← Chapters

အေးစိမ့်စမ်းချောင်းနယ်မြေ

Vol. 77 Ch. 1082

အေးစိမ့်စမ်းချောင်းနယ်မြေ

Vol. 77 Ch. 1082

အခန်း (၁၀၈၂) အေးစိမ့်စမ်းချောင်းနယ်မြေ

ဖြစ်နိုင်လျှင် ဖုထင်အနေဖြင့် မြောက်ဖေးတောင်ထွတ်မှ ထွက်ခွာပြီး ‘နတ်ဘုရားအနားယူတောင်ကြား’ သို့မဟုတ် တခြားနေရာတစ်ခုခုတွင် ပုန်းအောင်းနေရန် ရန်ကျောက်ကဲ မျှော်လင့်မိသည်။

ပိုးသားဧကရာဇ်က မန်ဝမ်၏ကိစ္စကိုင်တွယ်ပြီးသည်နှင့် ဖုထင်အလှည့်ရောက်လာမည်ဟု သူ ယုံကြည်ထားသည်။

သို့သော် အရာအားလုံးက ထက်ကြေးသက်သက်မျှသာရှိသေးပြီး ပိုးသားဧကရာဇ် တကယ်တမ်းမလှုပ်ရှားမချင်း သူ ဘာလုပ်မည်ကို သေချာပေါက် မသိရှိနိုင်ပေ။

မြောက်ဖေးတောင်ထွတ်မှ သိုင်းကျင့်ကြံသူများအားလုံးက ထိုက်ချင်အမွေအနှစ်သိုင်းပညာများကို နှစ်ပေါင်းများစွာ လေ့လာခဲ့ကြသူများဖြစ်လေရာ သူတို့လက်တစ်ကမ်းမှ အခြေအနေကို နားလည်နိုင်စွမ်း ရှိကြသည်။

ဖုထင်နှင့်အခြားသူများအားလုံး အခြေအနေကို ဝေဖန်သုံးသပ်ပြီး မှန်ကန်သည့်ဆုံးဖြတ်ချက်ချနိုင်မည်ဟု ယုံကြည်ရသည်။

လောလောဆယ်မှာတော့ ရန်ကျောက်ကဲက ဖန်းယွင်ရှန်းနှင့် မန်ဝမ်အတွက်သာ အာရုံစိုက်နေခဲ့၏။

မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်သို့ ဧကရာဇ် (၂)ပါး ရောက်ရှိလာခြင်းဆိုသည်က သာမန်ထက်ထူးခြားသော ကိစ္စ ဖြစ်သည်။

ထို့ကြောင့် မြောက်ပိုင်းထိပ်တန်းအရှင်သခင်က ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်ကို ကိုယ်တိုင်ထွက်ပြီး ကြိုဆိုသည်။

ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်ကို ကြိုဆိုရန် မြောက်ပိုင်းထိပ်တန်းအရှင်သခင်က စောစီးစွာပင်

ယခင်အတိုင်းဆိုလျှင် ပြဿနာမရှိသော်လည်း ယခုတော့ သတိထားနေရလေသည်။

တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ကြယ်စင်ရောင်ပြန်ရေကန်တွင် ဖြစ်ပွားခဲ့သည့်အဖြစ်ပျက်က ကမ္ဘာတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခြင်း မရှိဘဲ ထိပ်တန်းအဆင့် ခေါင်းဆောင်များသာ သိရှိခဲ့သည်။

မြောက်ပိုင်းထိပ်တန်းအရှင်သခင်သည်လည်း ထိုအကြောင်း သိရှိထားသဖြင့် ပိုးသားဧကရာဇ်ကို သတိထားနေလေသည်။

ရန်ကျောက်ကဲကတော့ ကွမ်းယွိလော်၏ အဘိုးဖြစ်သူ မြောက်ပိုင်းထိပ်တန်းအရှင်သခင်အား ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်း ဖြစ်၏။

