ဟင်းလျာများ
Vol. 8 Ch. 25
နည်းနည်းစိတ်တည်ငြိမ်လာပြီးတဲ့နောက်တော့ မက်ဒါနာက သက်ပြင်းချလိုက်ပြီး အိမ်စေပစ်ထုတ်တာခံရတဲ့ စားဖိုမှူးကို ကြည့်လိုက်တယ်။ အဲဒီစားဖိုမှူးက လူအုပ်ကြားထဲမှာ ရောယောင်ရပ်နေရင်းကနေ သူတို့ကို ဝမ်းသာအားရနဲ့ကြည့်တာပါ။ သူ့အကြည့်တွေထဲမှာ မနာလိုမှုနဲ့မုန်းတီးမှုကို အတူတကွတွေ့မြင်နိုင်တယ်။
“ရှင်က တကယ်ပဲ ရှင့်တပည့်တစ်ယောက်အတွက်နဲ့ အေမီကို စိန်ခေါ်ဖို့ကြိုးစားနေတာလား။”
စားဖိုမှူးတစ်ယောက်ရဲ့မာနကို မက်ဒါနာနားလည်ပါတယ်။ ဒါပေမဲ့ အေမီကို စားဖိုမှူးရေမီအနေနဲ့ ရင်ဆိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အေမီက လုပ်ငန်းခွင်သုံး ဉာဏ်ရည်တုမော်ဒယ်မဟုတ်ဘဲ ကိုယ်ပိုင်သိစိတ်ရှိတဲ့ ဘက်စုံသုံးဉာဏ်ရည်တုပါ။
“စားဖိုမှူးတစ်ယောက်ကိုစော်ကားတာ ကမ္ဘာပေါ်က စားဖိုမှူးအားလုံးကို စော်ကားလိုက်တာနဲ့ အတူတူပဲ။”
စားဖိုမှူးရေမီက အေမီကိုဓားနဲ့ရွယ်ပြီးတော့ ပြောတယ်။ မက်ဒါနာက သက်ပြင်းချလိုက်ပြီး စားပွဲကနေ ထလိုက်တယ်။ အဲဒီနောက် စားဖိုမှူးရေမီနဲ့အေမီကြားမှာ ရပ်လိုက်ပြီးတော့
“တစ်ခုလောက် တောင်းဆိုလို့ရမလား။” မက်ဒါနာရဲ့စကားကိုကြားတော့ ရေမီက မျက်ခုံးပင့်လိုက်တယ်။ မက်ဒါနာကတော့ ရေမီရဲ့ခွင့်ပြုချက်ကိုမစောင့်ဘဲ အခုလိုပြောလိုက်ပါပြီ။
“ဒီကိစ္စက ကျွန်မအိမ်စေနဲ့ဟိုစားဖိုမှူးကိစ္စမလို့ သူတို့ချင်း ရှင်းသင့်တယ်မဟုတ်လား။ ဒီလိုမဟုတ်ဘဲ ရှင်က ကျွန်မအိမ်စေကို စိန်ခေါ်ချင်တယ်ဆိုရင် တန်းမတူတော့ဘူးမဟုတ်လား။ အေမီကို ကျွန်မထွင်ခဲ့တာမလို့ ကျွန်မက သူ့ရဲ့ဆရာပဲလေ။ ဒီတော့ ဆရာချင်း ပညာပြိုင်တာ ပိုမဖြစ်သင့်ဘူးလား။”
မက်ဒါနာက ယုံကြည်ချက်အပြည့်နဲ့ အခုလိုပြောခဲ့တာဖြစ်လို့ စားဖိုမှူးရေမီက မက်ဒါနာကိုတည်တံ့တဲ့ အကြည့်နဲ့သေချာကြည့်လိုက်ပါပြီ။ မီဒီယာတွေနဲ့ ပွဲကြည့်ပရိသတ်တွေလည်း ပွဲဆူကုန်ကြတယ်။
“သာမန်မိန်းကလေးတစ်ယောက်က စားဖိုမှူးကြီးရေမီကို စိန်ခေါ်ရဲတာလား။ ဒါပေမဲ့ သူက စားဖိုမှူးမဟုတ်လောက်ဘူးမလား။”
“ဒါတမင်သက်သက် သေလမ်းရှာတာပဲ။” အကုန်လုံး
ဆူညံ့နေချိန်မှာ စားဖိုမှူးကြီးရေမီက မေးကိုပွတ်ပြီး သေချာပြန်စဥ်းစားကြည့်တယ်။ နောက်တော့ မက်ဒါနာကို ကြည့်လိုက်ပြီး
“မင်းပြောတာ သဘာဝကျတယ်။ ဒါပေမဲ့ မင်းက စားဖိုမှူးမလို့လား။”
မက်ဒါနာကတော့ ရေမီပြောတာကို ဂရုမစိုက်တော့ဘဲ စားဖိုချောင်ထဲဝင် သားလှီးဓားတစ်ချောင်းကိုကိုင်ပြီး ပြန်ထွက်လာပါတယ်။ “ကျွန်မမှာ ထပ်ပြီးတောင်းဆိုစရာတစ်ခုရှိသေးတယ်။”
