← Chapters

မြေခွေးအိုကြီး

Vol. 84 Ch. 1161

မြေခွေးအိုကြီး

Vol. 84 Ch. 1161

မန်ဟို့မျက်နှာက တစ်ချက်ပြောင်းလဲမသွားပေ။ သူသည် မိုးတိမ်ဂုရုကြီးနောက် လိုက်နေသည်ကို ရပ်၍ ဖြူစင်ရိုးသားလွန်းသူကား သူ့အပြင် နှစ်ယောက်မရှိသည့်အလား ခေါင်းဆောင်ကြီးဖန်ရှုတောက်ကို လက်ယှက်အရိုအသေပေးလိုက်သည်။

“ဂျူနီယာ ဂါဝရပြုပါတယ် ခေါင်းဆောင်ကြီး” သူက လက်ရှိပြဿနာ၏ တရားခံမဟုတ်သကဲ့သို့ ချောင်းဟန့်ရင်း ပြောလိုက်ကာ ဖန်ရှုတောက် မည်သို့မည်ဖုံဖြေရှင်းမည်လဲ အလွန်သိချင်နေတော့သည်။

သို့သော် သူ တကယ် သိချင်သည့်အရာမှာ ... သူက ဖန်မျိုးနွယ်စုနှင့် ဖန်ရှုတောက်အတွက် မည်မျှအရေးပါသလဲ ဆိုသည်ကိုပင်။

အိမ်ရှေ့မင်းသားဘွဲ့က ... တန်ရဲ့လား သူ သိချင်မိသည်။ ၎င်းကား ဘွဲ့နာမည်သက်သက်သာ ရှိပြီး ဘာမှမတန်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ မန်ဟို့သဘောထားသည် မေးခွန်းကို ဖြေကြားမည့်ပုံအပေါ် မူတည်လိမ့်မည်။

ဖန်မျိုးနွယ်စုသာ သူ့ကို အလေးမထားဘဲ အခြေအနေကိုင်တွယ်လျှင်တော့ တိုက်သာ တိုက်ခိုက်လိုက်မည်။ လောကပါလမျိုးနွယ်ခေါင်းဆောင်ကြီးတစ်ဦးက ဘာလဲ ဖန်မျိုးနွယ်စု သိသွားအောင် ပြရမည်။

ဖန်ရှုတောက်က မန်ဟို့ကို စိန်းစိန်းဝါးဝါး လှမ်းကြည့်လိုက်သော်လည်း တခဏကြာသော် သူ၏မျက်လုံးများ မသိမသာ ပြူးကျယ်သွားလေ၏။ သူ့အနောက်တွင် မဟာအကြီးအကဲဖန်သုံတျန်းအပါအဝင် မျိုးနွယ်အကြီးအကဲငါးယောက်၊ ခြောက်ယောက်မျှ လိုက်လာသည်။ သူတို့အားလုံး နေရာရွှေ့ပြောင်းခြင်းမုခ်ဝမှ ထွက်ထွက်ချင်းပင် မိုးတိမ်ဂုရုကြီး၏ ဒေါသထွက်နေသောစကားများကို ကြားလိုက်ကြရ၏။

ထပ်မံ၍ မိုးတိမ်ဂုရုကြီးက ပြောပြန်သည်။ “စီနီယာရှုတောက် ကျေးဇူးပြုပြီး တရားမျှတအောင် စီရင်ပေးပါ”

တစ်ချိန်တည်းမှာပင် ဈေးထဲရှိ ပန်းခရမ်းရောင်ဝတ်ရုံနှင့်ကျင့်ကြံသူအကုန်လုံး ဖန်ရှုတောက်ဘက် လက်ယှက်အရိုအသေပေး၍ တညီတညွတ်တည်း အော်ကြသည်။ “စီနီယာရှုတောက်၊ ကျေးဇူးပြုပြီး တရားမျှတအောင် စီရင်ပေးပါ”