ကျူတောပင်လယ်ဒေသ ၊ ဝါဒတောင်ဖွင့်ပွဲအခမ်းအနားသို့ ထိပ်တန်းအရှင်သခင် (၇)ယောက် တက်ရောက်ခဲ့ကြသည်။

အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ ၊ မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ နှင့်‌ မြောက်ပိုင်းထိပ်တန်းအရှင်သခင်တို့သာ မလာရောက်ကြခြင်း ဖြစ်သည်။

ရန်ကျောက်ကဲနှင့် ရန်တိတို့ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားများထွက်ပေါ်လာပြီးနောက် ကမ္ဘာတစ်ခုလုံးအား တုန်လှုပ်စေခဲ့သည်။

သို့တိုင် မြောက်ပိုင်းထိပ်တန်းအရှင်သခင်က မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပေ။

အနောက်ပိုင်းထိပ်တန်းအရှင်သခင် ‘လန်ချင်း’နှင့် အခြားသူများကို သူက ရန်လိုခြင်းလည်းမရှိသလို မိတ်ဆွေဖွဲ့ရန်လည်း မကြိုးစားခဲ့ပေ။

ဤသည်က မြောက်ပိုင်းထိပ်တန်းအရှင်သခင်၏ပုံစံ ဖြစ်သည်။

ထိပ်တန်းအရှင်သခင် (၁၀)ပါးတွင် သူက အသိုသိပ်ဆုံး နေထိုင်တတ်သူဖြစ်ပြီး အပြင်လူများနှင့် တော်ရုံ ဆက်ဆံလေ့မရှိသဖြင့် မိန်းမပျိုဧကရာဇ်နှင့် ဆင်တူသည်ဟုပင် ဆိုရမည်။

သူက အခြေအမြစ်မရှိဘဲ မည်သည့်လှုပ်ရှားမှုကိုမှ ပြုလုပ်လေ့ မရှိပေ။

ရန်ကျောက်ကဲကတော့ မြောက်ပိုင်းထိပ်တန်းအရှင်သခင်အပေါ် အတော်လေး လေးစားသည်ပင်။

မြောက်ပိုင်းထိပ်တန်းအရှင်သခင်နှင့် ယွင်ကဲတောင် ၊ ရွှမ်လျိုကျောင်းတော်က မိခင်ဖြစ်သူ ရွှယ်ချူးချင်နှင့်ပတ်သက်ပြီး ကြားနေရပ်တည်ခဲ့သည် မဟုတ်ပါလား။

ရွှယ်ချူးချင်အား ကူညီခဲ့ခြင်းမရှိသည့်တိုင် ဤသည်က မြောက်ပိုင်း ထိပ်တန်းအရှင်သခင်၏ စေတနာ ဖြစ်သည်။

မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ် ၊ ယွင်ကဲတောင် ၊ ရွှမ်လျိုကျောင်းတော်က နက္ခတ်ဗေဒပညာနှင့်ပတ်သက်ပြီး ကျော်ကြားလှသည်။ မြောက်ပိုင်းထိပ်တန်းအရှင်သခင်ကိုယ်တိုင်လည်း ထိုပညာရပ်ကို ထိပ်တန်းအဆင့် ကျွမ်းကျင်တတ်မြောက်သည်။

အကယ်၍ သူနှင့် သူ၏တပည့်များသာ ရွှယ်ချူးချင်ကို လိုက်လံဖမ်းဆီးခြင်းတွင် ပါဝင်ခဲ့မည်ဆိုလျှင်...