“ပြောပါမိန်းကလေး။”
“ကျွန်မနိုင်ခဲ့ရင် ရှင့်ရဲ့စားဖိုမှူးအလုပ်ကို လက်လျှော့ဖို့မလိုဘူး။ အဲဒီအစား...” မက်ဒါနာက သားလှီးဓားနဲ့ လူအုပ်ထဲပုန်းနေတဲ့ ရေကစားကွင်းစားဖိုမှူးကို ညွန်ပြ
လိုက်လေရဲ့။
“ရှင့်တပည့်ကို ဟင်းချက်ခွင့်ပိတ်ပင်ရမယ်။” မက်ဒါနာကြောင့် ရေမီက ရေကစားကွင်းစားဖိုမှူးကို ပြန်ကြည့်လိုက်တယ်။ အဲဒီနောက် သူ့မျက်လုံးထဲက ရူးသွပ်မှုတချို့ ပြန်လျှော့ပါးသက်သာသွားတယ်။ ဆင်ခြင်တုံ့တရား နည်းနည်းပြန်ရောက်လာတဲ့ပုံပဲ။
“မိန်းကလေး၊ မင်းအိမ်စေက သူ့ကိုနှင်ထုတ်မှဖြစ်မယ့် အကြောင်းအရင်းတစ်ခုခုများ ရှိနေတာလား။”
ရေမီက မေးလိုက်ပေမဲ့ မက်ဒါနာက ချက်ချင်းပြန်ဖြေမယ့်မပေါ်ဘဲ ဓားကိုသာ ကျွမ်းကျင်စွာလှည့်ကစားလိုက်ပြီး ပြောလိုက်ပါတယ်။
“စိတ်ကြိုက်ချက်ဖို့အတွက် ဟင်းအမယ်တွေယူလာတယ်မဟုတ်လား။”
“ဒါပေါ့။” ရေမီက အချက်ပြလိုက်တော့ သူ့တပည့်တွေက ဟင်းသီးဟင်းရွက်တွေ၊ အသားငါးတွေနဲ့ ရွေ့လျားမီးဖိုချောင်လေးနှစ်ခုကို ထုတ်လာကြတယ်။ မက်ဒါနာနဲ့ရေမီတို့က တစ်နေရာစီဝင်ပြီး နေရာယူလိုက်တယ်။
မက်ဒါနာက ဆန်တချို့ကို ခပ်ယူလိုက်ပြီး ရေစိမ်ကာ ထမင်းပေါင်းအိုးထဲထည့်လိုက်တယ်။ အဲဒီနောက် အလုံးလှလှ ဂေါ်ဘီထုပ်ကြီးတွေကို ရွေးပြီး ညီညီညာညာစလှီးပါတယ်။ ရေမီကတော့ မက်ဒါနာလုပ်နေတာတွေကို ကြည့်ပြီး နှာတစ်ချက်မှုတ်လိုက်တယ်။ မက်ဒါနာက ဓားကိုင်တာကျွမ်းတယ်ဆိုပေမဲ့ စားဖိုမှူးတစ်ယောက်ရဲ့လှုပ်ရှားတဲ့ပုံစံမျိုးနဲ့ကိုင်နေတာမဟုတ်မှန်း သူအတတ်ပြောနိုင်တယ်။ ဒီအတိုင်း ကိုယ့်ကိုယ်ကိုယ်ခုခံဖို့သင်ထားတဲ့ ဓားသိုင်းတစ်မျိုးဖြစ်ပုံပဲလို့ သူကောက်ချက်ချလိုက်တယ်။
အဲဒီနောက် သူက ကဏန်းတွေကို ရေခဲပုံးထဲကနေ ထုတ်လိုက်ပြီး ပင်လယ်စာဟင်းလျာချက်ကိုစပြင်ပါတယ်။ စားဖိုမှူးကြီးက လက်အိတ်ဝတ်လိုက်ပြီးတော့
ကဏန်းအသားစထုပ်ဖို့ပြင်တယ်။ ပထမဆုံး လူ့လက်ဖဝါးလောက်အရွယ်ရှိတဲ့ ကဏန်းရဲ့လက်မနှစ်ချောင်းကို ဆွဲနှုတ်လိုက်ပြီးတော့ ကဏန်းခွံနွှာဖို့လုပ်ထားတဲ့ ဓားမြှောင်အသေးလေးနဲ့ အခွံမာကိုကလပ်ဖွင့်တယ်။ မကြာခင်မှာပဲ ကဏန်းက နှစ်ပိုင်းကွဲသွားပြီးတော့ အထဲက ကဏန်းအသားဖြူဖြူကို စမြင်ရပါတယ်။ စားဖိုမှူးကြီးက ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကဏန်းကိုင်နေတာကို ကင်မရာမန်းက စရိုက်ပြတယ်။ နေရာမှာရှိနေတဲ့ ပရိသတ်တွေရော တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့ ကျွမ်းကျင်သူတွေပါ လေးစားအားကျတဲ့ အကြည့်တွေနဲ့ ကြည့်နေကြပါတယ်။
