← Chapters

အန္တရာယ်ကြီးအား ပထမဆုံးအကြိမ်အဖြစ် ရှောင်လွှဲနိုင်ခဲ့ခြင်း

Vol. 79 Ch. 1097

အန္တရာယ်ကြီးအား ပထမဆုံးအကြိမ်အဖြစ် ရှောင်လွှဲနိုင်ခဲ့ခြင်း

Vol. 79 Ch. 1097

ထို အဖြစ်အပျက်များမှာ မျက်စိတစ်မှိတ်အတွင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။

ဝမ်ပေါင်လဲ့မှာ အနာဂတ်၏ ပုံရိပ်အား ကြည့်ရန် သဘောတူလိုက်စဉ်ကတည်းက သူ့ကိုယ်သူ အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်သည်။ သူသည် ကံကြမ္မာစာအုပ်၏ စိတ်ဆန္ဒ ချုပ်တည်းခံလိုက်ရသည်ကို ရိပ်မိလိုက်သည့်အပြင် အနာဂတ်မှ သွေးရောင်ကင်းခြေများကြီး၏ စိတ်ဆန္ဒ ရောက်ရှိလာသည်ကိုလည်း သိထားသည်မဟုတ်ပါလော။ ၎င်းမှာ ယခုလို ရောက်ရှိလာသည်ဖြစ်ရာ ရည်ရွယ်ချက်တစ်ခုခု ရှိရပေမည်။

သို့ဖြစ်ရာ ဝမ်ပေါင်လဲ့ဘက်မှ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မည်သည့်အရာမှ ပြောင်းလဲသွားမည်မဟုတ်ပေ။ သို့သော် ကင်းခြေများကြီးမှာ သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲလွန်းနေ၏။ ၎င်းမှာ သူ့ကိုယ်သူ အခြားသူများ အားလုံးထက် သာလွန်နေသည်ဟု မှတ်ယူထားသည့်ပုံပင်။ ထိုအချက်မှာ ၎င်း၏ တစ်ခုတည်းသော အားနည်းချက်ဖြစ်ပေသည်။

အကယ်၍ ဝမ်ပေါင်လဲ့ဘက်မှ ထိုအားနည်းချက်အား အခွင့်ကောင်းယူနိုင်မည်ဆိုပါက ဤ အန္တရာယ်ကြီးအား ကျော်လွှားနိုင်လောက်ပေသည်။

အကယ်၍ သူသာ ထိုကဲ့သို့ ကျော်လွှားနိုင်စွမ်းမရှိပါက... ကြုံတွေ့ရနိုင်သည့် နောက်ဆက်တွဲ အကျိုးဆက်များကို စဉ်းစားကြည့်နေစရာပင်မလိုပေ။ သို့သော် ယခုတွင် ထိုအကြောင်းများ စဉ်းစားနေရန်အချိန်မရှိသဖြင့် ဝမ်ပေါင်လဲ့မှာ ကျရှုံးသွားမည်ကို စိုးရိမ်ပူပန်နေခြင်းမရှိပေ။ လဆုတ်ပညာရပ် ပေါ်ပေါက်လာမှုကြောင့် သူသည် အမှန်တကယ်ပင် အခွင့်အရေးတစ်ခု ရရှိသွား၏။

၎င်းမှာ... ဝမ်ရီရီ၏ ဖခင်ဖြစ်သူ တီထွင်ဖန်တီးထားသော မဟာတာအိုကြီးတစ်ခု ဖြစ်နေသည်မဟုတ်ပါလော။ ထို့အပြင် ၎င်းမှာ ဤ စကြဝဠာကြီး တစ်ခုတည်းနှင့်သာ သက်ဆိုင်သည့် နတ်ဘုရားပညာရပ်တစ်ခုလည်း မဟုတ်ပေ။