အထူးသဖြင့် ရွှယ်ချူးချင် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးနေသည့်အခြေအနေမျိုးတွင် သူမအနေဖြင့် ရှောင်တိမ်းရန် အလွန်ခက်ခဲပေမည်။

ရွှယ်ချူးချင်အား မြစ်ဝါပန်းချီကားတစ်ဝက်က ကာကွယ်ပေးထားသည့်တိုင် ထိုပစ္စည်းကို အခြားနေရာများတွင်အသုံးပြုရန် လိုအပ်နေသေးသည်။

သို့ဖြစ်ရာ မြောက်ပိုင်းထိပ်တန်းအရှင်သခင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခြင်းမရှိဘဲ ရွှမ်လျိုကျောင်းတော်မှ တပည့်များ ပါဝင်ခဲ့မည်ဆိုလျှင်တောင် သူမအတွက် အလွန်အန္တရယ်ကြီးမားမည် ဖြစ်သည်။

မြောက်ပိုင်းထိပ်တန်း အဆက်အနွယ်များသည် များသောအားဖြင့် သိုသိုသိပ်သိပ်သာနေထိုင်ကြပြီး အထက်ဘုံကမ္ဘာ၏ ပဋိပက္ခများတွင် တော်ရုံဖြင့် ပါဝင်ခြင်း မရှိကြပေ။

မြောက်ပိုင်းထိပ်တန်းအရှင်သခင်ကိုတွေ့တော့ ရန်ကျောက်ကဲက ဦးညွှတ်ဂါရဝပြုလိုက်သည်။

“ကျွန်တော် ရန်ကျောက်ကဲ... မြောက်ပိုင်းထိပ်တန်းအရှင်သခင်ကို နှုတ်ဆက်ပါတယ်”

သူက ဆက်ပြောသည်။

“ကွမ်းမိန်းကလေးကိုတောင် မတွေ့ရတာအတော်ကြာပြီ ၊ သူ နေကောင်းရဲ့လား...”

ရုပ်ရည်အသွင်အပြင်အရဆိုလျှင် မြောက်ပိုင်းထိုက်တန်းအရှင်သခင်က အရှင်သခင် (၁၀)ပါးတွင် ထူးခြားသည်ဟု ဆိုနိုင်သည်။

သူက အတော်လေး အသက်ကြီးရင့်နေပုံပေါက်ကာ မျက်လုံးများ မှုံဝါးနေသည့်ပမာ မှုန်ကုပ်လျှက်ရှိပြီး အချိန်မရွေး ကွယ်လွန်သွားတော့မည့်လူတစ်ယောက်လို အားနည်းဖျော့တော့လျှက် ရှိသည်။

ထိပ်တန်းအရှင်သခင် (၁၀)ပါးတွင် အသက်အကြီးဆုံးနှင့် ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံးမှာ မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ ဖြစ်သည်။

သူပြီးမှ အရှေ့မြောက်ထိပ်တန်းအရှင်သခင် ‘လျိုကျန်းကူ’ ဖြစ်သည်။

ဟုတ်ပေ၏။

လျိုကျန်းကူက ဝမ်ကျန်းချန်ထက် အများကြီး အသက်ငယ်ရွယ်သေးသည်ဟု ဆိုနိုင်သည်။

သူတို့နှစ်ယောက်ပြီးမှ မြောက်ပိုင်းထိပ်တန်းအရှင်သခင် ဖြစ်သည်။

သို့သော် ပုံပန်းသဏ္ဌန်အရ လျိုကျန်းကူက မြောက်ပိုင်းထိပ်တန်းအရှင်သခင်ထက် ငယ်ရွယ်သန်မာပြီး ခန့်ညားတက်ကြွပုံရသည်။

မြောက်ပိုင်းထိပ်တန်းအရှင်သခင်က ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်တို့အား နှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲအား ကြည့်ကာ ပြုံးလိုက်ရင်း...

“ဒီကောင်မလေးက အရူးထတတ်လွန်းလို့ မိတ်ဆွေလေး’ရန်’ အတွက် ရယ်စရာဖြစ်နေတော့မှာပဲ”

ရန်ကျောက်ကဲက...