သူတို့အသံများက လှိုင်းပုတ်သံများသဖွယ် ဟိန်းထွက်လာရာ ဖန်ရှုတောက်၏မျက်နှာအား အရုပ်ဆိုးသွားစေတော့သည်။ စိတ်ထဲတွင် သူသည် ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်၍ သံသယအနည်းငယ် ဝင်လာမိ၏။ သူက မန်ဟို့ကို နောက်တစ်ကြိမ် စိန်းစိန်းဝါးဝါး လှမ်းကြည့်လိုက်ပြန်သည်။

အချိန်အတန်ကြာသော် သူက အေးစက်စက် နှာမှုတ်ကာ ပြောလိုက်၏။ “ဖန်သုံ့တျန်း ၊ မင်းနဲ့ အကြီးအကဲတွေ ဒီကိစ္စကို ရှင်းလိုက်”

ဖန်သုံံ့တျန်းမှာ သူ့ကို ပါးစပ်အဟောင်းသားနှင့် ပြန်ကြည့်သည်။ သူ ထိုနေရာတွင် ချီတုံချတုံ ရပ်နေသည့်အချိန်မှာပင် ဖန်မျိုးနွယ်အကြီးအကဲတစ်ယောက်က ရှေ့တက်လာပြီး မိုးတိမ်ဂုရုကြီးဘက်သို့ လက်ယှက်ကာ ဦးညွှတ်လိုက်သည်။

“တာအိုရောင်ရင်းမိုးတိမ်၊ စိတ်အေးအေးထားပါ။ ဒီကိစ္စက တကယ်ပဲ ဖန်မျိုးနွယ်စုဘက်က ပေါ့လျော့မှုပဲဖြစ်ပါတယ်။ ကျုပ်တို့ ရှင်းပြပေးနိုင်ပါတယ်” မန်ဟိုသည် ဤအဘိုးကြီးကို ယခင်က မြင်ခဲ့ဖူး၏။ သူက ကြားနေသွေးဆက်တစ်ဆက်မှ အကြီးအကဲတစ်ဦးဖြစ်လေသည်။ ထိုလူစကားပြောနေစဉ် မန်ဟို့အမူအရာကား ပကတိတည်ငြိမ်အေးဆေးလျက်သာ.... သို့သော် သူ၏မျက်လုံးများသည် ရေခဲတမျှ အေးစက်လာ၏။

“မန်ဟို အခုချက်ချင်း မိုးတိမ်ဂုရုကြီးကို တောင်းပန်ပြီး မင်း လုထားတဲ့ပစ္စည်း ပြန်ပေးလိုက်စမ်း” အကြီးအကဲက ရိုင်းရိုင်းစိုင်းစိုင်း ဆက်ပြောသည်။ “အိမ်ရှေ့မင်းသားအနေနဲ့ မင်းဟာ လူတိုင်းရဲ့စံပြ ဖြစ်နေရမှာ။ မင်း ဒီမှာ လုပ်ခဲ့တဲ့လုပ်ရပ်က လုံးဝလက်ခံနိုင်စရာအကြောင်းမရှိဘူး” ဤအကြီးအကဲ ယခုလို အရင်ဆုံး အလုအယက်ပြောခဲ့ရသည့် အကြောင်းရင်းနှစ်ခုရှိသည်။ ပထမတစ်ခုက ခေါင်းဆောင်ကြီးရှုတောက် မကျေမနပ်ဖြစ်နေသည်ကို ရိပ်မိခဲ့၍၊ နောက်တစ်ခုက သူ့တွင် မိုးတိမ်ဈေးနှင့်ပတ်သက်မှုများ ရှိထားသဖြင့် ပြဿနာကို တတ်နိုင်သမျှမြန်မြန် ရှင်းသွားစေချင်၍ဖြစ်သည်။

သူ့အမြင်အရ မန်ဟို့ဘက် မလိုက်သည့် သူ၏ဆုံးဖြတ်ချက်မှာ အတော်လေး သင့်တော်လျော်ကန်လေသည်။ ဖန်မျိုးနွယ်စုကား အိမ်ရှေ့မင်းသားတစ်ယောက်လေးအတွက် လူအများကြီးကို ရန်ရှာနိုင်သည့်အခြေအနေတွင် ရှိမှမရှိသည်မဟုတ်လော။ မန်ဟိုက မျိုးနွယ်စုအတွက် မှတ်တမ်းတင်ဖွယ်တာဝန်တချို့ကို ထမ်းဆောင်ပေးခဲ့သော်လည်း လူတစ်ဦးတစ်ယောက်၏အကျိုးစီးပွားသည် အများ၏အကျိုးစီးပွား၏အပေါ်တွင် ဘယ်တော့မှ မရှိသင့်ပေ။ တစ်ခါတရံ ၎င်းအနေဖြင့် နောက်တွင်သာ ရှိနေရလိမ့်မည်။

