မင်းတို့က အသက်ရှင်နေသေးတာလား
Vol. 121 Ch. 1678
‘အာ... စစ်သူကြီးယွင်က မလိုက်ဘူးလား’
ကျန်းရီသည် သူ၏ဟွင့်သွမ့်နတ်ဘုရားလှေပေါ်သို့ တက်လိုက်ပြီးနောက် ယွင်ပင်း၊ တပ်မှူးချုပ်နှစ်ယောက်နှင့် ကိုယ်ရံတော်သုံးဆယ့်ခြောက်ယောက်က လှေပေါ်မတက်ကြကြောင်း တွေ့လိုက်၏။ ထို့ကြောင့် သူ နားမလည်နိုင်ဖြစ်သွားပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ သူသည် တပ်မှူးဟူနှင့် မရင်းနှီးသေးသဖြင့် တပ်မှူးဟူကို မေးခွန်းများစွာ မမေးဝံ့ပေ။
ဟွင့်သွမ့်နတ်ဘုရားလှေက ကြီးမားသည်။ လူတစ်ထောင် တက်ပြီးနောက်တွင်ပင် လှေထဲ၌ နေရာလွတ်များစွာ ကျန်သေးသည်။ တပ်မှူးဟူသည် လှေပေါ်ရောက်သည်နှင့် အရှေ့လှေဝမ်းထဲသို့ တန်းလျှောက်သွား၏။ အခြားတပ်ကြပ်များကလည်း ကျန်းရီနှင့် စကားပြောလိုပုံ မပေါ်ချေ။ ထို့ကြောင့် ကျန်းရီတို့သည် ရွေးချယ်စရာ မရှိတော့ဘဲ တင်ပျဉ်ခွေထိုင်၍သာ ကျင့်ကြံလိုက်ကြရသည်။
ဟွင့်သွမ့်နတ်ဘုရားလှေသည် အရှေ့သို့ လျင်မြန်စွာ ပျံသန်းနေသည်။ ကောင်းကင်ဘုံမှ ဟွင့်သွမ့်နတ်ဘုရားလှေများက အထက်ဘုံမှ လှေများနှင့် ကွဲပြားကြောင်း ကျန်းရီ သိလိုက်ရ၏။ ကောင်းကင်ဘုံမှ ဟွင့်သွမ့်နတ်ဘုရားလှေများက များစွာပို၍ လျင်မြန်သည်။ ၎င်းတို့က ကောင်းကင်ဘုရင်ဝူ၏ အမြန်နှုန်းလောက်ပင် မြန်ကြသည်။
ဟွင့်သွမ့်နတ်ဘုရားလှေဆယ်စီးသည် အနိမ့်ဘုံအချိန် ဆယ်ရက်ကြာအောင် ပျံသန်းခဲ့၏။ လမ်းခရီးတစ်လျှောက်လုံးတွင် အေးချမ်းခဲ့သည်။ အန္တရာယ်ဆို၍ တစ်ခါတရံ ထွက်ပေါ်လာတတ်သည့် အာကာသလှိုင်းများနှင့်သာ ကြုံခဲ့ရသည်။ အာကာသထဲတွင် ကင်းလှည့်နေကြသော အခြားဟွင့်သွမ့်နတ်ဘုရားလှေများစွာကိုလည်း တွေ့ခဲ့ရသည်။ သို့သော် ထိုလှေများက သူတို့ကို အန္တရာယ်မပြုပါပေ။
“ငါတို့ မကြာခင် ရောက်တော့မယ်”
တပ်ကြပ်တစ်ယောက်က ရုတ်တရက် အော်ပြောလိုက်၏။ ကျန်းရီတို့ ဝမ်းသာသွားကြသည်။ သူတို့သည် ထိုတပ်ကြပ်ကြည့်နေသော နံရံအကြည်တစ်ခုမှနေ၍ အပြင်ကို ကြည့်လိုက်ကြ၏။ ပတ်ဝန်းကျင်ကို ခေတ္တမျှ ကြည့်ပြီးနောက်တွင် ကျန်းရီ အံ့အားသင့်သွား၏။
အရှေ့မှ အာကာသဟင်းလင်းပြင်က ဆက်၍ မည်းမှောင်မနေတော့ပေ။ ထိုအစား အနီရင့်ရောင်ရှိနေသည်။ ကျန်းရီသည် လှမ်းကြည့်ရင်း အာကာသဟင်းလင်းပြင်ကို ဖြတ်စီးနေသည့် အနီရင့်ရောင်မြစ်တစ်စင်းကို ကြည့်နေရသလို ခံစားလာရ၏။ ၎င်းက လူသားများကို ဝါးမျိုရန် အာကာဟဟင်းလင်းပြင်ထဲတွင် ပုန်းအောင်းနေသော ဧရာမနတ်နဂါးကြီးတစ်ကောင်နှင့်တူပေသည်။
