← Chapters

အတော်ဆုံး

Vol. 121 Ch. 1679

အတော်ဆုံး

Vol. 121 Ch. 1679

“မိစ္ဆာအငွေ့အသက်လား”

လူများ ခေါင်းရှုပ်သွား၏။ မိစ္ဆာအငွေ့အသက်က ထိုမျှဆိုးသည်လော။ သူတို့သည် အနည်းငယ်ပင် သက်ရောက်မခံခဲ့ရဘဲ ထိုတိမ်တိုက်များထဲ၌ တစ်ရက်မဆိုထားနှင့် ရက်ပေါင်းများစွာပင် နေနိုင်သည်ဟု ခံစားခဲ့ရသည်။

‘ကျန်းဝူမင်’

လူများသည် ဘာဖြစ်ခဲ့သည်ကို လျင်မြန်စွာ သဘောပေါက်သွားကြ၏။ ကျန်းရီ၏ ထူးဆန်းသော စာလုံးများက သူတို့ခန္ဓာကိုယ်များထဲမှ မိစ္ဆာအငွေ့အသက်ကို သူတို့ပင်မသိလိုက်ရဘဲ သန့်စင်ပေးခဲ့ခြင်း ဖြစ်မည်။ အဝေးသို့ ရောက်နေပြီဖြစ်သော ဟွင့်သွမ့်နတ်ဘုရားလှေတစ်စင်းက ရပ်တန့်သွားသဖြင့် ကျန်းရီ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“သွားကြစို့”

ကျန်းရီတို့ တပ်ဖွဲ့သည် နတ်ဘုရားလှေဆီသို့ ပျံသန်းသွားကြ၏။ သူတို့သည် စစ်စခန်းသို့ ပျံသန်း၍ ပြန်နိုင်သော်လည်း မောပန်းနေကြပြီဖြစ်ရာ လမ်းတွင် တမလွန်ဘုံစစ်တပ်နှင့် တိုးပါက အာကာသဟင်းလင်းပြင်ထဲမှာပင် သေသွားရနိုင်ခြေ ရှိပေသည်။

ဟွင့်သွမ့်နတ်ဘုရားလှေထဲမှ လူများက ပျံသန်းလာသော ကျန်းရီတို့ကို အထူးတဆန်း ကြည့်နေကြသည်။ တပ်မှူးဟူသည်လည်း သူတို့ လှေဝမ်းထဲ ရောက်လာမည်ကို စောင့်နေသည်။ ကျန်းရီသည် လက်ဝှေ့ယမ်း၍ သူ့လူများကို သွားထိုင်ရန် အချက်ပြလိုက်၏။ ပြီးမှ သူ တပ်မှူးဟူဆီ လျှောက်သွားကာ ဦးညွှတ်၍ ပြောလိုက်သည်။

“တပ်မှူး...”

“မင်းတို့ ပြန်လာတာ ကောင်းတယ်။ နောက်တစ်ခါကျ စောစောပြန်လာဖို့ မှတ်ထားပေါ့”

တပ်မှူးဟူသည် ကျန်းရီကို စက္ကန့်အနည်းငယ် ကြည့်နေ၏။ သို့သော် မည်သည့်မေးခွန်းမှ မမေးပေ။ သူသည် နောက်လှည့်၍ အရှေ့လှေဝမ်းသို့သာ ပြန်သွားလိုက်သည်။

ကျန်းရီသည်လည်း လူများ၏ ထူးဆန်းသော အကြည့်များကို လျစ်လျူရှုကာ လူအုပ်အလယ်သို့ဝင်၍ ကြမ်းပြင်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ ထိုင်လိုက်သည့်အခိုက်တွင် သူ့ခေါင်းထဲသို့ အသံပို့လွှတ်မှုတစ်ခု ဝင်လာ၏။

“တပ်ကြပ်ကျန်း... ခင်ဗျားက အဲ့ထဲမှာ တစ်ရက်လုံး နေခဲ့တာလား။ အဲ့က မိစ္ဆာအငွေ့အသက်က အရမ်းလွှမ်းမိုးအားကောင်းတာ၊ ကျွန်တော်တို့တော့ အဲ့မှာ နေ့တစ်ဝက်လောက်ပဲ နေပြီး ခန္ဓာကိုယ်ထဲက မိစ္ဆာအငွေ့အသက်တွေကို သန့်စင်ဖို့ အပြင်ပြန်ထွက်ရတာပဲ။ ခင်ဗျား ဘယ်လိုလုပ်ခဲ့တာလဲ။ ပြီးတော့... ခင်ဗျား တပ်ဖွဲ့ထဲက တစ်ယောက်မှ မကျဆုံးခဲ့ဘူးလား”