ထို့ကြောင့် သူ၏ လဆုတ်ပညာရပ်မှာ လပြည့်ဝန်းပညာရပ်နှင့် မယှဥ်နိုင်သည့်တိုင်အောင် ဤ စကြဝဠာကြီးထဲ၌ ထိပ်သီးအဆင့် နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်နေဆဲပင်။ ထို့ကြောင့်လည်း ယခု သူ ၎င်းအား အသုံးပြုလိုက်သည့်အချိန်တွင် လက်ကြီး၏ မူလဇာစ်မြစ်မှာ အလွန်အင်မတန်မှ လျှို့ဝှက်ဆန်းကြယ်လွန်းနေသည့်တိုင်အောင် ထိုပညာရပ်မှာ ၎င်းအပေါ် အကျိုးသက်ရောက်မှု ရှိသွားဆဲပင်။

ထို အကျိုးသက်ရောက်မှုကြောင့် လက်ကြီး တစ်ခဏမျှ ရပ်တန့်သွားသည်နှင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ပေါ်ပေါက်လာသည့် ဖုတ်ကောင်ပုံရိပ်ကြီးမှာ ' အလင်းရောင် ' ဆိုသည့် စကားလုံးအား အသံအကျယ်ကြီးမြည်အောင် အော်ဟစ်လိုက်၏။ ထိုအခါ သူ၏ ဘေးပတ်ပတ်လည်ရှိ နေရာတစ်ဝိုက်မှာ အလင်းရောင်ပင်လယ်ကြီးတစ်စင်း၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။ ထိုအလင်းရောင်များမှာ ဟင်းလင်းပြင်ကြီးအားထိုးခွင်းကာ လက်ကြီးပေါ်၌ စုဆုံသွားကြ၏။

၎င်းမှာ လက်ကြီးထဲရှိ အမှောင်ထုများအား ဖယ်ရှားပစ်ချင်နေသည့်ပုံ ပေါက်နေ၏။ သို့သော် ထို လက်ကြီး ပိုင်ဆိုင်ထားသည့် တာအိုစိတ်ဆန္ဒမှာ ကြောက်ခမန်းလိလိ အဆင့်မြင့်လွန်းနေသည်။ ထို့ကြောင့် ဖုတ်ကောင်ကြီး၏ ပုံရိပ်မှာ ၎င်း၏ တစ်ဘဝလုံး ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရပြီး နောက်ဆုံးတွင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည့်တိုင်အောင် ထိုလက်ကြီးနှင့် မယှဥ်နိုင်သေးပေ။

သို့ဖြစ်ရာ ၎င်းမှာ ထိုလက်ကြီးအား အနည်းငယ်ခန့် အကြည်ရောင်သန်းလာအောင်သာ လုပ်နိုင်ခဲ့၏။ သို့သော် ထိုမျှလောက်နှင့် ပြီးဆုံးမသွားသေးပေ။ ထို အလင်းရောင်များ၏ နောက်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော အစွမ်းထက် နတ်ဆိုးဓားမှာ ၎င်း၏ အတိတ်ဘဝထဲ၌ စုဆောင်းထားခဲ့သည့် စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်သည့်ပုံပင်။ ၎င်းမှာ ထိုစွမ်းအားများအားလုံးကို စုစည်းကာ လက်ကြီးအား လှမ်းခုတ်လိုက်၏။

ထို့ ခုတ်ထစ်မှုကြောင့် အလင်းရောင်ပင်လယ်ကြီးမှာ အပြင်းအထန် တုန်ရီသွားရပြီး ထက်ခြမ်းပိုင်းခံလိုက်ရ၏။ နတ်ဆိုးဓားကြီးမှာမူ ထို အလင်းရောင်ပင်လယ်ကြီးထဲတွင် ရှိနေသည့် လက်ကြီး၏ လက်ထိပ်အား ခုတ်ထစ်မိသွားသည်။

ထိုအခါ ထစ်ချုန်းသံများ ပဲ့တင်ထပ်သွား၏။ ထိုလက်ကြီး၏ လက်ထိပ်မှာမူ အနည်းငယ်တုန်ရီသွားပြီး အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာတော့သည်။