ထိုအနီရင့်ရောင်မြစ်ကြီးက မည်မျှရှည်လျားကြောင်း ကျန်းရီ မသိပေ။ သူတို့နေရာမှ ကြည့်လျှင် ထိုမြစ်ကြီး၏ အစနှင့်အဆုံးကိုပင် မမြင်ရချေ။ အကျယ်အရမူ အနည်းဆုံး ကီလိုမီတာငါးထောင်လောက် ကျယ်လိမ့်မည်ဟု ကျန်းရီ ခန့်မှန်းသည်။ ၎င်းသည် ဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းခြုံထားလုနီးပါးပင်။ အနီရင့်ရောင်အလင်းကလည်း မိစ္ဆာအငွေ့အသက်ကို ပေးနေသည်။ အဝေးမှကြည့်နေသော သူတို့သည်ပင် စိတ်မသက်မသာခံစားလာရသည်။
တပ်မှူးဟူက မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများနှင့်ဖြစ်၍ လူရိုင်းတစ်ယောက်နှင့်ပင် ဆင်တူသည်။ ထိုအခိုက်တွင် သူသည် အရှေ့လှေဝမ်းထဲမှ ထွက်လာပြီး လှေထဲရှိ လူအားလုံးကို ပြောလိုက်သည်။
“မင်းတို့ထဲက တော်တော်များများက ဒီကိုလာပြီး တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီကို တစ်ခါမှ မရောက်ဖူးတဲ့သူတွေလည်း ရှိသေးတယ်။ အဲ့တော့ မင်းတို့အကုန်လုံးအတွက် ငါ အခြေအနေကို အကြမ်းဖျင်း ရှင်းပြမယ်...”
“ကောင်းကင်နက်မြစ်သက်သက်က အန္တရာယ်မရှိဘူး။ ဒါပေမဲ့ အဲ့မှာ ကြာကြာနေရင် အဲ့က မိစ္ဆာအငွေ့အသက်က စိတ်ဝိညာဉ်အားနည်းတဲ့သူတွေအပေါ် သက်ရောက်လိမ့်မယ်။ မင်းတို့ အသိစိတ်ပျောက်သွားနိုင်တယ်။ ပြီးတော့ အဲ့မှာ တမလွန်ဘုံမိစ္ဆာတွေလည်းရှိတော့ အဲ့နေရာက အန္တရာယ်များသွားတာပဲ။ ခဏနေလို့ မင်းတို့ မြစ်ထဲဝင်တဲ့အခါကျရင် မင်းတို့ရဲ့ ရဲဘော်ရဲဘက်တွေရဲ့ မျက်လုံးတွေက နီရဲလာ၊ မလာကို ကြည့်ကြပါ။ တကယ်လို့ မျက်လုံးတွေ နီရဲလာတဲ့သူရှိရင် အဲ့လူကို ချက်ချင်း သတိမေ့သွားအောင်လုပ်ပြီး ဒီကို ပြန်ခေါ်လာခဲ့ပါ...”
“တပ်ဖွဲ့တိုင်း တမလွန်ဘုံဘုံမိစ္ဆာတွေကို တစ်ရက် လွတ်လွတ်လပ်လပ် သတ်နိုင်တယ်။ အချင်းချင်းတော့ ပြန်မတိုက်ခိုက်ရဘူး။ အချင်းချင်း တိုက်ခိုက်နေတာကို တွေ့လိုက်ကတော့ အမေးအမြန်းမရှိ အသတ်ခံရမယ်။ တကယ်လို့ ကိုယ့်ထက်အင်အားကြီးတဲ့ ရန်သူနဲ့တွေ့ရင် ချက်ချင်း ပြန်ဆုတ်ကြပါ”
တပ်မှူးဟူသည် ပြောဆိုပြီးသည်နှင့် အရှေ့လှေဝမ်းသို့ ပြန်သွား၏။ ဟွင့်သွမ့်နတ်ဘုရားလှေသည် နောက်ထပ်နှစ်နာရီကြာ ဆက်ပျံသန်းပြီမှ ကောင်းကင်နက်မြစ်အနီးသို့ ရောက်၏။ ကျန်းရီတို့သည် ကောင်းကင်နက်မြစ်ကို ရှင်းရှင်းလင်းလင်း မြင်ရပေပြီ။ ကောင်းကင်နက်မြစ်က အနီရင့်ရောင်တောက်ပနေသည်ဟု ထင်ရခြင်းမှာ အနီရောင်တိမ်မြစ်ကြီး ဖြစ်နေ၍ပင်။ ထိုနေရာတွင် သူတို့၏ ကောင်းကင်စိတ်အာရုံများလည်း ဖိနှိပ်ခံထားရသည်။
ရွှီး...