“မဟုတ်ရပါဘူးဗျာ ၊ ‘ကွမ်း’ မိန်းကလေး ကူညီလို့သာ ဒီ’ရန်’ ရဲ့ ဇနီး ဘယ်ကိုရောက်နေသလဲ သိခွင့်ရခဲ့တာပါ”

သူတို့အုပ်စု အဘယ့်ကြောင့် မြောက်ပိုင်းနက်ရှိုင်းကောင်းကင်ပြည်နယ်သို့ ရောက်လာရကြောင်း မြောက်ပိုင်းထိပ်တန်းအရှင်သခင် သိရှိပြီးဖြစ်သလို ယွင်ကဲတောင် ၊ ရွှမ်လျိုကျောင်းတော်သို့လည်း သတင်းပို့ပြီးပြီ ဖြစ်သည်။

မြောက်ပိုင်းထိပ်တန်းအရှင်သခင်က...

“တာအိုရောင်းရင်း’ဖု’ နဲ့ မိတ်ဆွေလေး’ရန်’ တို့ အရင်ဆုံး ပြင်ဆင်ထားသင့်တယ်”

ပြောပြီးသည်နှင့် သူက ခဏမျှ စဉ်းစားရင်း...

“မိတ်ဆွေလေး’ရန်’... ‘ဖန်း’ မိန်းကလေး ဝင်သွားတဲ့ ပြင်ပဗလာနယ်လမ်းကြောင်းက ငရဲကိုးထပ်တိုက်စားခံထားရတဲ့နေရာတစ်ခု ဖြစ်နိုင်တယ် ၊ အဲဒီနေရာက ‘အေးစိမ့်စမ်းချောင်း’ နယ်မြေပဲ”

“အေးစိမ့်စမ်းချောင်း” နယ်မြေဆိုသည်က ငရဲကိုးထပ်နယ်မြေ မဟုတ်ပေ။ ငရဲကိုးထပ်၏ တိုက်စားမှုကြောင့် ဖြစ်ပေါ်လာသော နယ်မြေတစ်ခုကို ခေါ်ဆိုခြင်း ဖြစ်သည်။

ငရဲကိုးထပ်၏စွမ်းအားက လွန်ကဲစွာ ထူးဆန်းပြီး သဏ္ဌန်ရှိကမ္ဘာဖြစ်စေ ၊ သဏ္ဌန်မဲ့ကမ္ဘာဖြစ်စေ တိုက်စားပစ်နိုင်စွမ်း ရှိသည်။

သို့သော် ဗလာနယ်လမ်းကြောင်းများက ဖရိုဖရဲအခြေအနေဖြစ်ပြီး ရှုတ်ထွေးသည်ဖြစ်ရာ ငရဲကိုးထပ်အ‌နေဖြင့် တိုက်စားရန်ခက်ခဲသဖြင့် ထိုလမ်းကြောင်းများကို ငရဲကိုးထပ်အပိုင်အဖြစ် ပြောင်းလဲရန် အချိန်အတော်ကြာပေမည်။

ထိုသို့ ငရဲကိုးထပ်အပိုင် မသိမ်းပိုက်နိုင်သေးဘဲ နတ်ဆိုးအငွေ့အသက်များဖြင့် ညစ်ညမ်းနေသည့် နယ်မြေကို ငရဲကိုးထပ်၏ ပိုင်နက်အစစ်အမှန်ဟု သတ်မှတ်၍ မရနိုင်ပေ။

‘အေးစိမ့်စမ်းချောင်းနယ်မြေ’ ဟု ခေါ်ဆိုသည့်နေရာများမှာ ငရဲကိုးထပ်နှင့် ကမ္ဘာပေါင်းအသင်္ချေကြားတွင် မီးခိုးရောင်ဟု ယူဆနိုင်သည့် နေရာများဖြစ်သည်။ ထိုနေရာများက စကြာဝဠာတစ်ခွင်မှ သာမန်ကမ္ဘာများနှင့် တူညီခြင်း မရှိပေ။