ထို အက်ကွဲကြောင်း ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ပါရမီရှင်၏ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ အဆုံးမစ မရှိလောက်အောင် များပြားနေသည့် အနက်ရောင်ချီများအဖြစ် ပြောင်းလဲသွားပြီး အရှိန်အဟုန်ဖြင့် ပေါက်ကွဲသွားသည်။ ထို အနက်ရောင်ချီများမှာ သူ၏ အတိတ်ဘဝထဲမှ မုန်းတီးစိတ်များ ဖြစ်ပေသည်။

သူသည် မိုးကောင်းကင်ကြီး၊ ကမ္ဘာမြေကြီးနှင့် သက်ရှိများအားလုံးကိုသာမက စကြဝဠာကြီးထဲရှိ အရာအားလုံးကို မုန်းတီးနေခြင်းဖြစ်သည်။

ထို မုန်းတီးစိတ်များဖြင့် ပြည့်နှက်နေသည့် အနက်ရောင်ချီများမှာ အလင်းရောင်ပင်လယ်ကြီးထဲ၌ အမှောင်ထုများကဲ့သို့ ဖြစ်နေ၏။ ၎င်းတို့မှာလည်း လေထဲ၌ တရွှီးရွှီးမြည်အောင် ဖြတ်သန်းသွားပြီး နတ်ဆိုးဓားကြီး၏ ခုတ်ထစ်ခြင်းကို ခံခဲ့ရသည့် လက်ထိပ်ဆီသို့ ဦးတည်သွားတော့သည်။

ထို အနက်ရောင်ချီများ လက်ကြီးဆီသို့ ရောက်ရှိသွားချိန်တွင် မည်သည့် ထစ်ချုန်းသံမှ ထွက်ပေါ်လာခြင်းမရှိပေ။ သို့သော် ၎င်းတို့မှာ လက်ထိပ်ရှိ အက်ကွဲကြောင်းကြီးထဲမှတစ်ဆင့် ထိုလက်ကြီးထဲသို့ ဝင်ရောက်သွားကြပြီးနောက် ၎င်း၏ အတွင်းပိုင်းထဲ၌ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲသွားကြ၏။

ထို့ကြောင့် အကြည်ရောင် သန်းနေခဲ့သည့် လက်ကြီးမှာ ချက်ချင်းဆိုသလိုပင် နောက်ကျိသွားရ၏။ သို့သော် ထိုမျှလောက်နှင့် ပြီးဆုံးမသွားသေးပေ။ ထိုအချိန်တွင် ရှင်းဟော့ နတ်ဘုရားမျိုးနွယ်စုဝင်၏ ပုံရိပ်ကြီး ပေါ်ပေါက်လာပြီး အသံကုန်အော်ဟစ်မြည်တမ်းကာ လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။ သူသည် သူ၏ စွမ်းအားများအားလုံးကို ထိုလက်သီးချက်ထဲ၌ စုစည်းထားသည့်ပုံပင်။ ထို လက်သီးချက်ကြီး လက်ကြီးအား ရိုက်ခတ်မိသွားချိန်တွင် လက်ထိပ်တွင်ရှိနေသည့် အက်ကွဲကြောင်းကြီး၏ အရွယ်အစားမှာ အဆပေါင်းများစွာ ပိုမိုကြီးမားလာတော့သည်။

ထို အက်ကွဲကြောင်းကြီးမှာ လက်ချောင်းတစ်ချောင်းလုံးကိုသာမက လက်ကြီး၏ တစ်ဝက်တိတိအား ဖုံးလွှမ်းထားပြီဖြစ်သည်။

ထို အက်ကွဲကြောင်းကြီး အရွယ်အစားကြီးမားလာသည်နှင့် သမင်ဖြူလေးမှာ ရုတ်တရက်ဆိုသလို ပြေးထွက်လာ၏။ ထို့နောက် ၎င်းမှာ ၎င်း၏ ယခင်ဘဝတုန်းက စကြဝဠာကြီး၏ အဆုံးအား ဝင်တိုက်ခဲ့သည့်အတိုင်း အသံကုန်အော်ဟစ်မြည်တမ်းကာ လက်ကြီးအား အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်တော့သည်။

