← Chapters

အတိတ်ဘဝများထဲသို့ ပြန်သွားခြင်း

Vol. 79 Ch. 1098

အတိတ်ဘဝများထဲသို့ ပြန်သွားခြင်း

Vol. 79 Ch. 1098

ဤကမ္ဘာကြီးထဲတွင် တစ်စုံတစ်ခုအား ရယူပိုင်ဆိုင်လိုပါက တစ်စုံတစ်ခုအား ပြန်လည်ပေးဆပ်ရသည်သာ ဖြစ်သည်။ ထိုကဲ့သို့ ပေးဆပ်ရသည့် အဖိုးအခများမှာ တစ်ခုနှင့်တစ်ခု မတူပါသော်လည်း နောက်ဆုံးတွင် အတူတူသာဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုအချက်အား ကောင်းကောင်းကြီးနားလည်ထား၏။

သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ မွေးနေ့ပွဲ၌ အကျိုးအမြတ်အများကြီး ရရှိခဲ့သည်မဟုတ်ပါလော။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အလယ်အလတ် ဂြိုဟ်အဆင့်မှ ဂြိုဟ်အဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားပြီဖြစ်သည်။

ထိုကဲ့သို့ မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် အကျိုးကျေးဇူးမျိုးအား ရရှိနိုင်ရန် မိမိဘက်မှ ပြန်၍ပေးဆပ်ရသည့် အရာများလည်း ရှိပေသည်။ ဝမ်ပေါင်လဲ့မှာ ကမ္ဘာကြီး၏ အပြင်ဘက်သို့ဖောက်ထွက်ကာ ပြင်ပကမ္ဘာကြီးထဲရှိ အမှန်တရားကို သိရှိနိုင်ရန် ကြိုးစားခဲ့သည်ဖြစ်ရာ နောက်ဆက်တွဲ အကျိုးဆက်များနှင့် မလွဲမသွေ ကြုံတွေ့ရမည်သာ ဖြစ်သည်။

နောက်ဆုံးတွင် သူသည် တစ်ဝက်တစ်ပျက်မျှသာ အောင်မြင်ခဲ့ပြီး ပြင်ပကမ္ဘာကြီးထဲရှိ အမှန်တရား၏ တစ်စိတ်တစ်ပိုင်းအား သိရှိခဲ့ရပါသော်လည်း... သလင်းကျောက်ခေါင်းတလားကြီးပေါ်၌ လဲလျောင်းနေခဲ့သည့် သွေးနီရောင် ကင်းခြေများကြီးကိုလည်း မြင်ခဲ့ရ၏။

ထိုကဲ့သို့ မြင်ခဲ့ရသည့်အတွက် သူတို့၏ ကြားတွင် ကံကြမ္မာစွမ်းအားများ ပေါ်ပေါက်လာခြင်း ဖြစ်ရပေမည်။ ထို့ကြောင့်လည်း သူ ရှင်းဟော့နတ်ဘုရားမျိုးနွယ်စုဝင် တစ်ယောက်အဖြစ် ရှိနေခဲ့သည့် အတိတ်ဘဝ၏ အဆုံး၌ ထိုလက်ကြီး ပေါ်ပေါက်လာပြီး စကားပြောခဲ့ခြင်း ဖြစ်နိုင်ပေသည်။

သို့မဟုတ် ထိုအဖြစ်အပျက်အားလုံးကို လုံးဝ ရှောင်လွှဲ၍မရနိုင်ခြင်းလည်း ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ထို သွေးနီရောင် ကင်းခြေများကြီး၏ ပေါ်ပေါက်လာမှုနှင့် ကြားဝင်နှောင့်ယှက်မှုများကြောင့် သူ၏ အတိတ်ဘဝများထဲ၌ မျှော်လင့်မထားသည့် ပြောင်းလဲမှုများ ပေါ်ပေါက်လာခဲ့ရဆဲပင်။