ဟွင့်သွမ့်နတ်ဘုရားလှေဆယ်စီး၏ တံခါးများ ပွင့်လာ၏။ တပ်သားများသည် လှေများထဲမှ ပျံထွက်၍ အနီရောင်တိမ်တိုက်များဆီသို့ ငါးအုပ်တစ်အုပ်အလား ပျံသန်းသွားလိုက်ကြသည်။ ကျန်းရီသည်လည်း လက်ဝှေ့ယမ်း၍ သူ့လူကိုးဆယ်ကျော်ကို ခေါ်ကာ လှေထဲမှထွက်၍ အနီရောင်တိမ်များဆီ ပျံသန်းသွားသည်။
“စက်ဝိုင်းကွက်ဖော်... အစ်ကိုကျန့်တိနျန်က အရှေ့က လမ်းရှင်းပါ”
ကျန်းရီသည် တပ်ဖွဲ့၏ အလယ်တွင်နေ၍ ညွှန်ကြားနေ၏။ လူကိုးဆယ်ကျော်က ချက်ချင်း စက်ဝိုင်းပုံ နေရာယူလိုက်သည်။ ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်ရှစ်ယောက်က အရပ်ရှစ်မျက်နှာတွင် နေရာယူထားသည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက်ကြားမှ အကွာအဝေးက တူညီသည်။ ကျန့်တိနျန်ကမူ အရှေ့ဆုံးတွင်နေ၍ ဦးဆောင်နေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ဂါး...ဂါး...
ကျီ...ကျီ...
ကျန်းရီတို့ အနီရောင်တိမ်များဆီသို့ မရောက်သေးခင်မှာပင် တိမ်များထဲမှ ထွက်ပေါ်လာသော ပေါက်ကွဲသံများကို ကြားလိုက်ရ၏။ တမလွန်ဘုံမိစ္ဆာများကလည်း ထူးဆန်းသော အသံများ ပြုနေသည်။ သူတို့ တိမ်တိုက်များထဲ ဝင်လိုက်သောအခါ အနက်ရောင်အခိုးအငွေ့ ခပ်ရေးရေးက သူတို့ကို စတင် လွှမ်းခြုံလာ၏။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အာရုံခံ၍ အော်ပြောလိုက်သည်။
“အဲ့ဒါ တမလွန်ဘုံအရှိန်အဝါပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့.. ကျွန်တော် ဒီမှာ ရှိနေတာပဲ။ အရှေ့ကို ဆက်သွားကြပါ၊ လမ်းမှာတွေတဲ့ တမလွန်ဘုံမိစ္ဆာတွေကို သတ်ပစ်ကြပါ”
ကျန်းရီ၏ ‘ကျွန်တော် ဒီမှာရှိတာပဲ’ဟူသော စကားကို ကြားလိုက်သောအခါ တပ်ဖွဲ့တစ်ဖွဲ့လုံး စိတ်အားတက်သွားသည်။ ကျန်းရီက တမလွန်ဘုံအရှိန်အဝါကို တစ်စက္ကန့်အတွင်း သန့်စင်ပေးနိုင်သည်။ ယင်းက တပ်ဖွဲ့ကို လုံခြုံမှု ခံစားရစေသည်။ သူတို့သည် တမလွန်ဘုံအရှိန်အဝါအတွက် လုံးဝစိုးရိမ်စရာ မလိုဘဲ တမလွန်ဘုံမိစ္ဆာများကိုသာ အပြည့်အဝအာရုံစိုက်၍ သတ်နိုင်ပေသည်။
ကျန်းရီ၏ တပ်ဖွဲ့သည် အရှေ့သို့ လျင်မြန်စွာ ပျံသန်းနေသည်။ အရှေ့ဆုံးရှိ ကျန့်တိနျန်သည် အနီရောင်တိမ်တိုက်များထဲတွင် ပုန်းအောင်းနေသော တမလွန်ဘုံမိစ္ဆာများစွာကို ရှာတွေ့ထားပြီးဖြစ်သည်။ သူက ရုတ်တရက် တိုက်ခိုက်လိုက်ရာ သူ့အနောက်မှ တပ်သားအားလုံးကလည်း အဆက်မပြတ် တိုက်ခိုက်လိုက်ကြလေသည်။
“အန်...”
