇ်နှင့် ပိုးသားဧကရာဇ်ကတော့ နဂိုကပင် ကောင်းမွန်သောဆက်ဆံရေး မရှိကြပေ။ ယခုပြဿနာတွင် ချင်းယွမ်ဧကရာဇ် ဝင်ပါမည်ဆိုပါက ပိုးသားဧကရာဇ်၏တုံ့ပြန်မှုကို ခန့်မှန်းရခက်စေပေမည်။
အခန့်မသင့်ပါက အစစ်အမှန်နတ်ဘုရားများကြား တိုက်ပွဲများပင် ဖြစ်ပေါ်လာနိုင်သည်။
ဟုတ်ပေ၏။
သတင်းကောင်းလည်း ရှိခဲ့သည်ပင်။
ပိုးသားဧကရာဇ် ၊ ချင်းယွမ်ဧကရာဇ်တို့ကဲ့သို့ပင် နာမည်ကျော်ကြားသော “အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်” မကြာသေးမီကပင် ပြင်ပဗလာနယ်ထဲမှ အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာသည်ဆိုသော သတင်းဖြစ်သည်။
အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ် ‘လီကျွင်း’ ကို လွှမ်းခြုံဧကရာဇ်ဟုလည်း ခေါ်ကြသည်။
သူက အုပ်စိုးရှင် (၅)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး ထူးခြားသော တန်ခိုးစွမ်းအားများ ပိုင်ဆိုင်သူလည်း ဖြစ်သည်ပင်။
သူက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ ခွန်လွန်တောင် ၊ သံသရာတောင်ကုန်းမှ အသင်္ချေပုံရိပ်ဂူ၏ အရှင်သခင်လည်း ဖြစ်သည်။
သူက ပိုးသားဧကရာဇ် ‘ဖုယွင်ချီ’ နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့အကြား တိုက်ပွဲတွင် ဖြန်ဖြေသူဖြစ်သလို သက်သေလိုက်ပေးသူလည်း ဖြစ်သည်။
သူ၏သက်သေဖြင့်ပင် ပိုးသားဧကရာဇ်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် ဗလာနယ်အာကာသထဲတွင် တိုက်ခိုက်ရန် ချိန်းဆိုနိုင်ခဲ့ခြင်း ဖြစ်၏။
သို့သော် တကယ်တမ်းတိုက်ပွဲဖြစ်ပွားရာနေ့တွင် အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်မှာ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ရောက်မလာနိုင်ဘဲ ပြင်ပဗလာနယ်ထဲသို့ ထွက်ခွာသွားခဲ့ရသဖြင့် မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ သည်သာ တိုက်ပွဲအတွက် သက်သေအဖြစ် ကျန်ရစ်ခဲ့ရသည်။
နောက်ပိုင်းနှစ်များတစ်လျှောက် လွှမ်းခြုံဧကရာဇ်က အထက်ဘုံကမ္ဘာသို့ ပြန်မလာဘဲ တိဟွမ်မြေကမ္ဘာဧကရာဇ် ၊ ကျန့်ဟွမ်ဓားဧကရာဇ်တို့ကဲ့သို့ အခြားသူများနှင့်အတူ ပြင်ပဗလာနယ်ထဲတွင်သာ ဆက်တိုက်ဆိုသလို ရှိနေခဲ့သည်။
ယခု သူ ပြန်ရောက်သည်မှာ ခဏမျှသာ ရှိသေးသည်။
သူ ရောက်ရောက်ချင်း သံသရာတောင်ကုန်း ၊ အသင်္ချေပုံရိပ်ဂူရှိ သူ၏တာအိုနန်းတော်သို့ပင် ပြန်မရောက်သေးခင်ပိုးသားဧကရာဇ် ကျင့်ကြံခြင်းသွေဖယ်သွားသည့်သတင်းအား ကြားလိုက်ရသည်။
တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ ကြယ်စင်ရောင်ပြန်ရေကန်တွင် အကြောင်းပြချက်မရှိဘဲ ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ ဆိုသော အမည်ကို ပိုးသားဧကရာဇ်က ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုပြဿနာကို ရန်ကျောက်ကဲက ဖြေရှင်းပေးခဲ့သည့်တိုင် ပိုးသားဧကရာဇ်၏တပည့်ရင်း ဟယ်ရှီးရှင်နှင့် မြေကမ္ဘာထိပ်တန်းအရှင်သခင်၏တပည့် လီကျွင်းရှင်းတို့နှစ်ယောက် ခံစားခဲ့ကြရသည်။
ရန်ကျောက်ကဲလည်း အလားတူပင် ခံစားရမည်ဟု အတော်များများက ယုံကြည်ထားကြသည်။
ရန်ကျောက်ကဲနှင့် ပိုးသားဧကရာဇ်တို့ နှစ်ယောက်လုံး ကျင်းထင်တောင်သို့သွားကြသည်ဟု သတင်းရပြီးနောက် လွှမ်းခြုံဧကရာဇ်သည်လည်း ထိုနေရာသို့ လိုက်လာခဲ့သည်။
ရန်ကျောက်ကဲသည်လည်း လွှမ်းခြုံဧကရာဇ် ‘လီကျွင်း’ အကြောင်း ကြားဖူးနေသည်မှာ ကြာပြီ ဖြစ်သည်။ ယခုတော့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံရပေပြီ။
လွှမ်းခြုံဧကရာဇ်က အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ငယ်ရွယ်နုပျိုသောမျက်နှာပိုင် ပိုင်ဆိုင်သည်။ သို့သော် ဆံပင်များကတော့ နှင်းပွင့်ပမာ ဖြူဖွေးနေပြီး သူက ထိုဆံပင်များကို သပ်ရပ်စွာ ဖြီးသင်ထားသည်။
မတ်တတ်ရပ်နေသော သူ၏အသွင်က ကမ္ဘာမြေကြီးနှင့်တစ်သားတည်းကျနေသည့်အလား ဖြစ်ပြီး သူ၏လှုပ်ရှားမှုတိုင်းက တာအိုတရားနှင့် ထပ်တူကျနေသည်။
ရန်ကျောက်ကဲက ပြုံးရင်း နှုတ်ခွန်းဆက်သလိုက်၏။
“ကျွန်တော် ရန်ကျောက်ကဲ... လွှမ်းခြုံဧကရာဇ်ကို ဂါရဝပြုပါတယ်”
ရန်ကျောက်ကဲကိုကြည့်ရင်း လွှမ်းခြုံဧကရာဇ်က ခေါင်းတစ်ချက်ညိတ်လိုက်သည်။
“တကယ့်ကို လူငယ်သူရဲကောင်းတစ်ယောက်ပဲ ၊ ရွှေစင်ထက်ယံအရှင်သခင်ရဲ့ မျိုးဆက်မှာ မင်းလိုလူတစ်ယောက်ထွက်ပေါ်လာတာ တာအိုဝါဒအတွက် တကယ်ကံကောင်းတာပဲ”
ထိုစကားကိုပြောသည့်တိုင် လွှမ်းခြုံဧကရာဇ်၏မျက်ဝန်းထဲတွင် စိတ်မကောင်းရိပ်အချို့ ထင်ဟပ်သွားသည်ကိုတွေ့မြင်လိုက်ရသဖြင့် ရန်ကျောက်ကဲ ပြုံးလိုက်မိသည်။
“လွှမ်းခြုံဧကရာဇ်က ချီးကျူးလွန်းနေပါပြီ”
ရန်ကျောက်ကဲနှင့် ချောင်ကျယ်ကို နှုတ်ဆက်ပြီးနောက် လွှမ်းခြုံဧကရာဇ်၏မျက်ဝန်းများက ပိုးသားဧကရာဇ်ထံသို့ ကျရောက်သွားသည်။
ပိုးသားဧကရာဇ်က လန်းဆန်းသောနွေဦးလေပြေပမာ ဖော်ရွေသော အမူအရာဖြင့်...