သို့သော်လည်း သူ ရရှိခဲ့သည့် အကျိုးအမြတ်များမှာ ကြီးမားလွန်းနေသောကြောင့် သူ ပြန်လည်ပေးဆပ်ရသည့် အဖိုးအခများမှာလည်း ကြီးမားလွန်းနေ၏။ အကယ်၍ သူသာ အနည်းငယ်ခန့် ပေါ့ဆမိခဲ့ပါက အသက်သေဆုံးသွားနိုင်ပေသည်။

ထိုကဲ့သို့ ရိုးရိုးတန်းတန်း သေဆုံးသွားခြင်းမှာ ကိစ္စမရှိပါသော်လည်း ကင်းခြေများကြီးမှာ သူ့အား ပူးကပ်ချင်သည်ဟု ဆိုခဲ့သည်မဟုတ်ပါလော။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ အနာဂတ်ပုံရိပ်များအား ကြည့်ရှုပြီးသွားချိန်တွင် မွေးနေ့ပွဲမှာလည်း ပြီးဆုံးသွား၏။ ကျင့်ကြံသူအများစုမှာ ထွက်ခွာသွားပြီ ဖြစ်သည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ထွက်ခွာသွားခြင်းမရှိသေးပေ။

သူသည် သူ၏ ဒဏ်ရာများအား ပြန်လည်ကုသနိုင်ရန် ကံကြမ္မာဂြိုဟ်ပေါ်၌ နေရစ်ခဲ့၏။

ဝမ်ပေါင်လဲ့မှာ အနာဂတ်ပုံရိပ်ထဲ၌ တိုက်ပွဲကြီးတစ်ခု တိုက်ခိုက်ခဲ့ပြီးနောက် အန္တရာယ်ကြီးအား ကျော်လွှားနိုင်ခဲ့ပါသော်လည်း အများကြီး ပြန်လည်ပေးဆပ်ခဲ့ရ၏။ ၎င်းမှာ... သူ၏ အတိတ်ဘဝငါးခု ဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်။

ရှင်းဟော့နတ်ဘုရားမျိုးနွယ်စုဝင်၊ ဖုတ်ကောင်ကြီး၊ နတ်ဆိုးဓား၊ မုန်းတီးစိတ်များဖြင့် ပြည့်နှက်နေသည့် ပါရမီရှင်နှင့် သမင်ဖြူလေးတို့မှာ ဒဏ်ရာအပြင်းထန်ရသွားခဲ့၏။ အကယ်၍ ၎င်းတို့အားလုံး ပြန်လည်သက်သာမလာခင် ကံကြမ္မာဂြိုဟ်ပေါ်မှ ထွက်ခွာသွားမည်ဆိုပါက ဝမ်ပေါင်လဲ့အတွက် အများကြီး အန္တရာယ်ရှိနိုင်ပေသည်။

ထို့အပြင် သူ ကံကြမ္မာဂြိုဟ်ပေါ်၌ နေရစ်ခဲ့သည့် နောက်ထပ် အကြောင်းရင်းတစ်ခု ရှိနေသေးသည်။ ၎င်းမှာ... သူ၏ဆရာ မီးတောက်ခေါင်းဆောင်ကြီး သူ့အား ပေးထားသည့် အခွင့်အရေး ဖြစ်ပေသည်။ သူ သူ၏ အတိတ်ဘဝများထဲသို့ ဝင်ရောက်သွားခဲ့စဉ်တုန်းက သူနှင့်အတူ ယူသွားခဲ့သည့် သလင်းကျောက်နှင့်သာ ဆိုပါက အသက်စွမ်းအားများကို အများကြီး မြှင့်တင်နိုင်စွမ်းရှိနေသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ ၎င်းအား မလိုအပ်တော့သည့်တိုင်အောင် သွေးနီရောင် ကင်းခြေများကြီး ပျောက်ကွယ်မသွားခင် ပြောခဲ့သည့်စကားကို မှတ်မိနေဆဲပင်။