“မြန်လိုက်တာ၊ အခုမှ စက္ကန့်သုံးဆယ်ပဲရှိသေးတာကို ပြီးတော့မှာလား။” စားဖိုမှူးကြီးက ကဏန်းရဲ့လက်တွေခြေတွေကို ထပ်ဖြုတ်လိုက်ပြီးတဲ့နောက် Jumbo Lumpလို့ခေါ်တဲ့ အသားခဲကြီးတွေကိုဆွဲထုတ်ကာ အခွံမာကြားက အသားတွေကိုစခြစ်ယူတယ်။ အခွံမာထဲက အသားတွေကိုထုတ်လိုက်ပြီးတဲ့နောက် အသားခဲကြီးတွေကိုညှစ်လို့ အသားထပ်ယူပြန်တယ်။ နောက်တော့ ကဏန်းလက်သည်းကိုခွဲပြီး လက်သည်းထဲက အသားတွေကိုပါ ထပ်ထုတ်ယူပြန်တယ်။
ဖြောင်း... ဖြောင်း... ဖြောင်း....
ကဏန်းအသားတွေကို ကျွမ်းကျင်စွာထုတ်ယူပြီးတဲ့နောက်မှာတော့ ပရိသတ်တွေဆီကနေ လက်ခုပ်သံ ထွက်ပေါ်လာတယ်။ ပထမတစ်ဆင့်ပြီးသွားပါပြီ။ စားဖိုမှူးကြီးက ကဏန်းအသားတွေကို စတီးဇလုံထဲထည့်လိုက်ပြီး နောက်တစ်ဆင့်ထဖို့ ပြင်ဆင်ပါတယ်။
ကင်မရာမန်းက စားဖိုမှူးကြီးရဲ့ပထမအဆင့်ကိုပြပြီးတဲ့နောက် ပြိုင်ဖက်ဖြစ်တဲ့ မက်ဒါနာဘက်ကိုလှည့်ပြီး
မက်ဒါနာလုပ်နေတာတွေကို ပြန်ပြန်တယ်။
ထောက်... ထောက်... ထောက်...
တစ်ဖက်မှာတော့ မက်ဒါနာက အေးအေးဆေးဆေးရှိနေတုန်း။ ဂေါ်ဖီလှီးလို့ပြီးသွားတော့ မက်ဒါနာက ကြက်သွန်စိမ်းတွေ စလှီးတယ်။ လှီးပြီးတဲ့နောက် ဖန်ခွက်တစ်ခွက်ထဲထည့်ပြီး အသင့်လွှာပြီးသား ဝက်သားပြားတစ်ပြားကို သေးသေးလေးတွေစလှီးပြန်တယ်။ ဟင်းအမယ်တွေတစ်ခုပြီးတစ်ခု လှီးနေပြီး တစ်ကိုယ်တည်းအလုပ်လှုပ်နေတဲ့ မက်ဒါနာနားမှာ ဓားနဲ့စင်းလှီးတုံးထိတဲ့အသံတစ်ခုတည်းပဲ ထွက်ပေါ်နေပါတယ်။ မသိရင် မိန်းမလှလေးနဲ့သားလှီးဓားက အသားကျနေသလိုမျိုး။
“......” ကြည့်နေတဲ့သူတွေ ဘာပြောရမှန်းမသိဘူး။ မက်ဒါနာလုပ်ပြနေတာတွေက ဘာမှထူးဆန်းတာ မပါဘူးလေ။ ဒီတော့ ကင်မရာမန်းလည်း မက်ဒါနာကို ပြနေတာရပ်ပြီး စားဖိုမှူးကြီးဘက်ကို ပြန်လှည့်လိုက်တယ်။
“အိုး၊ စားဖိုမှူးကြီးရေမီကလည်း ကြက်သွန်စိမ်းလှီးနေတာလား။” ပရိသတ်တွေက မျက်ခုံးပင့်လိုက်ကြတယ်။ စားဖိုမှူးကြီးကလည်း ကြက်သွန်စွမ်းလှီးနေပြီး သူ့ရဲ့ဓားလှီးချက်တွေက မက်ဒါနာထက်ပိုပြီးတော့ ညင်သာပါတယ်။ စင်းလှီးတုံးနဲ့ဓားတောင် ထိမထိ ဘယ်သူမှမပြောနိုင်ဘူး။ မကြာခင်မှာပဲ စားဖိုမှူးကြီးက ကြက်သွန်စိမ်းလှီးလို့ပြီးသွားပြီး ခုဏက ကဏန်းသားထည့်ထားတဲ့ ဇလုံထဲ အတူရောထည့်လိုက်တယ်။ အဲဒီနောက် ခရမ်ချေ့စ်တုံးတစ်တုံးကိုပါ အတူထည့်လိုက်တယ်။
ဖျက်... ဖျက်....