“တာအိုရောင်းရင်းကို ထပ်ပြီး အနှောက်အယှက်ပေးရတာ အားနာလိုက်တာ...”
လွှမ်းခြုံဧကရာဇ်က သက်ပြင်းချရင်း...
“အစကတည်းက အဲဒီလမ်းကိုမလျှောက်ဖို့ ငါ အကြံပေးခဲ့ပါတယ် ၊ မင်းသာ ငါ့စကားနားထောင်ခဲ့မယ်ဆိုရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး”
ပိုးသားဧကရာဇ်က ပြုံးလိုက်ရင်း...
“ဖြစ်ဖို့ကံပါရင် ဖြစ်မှာပဲပေါ့ ၊ နှစ်ပေါင်းထောင်ချီ အေးအေးဆေးဆေး နေခဲ့ပြီးတဲ့နောက် အခုတော့ ဒီကပ်ဘေးကြီး ကျရောက်လာခဲ့ပြီ”
သူက ဆက်ပြောသည်။
“ဘာပဲဖြစ်ဖြစ် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကိုတော့ ရင်ဆိုင်နိုင်ခဲ့တယ်လေ”
လွှမ်းခြုံဧကရာဇ်က
“ဒုက္ခအဟောင်းရှင်းပြီးတော့ ဒုက္ခအသစ်တစ်ခု ထပ်ရောက်တာပေါ့ ၊ မင်း အခု ရင်ဆိုင်နေရတဲ့ စမ်းသပ်မှုက လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး”
ခဏလောက်စဉ်းစားပြီး ပိုးသားဧကရာဇ်မျက်နှာထက်မှ အပြုံးရိပ် ပျောက်ကွယ်သွားသည်။
“အမှန်ပဲ...”
ထို့နောက် သူက လွှမ်းခြုံဧကရာဇ်ကို ကြည့်ရင်း...
“အခု ဒီကိုရောက်လာပြီဆိုတော့... တာအိုရောင်းရင်းက ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ဖို့ ရည်ရွယ်ထားသလဲ”
လွှမ်းခြုံဧကရာဇ်က မျက်မှောင်ကြုံ့ရင်း...
“ကြယ်စင်ရောင်ပြန်ရေကန်မှာ ဖြစ်ခဲ့တာမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်ခွင့် မပြုနိုင်ဘူး”
ပိုးသားဧကရာဇ်က ခေါင်းကိုအနည်းငယ်မော့ရင်း ညည်းတွားလိုက်သည်။
“ငါ ဘာလုပ်ရမလဲ... အခု ငါ့ကိုယ်ငါတောင် ဘာမှန်း မသေချာတော့ဘူး”
သူ၏စကားများကိုကြားတော့ ရန်ကျောက်ကဲ ၊ ချောင်ကျယ်နှင့် အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်တို့အားလုံး မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားကြသည်။
ပိုးသားဧကရာဇ်၏ စကားများက အမှန်တကယ်ဖြစ်ကြောင်း သူတို့ သိရှိသည်ပင်။
ခဏကြာမှ ပိုးသားဧကရာဇ်က သတိပြန်ဝင်လာပြီး...
“ငါ့သမီးမှာ သူငယ်ချင်းတစ်ယောက်ရှိတယ် ၊ သူက မြောက်ဖျားဒေသက တံခါးတစ်ခုထဲကိုဝင်ပြီး ပြင်ပဗလာနယ်ထဲကိုထွက်သွားတာ... ပြန်မလာတာ အတော်ကြာနေပြီ ၊ သမီးကလည်း သူ့ကိုမတွေ့ရတာကြာတော့ အတော်လေး သတိရနေတာ”
သူက ဆက်ပြောသည်။
“သမီးနဲ့အတူ မြောက်ဖျားဒေသကိုသွားပြီး သူ့သူငယ်ချင်းကို ရှာပေးရမယ်...”