တမလွန်ဘုံမိစ္ဆာများက အဆင့်မြင့်မိစ္ဆာများ မဟုတ်ချေ။ ကျန်းရီသည် မိစ္ဆာချေဖျက်စစ်တပ်ထဲတွင် တာဝန်များစွာ ထမ်းဆောင်ခဲ့ဖူးသည်။ ထို့ကြောင့် တမလွန်ဘုံမိစ္ဆာများအကြောင်းကို သူ ကောင်းစွာသိနေပြီဖြစ်သည်။ ဤနေရာမှ တမလွန်ဘုံမိစ္ဆာများက တမလွန်ဘုံစစ်သူကြီးများလောက် စွမ်းအားမကြီးကြပေ။ ငှက်တောင်ပျံတပ်၏ အဆင့်အနိမ့်ဆုံး တပ်သားများမှာမူ နတ်ဘုရားဧကရာဇ်များ ဖြစ်ကြသည်။ သို့ဖြစ်ရာ ထိုတမလွန်ဘုံမိစ္ဆာများကို သတ်ရန်မှာ သူတို့အတွက် မခက်ခဲလောက်ပေ။
“မြားပုံစံပြောင်း၊ အစ်ကိုကျန့်.. အစ်ကိုက အရှေ့ဆုံးက လမ်းပြပါ။ နောက်ကလူတွေက တမလွန်ဘုံမိစ္ဆာအလောင်းတွေကို စုဆောင်းပါ”
ကျန်းရီသည် အခြေအနေကို ခေတ္တမျှ လေ့လာလိုက်ပြီးနောက် ပြတ်သားစွာ ညွှန်ကြားလိုက်၏။ ယွင်ပင်းနှင့် တပ်မှူးချုပ်နှစ်ယောက်က ဤသို့ လိုက်မလာခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။ ဤတာဝန်က အလွန်ရိုးရှင်းသည်။ ဤနေရာရှိ စွမ်းအားအကြီးဆုံး တမလွန်ဘုံမိစ္ဆာများက တမလွန်ဘုံစစ်သူကြီးများသာ ဖြစ်လောက်သည်။ ကျန့်တိနျန်သည်ပင် ၎င်းတို့ကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။
ကျန်းရီတို့သည် သူတို့၏ ဘေးဘယ်ညာမှ တိုက်ပွဲသံများကို ကြားနေရ၏။ တပ်ဖွဲ့အသီးသီးသည် တမလွန်ဘုံမိစ္ဆာများကို လျင်မြန်သောနှုန်းဖြင့် သတ်ဖြတ်၍ တိုက်ပွဲအမှတ်များကို ရနိုင်သမျှ ယူရန် ကြိုးစားနေခြင်း ဖြစ်မည်။ ကျန်းရီတို့တပ်ဖွဲ့အတွက်လည်း ဤတာဝန်က ပထမဆုံးတာဝန်ဖြစ်၍ အားလုံးသည် အခြားသူများ၏ အထင်သေးမှုကို မခံရအောင် အစွမ်းကုန်ကြိုးစားနေကြသည်။
ဂါး...ဂါး...
ကီလိုမီတာရာကျော် သွားပြီးနောက် ကျန်းရီတို့အရှေ့၌ ဧရာမအရိုးစုကြီး ခြောက်ကောင် ထွက်ပေါ်လာ၏။ သူတို့သည် တမလွန်ဘုံစစ်သူကြီးများကို ယခုမှ ပထမဆုံးအကြိမ် တွေ့ရခြင်းပင်။ ထို့ပြင် တမလွန်ဘုံစစ်သူကြီးက ခြောက်ကောင်ရှိနေသည်။ ကျန့်တိနျန်နှင့် အခြား ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်ရှစ်ယောက်က မတုန်လှုပ်သော်လည်း ကျန်သော နတ်ဘုရားဧကရာဇ်များ၏ မျက်နှာထားများက တင်းမာသွား၏။
ရွှီး...