စားဖိုမှူးကြီးက ကြက်သွန်ဖြူတစ်တက်နှစ်တက်ကို ထုတ်ယူပြီး ဓားပြားနဲ့ရိုက်ချပြီး ပြားလိုက်တယ်။ အဲဒီပြားထားတဲ့ ကြက်သွန်ဖြူတွေကို ဇလုံထဲ ထပ်ထည့်တယ်။ ပဲငံပြာရည်၊ ငါးငံပြာရည်၊ နှမ်းဆီကျက်၊
ငရုတ်ကောင်းမှုန့်နဲ့ဆားတို့ကို ထည့်ပြီးတဲ့နောက်မှာတော့ စားဖိုမှူးကြီးက အရောအနှောကိုစပြီး ခက်ရင်းနဲ့မွှေပါတယ်။ အဆင့်တွေအများကြီးပေမဲ့ သူ့ရဲ့လှုပ်ရှားနေတဲ့ပုံစံက ညင်သာလွန်းတဲ့အတွက်ကြောင့် ဘယ်သူမှအကြည့်မခွာနိုင်ကြဘူး။
စားဖိုမှူးကြီးရေမီနဲ့ယှဥ်လိုက်ရင်တော့ မက်ဒါနာဟင်းချက်နေတဲ့ပုံစံက အထက်တန်းကျောင်းသူတစ်ယောက် အိမ်တွင်းမှုအတန်းမှာ ဟင်းမချက်ချင်ချက်ချင်နဲ့ ချက်နေသလိုဖြစ်နေရော။
စားဖိုမှူးကြီးက နောက်ထပ်တစ်ဆင့်ကို အပြီးသတ်ပြီးပြီဖြစ်လို့ ကင်မရာမန်းက မကောင်းတတ်တဲ့ပုံစံနဲ့ မက်ဒါနာဟင်းချက်နေတဲ့ဘက်ကို ပြန်ပြရတယ်။ သူ့သဘောအတိုင်းသာဆိုရင် စားဖိုမှူးကြီးကိုပဲ အစကနေ အဆုံးအထိရိုက်ချင်တာပါ။ ဒါပေမဲ့ ပြိုင်ပွဲဆိုတော့ ပြိုင်ဖက်ကိုမပြရင် မတရားဘူးဖြစ်နေမှာလေ။
မက်ဒါနာကတော့ ဝက်သားတွေကို အချောင်းသေးသေးလေးတွေဖြစ်အောင် လှီးပြီးသွားပြီဖြစ်ပြီး မီးဖိုထဲကို သံလွင်ဆီနည်းနည်းထည့်ကာ ဆီပူအောင်စောင့်နေတယ်။ ဆူပွက်လာမှ အမဲသားတုံးတွေကို အိုးထဲ ထည့်လိုက်တယ်။ ဆီပေါက်မှန်မှာစိုးလို့ အိုးအဖုံးကြီးကိုဒိုင်းလိုသုံး မျက်နှာကိုကာ နောက်ကိုတောင် ဆုတ်ပြေးသွားသေးတယ်။ ကြည့်နေတဲ့သူတွေ အူတက်ကုန်ရော။
ရှဲ....