ထိုအခါ ဟင်းလင်းပြင်ကြီးထဲ၌ ထစ်ချုန်းသံတစ်သံ ချက်ချင်းဆိုသလိုပင် ပဲ့တင်ထပ်သွား၏။ သမင်ဖြူလေး၏ ဦးချိုမှာမူ ချက်ချင်းဆိုသလိုပင် တစ်စစီ ကြေမွသွားသလို ၎င်း၏ ခန္ဓာကိုယ်မှာလည်း ပျက်စီးပျောက်ကွယ်သွား၏။ သို့သော် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည့် လက်ကြီးမှာ ဆက်လက်တောင့်ခံထားနိုင်စွမ်း မရှိတော့သည့်ပုံပင်။ ထို့ကြောင့် ၎င်းမှာလည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။

သို့သော်လည်း ၎င်းမှာ အပြီးတိုင် ပျက်စီးပျောက်ကွယ်သွားခြင်း မရှိသေးပေ။

ထိုလက်ကြီးမှာ လက်ငါးချောင်းနှင့် သုံးပိုင်းပြတ်သွားသည့် လက်ဖဝါးတစ်ခုအဖြစ် ပြောင်းလဲသွားခြင်းဖြစ်၏။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ရစ်ဝဲနေကြပြီး ပျောက်ကွယ်သွားခြင်းမရှိပေ။ သို့ဖြစ်ရာ ၎င်းတို့မှာ အပိုင်းပိုင်း ခုတ်ထစ်ခံလိုက်ရသည့် ကင်းခြေများကြီးတစ်ကောင်နှင့် တူနေ၏။ ယခုတွင် ၎င်းတို့မှာ အရပ်ရှစ်မျက်နှာမှနေ၍ ဝမ်ပေါင်လဲ့ဆီသို့ ချဥ်းကပ်လာနေကြပြီဖြစ်သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပသွား၏။ ထို့နောက် ရှစ်ပိုင်းပြတ်သွားသည့် ထိုလက်ကြီး သူ၏ အနီးသို့ ရောက်ရှိလာချိန်တွင် သူသည် မျက်လုံးများမှိတ်လိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ် အပြင်ဘက်တွင် အနက်ရောင် သစ်သားပျဉ်ပြားတစ်ချပ် ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတော့သည်။

၎င်းမှာ ပေါ်ပေါက်လာသည်နှင့် အရွယ်အစားကြီးမားလာ၏။ ထို့ကြောင့် ယခင်တုန်းက လက်တစ်ဖက်ထဲနှင့် ဆုပ်ကိုင်၍ ရခဲ့သည့် အနက်ရောင် သစ်သားပျဉ်ပြားလေးစ အရွယ်အစားမှာ မျက်စိတစ်မှိတ်အတွင်းတွင် လူတစ်ယောက်နီးပါး ကြီးမားလာတော့သည်။ ၎င်းမှာ.. ခေါင်းတလားတစ်လုံးနှင့် တူနေ၏။

၎င်းမှာ မည်းနက်နေပြီး ရှေးဆန်သော အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသည်။ ၎င်း၏ ပေါ်ပေါက်လာမှုကြောင့် ဟင်းလင်းပြင်ကြီးမှာ တုန်ရီသွားရ၏။ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေသည့် လက်ချောင်းများနှင့် လက်ဖဝါးများမှာလည်း တွေဝေတုံ့ဆိုင်းသွားကြသည့်အလား ဆတ်ခနဲ တုန်ရီသွားကြသည်။

၎င်းတို့ ထိုကဲ့သို့ တွေဝေတုံ့ဆိုင်းနေစဉ် ဝမ်ပေါင်လဲ့မှာ အနက်ရောင် သစ်သားပျဉ်ပြားထဲသို့ ပေါင်းစည်းဝင်ရောက်သွား၏။ ထို့နောက် သူသည် အပေါ်သို့ ခုန်တက်လိုက်သဖြင့် ခေါင်းတလားတစ်လုံးကဲ့သို့ ဖြစ်နေသည့် ထို အနက်ရောင် သစ်သားပျဉ်ပြားမှာလည်း လေပေါ်သို့မြောက်တက်သွားသည်။ သို့ဖြစ်ရာ မျက်လုံးဖြင့် မမြင်နိုင်သည့် ဘီလူးကြီးတစ်ကောင်မှာ ထို အနက်ရောင် သစ်သားပျဉ်ပြားအား ဆုပ်ကိုင်၍ လက်ကြီး၏ အစိတ်အပိုင်းရှစ်ခုအား အားပါပါ ရိုက်နှက်လိုက်သည့် အလားပင်။

ဖြန်း...