သူတစ်ယောက်တည်းသာ ထိုအတွေးမျိုး ရှိခြင်းမဟုတ်။ ကျန်အကြီးအကဲများ၊ မန်ဟို့သွေးဆက်မှ နှစ်ယောက်ပင်လျှင် ပြဿနာကို ဖြေရှင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းက မန်ဟို့ကို ပြစ်တင်ဆုံးမရန်သာဖြစ်သည်ဟု ခံစားနေရကြသည်။

အကြီးအကဲတစ်ယောက်ပြီးတစ်ယောက် အပြစ်ဆိုကြတော့သည်။

“ဟိုအာ ဒီမှာ လူမသတ်သင့်ဘူးလေ။ အခုချက်ချင်း တောင်းပန်လိုက်စမ်း။ တာအိုရောင်ရင်းမိုးတိမ်၊ ဒီကိစ္စက ဖန်မျိုးနွယ်အိမ်ရှေ့မင်းသား စိတ်လိုက်မာန်ပါလုပ်လို့ ဖြစ်ရတာပါ။ ဒီမှာတင် ကြေအေးလိုက်စို့လား”

“ဟုတ်တယ်။ ဟိုအာ မင်း အဲဒီမှာ ဘာရပ်လုပ်နေတာလဲ။ အခုချက်ချင်း တောင်းပန်လိုက်စမ်း”

အကြီးအကဲတစ်ယောက်ပြီးတစ်ယောက် ဝင်ပြောသည်နှင့်အမျှ မိုးတိမ်ဂုရုကြီးသည် ကြိတ်ရယ်နေပြီး ဖန်မျိုးနွယ်များက အကျိုးအကြောင်းသင့်စဉ်းစားတတ်သူများ ဖြစ်နေ၍ စိတ်သက်သာရာရသွားတော့၏။

မန်ဟို တောင်းပန်ပြီးလျှင် သူ့အတွက် ထိုကိစ္စကို ဆက်လက်ဖိအားပေးရန် မဖြစ်နိုင်တော့။ သူ့အနေဖြင့် ကျောက်စိမ်းလည်ဆွဲကို ဖန်မျိုးနွယ်စုဆီ ရောင်းနိုင်သော်လည်း ဈေးပိုတင်ရမည်။ မန်ဟို့ကို သူလုပ်ခဲ့ပြီးသောအရာအတွက် သည်အတိုင်းတော့ လွှတ်မပေးနိုင်ပေ။

ဖန်မျိုးနွယ်စုသည် သူ့လိုလူမျိုးကို ဘယ်နည်းနှင့်မျှ ရန်လုပ်မည်မဟုတ်ကြောင်း သူ သေချာ၏။ သူ့ကျင့်ကြံခြင်းအခြေခံမှာ အဆင့်တက်လိုက်ရုံလေးနှင့် မည်သည့်ဂိုဏ်း၊ မည်သည့်မျိုးနွယ်စုမဆိုအတွက် အင်အားကြီးမားသောရန်သူဖြစ်နိုင်သည့်အဆင့်သို့ ရောက်ရှိနေခဲ့ပြီမဟုတ်လော။

ထိုသို့အဆင့်တက်လိုက်လျှင် သူတို့အားလုံး သူ့ကို သုတ်သင်ဖို့ အစွမ်းကုန်မကြိုးစားသရွေ့ သူသည် နောက်နောင်တွင် သူတို့အား ပြဿနာအမြဲရှာနိုင်လိမ့်မည်။