အသားနဲ့ဆီပူထိမိတဲ့အသံထွက်လာတယ်။ မက်ဒါနာက ဒယ်အိုးအဖုံးကို မျက်နှာရှေ့ကနေ ဖယ်လိုက်ပြီး ဟင်းအိုးထဲကို တစ်ချက်ချောင်းကြည့်လိုက်တယ်။ အရောင်က တဖြည်းဖြည်းကောင်းလာတာမြင်တော့ တုံ့ဆိုင်းမနေတော့ဘဲ လှီးထားပြီးသား ကြက်သွန်စိမ်းကို ပစ်ထည့်ကာ စားဖိုမှူးကြီးလိုပဲ ဟန်ပါပါနဲ့ ကြက်သွန်ဖြူအတက်နှစ်တက်ကိုထုတ် ဓားပြားနဲ့ရိုက်ချဖို့လုပ်ပေမဲ့။
ဖလွတ်.... ဆိုတဲ့အသံနဲ့အတူ ကြက်သွန်တက်တစ်တက်က စင်းလှီးတုံးပေါ်ကနေ ပျံထွက် ပြိုင်ပွဲကို ပါးစပ်အဟောင်းသားဟပြီး စိတ်ဝင်တစားကြည့်နေတဲ့ နယူးယောက်ဟီးရိုးကျောင်းသားလေး အီဗန်ပါးစပ်ထဲ ဝင်သွားတယ်။
“ဂါး... ဂလူး... သေပါပြီဗျ။” အီဗန်က ကြက်သွန်ဖြူကို ထွေးထုတ်တယ်။ ကင်မရာမန်းကလည်း အဲဒီကြက်သွန်ဖြူလွင့်သွားကတည်းက အီဗန်ဘက်ကို ကြိုမှန်းပြီးချိန်ထားပြီးသား။
ကြက်သွန်ဖြူက သွေးစုပ်ဖုတ်ကောင်အစွမ်းနဲ့ အီဗန်ကိုသေစေတဲ့အထိမဖြစ်စေပေမဲ့ စူးရှတဲ့အဲဒီအနံကို သူမခံနိုင်ဘူး။ အဲဒါကြောင့် ပါးစပ်ထဲကနေ ထွေးထုတ်ပြီးတာနဲ့ မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေနဲ့အတူ ပြိုင်ပွဲကျင်းပရာနေရာကနေ တစ်ခါတည်းပြေးထွက်မိတော့တာ။ ပရိသတ်တွေကတော့ ဗိုက်နှိပ်ရယ်လို့ကို မပြီးတော့ဘူး။
‘သူ့ဘာသာသူ ပါးစပ်ကြီးဟပြီးကြည့်နေတာလေ၊ ငါနဲ့မှမဆိုင်တာ။’ ဒီအတွေးနဲ့အတူ မက်ဒါနာက အဲဒီမြင်ကွင်းကိုကြည့်ရင်း ပခုံးတွန့်လိုက်တယ်။ အဲဒီနောက် အသားတွေကို လိုက်လှန်ရင်း ဂေါ်ဖီထုပ်လှီးပြီးသားတွေကို ထည့်လိုက်တယ်။ သူလည်းနောက်တစ်ဆင့် ပြီးသွားပါပြီ။
ကင်မရာမန်းကတော့ ထုံးစံအတိုင်း သူပြချင်နေတာ ကြာပြီဖြစ်တဲ့ စားဖိုမှူးရေမီဘက်ကို ချက်ချင်းပြန်ပြတော့တာပေါ့။ ရေမီက အသားကို ညက်တဲ့အထိနယ်ပြီးပြီဖြစ်ပြီး ဇလုံကိုပလက်စတစ်နဲ့အုပ်ကာ စားဖိုချောင်ထဲ သယ်သွားပြီး ရေခဲသေတ္တာထဲ ထည့်လိုက်တယ်။ အဲဒီနောက် သူက အားလုံးရှေ့ကိုထွက်လာပြီးပြောပါတယ်။
“ရန်ကုန်ကဏန်းဖက်ထုပ်ကြော်အတွက် အသားဌာပနာ ပြင်ဆင်လို့ပြီးပါပြီ။ နောက်တစ်နာရီလောက်နေမှ ရေခဲသေတ္တာထဲကထုတ်ပြီး ဖက်ထုပ်လုပ်မယ့်အဆင့်ကို စလို့ရမှာပါ။”
ပြိုင်ပွဲကို ကြည့်နေတဲ့သူတွေအားလုံး ခေါင်းညိတ်လိုက်ကြတယ်။ Master Chefလိုတီဗီရှိုးတွေနဲ့မတူတာက သူတို့က တိုက်ရိုက်ချက်ပြုတ်နေတာဖြစ်ပြီးတော့ ပြင်ဆင်ဖို့အချိန်လိုတဲ့အဆင့်တွေကို စောင့်ဖို့လိုပါတယ်။ စားဖိုမှူးကြီးရေမီက မက်ဒါနာဘက်ကို လှည့်ပြီးတော့ မေးပါတယ်။
“ကောင်မလေး၊ မင်းထမင်းကလည်း အဲဒီလောက်ဆိုရင် ကျက်ပြီမဟုတ်လား။”
“အင်း...” မက်ဒါနာက ဂေါ်ဖီထုပ်မီးမကျွမ်းအောင်
ကြော်နေရတာမလို့ ခေါင်းပဲညိတ်ပြလိုက်တယ်။ သူကတော့ ထမင်းကျက်ဖို့ပဲစောင့်စရာလိုတာဖြစ်ပြီး အဓိကဟင်းအမယ်က မစောင့်ဘဲဆက်ချက်လို့ရတဲ့အတွက် ဆက်ချက်နေလိုက်တယ်။ အဓိကကတော့ ငံပြာရည်ထည့်တာနဲ့ ငရုတ်ကောင်းမှုန့်ဖြူးတာပါပဲ။