အသံပို့လွှတ်လိုက်သူမှာ အခြားတပ်ကြပ်တစ်ယောက်ပင်။ ထိုတပ်ကြပ်သည် လွန်ခဲ့သော တစ်ရက်က ကျန်းရီကို အထင်သေးသလို ဆက်ဆံခဲ့သူပင်။ သို့သော် ယနေ့တွင်မူ သူ၏လေသံက လုံးဝကွာခြားသွားပြီဖြစ်သည်။ သူသည် ကျန်းရီထံသို့ အသံပို့လွှတ်နေသေးသည်။

ကျန်းရီသည် ထိုကဲ့သို့သော လူစားမျိုးကို အရေးမစိုက်ပေ။ ထို့ကြောင့် ပုံမှန်သာ ပြန်ပြောလိုက်သည်။

“ကျွန်တော့်ဆီမှာ မိစ္ဆာအငွေ့အသက်ကို ဖယ်ရှားပေးနိုင်တဲ့ ရတနာတစ်ခု ရှိလို့ပါ။ ဒီနေ့ ဘယ်သူမှ မကျဆုံးခဲ့တာလဲ ကျွန်တော်တို့ ကံကောင်းလို့ ဖြစ်ပါလိမ့်မယ်”

“တပ်ကြပ်ကျန်း...”

မကြာခင်တွင် အခြားတပ်ကြပ်တစ်ယောက်က ကျန်းရီထံ အသံပို့လွှတ်ပြန်၏။ ကျန်းရီ သူ၏ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်ကာ လှေဝမ်းထဲကို အာရုံခံလိုက်သည်။ တပ်ဖွဲ့တော်တော်များများတွင် လူအနည်းငယ်စီ ဆုံးရှုံးခဲ့ကြောင်း သူ သိလိုက်ရသည်။ အချို့တပ်ဖွဲ့များက တစ်ယောက်၊ နှစ်ယောက်သာ ဆုံးရှုံးခဲ့ပြီး အချို့တပ်ဖွဲ့များက ခုနစ်ယောက်၊ ရှစ်ယောက် ဆုံးရှုံးခဲ့သည်။ လှေကြမ်းပြင်ပေါ်တွင် သတိမေ့ကာ လဲနေသူများလည်း ရှိနေသည်။ ထိုသတိမေ့သူများကို ပြန်ခေါ်လာနိုင်ခဲ့သည်မှာ တော်သေးသည်ဟု ကျန်းရီ ခံစားလိုက်ရ၏။ မဟုတ်လျှင် သူတို့သည် တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံလိုက်ရနိုင်သလို တမလွန်ဘုံမိစ္ဆာများ၏ သတ်ဖြတ်မှုကိုလည်း ခံရနိုင်ပေသည်။

ကျန်းရီသည် မေးခွန်းမေးလာသူများ၏ ပုံမှန်သာ ပြန်ဖြေ၍ ကျန့်တိနျန်ကြောင့်သာ သူတို့ ဘေးကင်းခဲ့ခြင်းဖြစ်ကြောင်း ပြောလိုက်သည်။ ထိုအခါ တပ်ကြပ်များက ကျန့်တိနျန်ကို ကြည့်လိုက်ကြရာ ကျန့်တိနျန်တစ်ယောက် အနေရပင် ခက်လာလေသည်။

တပ်ကြပ်များသည် ကျန်းရီက သူတို့နှင့် မိတ်ဆွေဖွဲ့လိုပုံ မပေါ်ကြောင်း တွေ့သောအခါ ကျန်းရီအား မေးခွန်းများ ဆက်မမေးတော့ပေ။ ထိုမှ ကျန်းရီ ကျင့်ကြံနိုင်တော့သည်။ သို့သော် သူသည် အပြင်လူများ တွေ့သွားမည်စိုး၍ သူ၏ နတ်ဘုရားသစ်ရွက်ကို မထုတ်ဝံ့ပေ။

တာဝန်ထမ်းဆောင်ရန် ထွက်လာခဲ့ရစဉ်က အားလုံး စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော် ယခုတွင်မူ သူတို့ စိတ်အေးနေကြပေပြီ။ ထို့ကြောင့် လူတိုင်း တရားထိုင်ကာ ကျင့်ကြံနေကြလေသည်။

ယွင်ပင်းတို့သည် ကြားမှတ်တွင် တင်ပျဉ်ခွေထိုင်၍ တပ်ပြန်လာမည်ကို စောင့်ဆိုင်းနေကြသည်။ အားလုံး ဟွင့်သွမ့်နတ်ဘုရားလှေပေါ်မှ ဆင်းပြီးနောက် ယွင်ပင်းသည် မျက်လုံးဖွင့်ကာ တပ်သားများကို ဝေ့ဝဲကြည့်လိုက်သည်။ သူမ၏ အကြည့်က ကျန်းရီတို့တပ်ဖွဲ့အပေါ်တွင် စက္ကန့်အနည်းငယ် ရှိနေခဲ့သည်။ သို့သော် များစွာတော့ အာရုံမစိုက်ခဲ့ပေ။