ပိုးသားဧကရာဇ်တို့အုပ်စု ရောက်ရှိလာမည်ဟု သတင်းကြားသည့်နောက် မြောက်ပိုင်းထိပ်တန်းအရှင်သခင်က နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် နက္ခတ်ဗေဒပညာဖြင့် တွက်ချက်ကြည့်ခဲ့သည်။

သူနှင့် ဖန်းယွင်ရှန်းက ကျင့်ကြံခြင်းအဆင့် ကွာခြားလေရာ ပုံမှန်ဆိုလျှင် ဖန်းယွင်ရှန်း၏ တည်နေရာကို ရာနှုန်းပြည့် တွက်ချက်ကြည့်နိုင်မည် ဖြစ်၏။

ပြင်ပဗလာနယ်ထဲတွင်ရှိနေသည့် ဖန်းယွင်ရှန်းအခြေအနေကို ရာနှုန်းပြည့်အတိအကျတွက်ချက်ရန် ခက်ခဲသော်လည်း ယေဘူယျ အနီးစပ်ဆုံး တွက်ချက်ကြည့်နိုင်မည် ဖြစ်သည်။

သို့သော် သူ၏ နက္ခတ်ဗေဒပညာရလဒ်များက ဖရိုဖရဲဖြင့် မရှင်းမလင်းဖြစ်နေခဲ့သည်။

ဤသို့ဖြစ်ရသည်မှာ ဖန်းယွင်ရှန်း ‘အေးစိမ့်စမ်းချောင်းနယ်မြေ’ သို့ ရောက်ရှိသွားသောကြောင့် ဖြစ်သည်မှာ ထင်ရှားသည်။

ရန်ကျောက်ကဲက မြောက်ပိုင်းထိပ်တန်းအရှင်သခင်ကို လေးနက်စွာဖြင့် လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...

“ကျွန်တော်နားလည်ပါတယ် ၊ အခုလို သတိပေးတား ကျေးဇူးအများကြီးတင်ပါတယ် မြောက်ပိုင်းထိပ်တန်းအရှင်သခင်”

မန်ဝမ်က စိတ်ရှုထွေးစွာဖြင့် ဖခင်ဖြစ်သူကို လှမ်းကြည့်လိုက်တော့ ပိုးသားဧကရာဇ်က...

“ငါတို့တွေ သွားကြည့်ကြတာပေါ့”

မြောက်ပိုင်းထိပ်တန်းအရှင်သခင်က...

“ဒီအဘိုးကြီးလည်း ဧကရာဇ်နှစ်ပါးကိုအဖော်ပြုပြီး မြောက်ဖျားဒေသကိုလိုက်ခဲ့ပါ့မယ် ၊ တစ်ခုခုဆိုရင် ကူညီလို့ရအောင် အဲဒီမှာ စောင့်နေပေးမယ်”

လွှမ်းခြုံဧကရာဇ်က မြောက်ပိုင်းထိပ်တန်းအရှင်သခင်ကို တည်ငြိမ်စွာကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူတို့အုပ်စု ချက်ချင်းပင် ခရီးထွက်ခွာပြီး မြောက်ဖျားဒေသ ရေခဲနှင့် ဆီးနှင်းများ ဖုံးလွှမ်းရာနေရာသို့ ရောက်ရှိခဲ့ကြသည်။

သူတို့အားလုံး ဖန်းယွင်ရှန်းချန်ထားခဲ့သော သဲလွန်စများအတိုင်း စုံစမ်းကြရင်း နောက်ဆုံး သူမကိုရှာဖွေရမည့်ဧရိယာ ကျဉ်းမြောင်းသွားအောင် လျှော့ချနိုင်ခဲ့ကြသည်။

ပိုးသားဧကရာဇ် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ သူ့အရှေ့မှ ကမ္ဘာလောကကြီး ရုတ်တရက် ပြောင်းလဲသွားသည်။