ဂေါ်ဖီထုပ်တွေ ကောင်းကောင်းကျက်သွားပြီး ညိုလာချိန်မှာတော့ မက်ဒါနာက ဂေါ်ဖီနဲ့ဝက်သားတွေကို အိုးဘေးကပ်အောင်လုပ်လိုက်ပြီး အလယ်မှာအဟလေးချန်ခဲ့ကာ ကြက်ဥလေးတစ်လုံးဖောက်ထည့်လိုက်တယ်။ မကြာခင်မှာပဲ ဟင်းအမွှေးနံလေးပျံလွှင့်လာတယ်။
ရေမီကလည်း ဟင်းအမွှေးနံကိုရှုရင်း ခေါင်းညိတ်လိုက်တယ်။ “ရိုးရှင်းပေမဲ့ ဆိုးတော့မဆိုးဘူးပဲ။”
ကြက်ဥကျက်သွားပြီးတဲ့နောက်မှာတော့ မက်ဒါနာက မီးပိတ်လိုက်ပြီး အိုးအဖုံးကို ပြန်ဖုံးထားလိုက်ပါတယ်။ ဒါမှထမင်းကျက်တဲ့အချိန် ဟင်းပွဲကနွေးနေဦးမှာပါ။
“ကဲ၊ ခနနားကြတာပေါ့။” နှစ်ယောက်လုံး ပြင်ဆင်ချိန်လိုတဲ့ ဟင်းအမယ်တွေကိုစောင့်နေချိန် ရေမီက အနားယူဖို့ဆုံးဖြတ်လိုက်တယ်။ လက်ထောက်ဖြစ်တဲ့ ရက်ဖ်တေးရီးယားက သူ့အတွက်ခုံတစ်လုံးပြင်ပေးထားပြီးသား။ အင်တာဗျူးဖို့စောင့်နေတဲ့ သတင်းထောက်တွေလည်း သူ့ဆီကိုအပြေးအလွှား သွားကြတယ်။ ဒါပေမဲ့ ရက်ဖ်တေးရီးယားနဲ့တပည့်တွေက သူတို့ကို တစ်ယောက်ချင်းစီ အလှည့်ကျဝင်မေးဖို့ တောင်းဆိုတဲ့အတွက် တစ်ယောက်ချင်းစီပဲ လာမေးကြပါတယ်။
“စားဖိုမှူးကြီးရေမီ၊ ဒီနေ့ချက်မယ့် ရန်ကုန်ကဏန်းဖက်ထုပ်ကြော်ရဲ့အကြောင်းလေး မိတ်ဆက်ပေးပါဦး။”
“ရန်ကုန်ကဏန်းဖက်ထုပ်က ၁၉၅၀ ခုနစ်တွေမှာ ဆန်ဖရန်စစ္စကိုမြို့ရဲ့မျက်နှာဖုံးဟင်းလျာဖြစ်ခဲ့တာပေါ့။ Trader Vic’s ဆိုတဲ့ စားသောက်ဆိုင်က ထွင်ခဲ့တာလေ။ သူတို့အဆိုအရ မြန်မာနိုင်ငံ ရန်ကုန်မြို့ကနေရလာတဲ့ ရှေးဟောင်းအာရှဟင်းလျာလို့ပြောပေမဲ့ ဟင်းလျာသမိုင်းပညာရှင်တွေအဆိုရတော့ ရန်ကုန်မှာ ဘယ်တုန်းကမှ အဲဒီလိုဖက်ထုပ်ကြော်မျိုးမရှိဘူးတဲ့။ Trader Vic’s စားသောက်ဆိုင်မှာပဲ တီထွင်ခဲ့တဲ့ စားစရာတစ်မျိုးဖြစ်ပုံပဲ။”
....
“မမလေး၊ ကျွန်မအတွက်နဲ့ ပင်ပန်းသွားပါပြီရှင့်။ ဒါပေမဲ့ ဒီပြိုင်ပွဲကို မမလေးပဲနိုင်မှာစိတ်ချ၊ ကျွန်မ သိပြီးသား။” အေမီက မက်ဒါနာအတွက် ခုံချပေးရင်း ပြောလိုက်တယ်။
“ဒီကောင်မလေးကတော့၊ နင်တစ်ယောက်ပဲ ငါ့ကိုအားပေးမယ့်သူရှိတယ်။” မက်ဒါနာက အေမီရဲ့နှာခေါင်းလေးကို လက်နဲ့ညှစ်လိုက်ရင်း ပြောလိုက်တယ်။ အေမီကတော့ စပ်ဖြဲဖြဲနဲ့ပါ။ မက်ဒါနာပြောတာလည်းမမှားဘူး။ ပွဲခင်းထဲမှာရှိနေတဲ့ ဖရာလီတာတောင်မှ မက်ဒါနာရဲ့ဟင်းအပေါ် အာရုံရောက်မနေဘဲနဲ့ ခုထိအလုံးအထည်မမြင်ရသေးတဲ့ စားဖိုမှူးကြီးရေမီဆီပဲ အာရုံရောက်နေတာ။ နတ်သူငယ်မလေး (လင်ဒါ)တစ်ယောက်ပဲ နည်းနည်းစိတ်ဝင်စားတာ။ သူက မြည်းကြည့်ချင်တယ်ဆိုပဲ ပြိုင်ပွဲကျင်းပတဲ့နေရာဆီလာဖို့လုပ်ပေမဲ့ လင်ဒါ (ဆိုဖီယာ)က သူ့ကိုချီပြီး အတင်းဖက်ထားတာကြောင့် လာလို့မရတော့ဘူး။
....