“သမီးက ငါနဲ့ကွဲကွာနေတာ နှစ်အတော်ကြာပြီ ၊ သူ့အတွက် ဖခင်တစ်ယောက်တာဝန် မကျေပွန်သလို ခံစားရတယ် ၊ တွေးမိတိုင်းလည်း အပြစ်ရှိသလို ခံစားရတယ်”
ထို့နောက် သူက မန်ဝမ်ကို သိမ်မွေ့သည့်မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
“ဝမ်အာက ဉာဏ်ကောင်းပြီး ငါ့ကိုလည်း နှစ်သိမ့်ပေးနိုင်စွမ်းရှိတယ် ၊ သူ ဖြစ်ချင်တဲ့ဆန္ဒရယ်လို့လည်း များများစားစား မရှိပါဘူး ၊ ဒီတော့ ဖခင်တစ်ယောက်အနေနဲ့ သူ့အတွက် အကောင်းဆုံး လုပ်ဆောင်ပေးရမှာပေါ့”
အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်က တည်ငြိမ်သည့်မျက်ဝန်းများဖြင့် မန်ဝမ်ကို တိတ်တဆိတ် စူးစိုက်ကြည့်လိုက်သည်။
ထို့နောက် သူက ပိုးသားဧကရာဇ်ကိုလှမ်းကြည့်ရင်း ဖြည်းညင်းသည့် လေသံဖြင့်...
“မြောက်ဖျားမှာ ပြင်ပဗလာနယ်ထဲကိုဦးတည်နေတဲ့ လမ်းကြောင်းတချို့ရှိတယ် ၊ အဲဒီထဲမှာ ငရဲကိုးထပ်နဲ့ပတ်သက်နေတဲ့ လမ်းကြောင်းတွေလည်းပါဝင်တယ်”
ပိုးသားဧကရာဇ်က...
“ဟုတ်တယ်... သမီးလေးကလည်း အဲဒါကိုပဲ စိုးရိမ်နေတာ ၊ ဒါပေမဲ့ အဲဒီလမ်းကြောင်းတွေက အနည်းစုပဲ ရှိတာပါလေ”
အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်က...
“မင်းတို့သားအဖနဲ့အတူ ငါလိုက်ခဲ့မယ်ဆိုရင် စိတ်မရှိဘူး မဟုတ်လား”
ငရဲကိုးထပ်နှင့် ပတ်သက်နေသည့်ကိစ္စတစ်ခုကို လွှမ်းခြုံဧကရာဇ်က ပေါ့ပေါ့ဆဆ သဘောထားမည် မဟုတ်ပေ။
လောလောဆယ်တွင် ပိုးသားဧကရာဇ်က သာမန်ပုံစံ စကားပြောနေပြီး ပုံမှန်အတိုင်းဖြစ်သည်ဟု အပြည့်အဝ ထင်မှတ်ရသော်လည်း ဘယ်အချက်ထဖောက်မည်ကို မည်သူမှ မသိနိုင်ပေ။
ကြယ်စင်ရောင်ပြန်ရေကန်တွင် ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ နာမည်ကို ထုတ်ဖော်ပြောလိုက်ကတည်းက ပိုးသားဧကရာဇ်က ကြီးမားသည့်ရန်သူတစ်ယောက်နှင့်ဆင်တူကြောင်း လူတိုင်းခံစားသိရှိကြသည်။
ပိုးသားဧကရာဇ်က...
“ဘာမှမဖြစ်ပါဘူး... မင်းကို ဒုက္ခပေးရတာကိုပဲ စိတ်မသက်မသာ ဖြစ်မိတာပါ”
ထို့နောက် ပိုးသားဧကရာဇ်က ရန်ကျောက်ကဲကိုကြည့်ကာ ပြုံးလိုက်ရင်း...
“ပြီးတော့ ... ဝမ်အာရဲ့သူငယ်ချင်းက တခြားသူမဟုတ်ဘူး ၊ မိတ်ဆွေလေး’ရန်’ ရဲ့ ဇနီးပဲ”
အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်က မျက်ခုံးတစ်ချက်ပင့်ရင်း...