ကြည်လင်ပြတ်သားမှု အပြည့်ရှိသော အသံတစ်သံ ထွက်ပေါ်လာသည်နှင့် ဟင်းလင်းပြင်ကြီးတစ်ခုလုံးမှာလည်း စတင်ပျက်စီးလာတော့သည်။ တုန်ခါမှုလှိုင်းများမှာလည်း အရပ်မျက်နှာအနှံသို့ ပျံ့နှံ့သွားသောကြောင့် ၎င်း၏ ပျက်စီးမှုနှုန်းမှာ ပို၍ပင် မြန်ဆန်လာသည်။

လက်ကြီး၏ အစိတ်အပိုင်းရှစ်ခုမှာလည်း ထို ဟင်းလင်းပြင်ကြီးနှင့်အတူ စတင် ကြေမွပျက်စီးလာပြီဖြစ်သည်။

လက်ဖဝါးသုံးခုမှာ ချက်ချင်း ပျက်စီးသွားသလို လက်ချောင်းလေးချောင်းမှာလည်း ဆက်လက် တောင့်ခံထားနိုင်စွမ်း မရှိတော့သဖြင့် လွင့်ပါးပျောက်ကွယ်သွားနေပြီဖြစ်သည်။ ထို့ကြောင့် လက်ညှိုးတစ်ချောင်းသာလျှင် ကျန်ရစ်ခဲ့၏။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပြည့်နှက်နေပါသော်လည်း ၎င်းမှာ ဆက်လက်တောင့်ခံထားဆဲပင်။ ထို လက်ချောင်း၏ ထိပ်ပိုင်း ပျောက်ကွယ်စပြုလာချိန်တွင် ၎င်း၏ မျက်နှာပြင်ပေါ်၌ မျက်နှာတစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရ၏။ ထို့နောက် ထို လက်ချောင်းကြီးမှာ မှုန်ဝါးဝါးဖြစ်သွားပြီး ကင်းခြေများကြီးတစ်ကောင်၏ ခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

၎င်းမှာ အရောင်တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေ၏။ ထို့အပြင် ၎င်း၏ မျက်နှာပေါ်တွင် အံ့အားသင့်ကာ ကျေနပ်အားရနေသည့် အမူအရာတစ်ခုကိုပင် မြင်နိုင်သေးသည်။ သို့ဖြစ်ရာ ၎င်းမှာ ယခုလို ရှုံးနိမ့်သွားရသည့်အတွက် စိတ်မကောင်းဖြစ်နေခြင်း မရှိသည့်အပြင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည့်ပုံပင် ပေါက်နေတော့သည်။

" သိပ်ကောင်းတယ်။ မင်းကြောင့် ငါ တကယ့်ကို စိတ်မပျက်ရဘူးပဲ... "

" ဒါက ငါ့ရဲ့ စိတ်ဆန္ဒပေါင်း မြောက်မြားစွာထဲက တစ်ခုပဲဆိုပေမယ့် မင်းက ဖျောက်ဖျက်ပစ်နိုင်ခဲ့တာဆိုတော့... ငါ ကျေနပ်ပါတယ် "

" အနက်ရောင် သစ်သားပျဉ်ပြားလေး... ငါ မင်းကို ပိုပြီးတော့တောင် စိတ်ဝင်စားလာပြီ။ မင်းရဲ့ မူလဇာစ်မြစ်အကြောင်းကိုလည်း ပိုသိချင်လာပြီ... "