သူတို့နားတာ နာရီဝက်ရှိသွားပြီ။ အင်တာလာဗျူးတဲ့ သတင်းထောက်တော်တော်များများက စားဖိုမှူးကြီးရေမီကိုပဲ အင်တာဗျူးသွားပြီး မက်ဒါနာဆီကို မလာကြဘူး။ ဒေသမီဒီယာအသေးတချို့ကတော့ မကောင်းတတ်တဲ့ပုံစံနဲ့မက်ဒါနာဆီကို လာမေးကြပါတယ်။
“မစ်ပေါ်လီယာနာ၊ ဒီနေ့ချက်တဲ့ ဟင်းက ဘာဟင်းလဲဟင်။ အိမ်ချက်ဟင်းမှန်း သိပေမဲ့ပေါ့။”
“ဒီအတိုင်း အိမ်မှာကြော်စားနေကျ ကြက်ဥဂေါ်ဖီကြော်လေ။ တခြားဟင်းပွဲတွေ ကျွန်မသိပ်မချက်တတ်ဘူး။ အညွန်းမကြည့်ဘဲ ချက်တတ်တာဆိုလို့ ဒီတစ်ခုပဲရှိတာ။”
“.....”
မက်ဒါနာရဲ့ရိုးသားလွန်းတဲ့အဖြေကြောင့် အင်တာလာဗျူးတဲ့ သတင်းထောက်တွေ မျက်လုံးပြူးကုန်တယ်။ ‘ဒီကောင်မလေးက ဟင်းတစ်မျိုးတည်းပဲ ကောင်းကောင်းချက်တတ်တာကို ဘယ်လိုလုပ်ပြီးတော့ ရေမီလိုဆရာကြီးကို စိန်ခေါ်ရဲတာလဲ’ ဆိုပြီး အကုန်လုံးခေါင်းတွေချာချာလည်ကုန်ပြီ။
မက်ဒါနာကတော့ လက်ကိုပိုက်ထားပြီး ရင်ဘတ်ကို ပိုမို့မောက်လာအောင်လုပ်ရင်း ဘဝင်လေဟပ်နေတဲ့ ပုံစံနဲ့ သူတို့ကိုကြည့်လိုက်တယ်။ ‘နင်တို့အားမပေးတော့ရော ဘာဖြစ်လဲ၊ ငါ့ကိုအားပေးမယ့် အေမီရှိပြီးသား။’ဆိုတဲ့ ပုံစံမျိုး။
....
တစ်နာရီပြည့်ခါနီးတော့ စားဖိုမှူးကြီးရေမီက ငရုတ်ဆော့စစပ်တယ်။ ငရုတ်ဆော့စပ်ပြီးတဲ့နောက်မှာတော့ ဖက်ထုပ်ထုပ်ဖို့အတွက် ဖက်ထုပ်ပြားလေးတွေကို အသင့်စပြင်တယ်။ ဖက်ထုပ်ပြားတွေကို ရေစိုအောင်စွတ်ပြီး အသင့်ဖြစ်တဲ့နောက်မှာ ကဏန်းအသားကိုထုတ်ပြီး သင့်ရုံအလုံးလေးတွေလုံး ဖက်ထုပ်စထုတ်တယ်။ မကြာခင်မှာပဲ ဒါဇင်နဲ့ချီတဲ့ လေးထောင့်ပုံစံ ကဏန်းဖက်ထုပ်လေးတွေရလာပြီ။
နောက်တော့ သူက ဆီပူထဲကို သုံးမိနစ်လောက်ထည့်ကြော်ပါတယ်။ သုံးမိနစ်ပြီးတဲ့နောက်တော့ သင်းပျံတဲ့ မွှေးရနံက ရေကစားကွင်းအနှံပြန့်နှံသွားတယ်။ ရွှေရောင်ဖြစ်နေပြီဖြစ်တဲ့ ချစ်စရာဖက်ထုပ်တွေကို သူက ပြန်ဖယ်လိုက်ပြီး ပန်းကန်ပြားလေးပေါ် လှလှလေးတင်လိုက်တယ်။
တစ်ဖက်မှာလည်း မက်ဒါနာက ကြွေပန်းကန်လုံးတွေထဲ ထမင်းထည့်လိုက်ပြီး အပေါ်ကနေ ဂေါ်ဘီကြော်ကို အုပ်လိုက်တယ်။ စားဖိုမှူးနှစ်ယောက်လုံးက သူတို့ဟင်းပွဲတွေကို စားသုံးသူတွေဆီ ပို့ဆောင်ဖို့ အသင့်ဖြစ်နေပါပြီ။