ထိုနည်းတူစွာပင် သူ့မှာ အင်အားကြီးမျိုးနွယ်စုများကို ပြင်းပြင်းထန်ထန် အတိုက်အခံမလုပ်ရဲပေ။ ထိုအကြောင်းကြောင့် အမြဲတမ်း အတိုင်းအတာတစ်ခုအထိ တင်တင်စီးစီး ပြုမူနေခဲ့ခြင်းဖြစ်၏။ သူကား အဆိုပါအတိုင်းအတာထက် ဘယ်တော့မှ မကျော်သလို၊ ဘယ်တော့မှလည်း မနှိမ့်ချတတ်ပေ။

အကြီးအကဲများ၏ ပြောစကားကို ကြားသည်နှင့် သူ့မျက်နှာကြောသည် အတန်ငယ်ပြေလျော့သွားပြီး သူက လက်ယှက်၍ ဖန်မျိုးနွယ်အကြီးအကဲများကို ဦးညွှတ်အရိုအသေပေးလိုက်သည်။

“ဒါက နားလည်လွဲရုံလေးပဲဆိုမှတော့ ကျုပ် ကြေအေးပေးလိုက်ပါ့မယ်” သူက ပေါ့ပေါ့ပါးပါး ပုံမှန်လေသံဖြင့် ပြော၏။ “အသေဆိုးဆိုးနဲ့သေသွားတဲ့ ကျုပ်ညီရဲ့ ရိုင်းပြမှုကြောင့်လို့ပဲ အပြစ်ဖို့ရမှာပေါ့လေ.... လုခံလိုက်ရတဲ့ ပစ္စည်းကိုတော့ ...ဖန်မျိုးနွယ်အိမ်ရှေ့မင်းသားက သဘောကျနေမှတော့ ယူလိုက်ပါတော့။ တကယ်တော့ ကျုပ်အနေနဲ့ ပြန်တောင်မလိုချင်ပါဘူး။ ဖန်မျိုးနွယ်စု ... ကျုပ် လူတွေကို မသတ်ဖို့ပဲ မျှော်လင့်တာပါ” သူသည် ခါးသီးစွာ ပြုံးနေသော်လည်း သူ့နှလုံးသားထဲတွင် ကောက်ကျစ်ယုတ်မာမှုတို့ ပြည့်နှက်နေသည်။ ဤအခြေအနေတွင် သူက အားကြီးမှုကို အနိုင်ယူဖို့ အားနည်းမှုကို အသုံးချရင်း အမြတ်ထွက်အောင် မာယာများနေခြင်း ဖြစ်လေသည်။ သူ့အနေဖြင့် မန်ဟို့ဘွဲ့ကို ပြန်ရုတ်သိမ်းပေးဖို့အထိ မတောင်းဆိုနိုင်သော်လည်း သူတို့ သူ့ကို အပြစ်ပေးအောင်တော့ သေချာပေါက် ဉာဏ်ဆင်နိုင်၏။ သူ့အသားသာနာစေမည်မဟုတ်။ အရိုးထဲထိ စွဲသွားအောင် သူ လုပ်မည်။

ယင်းက အမျှတဆုံးဟုလည်း သူ ထင်သည်။ သေသွားသူများသည် မိုးတိမ်ဈေးမှ ဖြစ်သည်။ မန်ဟိုက သူတို့ကို သတ်ခဲ့ရုံသာမက သူတို့၏ပစ္စည်းများကိုလည်း လုခဲ့သည်မဟုတ်ပါလော။ မိုးတိမ်ဂုရုကြီးသည် လျော်ကြေး များများစားစားတောင်းနိုင်ဖို့ ထိုအရာအားလုံးကို ထောက်ပြနေ၏။

အဆုံးတွင် ၎င်းသည် သူ ခန့်မှန်းထားသည့်အတိုင်း အလုပ်ဖြစ်မည့်ပုံပေါ်သည်။ မိုးတိမ်ဂုရုကြီး၏စကားကို တုံ့ပြန်သည့်အနေဖြင့် ဖန်မျိုးနွယ်အကြီးအကဲအုပ်စုသည် မျက်မှောင်ကြုတ်၍ မန်ဟို့ကို ပို၍ပင်ရိုင်းရိုင်းစိုင်းစိုင်း အပြစ်ဖို့ကြတော့၏။