ကျန်းရီ၏ ဦးခေါင်းထဲမှနေ၍ တံဆိပ်စာလုံးများ တစ်လုံးပြီးတစ်လုံး ပျံထွက်လာ၏။ ၎င်းစာလုံးများသည် အရှေ့ရှိ ဧရာမအရိုးစုကြီးများထံ ပျံသန်းသွားသည်။ ထိုတံဆိပ်စာလုံးများ၏ ဝင်တိုက်မှုကို ခံလိုက်ရသောအခါ ဧရာမအရိုးစုကြီးများသည် သိသိသာသာ အားနည်းသွားကြ၏။ ထိုအခါ ကျန့်တိနျန်နှင့် အခြားသူများ၏ မျက်ဝန်းများ ရုတ်ခြည်း အရောင်လက်သွားသည်။ သူတို့သည် အခွင့်အရေးကို လက်လွတ်မခံဘဲ အစွမ်းကုန် တိုက်ခိုက်လိုက်ကြသည်။
တမလွန်ဘုံစစ်သူကြီးများက အလွန်စွမ်းအားကြီးသော်လည်း ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များက အစွမ်းကုန် တိုက်ခိုက်မည်ဆိုလျှင် ၎င်းတို့ကို အနိုင်ယူနိုင်သည်။ ထို့ပြင် ကျန့်တိနျန်နှင့် အခြား ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များက သာမန် ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များ မဟုတ်ပေ။ သူတို့သည် အုပ်ချုပ်သူအဆင့်သို့ ရောက်ရန် ခြေလှမ်းဝက်သာ လိုတော့သူများပင်။ ယင်းကို ကျန်းရီ၏ အကူအညီပါ ထပ်ပေါင်းထည့်လိုက်သောအခါ သူတို့တပ်ဖွဲ့သည် ဧရာမအရိုးစုကြီး ခြောက်ကောင်ကို အလွယ်တကူ အနိုင်ယူနိုင်လိုက်လေသည်။
ဝှစ်...
ကျန်းရီသည် တံဆိပ်စာလုံးများကို ကျန့်တိနျန်နှင့် အခြားသူများ၏ ဦးခေါင်းများထဲသို့ ပျံဝင်သွားစေလိုက်၏။ စာလုံးများသည် ခေါင်းများထဲတွင် တစ်ပတ်လှည့်ပတ်၍ တမလွန်ဘုံအရှိန်အဝါကို သန့်စင်လိုက်၏။ တပ်ဖွဲ့တစ်ခုလုံး အလွန်စိတ်အားတက်လာပေသည်။ တပ်သားများက စစ်သူကြီး၏ ခြေလက်များဖြစ်ပြီး စစ်သူကြီးက တပ်သားများ၏ စိတ်ဝိညာဉ်ပင်။ စစ်သူကြီးကသာ အစွမ်းအစရှိလျှင် တပ်၏အင်အားကလည်း သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။
ကျန်းရီတို့တပ်ဖွဲ့သည် အရှေ့သို့ ဆက်သွားရင်း တမလွန်ဘုံမိစ္ဆာများကို ရှင်းလင်းနေသည်။ မကြာခင်မှာပင် အားလုံး တစ်စုံတစ်ခုကို သိသွားသည်။ ကျန်းရီသည် ကောင်းကင်နက်မြစ်၏ မိစ္ဆာအငွေ့အသက်ကိုပင် သန့်စင်နိုင်သည်။ သို့ဖြစ်ရာ သူတို့ ဤကောင်းကင်နက်မြစ်ထဲ၌ နာရီပေါင်းများစွာ နေမည်ဆိုလျှင်လည်း မိစ္ဆာအငွေ့အသက်၏ သက်ရောက်မှုကို ခံရလိမ့်မည် မဟုတ်ချေ။
ဆယ်နာရီနီးပါး ပျံသန်းပြီးနောက် တပ်ဖွဲ့သည် ကောင်းကင်နက်မြစ်၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်လာ၏။ တမလွန်ဘုံမိစ္ဆာများ ပို၍ များပြားလာသည်။ ထို့ပြင် ဘေးဘယ်ညာမှ တိုက်ပွဲသံများကိုလည်း မကြားရတော့ပေ။ ကျန်းရီသည် တပ်ဖွဲ့ကို ရပ်ခိုင်းလိုက်ပြီး ထိုတစ်ဝိုက်မှ တမလွန်ဘုံမိစ္ဆာများကို ရှင်းစေလိုက်သည်။