" ငါ့ရဲ့ မူလဇာစ်မြစ်... " ဝမ်ပေါင်လဲ့မှာ ကံကြမ္မာဂြိုဟ်ပေါ်ရှိ တောင်ထိပ်တစ်ခုပေါ်တွင် တင်ပျဥ်ခွေထိုင်နေ၏။ သူသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ချီများကို ရှူသွင်းရှူထုတ် လုပ်လိုက်ပြီးနောက် မျက်လုံးများပြန်ပွင့်လာသည်။ သူ၏ မျက်ဝန်းများထဲတွင် အဓိပ္ပါယ်လေးနက်သည့် အလင်းရောင်များ တောက်ပနေ၏။

သူ ယခင်ကတည်းက သူ့ကိုယ်သူ ပြန်မေးဖူးသည့် မေးခွန်းတစ်ခု ရှိသည်။ သူသည် ရှေးဟောင်းနတ်ဝိဇ္ဇာ၏ ဝိညာဉ်အကြွင်းအကျန်ဖြစ်သော စွန်းသဲ့၏ လက်ထဲ၌ မည်သည့်အချိန်တုန်းက ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသနည်း။ သို့သော်လည်း သူ မည်မျှပင် စဉ်းစားတွေးသောစေကာမူ ထိုမေးခွန်း၏ အဖြေအား ရှာမတွေ့ပေ။

ထို့နောက် သွေးနီရောင် ကင်းခြေများကြီးကြောင့် ပေါ်ပေါက်လာသည့် မျက်နှာကြီးမှာလည်း အလားတူစကားတစ်ခွန်းကို ပြောခဲ့၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ မူလဇာစ်မြစ်အကြောင်း သိချင်နေသည်ဟု ပြောခဲ့သည်မဟုတ်ပါလော။ ထိုစကားကြောင့် ဝမ်ပေါင်လဲ့မှာ ထိုကိစ္စနှင့် ပတ်သတ်၍ အလေးအနက် စဉ်းစားတွေးတောနေခြင်းဖြစ်သည်။

ထို့ကြောင့်လည်း သူသည် ကံကြမ္မာဂြိုဟ်ပေါ်၌ နေရစ်ခဲ့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။ တစ်ဖက်တွင် သူသည် သူ၏ ဒဏ်ရာများကို ပျောက်ကင်းအောင် ကုသမည်ဖြစ်သလို အခြားတစ်ဖက်တွင်လည်း သူ၏ ဒဏ်ရာများ ပျောက်ကင်းသွားချိန်တွင် ကောင်းကင်ဘုံဓမ္မသခင်ကြီးအား သူ၏ အတိတ်ဘဝများနှင့် ပတ်သတ်၍ အကူအညီတောင်းမည်ဖြစ်သည်။

သူသည် သူ၏ ပထမဆုံး အတိတ်ဘဝဆယ်ခုအကြောင်း သိရှိလိုခြင်းမဟုတ်ပေ။ စကြဝဠာကြီး အစမှပြန်စသည့် ရှစ်ဆယ့်ကိုးကြိမ်ထဲမှ ရှေ့ဆုံး ခုနစ်ဆယ့်ကိုးကြိမ်ထဲတွင် သူ၏ အတိတ်ဘဝများရှိမရှိ သိချင်နေခြင်းဖြစ်သည်။ ထို့အပြင် သူသည် သူ၏ မူလဇာစ်မြစ်အကြောင်းကိုလည်း သိချင်နေ၏။

ထိုကဲ့သို့ သိထားရန်မှာ အရေးကြီးပေသည်။ သို့မှသာ သူသည် အနာဂတ်တွင် သွေးနီရောင် ကင်းခြေများကြီး၏ ပူးကပ်ခြင်းကို ခံရမည့်ရန်မှ ကင်းဝေးနိုင်မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထို သွေးနီရောင် ကင်းခြေများကြီး၏ စိုက်ကြည့်ခြင်းကို ခံခဲ့ရစဉ်တုန်းက ကြီးမားသော အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည့်အလား ခံစားခဲ့ရ၏။ ထိုခံစားချက်ကြောင့်လည်း သူသည် စိုးရိမ်စိတ်များ ကြီးထွားနေရခြင်းဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ကျနေသေးသည် မဟုတ်ပါလော။