“ဟိုအာ ဒါ သိက္ခာမဲ့တာပဲ”

“အခုချက်ချင်း တောင်းပန်လိုက်စမ်း။ မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့်နဲ့ မျိုးနွယ်စုတစ်စုလုံးကို အရှက်ခွဲချင်နေတာလား”

“မန်ဟို ဒူးထောက်လိုက်စမ်း” ဤနောက်ဆုံးစကားအား ပထမဆုံးဆူပူခဲ့သည့် အကြီးအကဲ၊ ကြားနေမျိုးဆက်မှတစ်ယောက်မှ ပြောလိုက်ခြင်းဖြစ်သည်။

မန်ဟို့မျက်နှာသည် အစမှအဆုံးအထိ တည်ငြိမ်အေးဆေးနေခဲ့၏။ သူက ဖန်မျိုးနွယ်များကို အေးစက်စက် ရပ်ကြည့်ဖို့သာ ရွေးချယ်ရင်း ဖြေရှင်းချက်လည်း မပေးပေ။ ကျန်ကျင့်ကြံသူအားလုံး၏အမြင်တွင် မန်ဟိုမှာ စီနီယာမျိုးဆက်များပင်လျှင် သူ့ကို အော်ဟစ်ကြိမ်းမောင်းဖို့ အရည်အချင်းမပြည့်မှီသဖြင့် သူ့ကိုယ်သူ ချုပ်တည်းထားပုံပေါ်နေသည်။

သို့သော် ထိုအကြီးအကဲ ‘ဒူးထောက်လိုက်စမ်း’ ဟု ပြောသည်ကို ကြားလိုက်သည်နှင့် မန်ဟို့မျက်လုံးများ အေးစက်သွားသည်။

“ခင်ဗျားက ဖန်ဘယ်သူ” သူက ပြောသည်။ “ခင်ဗျားနာမည်ကို ကျုပ် မမှတ်မိဘူး။ ဘာပဲဖြစ်ဖြစ် ခင်ဗျား အခုလေးတင် ပြောလိုက်တဲ့စကားကို ပြန်ပြောရဲရင် ပြောကြည့်စမ်းပါ။ ပြောလေ ထပ်ပြောကြည့်လိုက်"

အကြီးအကဲ၏မျက်လုံးများ မီးဝင်းဝင်းတောက်သွားပြီး သူ ပြန်ရန်တွေ့တော့မည့်အချိန် .......

“တော်သင့်ပြီ” မဟာအကြီးအကဲဖန်သုံ့တျန်းက မျက်နှာကြီးမည်းမှောင်နေလျက် အော်ကြီးဟစ်ကျယ် ပြောလိုက်သည်။ သူ့ကျင့်ကြံခြင်းအခြေခံသည် မိုးတိမ်ဂုရုကြီး၏ကျင့်ကြံခြင်းအခြေခံကဲ့သို့ အဆင့်မမြင့်မားသော်လည်း မိုးတိမ်ဂုရုကြီး သူ့ကို အထင်မသေးရဲသည်အထိတော့ မြင့်မားသေးသည်။

“အကြီးအကဲဖန်ရွှေတန်း၊ ခင်ဗျား အခုပြောလိုက်တဲ့စကားက လုံးဝမသင့်တော်ပေဘူး” သူက မိုးခြိမ်းသံကဲ့သို့ အသံကြီးဖြင့် ပြောသည်။ “ခင်ဗျားလည်း ဖန်မျိုးရိုးဆိုတာ မေ့သွားပြီလား

“ပြီးတော့ ခင်ဗျား၊ တာအိုရောင်ရင်းမိုးတိမ် တစ်ထွာကို တစ်မိုင်လောက် ချဲ့မနေနဲ့။ မန်ဟိုက ဖန်မျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသား။ သူက လူသတ်ခဲ့တယ်လို့ ခင်ဗျားပြောတယ်။ အေး မိုးဈေးတစ်ဈေးကို သူ သတ်ပစ်ချင်တောင်မှ ဘာအရေးလဲ