“အိုး ဟုတ်လား... ဒါဖြင့် မိတ်ဆွေလေး’ရန်’ လည်း ဒီခရီးကို အတူတူလိုက်ခဲ့မှာပေါ့”
ရန်ကျောက်ကဲက ပြုံးရင်း...
“ကျွန်တော့်ဇနီးနဲ့မတွေ့ရတာလည်း နှစ်ပေါင်းကြာနေပြီဆိုတော့ အတော်လေး သတိရနေမိပါပြီ ၊ ဧကရာဇ်နှစ်ပါးက သူ့ကိုရှာဖွေဖို့ ကူညီပေးမယ်ဆိုတာ ရှားပါးအခွင့်အရေးပါပဲ ၊ ဒီတော့ ကျွန်တော်လည်း လိုက်ခဲ့ချင်ပါတယ် ၊ လွှမ်းခြုံဧကရာဇ် ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်”
လွှမ်းခြုံဧကရာဇ်က ရန်ကျောက်ကဲကို လေးလေးနက်နက်အကဲခတ်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ...”
ပိုးသားဧကရာဇ်က ချောင်ကျယ်ကို ကြည့်လိုက်ရင်း...
“ဒါဖြင့် ငါတို့ခရီးထွက်တော့မယ် ၊ ကျေးဇူးပြုပြီး အထက်ဘုံကမ္ဘာမှာ နေသူတော်စင်ဂိုဏ်း ပြန်လည်တည်ထောင်ဖို့ တာအိုရောင်းရင်း’ချောင်’ က ကူညီပေးစေချင်ပါတယ်”
ချောင်ကျယ်၏မျက်ဝန်းများထဲတွင် စိုးရိမ်မှုအရိပ်အယောင်များ ယှက်သမ်းနေသည့်တိုင် သူက တည်ငြိမ်စွာဖြင့်...
“စိတ်ချပါ...”
ဟု ပြောလိုက်လေသည်။
ထို့နောက် သူတို့အုပ်စု ချက်ချင်းပင် ကျင်းထင်တောင်မှ ထွက်ခွာလာခဲ့သည်။
အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်ကိုဖြတ်သန်းကာ မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်သို့ ဦးတည်ထွက်ခွာလာကြသည်။
သို့သော် ပိုးသားဧကရာဇ်က ခွန်လွန်တောင်တွင် လုံးဝမရပ်နားခဲ့သလို မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးသို့လည်း မပြန်ခဲ့ပေ။
တောင်ပေါ်တွင်ကျန်ခဲ့သော သူ၏ အခြားသောသမီးတော် ‘ဖုထင်’ အကြောင်း လုံးဝ မေ့လျော့နေဟန် ရှိသည်။
ရန်ကျောက်ကဲနှင့် လွှမ်းခြုံဧကရာဇ်တို့ကလည်း ထိုကိစ္စကို အစမဖော်ခဲ့ကြပေ။
***
Note –
ဧကရာဇ် (၃)ပါး
တိဟွမ်မြေကမ္ဘာဧကရာဇ် (မြေကမ္ဘာထက်ယံအရှင်သခင်)
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် (လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်)
ကျန့်ဟွမ်ဓားဧကရာဇ် (ယွဲ့ကျန့်ပေ) (ရွှေစင်ထက်ယံအရှင်သခင် ‘ရန်ရှင်းထန်’ ၏တပည့်)
အုပ်စိုးရှင် (၅)ပါး
မိန်းမပျိုဧကရာဇ် ‘ကျဲ့မင်ခုန်’ (နက်ရှိုင်းရေခဲဧကရီ)
ချင်းယွမ်ဧကရာဇ် (ချန်းဧကရာဇ်)
ပိုးသားဧကရာဇ် ‘ဖုယွင်ချီ’
အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ် ‘လီကျွင်း’ (လွှမ်းခြုံဧကရာဇ်)
ဖယောင်းနေခြည်ဧကရာဇ်