" ငါ့ရဲ့ မူလဇာစ်မြစ်ကို ရှာတွေ့ပြီးတဲ့ အချိန်ကျရင် ရှေ့ဆက်လျှောက်ရမယ့်လမ်း ပေါ်လာမှာပဲ။ အဲဒီလမ်းအတိုင်း ဆက်လျှောက်ပြီး ကိုယ့်ကိုယ့်ကိုယ် တိုးတက်လာအောင်လုပ်ဖို့လိုတယ်။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ထိပ်ဆုံးအထိ အမြန်ဆုံးရောက်အောင် မြှင့်တင်နိုင်မှ သွေးနီရောင် ကင်းခြေများကြီး ပူးကပ်တာ မခံရမှာ "

ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ထိုသို့ရေရွတ်ကာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် မျက်လုံးများ ပြန်မှိတ်၍ သူ၏ ဒဏ်ရာများကို ပြန်လည်ကုသနေလိုက်တော့သည်။

ရှဲ့ဟေးရန်နှင့် မီးတောက်ကြယ်စင်စုထဲမှ လိုက်လာကြသည့် တာအိုအစောင့်အရှောက်များမှာလည်း ထွက်ခွာသွားကြခြင်းမရှိပေ။ သို့သော် သူတို့မှာ ကံကြမ္မာဂြိုဟ်ပေါ်၌ နေခွင့်မရသောကြောင့် ဝမ်ပေါင်လဲ့အား ဂြိုဟ်အပြင်ဘက်ရှိ စစ်သင်္ဘောကြီးပေါ်၌ စောင့်ဆိုင်းနေကြရ၏။

လီဝမ်အာမှာ အစတုန်းက ဝမ်ပေါင်လဲ့အား စောင့်ဆိုင်းနေရန် ပြင်နေခဲ့ပါသော်လည်း နောက်ဆုံးတွင်မူ ထွက်ခွာသွား၏။ ရှုယင်လင်းမှာလည်း ထိုနည်းတူပင်။ သူမသည် အနည်းငယ် တွေဝေတုံ့ဆိုင်းနေပြီးနောက် ထွက်ခွာသွားခဲ့သည်။

သို့သော် ချန်ဟန်းမှာ ထွက်ခွာသွားခဲ့ခြင်းမရှိဘဲ ရှဲ့ဟေးရန်နောက် လိုက်သွားကာ သူနှင့်အတူ ဝမ်ပေါင်လဲ့အား စစ်သင်္ဘောကြီးပေါ်၌ စောင့်ဆိုင်းနေသည်။

ထိုသို့ဖြင့် အချိန်များကုန်လွန်သွား၏။ သုံးလတိတိ ကုန်ဆုံးပြီးသွားချိန်တွင် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ အကူအညီများနှင့် ကံကြမ္မာဂြိုဟ်ပေါ်ရှိ ဝိညာဉ်စွမ်းအင်များကြောင့် ဝမ်ပေါင်လဲ့၏ ဒဏ်ရာများအားလုံးမှာ ပျောက်ကင်းသက်သာသွားတော့သည်။

သူ၏ ဒဏ်ရာများ ပျောက်ကင်းသွားသည်နှင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ပို၍ပင်တိုးတက်လာ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ ကောင်းကင်ဘုံဓမ္မသခင်ကြီး ရှိနေသည့် မီးတောင်ဝဆီသို့ သွားလိုက်သည်။ လူမရှိတော့သော ကျွန်ကြီးပေါ်တွင် ဝမ်ပေါင်လဲ့မှာ ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ ရှေ့၌ ထိုင်ချလိုက်၏။

အစေခံအိုကြီးမှာ ခံစားချက်မျိုးစုံ ရှုပ်ထွေးနေသည့်အမူအရာဖြင့် ဘေးနားတွင် ရှိနေဆဲပင်။ သူသည် ဝမ်ပေါင်လဲ့အား မကြာခဏဆိုသလို အကဲခတ်နေသည်။