" စိတ်ဝင်စားစရာပဲဟေ့။ ငါက သိပ်မကြာခင်မှာ ပြန်လည် နိုးထလာတော့မှာ။ အဲဒီအချိန်ကျရင် ငါတို့တွေ ပြန်ဆုံကြတာပေါ့။ သိပ်မလိုတော့ပါဘူး... " ထို ရယ်မောသံများနှင့်အတူ ကင်းခြေများကြီးကြောင့် ပေါ်ပေါက်လာသည့် လက်ချောင်းကြီးမှာ မှုန်ဝါးဝါးဖြစ်ပြီး ပျောက်ကွယ်သွား၏။ ထိုအချိန်မှာပင် ဟင်းလင်းပြင်ကြီးမှာလည်း လုံးဝ ပျက်စီးသွားတော့သည်။

တစ်အောင့်ခန့်အကြာတွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြန်ပွင့်လာ၏။ သူသည် ကံကြမ္မာဂြိုဟ်ပေါ်ရှိ မီးတောင်ဝအထက်ရှိ ကျွန်းပေါ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ သူ၏ ရှေ့တွင်မူ ကောင်းကင်ဘုံဓမ္မသခင်ကြီးနှင့် သူ၏ လက်ဖဝါးအောက်၌ အရောင် မှေးမှိန်နေသည့် ကံကြမ္မာစာအုပ် ရှိနေသည်။

ဝမ်ပေါင်လဲ့မှာ သူ၏ ပတ်ပတ်လည်ရှိ ပင့်သက်ရှိုက်သံများနှင့် အံ့ဩတုန်လှုပ်နေသည့် အစေခံအိုကြီး၏ အကြည့်အား ဂရုစိုက်နေခြင်းမရှိပေ။ သူသည် အသက်ရှူကြိမ် အနည်းငယ်ခန့် နှုတ်ဆိတ်နေလိုက်ပြီးနောက် ကံကြမ္မာစာအုပ်အား အကဲခတ်ကြည့်ရှုလိုက်၏။ ၎င်း၏ စိတ်ဆန္ဒ ပြန်လည်နိုးထလာပြီဖြစ်ကြောင်း သေချာသွားသောအခါမှ သူသည် ခေါင်းမော့လာပြီး သူ့အား နားမလည်နိုင်လောက်အောင် ဖြစ်နေသည့် အမူအရာဖြင့် ကြည့်နေသော ကောင်းကင်ဘုံဓမ္မသခင်ကြီးအား ပြန်ကြည့်လိုက်သည်။ ထို့နောက် သူသည် မေးမြန်းလိုက်၏ " ကျွန်တော် ဒီတစ်ခေါက် ဘယ်လောက်ကြာသွားလဲ "

" ခုနစ်ရက် " ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာလည်း လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

" ခုနစ်ရက်... " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်းရေရွတ်မိလိုက်၏။ ထို့နောက် သူသည် မောပန်းနွမ်းနယ်ကာ တစ်ကိုယ်လုံး နုံးချည့်သွားသည့်အလား ခံစားလိုက်ရသည်။ သို့ဖြစ်ရာ သူသည် မတ်တတ်ပင် ကောင်းကောင်း မရပ်နိုင်တော့မည့်ပုံ ပေါက်နေတော့သည်။

သို့သော်လည်း သူ၏ မျက်ဝန်းများမှာ ဝင်းလက်တောက်ပနေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဘေးအန္တရာယ်ကြီးတစ်ခုအား ရှောင်လွှဲနိုင်ခဲ့သည်ဖြစ်ကြောင်း သိထားသောကြောင့်ပင်။ အကယ်၍ သူသာ ကျရှုံးသွားခဲ့မည်ဆိုပါက လက်ကြီး၏ ပူးကပ်ခြင်းကို ခံလိုက်ရမည်သာဖြစ်သည်... နတ်ဧကရာဇ်ကျိကျား၏ တပည့်၊ လမ်းကိုးသွယ်တာအိုဂိုဏ်းမှ တာအိုဂိုဏ်းသား၊ ရှင်းကျင့်ကျိနှင့် ရှဲ့ဟေးရန်တို့ သူတို့၏ အနာဂတ်ပုံရိပ်များထဲ၌ မြင်ခဲ့ရသည့်သူမှာ သူ မဟုတ်ပေ။

All Chapters