“စစ်စခန်းကို ပြန်ကြမယ်”

ယွင်ပင်းက ထရပ်ကာ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်လိုက်သည်။ တပ်သည်လည်း နောက်မှနေ၍ စည်းစနစ်တကျ လိုက်ဝင်လိုက်ကြသည်။ စစ်စခန်းကို ပြန်ရောက်သောအခါ တပ်သားများသည် သူတို့၏ သိုလှောင်လက်စွပ်များကို ပေးလိုက်ကြ၏။ ယင်းမှာ တမလွန်ဘုံမိစ္ဆာအလောင်းများကို တင်သွင်းရန်ဖြစ်သည်။ ကျန်းရီသည်လည်း သူတို့ ရလာသော တမလွန်ဘုံမိစ္ဆာအလောင်းများနှင့် တိုက်ပွဲအမှတ်ကို လဲလှယ်ရန် ပထမရဲတိုက်ထဲရှိ အခန်းတစ်ခန်းထဲဝင်သွားလိုက်သည်။

ထိုအခန်းထဲတွင် တပ်ကြပ်များစွာ ရှိနေသည်။ သူတို့သည်လည်း အလောင်းများနှင့် တိုက်ပွဲအမှတ်ကို လာလဲလှယ်ကြခြင်းပင်။ ကျန်းရီ အခန်းထဲ ဝင်လာ‌သောအခါ တပ်ကြပ်များက သူ့ကို လှည့်ကြည့်ကြ၏။ သူတို့၏ မျက်နှာထားများက ဖော်ရွေမနေပေ။ ကျန်းရီ ငှက်တောင်ပျံတပ်ထဲ ဝင်စဉ်တွင် ဖြစ်ခဲ့သော အကြောင်းများက သတင်းပျံ့နေပြီဖြစ်သည်။ ထိုတပ်ကြပ်များသည် ကျန်းရီကဲ့သို့ အရူးတစ်ယောက်အပေါ် အမြင်မကြည်ကြပါပေ။

ကျန်းရီသည် သူ့အလှည့်ကို စိတ်ရှည်ရှည် စောင့်နေ၏။ တစ်နာရီကြာပြီးနောက် သူ့အလှည့် ရောက်လာသည်။ သူ သိုလှောင်လက်စွပ်အားလုံးကို ပေးလိုက်၏။ အခန်းထဲရှိ စားပွဲတွင် လူသုံးယောက် ထိုင်နေပေသည်။ သူတို့ထဲမှ တစ်ယောက်က တပ်မှူးချုပ်ဖြစ်ပြီး ကျန်နှစ်ယောက်မှာ တိုက်ပွဲအမှတ်များကို မှတ်တမ်းတင်ရသော စာရေးများဖြစ်သည်။ တပ်မှူးချုပ်သည် ဤမှ လုပ်ငန်းစဉ်ကို ကြီးကြပ်ရန် ရှိနေခြင်း ဖြစ်မည်။

သိုလှောင်လက်စွပ်အားလုံးပေါ်ရှိ ဝိညာဉ်အမှတ်အသားများကို ဖျက်ထားပြီးဖြစ်သည်။ ထို့ကြောင့် စာရေးနှစ်ယောက်သည် လက်စွပ်များအတွင်းသို့ ကောင်းကင်စိတ်အာရုံနှင့် အလွယ်တကူ ကြည့်နိုင်ပေသည်။ သိုလှောင်လက်စွပ် ငါးကွင်း၊ ခြောက်ကွင်းကို အာရုံခံကြည့်ပြီးနောက် စာရေးတစ်ယောက်က ပြောလိုက်သည်။

“တမလွန်ဘုံစစ်သူကြီး အကောင်သုံးရာ့ငါးဆယ်နဲ့ တမလွန်ဘုံတမန်တော် အကောင်တစ်သန်းကိုးသိန်းခြောက်သောင်း”

“အန်...”