သို့သော် ဝမ်ပေါင်လဲ့နှင့် ကောင်းကင်ဘုံဓမ္မသခင်ကြီးတို့ နှစ်ယောက်စလုံးမှာ သူရှိနေသည်ကို လုံးဝ အာရုံမစိုက်ထားသည့်ပုံပင်။

" မင်းရဲ့ ဒဏ်ရာတွေ ပျောက်သွားပြီဆိုတော့ ပြန်တော့မှာလား " ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ လေသံတိုးတိုးဖြင့်မေးလိုက်၏။

" ဟုတ်တယ်။ ဒါပေမဲ့ ကျွန်တော့်ဆီမှာ တောင်းဆိုစရာတစ်ခု ရှိသေးလို့ " ဝမ်ပေါင်လဲ့မှာ ကောင်းကင်ဘုံဓမ္မသခင်ကြီးအား ကြည်လင်ပြတ်သားသော မျက်ဝန်းများဖြင့် ကြည့်ကာ ပြန်ဖြေလိုက်သည်။

ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာလည်း ဝမ်ပေါင်လဲ့ ပြောချင်နေသည့် စကားကို ခန့်မှန်းမိလိုက်သည်ပုံပင်။

ဝမ်ပေါင်လဲ့မှာမူ စကားတစ်ခွန်းမှ ဆက်မပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်၏။

သူတို့နှစ်ယောက်၏ ဘေးတွင် ရပ်နေသည့် အစေခံအိုကြီးမှာမူ နှလုံးသားထဲ၌ မရိုးမရွဖြစ်လာတော့သည်။ သူသည် စဉ်းစားတွေးတောကြည့်လိုက်ပါသော်လည်း ဝမ်ပေါင်လဲ့၏ တောင်းဆိုချက်အား မခန့်မှန်းနိုင်ခဲ့ပေ။ ထို့အပြင် သူသည် သူတို့နှစ်ယောက်၏ စကားဝိုင်းမှာ တဖြည်းဖြည်းနှင့် ပို၍ လျှို့ဝှက်ဆန်းကြယ်လာသည်ဟု ခံစားနေရ၏။

တစ်အောင့်ခန့်ကြာပြီးနောက် ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများအား စိုက်ကြည့်ကာ တည်ကြည်လေးနက်မှု အပြည့်ရှိသော အမူအရာဖြင့် ဆိုလိုက်သည်။

" ဒီဘဝကြီးက အတိတ်ဘဝတွေနဲ့မ မတူဘူးနော်။ မင်း ထွက်သွားစရာ မလိုပါဘူး။ ဒီနေရာမှာနေတာ မင်းအတွက် ဘေးအကင်းဆုံးပဲ "

" ကျွန်တော် ဆုံးဖြတ်ချက်ချပြီးသွားပါပြီ။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးပါ " ထိုအခါ ဝမ်ပေါင်လဲ့မှာ မတ်တတ်ထလာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ကောင်းကင်ဘုံဓမ္မသခင်ကြီးအား ဦးညွှတ်အရိုအသေပေးလိုက်၏။

ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ ဝမ်ပေါင်လဲ့အား ခံစားချက်မျိုးစုံ ရှုပ်ထွေးနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။ ထို့နောက် သူသည် ခြံဝင်း၏ အပြင်ဘက်မှ သမင်ဖြူလေးတစ်ကောင် သူ့ဆီသို့ သတိကြီးကြီးထား၍ လျှောက်လှမ်းလာနေသည်ကို မသဲမကွဲ မြင်လိုက်ရသည့်အလား ခံစားလိုက်ရ၏။ ၎င်းမှာ သူ့အား မြင်လိုက်ပြီးနောက် အထူးအဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် သူ့အား စိုက်ကြည့်နေသည်။