တိုက်ပွဲက ပင်ပန်းစေသည်။ အနိမ်ဘုံအချိန် ရက်အနည်းငယ် ကြာပြီးနောက်တွင် ကျန်းရီသည် တပ်ဖွဲ့ကို နှစ်ဖွဲ့ခွဲစေ၍ တစ်ဖွဲ့ကို တစ်လှည့်စီ တိုက်ခိုက်စေလိုက်သည်။ တစ်ဖွဲ့က တိုက်ခိုက်နေစဉ်တွင် ကျန်တစ်ဖွဲ့က သူ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ဝင်ကာ အနားယူနိုင်သည်။ ကျန်းရီသည် ဤတစ်လျှောက်လုံးတွင် တစ်ခါမှ ကိုယ်တိုင်ဝင်မတိုက်ခဲ့ဘဲ တပ်သားများ၏ စိတ်ဝိညာဉ်ထဲမှ မိစ္ဆာအငွေ့အသက်နှင့် တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပေးရန်သာ အာရုံစိုက်ခဲ့သည်။ သို့သော် ယင်းကလည်း အလွန်ပင်ပန်းစေသောအလုပ် ဖြစ်ပေသည်။
ဤကောင်းကင်နက်မြစ်ထဲတွင် တမလွန်ဘုံမိစ္ဆာများ သန်းနှင့်ချီ၍ ပုန်းအောင်းနေသည်ဟု ယွင်ပင်းက ပြောခဲ့၏။ ကျန်းရီထံတွင် ထိုစကားကို ငြင်းရန်အကြောင်း မရှိပေ။ နေ့တစ်ဝက်အတွင်းမှာပင် သူတို့တပ်ဖွဲ့က တမလွန်ဘုံမိစ္ဆာတစ်သန်းလောက်ကို ရှင်းပစ်ခဲ့ပြီးပြီ မဟုတ်ပါလား။ တစ်ရက်ပြည့်လျှင် သူတို့သည် တမလွန်ဘုံမိစ္ဆာနှစ်သန်းလောက်ကို သတ်ပြီး ဖြစ်နေလောက်သည်။
“လာပါ... ပြန်ကြမယ်”
တစ်ရက်ပြည့်တော့ပေမည်။ ကျန်းရီသည် တိုက်ခိုက်နေသာ အဖွဲ့ကို ရုတ်တရက် အော်ပြောလိုက်သည်။ ချက်ချင်းပင် အားလုံး လှည့်ပြန်လာသည်။ နာရီများစွာ ပျံသန်းပြီးနောက် တပ်ဖွဲ့သည် အနီရောင်တိမ်တိုက်များထဲမှ အောင်မြင်စွာ ပြန်ထွက်နိုင်လိုက်၏။ ဟွင့်သွမ့်နတ်ဘုရားလှေဆယ်စီးက ကီလိုမီတာဆယ်ချီ အကွာသို့ ရောက်နေသဖြင့် ကျန်းရီတို့ အံ့ဩသွားကြ၏။ အဝေးရှိ ထိုနတ်ဘုရားလှေများက အနက်ရောင် အစက်အပြောက်လေးများကဲ့သို့ပင်။
“ဘာတုန်းဟ...”
ကျန်းရီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မည်သို့လုပ်ရမည်မသိ ဖြစ်နေကြ၏။ တစ်တပ်လုံးက သူတို့ကို မစောင့်ဘဲ ပြန်သွားခြင်းလော။ သူတို့တပ်ဖွဲ့ကို စွန့်ပစ်ခဲ့ခြင်းလော။
“အာ... မင်းတို့က အသက်ရှင်နေသေးတာလား”
ကျန်းရီတို့ အပေါ်သို့ အားကောင်းသော ကောင်းကင်စိတ်အာရုံများ ကျရောက်လာ၏။ သူတို့ တပ်မှူးဟူ၏အသံကို ကြားလိုက်ရ၏။
“မင်းတို့က တစ်ရက်ပြည့်တာတောင် ထွက်မလာသေးလို့ မင်းတို့အကုန်လုံး တိုက်ပွဲမှာ ကျသွားပြီလို့ ထင်နေတာ။ အင်း... မင်းတို့က ကောင်းကင်နက်မြစ်ထဲမှာ တစ်ရက်လုံးလုံး နေနိုင်ခဲ့တယ်ပေါ့လေ။ မင်းတို့ မိစ္ဆာအငွေ့အသက်ရဲ့ သက်ရောက်မှုကို မခံရဘူးလား”