“ကောင်မလေး၊ မင်းအရင် တည်ခင်းဧည့်ခံမလား၊ ငါအရင်တည်ခင်းဧည့်ခံရမလား။ ဒါမှမဟုတ် ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်ကြမလား။” မက်ဒါနာက ပြိုင်ဖက်တစ်ယောက်ဖြစ်ပေမဲ့ စားဖိုမှူးကြီးရေမီက လေးစားမှုထားပြီးမေးတယ်။
မက်ဒါနာက ဘာလုပ်ရမှန်းမသိတဲ့အတွက် အေမီကို ကြည့်လိုက်တော့ အေမီက အနားကပ်လာကြီးတီးတိုးပြောတယ်။ မက်ဒါနာလည်း ခေါင်းညိတ်လိုက်ပြီးတဲ့နောက် ဆုံးဖြတ်ထားတဲ့လေသံနဲ့ ပြောလိုက်လေရဲ့။
“စားဖိုမှူးကြီး ရှေ့ကနေ အရင်တည်ခင်းပါ။”
“ကောင်းပြီလေ။” စားဖိုမှူးကြီးက ခေါင်းညိတ်လိုက်တယ်။ ရက်ဖ်တေးရီးယားကတော့ လူအုပ်ထဲကနေ လူအယောက်နှစ်ဆယ်ကိုရွေးလိုက်ပြီး ဟင်းအမြည်းစားခိုင်းဖို့ပြင်တယ်။ အဲဒီထဲမှာ မက်ဒါနာတို့အုပ်စု၊ ကျောင်းသားတချို့နဲ့ သတင်းထောက်တွေလဲပါပါတယ်။
လူအုပ်ထဲမှာ နှိမ့်နှိမ့်ချချနေနေတဲ့ ရေကစားကွင်းစားဖိုမှူးကတော့ ကောက်ကျစ်တဲ့အပြုံးမျိုးပြုံးလိုက်တယ်။ “တုံးလိုက်တဲ့ကောင်မလေး၊ ဆရာ့လက်ရာကို တစ်ခါစားဖူးပြီးရင် တခြားသူရဲ့လက်ရာတွေ မတိုးတော့ဘူး။ ဒီကောင်မလေးတွေရဲ့ဟင်းပွဲကို လူတွေလွှင့်မပစ်ရင်တောင် တော်လှပြီ။”
သူ့ကိုစားဖိုချောင်ကနေ လွှင့်ပစ်ခဲ့တဲ့သူတွေရဲ့ကျရှုံးခန်းကို မြင်ရတော့မှာမလို့ အလိုလိုနေရင်း သူတက်ကြွနေတယ်။ စားစရာမြည်းခွင့်ရတဲ့ ပရိသတ်အုပ်ဆီကနေ ဖက်ထုပ်ကြွပ်ကြွပ်လေးကို ဝါးရာကနေ ထွက်လာတဲ့ ဂျွတ်ဂျလပ်ဆိုတဲ့အသံတွေနဲ့ ချီးကျူးသံတွေကိုပဲ ကြားနေရတယ်။ စားခွင့်မရတဲ့သူတွေက စားခွင့်ရသူတွေကို မနာလိုတဲ့အကြည့်တွေနဲ့ ကြည့်နေကြပြီးတော့ စားခွင့်ရသူတွေကလည်း ထပ်စားရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စားဖိုမှူးကြီးကို ကြည့်နေကြတယ်။ ဒါပေမဲ့ စားဖိုမှူးကြီးက သူတို့ကို ဦးညွှတ်လိုက်ပြီး
“ကျုပ်တည်ခင်းဧည့်ခံရမယ့်အလှည့်က ပြီးသွားပါပြီ။ နောက်ပြိုင်ပွဲဝင်ရဲ့ဟင်းပွဲကို အရသာခံပေးကြပါဦး။” မက်ဒါနာနဲ့အေမီက လက်ထဲမှာ ထမင်းပန်ကန်လုံးနဲ့ဂေါ်ဖီကြော်ပါတဲ့ လင်ပန်းတွေကိုကိုင်ပြီး ရှေ့ထွက်လာပါတယ်။ သူတို့အလှည့် ရောက်လာပြီမဟုတ်ပါလား။