" မင်း မင်းရဲ့ အတိတ်ဘဝတွေ အကုန်လုံးကို မြင်တွေ့ရနိုင်ဖို့ ငါ အာမမခံပေးနိုင်ဘူး။ ကံကြမ္မာစာအုပ် တစ်အုပ်လုံးရဲ့ လမ်းပြအလင်းရောင်တွေကို စုစည်းပြီးတော့ မင်းရဲ့အသိစိတ်ကို အချိန်နောက်ပြန်ပို့ရုံလောက်ပဲ လုပ်ပေးနိုင်မှာ။ အဲတာမလို့ မင်း မြင်နိုင်မယ့် အတိုင်းအတာ၊ မင်း မြင်နိုင်မယ့် အရာတွေနဲ့ မင်း ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေကို ငါ အတိအကျသိမှာမဟုတ်ဘူး "

" ပြီးတော့ ငါသတိပေးချင်တာက မင်းရဲ့ အတိတ်ဘဝတွေထဲမှာ ရှိတဲ့ အန္တရာယ်တွေက သိမြင်ခြင်းနဲ့ ဆိုင်တဲ့ ပဟေဠိဆန်ဆန် အရာတွေ ဖြစ်နေတယ်ဆိုတဲ့အချက်ပဲ။ အဲတာကြောင့်မလို့... မင်း မမြင်နိုင်ဘူးဆိုရင် တချို့အန္တရာယ်တွေက ဘယ်တော့မှ ပေါ်ပေါက်လာမှာမဟုတ်ဘူး။ ဒါပေမဲ့ မြင်နိုင်စွမ်း ရှိနေမယ်ဆိုရင်တော့.... မင်း နားလည်မှာပါ "

ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွား၏။ သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီး ဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားလည်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အကယ်၍ သူသာ ကမ္ဘာကြီး၏ အပြင်ဘက်သို့ ထွက်နိုင်ရန်ကြိုးစားခဲ့ခြင်း မရှိသလို သွေးနီရောင် ကင်းခြေများကြီးအား မြင်ခဲ့ရခြင်းလည်း မရှိပါက ထို သွေးနီရောင် ကင်းခြေများကြီး သူ၏ အတိတ်ဘဝများထဲ၌ ပေါ်ပေါက်လာနိုင်ခြေ ရှိနေဦးမည်လောဟု သူ့ကိုယ်သူ ထပ်တလဲလဲ မေးခွန်းပြန်ထုတ်ထားပြီးသား ဖြစ်နေသောကြောင့်ပင်။

သူသည် ထိုမေးခွန်း၏ အဖြေအား ယခုအထိ ရှာမတွေ့သေးပေ။

သို့သော်လည်း သူသည် ဇဝေဇဝါဖြစ်ကာ မည်သည့်အရာကိုမှ နားမလည်သည့် ဘဝထဲ၌ အသက်ရှင်နေထိုင်ရမည့်အစား နောင်တကင်းသည့် ဘဝတစ်ခုကိုသာ ရရှိပိုင်ဆိုင်လိုပေသည်။

" ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ကူညီပါ " ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး နောက်ထပ်တစ်ကြိမ် ထပ်၍ ဦးညွှတ်အရိုအသေပေးကာ တောင်းဆိုလိုက်၏။

ထိုအခါ ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ မျက်လုံးများမှိတ်သွားသည်။ တစ်အောင့်ခန့်ကြာပြီးနောက် သူသည် ရုတ်တရက်ဆိုသလို မျက်လုံးများ ပြန်ပွင့်လာပြီး သူ၏ ညာဘက်လက်အား မြှောက်လိုက်၏။ ထိုအခါ သူ ဝမ်ပေါင်လဲ့အား ပေးထားသည့် သလင်းကျောက်မှာ ချက်ချင်းဆိုသလိုပင် အပြင်ဘက်သို့ ပျံထွက်လာပြီး သူတို့နှစ်ယောက်၏ ရှေ့၌ ရစ်ဝဲနေတော့သည်။ ထို သလင်းကျောက်မှာ စူးရှတောက်ပသော အလင်းရောင်တစ်မျိုးကို ထုတ်လွှတ်နေ၏။ ခဏအကြာတွင် ထိုအလင်းရောင်မှာ ပေါက်ကွဲသွားပြီး အလင်းလှိုင်းများအဖြစ် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