“သူက ခင်ဗျားဆီက တစ်ခုခုလုခဲ့တယ်လို့ ပြောတယ်။ အခြေအမြစ်မရှိချက် ၊ ဖန်မျိုးနွယ်စုက ပြည့်စုံပြီးသား။ ဘယ်သူ့ဆီမှ လုယက်နေစရာမလိုဘူး။ ဒါ့အပြင် မန်ဟိုက ကျုပ်တို့ရဲ့ အိမ်ရှေ့မင်းသား၊ ခေါင်းဆောင်လောင်း။ သူသာ ခင်ဗျားဆီက လုရင် ... ခင်ဗျား အဲဒါကို ဂုဏ်ယူစရာလို့ တွေးသင့်တယ်” ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးမှာ ဖန်သုံတျန်း၏စကားကို ကြားလျှင် မျက်လုံးများပြူးကျယ်ကုန်ကြ၏။ မိုးတိမ်ဂုရုကြီးက ဖန်သုံ့တျန်းကို ပြန်စိုက်ကြည့်ရင်း မျက်လုံးများ အရောင်လက်သွားသည်။

“အခုလို လူတတ်ကြီး လုပ်ပြမနေပါနဲ့” ဖန်သုံ့တျန်းက သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် ဆက်ပြောသည်။ “မူယာမာယာလည်း များပြမနေနဲ့။ ဖန်မျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသား ခင်ဗျားကို တောင်းပန်လိုက်ရင် ခင်ဗျားမျက်နှာရမှာမလို့မလား။ ဒီကိစ္စကို ဒီမှာတင် ရပ်ကြစို့။ သဘောမတူရင်တော့ ...လုပ်ကြည့်လိုက်လေ ပြောကြည့်လိုက် ဘာဖြစ်မလဲ ကြည့်ရသေးတာပေါ့” ဖန်သုံ့တျန်းသည် မိုးတိမ်ဂုရုကြီးအတွက် ပြိုင်ဘက်မဟုတ်သော်လည်း ဖန်မျိုးနွယ်စုထဲရှိ သူ၏အဆင့်အတန်းအရ မိုးတိမ်ဂုရုကြီးကို စကားလုံးများဖြင့် အလွယ်တကူ ခြိမ်းခြောက်နိုင်၏။

ဖန်သုံ့တျန်း၏ ပျစ်ပျစ်နှစ်နှစ် ဝေဖန်လိုက်မှုက ကျန်ဖန်မျိုးနွယ်အကြီးအကဲများကို တအံ့တဩ ငေးကြည့်မိလိုက်စေသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာတော့ ပို၍ပင် အံ့အားသင့်ကုန်ကြသည်။

မန်ဟိုပင်လျှင် ထူးဆန်းသောအကြည့်ဖြင့် ဖန်သုံ့တျန်းကို လှမ်းကြည့်နေသည်။ သူ မှတ်မိတာမှန်လျှင် ဖန်သုံ့တျန်းသည် သူ၏တာဝန်ချိန်အတွင်း အရှေ့အောင်ပွဲဂြိုဟ်ပေါ်တွင် ဖြစ်ပွားခဲ့သော ပုန်ကန်မှုကြောင့် အကျဉ်းချခဲ့ရ၏။ သူ ဤနေရာတွင် ပေါ်လာခြင်းက လွတ်ငြိမ်းခွင့်ပေးခဲ့ရပြီဖြစ်ကြောင်း သက်သေပြနေသည်။

မိုးတိမ်ဂုရုကြီးက ဖန်သုံ့တျန်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်၍ အရွဲ့တိုက် ရယ်တော့သည်။ ဖန်မျိုးနွယ်စု၏ မဟာအကြီးအကဲက သူ့ကို ဤသို့ပြောရဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ မဟာအကြီးအကဲသည် သူ့ကို ‘ဖုတ်လေတဲ့ငါးပိ၊ ရှိတယ်ဟုပင်မထင်’ သည့်အလား ရိုင်းပျခဲ့လေပြီ။