လေပြင်းများတိုက်ခတ်နေသည့် ကောင်းကင်ပြင်နှင့် ဆီးနှင်းများပြည့်နေသော ရေခဲပြင်များ ချက်ချင်းပြားချပ်သွားပြီး အရာအားလုံး ပုံရိပ်ယောင်ပမာ ပြောင်းလဲသွားသည်။

“ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ” တန်ခိုးစွမ်းအားက ခံစစ်စွမ်းအားကောင်းမွန်သည်မှန်သော်လည်း ခံစစ်အတွက် သီးသန့်ကျင့်ကြံရသည့် တန်ခိုးစွမ်းအား မဟုတ်ပေ။

အဆုံးမရှိသော အံ့သြဖွယ် ထိုက်ရှီစွမ်းအားက ခံစစ် တိုက်စစ် နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားပြီး ဤလောကတွင် ပိုးသားဧကရာဇ် တစ်ယောက်တည်းသာလျှင် ထိုတန်ခိုးစွမ်းအားကို အသုံးပြုနိုင်သည်။

အားလုံး သေသေချာချာ ကြည့်လိုက်သည့်အခါ ပန်းချီကားတစ်ချပ်ထက်တွင် အနက်ရောင်မျဉ်းကြောင်းများ ထွက်ပေါ်လာသည့်ပမာ ရှုခင်းများထက််တွင် အနက်ရောင်အစင်းကြောင်းများ လွင့်မျောနေကြောင်း တွေ့လိုက်ရသည်။

အပိုင်းပိုင်း စုတ်ဖြဲခံရသည့်ပန်းချီကားအား ပြန်ဆက်ထားသကဲ့သို့ ဖြစ်၏။

ပိုးသားဧကရာဇ် ဤပညာကိုထုတ်ဖော်ခြင်းမရှိပါက ဤနေရာမှ အရာအားလုံးကို ကြည့်ရှုနိုင်မည် မဟုတ်ပေ။

ဤအမှတ်အသားများက ကမ္ဘာဖြတ်လမ်းကြောင်းများ ထွက်ပေါ်လာပြီး ပြန်လည်ပျောက်ကွယ်သွားပြီးနောက် ကျန်ရစ်ခဲ့သည့် အစွန်းအထင်းများ ဖြစ်သည်။

မြောက်ပိုင်းထိပ်တန်းအရှင်သခင်က အချိန်အတန်ကြာ ဂရုတစိုက်ကြည့်နေပြီးမှ အနက်ရောင်မျဉ်းကြောင်းတစ်ခုထံ စူးစိုက်ကြည့်လိုက်သည်။

“အဲဒီနေရာ ဖြစ်ရနိုင်တယ်...”

မြောက်ပိုင်းထိပ်တန်းအရှင်သခင် ပြောသည့်နေရာသို့ ရန်ကျောက်ကဲနှင့် အခြားသူများအားလုံး ကြည့်လိုက်ကြပြီး ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ကြသည်။

ပိုးသားဧကရာဇ်က...

“သွားကြမယ်”

ထို့နောက် သူ၏လက်ကိုရပ်တန့်လိုက်လေရာ သူ့အရှေ့မှ မိုးနှင့်မြေက ပုံရိပ်ယောင်မှ မူလအတိုင်း ပကတိအနေအထား ပြန်ဖြစ်သွားသည်။

မိုးမြေတစ်ခွင်လုံး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသည်နှင့် ရေခဲလွှာများထက်တွင် ကမ္ဘာဖြတ်လမ်းကြောင်း ဝင်ပေါက်တစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။

ထို ဝင်ပေါက်အတွင်းပိုင်းသို့ လှမ်းကြည့်လိုက်တော့ တွင်းနက်ကြီးပမာ မှောင်မိုက်နေပြီး အထဲတွင် လျှပ်စီးကြောင်းများ တောက်လောင်နေကြောင်း ရံဖန်ရံခါ တွေ့မြင်ရလေသည်။

All Chapters