တစ်ချိန်ထဲမှာပင် ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ သူ၏ ညာဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောကြောင့် ကံကြမ္မာစာအုပ်မှာ မှော်ဆန်ဆန် ပေါ်ပေါက်လာ၏။ ထို့နောက် ထိုစာအုပ်ထဲမှ စာရွက်များ ဖျော့တော့တော့ အလင်းရောင်တစ်မျိုးကို ထုတ်လွှတ်လိုက်ကြချိန်တွင် ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ ၎င်းတို့အား နောက်ဆုံးစာရွက်မှ စ၍ တစ်ရွက်ချင်းစီ လှန်လိုက်တော့သည်။

ကောင်းကင်ဘုံဓမ္မသခင်ကြီး ထို စာရွက်တစ်ရွက်ချင်းစီ လှန်ပြီးသွားသည့်အချိန်တိုင်း သူ၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်ရီသွားရပြီး ဝမ်ပေါင်လဲ့၏ ဝိညာဉ်မှာလည်း တုန်ရီသွားရသည်သာ ဖြစ်သည်။ ထိုသို့ဖြင့် နောက်ဆုံးမှ ရေလျှင် ဆယ့်တစ်ရွက်မြောက် စာရွက်ဆီသို့ ရောက်ရှိလာတော့သည်။ ကောင်းကင်ဘုံဓမ္မသခင်ကြီး ထိုစာရွက်အား လှန်တော့မည့်အချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ အပြင်းအထန်တုန်ရီသွားပြီး သူ၏ အသိစိတ်မှာလည်း အောက်သို့နစ်ဝင်သွားနေသည့်အလား ခံစားလိုက်ရ၏။

၎င်းမှာ ထိုသို့ အဆက်မပြတ် နစ်ဝင်သွားပြီးနောက် နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားသည်။

ဝမ်ပေါင်လဲ့မှာ ခန္ဓာကိုယ်တစ်ခုသာ ကျန်ရစ်ခဲ့သည့်အလား မလှုပ်မယှက် တင်ပျဉ်ခွေထိုင်နေ၏။ သူ၏ ဝိညာဉ်အား မည်သည့်နေရာတွင်မှ ရှာမတွေ့နိုင်ပေ။ ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာမူ မျက်လုံးများမှိတ်ထားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အလင်းရောင်များ အဆက်မပြတ် ထွက်ပေါ်နေသည်။ မိုးကောင်းကင်၊ ကမ္ဘာမြေကြီးနှင့် ကံကြမ္မာဂြိုဟ် တစ်ခုလုံးမှာလည်း တုန်ရီနေသည့်ပုံပင်။

အစေခံအိုကြီးမှာဆိုလျှင် ပို၍ပင် တုန်လှုပ်ချောက်ချားနေရ၏။ သူသည် ဤ ဖြစ်ရပ်မျိုးအား ယခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အားကြည့်လိုက် ကောင်းကင်ဘုံဓမ္မသခင်ကြီးအား ကြည့်လိုက် ဖြစ်နေပြီး နောက်ဆုံးတွင် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ နောက်တွင်ရှိနေသော ကံကြမ္မာစာအုပ်အား လှမ်းကြည့်မိလိုက်တော့သည်။

သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီး ထို စာအုပ်ထဲမှ စာရွက်များအား တစ်ရွက်ပြီးတစ်ရွက် လှန်နေသည်ကို မြင်နေရသည်။

မျက်လုံးများမှိတ်ထားသည့် ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ စာရွက်တစ်ရွက် လှန်ပြီးသွားသည့်အချိန်တိုင်း နှုတ်မှ စကားတစ်ခွန်း ရေရွတ်လိုက်သည်သာဖြစ်သည်။

" ခုနစ်ဆယ့်ကိုး "

" ခုနစ်ဆယ့်ရှစ် "

" ခုနစ်ဆယ့်ခုနစ် “

All Chapters