မိုးတိမ်ဂုရုကြီးသည် အရိုးဆွေးအောင် ကျင့်ကြံအားထုတ်ခဲ့ပြီး မိုးတိမ်ဈေးကို အုပ်ချုပ်ခဲ့သော နှစ်ပေါင်းများစွာအတောအတွင်း အင်အားကြီးဂိုဏ်းများ၊ မျိုးနွယ်စုများနှင့် ပတ်သက်ခဲ့ဖူး၏။ သူတို့က အမြဲရိုသေလေးစားခဲ့သည့်အတွက် အချင်းချင်း ဘယ်တော့မှ အတိုက်အခံမလုပ်ခဲ့သလို၊ ရန်ပြုခြင်းလည်း မရှိခဲ့ပေ။

သူတို့သည် သူ့ကို အမြဲတစေ ယဉ်ယဉ်ကျေးကျေး ပြောခဲ့၍ ဤသည်မှာ မျိုးနွယ်စုတစ်စုမှ လူတစ်ယောက် သူ့ကို ဤကဲ့သို့အသံနေအသံထားနှင့် ပြောသည်ကို ပထမဆုံးအကြိမ် ကြားရခြင်းဖြစ်လေသည်။

အရွဲ့တိုက် ရယ်သံကြီး ပဲ့တင်ထပ်နေစဉ် မိုးတိမ်ဂုရုကြီးမှာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိတော့ပုံရသည်။ သူက ရှူးရှူးရှားရှား အသက်ရှူပြီးနောက် လက်နှစ်ဖက်ယှက်၍ ဖန်ရှုတောက်အား အရိုအသေပေးလိုက်၏။

အံတင်းတင်းကြိတ်ရင်း သူက စိတ်ဆိုးမာန်ဆိုး ပြောသည်။ “စီနီယာရှုတောက် ၊ ဒါက ဖန်မျိုးနွယ်စုရဲ့ သဘောထားပေါ့လေ။ ကျုပ်ရဲ့တပည့်တွေကို သတ်ပြီး ကျုပ်ပစ္စည်းတွေကို လုခဲ့တာတောင် ... ခင်ဗျားတို့က ကျုပ်ကို အကြပ်ကိုင်ချင်ကြတယ်ပေါ့

“စီနီယာရှုတောက် ခင်ဗျား ဦးဆောင်ပြီး ....” မိုးတိမ်ဂုရုကြီး စကားပြောမပြီးခင် ဖန်ရှုတောက်က သူ၏လက်စကို ခါလိုက်သည်။

“သောက်ပါးစပ်ပိတ်ထားစမ်း” သူ့အသံသည် မိုးခြိမ်းသံကြီးကဲ့သို့ ဟိန်းထွက်သွား၏။ ဂြိုဟ်သိမ်ကွင်းပြင်တစ်ခုလုံး သိမ့်ခါသွားပြီး မိုးတိမ်ဈေးမှာ ပြိုကျတော့မတတ် ဖြစ်သွားသည်။

ကျင့်ကြံသူအမြောက်အမြား သွေးအန်လိုက်ရကာ မိုးတိမ်ဂုရုကြီးသည် တွန်းခံလိုက်ရသဖြင့် ပါးစပ်မှ သွေးများပန်းထွက်လျက် အံ့အားသင့်နေတော့သည်။

သူသည် ယခင်က တာအိုနယ်ပယ်ပညာရှင်များကို တစ်ခါမှ မရင်ဆိုင်ခဲ့ဖူးခြင်းမဟုတ်။ အများစုနှင့် ဆုံတွေ့ခဲ့ဖူးသည်။ သူ့အဆင့်အတန်းနှင့် ကျင့်ကြံခြင်းအခြေခံကို ထည့်တွက်ရင်း တာအိုနယ်ပယ်ကျင့်ကြံသူများသည် သူ့ကို အမြဲတစေ လေးလေးလေးစားစား၊ ဖော်ဖော်ရွေရွေပင် ဆက်ဆံကြ၏။

ဤသည်မှာ သူ့ကို ယခုလို အလေးမထားသည့် တာအိုနယ်ပယ်ပညာရှင်တစ်ယောက်အား ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။

ဖန်သုံ့တျန်းသည် ဖန်ရှုတောက်၏ဒေါသကို မြင်လျှင် မျက်လုံးများလက်သွားသော်လည်း ဘာမှဆက်ပြောခြင်းမရှိ။ သို့သော် ကျန်အကြီးအကဲများမှာ မျက်နှာပျက်သွားပြီး နှလုံးသားများ ဖြစ်ညစ်ခံလိုက်ရသလို ခံစားလိုက်ကြရသည်။ အထူးသဖြင့် မန်ဟို့ကို ဒူးထောက်ခိုင်းခဲ့သော အကြီးအကဲပင်။ ထိုလူ့နှလုံးသားမှာ တွေဝေမှုဖြင့် ဒုန်းစိုင်းပြေးနေသည်။ သူ့အမြင်အရ မန်ဟိုသည် မျိုးနွယ်စု၏အကျိးများစွာကို သယ်ပိုးခဲ့သော်လည်း ဖန်မျိုးနွယ်စု၏တိုက်ရိုက်သွေးဆက်၊ အိမ်ရှေ့မင်းသားပင် ဖြစ်လင့်ကစား တစ်မျိုးနွယ်လုံး၏အကျိုးအတွက် နောက်ဆုတ်သင့်၏။ သို့သော် .... ဖန်ရှုတောက်၏သဘောထားက ဆန့်ကျင်ဘက်ဖြစ်နေသည်။

ဖန်ရှုတောက်က နေရာရွှေ့ပြောင်းခြင်းမုခ်ဝအတွက် တာဝန်ရှိသော မျိုးနွယ်ဝင်များဘက်သို့ ရုတ်တရက် လှည့်လိုက်သည်။ “မင်းတို့ကို မေးဦးမယ်။ ဟိုအာ ငါတို့ဆီ သတင်းပါးတုန်းက ဘာပြောခဲ့တာပါလိမ့်”

မျိုးနွယ်ဝင်များမှာ ချက်ချင်း တုန်ရီသွားကြပြီး တစ်ယောက်က ဖြေသည်။ “အိမ်ရှေ့မင်းသားက ... ခေါင်းဆောင်ကြီး မိုးတိမ်ဈေးရဲ့နာမည်ကို ဖန်မျိုးနွယ်ဈေးလို့ ပြောင်းချင်လား မပြောင်းချင်ဘူးလားလို့ ... မေးခိုင်းခဲ့တာပါ....”

ဖန်ရှုတောက်က ခေတ္တ ရပ်စဉ်းစားပြီးနောက် ခေါင်းမော့ကာ ဂြိုဟ်သိမ်ကွင်းပြင်တစ်ခွင် ဟိန်းထွက်သွားသည့်အပြင် ထို့အလွန်ရှိ အာကာသဟင်းလင်းပြင်ထဲအထိ ပဲ့တင်ရိုက်ခတ်သွားသောအသံကြီးဖြင့် ပြောလိုက်သည်။ “မိုးတိမ်ဈေးဟာ ရန်သူမျိုးနွယ်စုတွေနဲ့ ပူးပေါင်းပြီး နဝမတောင်ပင်လယ်မှာ ပြည်တွင်းစစ်ဖြစ်အောင် လှုံ့ဆော်ဖို့ ဖန်မျိုးနွယ်အိမ်ရှေ့မင်းသားကို အန္တရာယ်ပြုခဲ့တယ်။ ငါတို့ကို ရန်စဖို့အတွက် ရည်ရွယ်ချက်နဲ့ ငါတို့ အိမ်ရှေ့မင်းသားကို သူတို့ဆီက လုပါတယ်လို့တောင် စွပ်စွဲခဲ့တယ်။ ဒီပြစ်မှုကို လုံးဝခွင့်မလွှတ်ဘူး။ ဖန်မျိုးနွယ်စုတစ်စုလုံးဆီ သတင်းပို့လိုက်။ မိုးတိမ်ဈေးကို သုတ်သင်မယ်။ တစ်ယောက်မှ အရှင်မထားနဲ့။ အခုကစပြီး ဒီနေရာကို ... ဖန်မျိုးနွယ်ဈေးလို့ ခေါ်ရမယ်”

မိုးတိမ်ဂုရုကြီးမှာ ချာချာလည်သွားပြီး အံ့ဩမယုံနိုင်ဖြစ်သွားတော့သည်။

“စီနီယာရှုတောက်”

All Chapters