စာရေး၏အသံက ခေါင်းများစွာကို လှည့်သွားစေ၏။ လုပ်ငန်းစဉ်ကို ကြီးကြပ်နေသော တပ်မှူးချုပ်ပင် မျက်နှာထားပြောင်းသွားကာ ဒေါသသံဖြင့် မေးလိုက်သည်။

“မင်းရေတာ မှားများနေလား”

ကျန်းရီ ဝမ်းထဲမှကြိတ်၍ပြုံးလိုက်၏။ သူ့အရှေ့မှ တပ်ကြပ်များ တင်သွင်းခဲ့သော တမလွန်ဘုံမိစ္ဆာအရေအတွက်ကို သူ ကြားခဲ့ပြီးပေပြီ။ ထိုအထဲတွင် အများဆုံးမှာ အလောင်းသိန်းကျော်သာဖြစ်သည်။ သူ တင်သွင်းသော အလောင်းအရေအတွက်မှာမူ နှစ်သန်းနီးပါးဖြစ်သည်။ ထို့ကြောင့် မည်သူမှ မယုံကြည်ကြခြင်းမှာ မဆန်းပေ။

တပ်မှူးချုပ်သည် ကျန်းရီတို့တပ်ဖွဲ့က ကောင်းကင်နက်မြစ်ထဲတွင် တစ်ရက်လုံးနေ၍ တမလွန်ဘုံမိစ္ဆာများကို သတ်ဖြတ်ခဲ့ကြောင်း မသိလောက်သေးချေ။ သူတို့သည် အနားပင် မယူခဲ့ပေ။ အခြားတပ်ဖွဲ့များက သူတို့၏ခန္ဓာကိုယ်များထဲမှ မိစ္ဆာအငွေ့အသက်ကို သန့်စင်ရန် နေ့တစ်ဝက်နှင့်ပင် အပြင်ပြန်ထွက်ခဲ့ကြရသည်။ ထို့ပြင် ထိုတပ်ဖွဲ့များက ကောင်းကင်နက်မြစ်၏ နက်ရှိုင်းသောအပိုင်းသို့လည်း မသွားဝံ့ခဲ့ကြပေ။ ထို့ကြောင့် သူတို့ သတ်ခဲ့သော တမလွန်ဘုံမိစ္ဆာ အရေအတွက်က ကျန်းရီတို့တပ်ဖွဲ့ သတ်ခဲ့သော တမလွန်ဘုံမိစ္ဆာ အရေအတွက်ထက် နည်းနေခြင်းမှာ မထူးဆန်းပေ။

“မမှားပါဘူး အရှင်လျန်...”

စာရေးက နှစ်ကြိမ်ထပ်၍ စစ်ဆေးကြည့်ပြီးနောက် ယုံကြည်မှုရှိရှိ ပြောလိုက်၏။ တပ်မှူးချုပ်သည် ကျန်းရီကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“တပ်ကြပ်ကျန်း.. မဆိုးဘူး။ ဆက်ပြီးကြိုးစားပါ”

“ကျေးဇူးတင်ပါတယ် အရှင်လျန်”

ကျန်းရီ လေးလေးစားစား ဦးညွှတ်လိုက်၏။ ထို့နောက် သူ၏ တိုက်ပွဲအမှတ်များကို ယူကာ လူများစွာ၏ အံ့အားသင့်နေသော အကြည့်များကို လျစ်လျူရှု၍ ရဲတိုက်ထဲမှ ပြန်ထွက်သွားလိုက်သည်။ ကျန်းရီ ထွက်သွားပြီးနောက် အခန်းထဲတွင် ဆွေးနွေးသံများ ညံပွက်သွားသည်။ ဤတစ်ကြိမ်တွင် တာဝန်ထမ်းဆောင်သော တပ်ဖွဲ့အရေအတွက်က တစ်ရာဖြစ်သည်။ သို့သော် ကျန်းရီ၏တပ်ဖွဲ့က အလောင်းအများဆုံး ပြန်ယူလာနိုင်ခဲ့ပေသည်။

ငှက်တောင်ပျံတပ်သို့ ယခုမှ ဝင်သည့် တပ်ဖွဲ့က အတွေ့အကြုံရှိပြီးသော တပ်ဖွဲ့အားလုံးကို အနိုင်ယူသွားသည်လော။ ဤတစ်ခေါက်ကိစ္စကြောင့် ကျန်းရီ၏တပ်ဖွဲ့က ကျော်ကြားလာတော့မည်ဖြစ်သည်။ ဤတစ်ခေါက်တာဝန်မှာ အဆင့်နိမ့်တာဝန်တစ်ခုသာဖြစ်ပြီး အလွန်ရိုးရှင်းသော်လည်း တပ်ဖွဲ့များစွာသည် အတော်လေးရှက်မိနေကြသေးသည်။ သူတို့၏ရင်ထဲတွင် နောက်တာဝန်၌ ကျန်းရီ၏တပ်ဖွဲ့ကို အနိုင်ယူမည်ဟု သန္နိဋ္ဌာန်ချလိုက်ကြသည်။

ကျန်းရီက ထိုအရာများကို အရေးမစိုက်ပေ။ သူသည် သူ့ရဲတိုက်သို့ ပြန်ရောက်သည်နှင့် အရာအားလုံးကို ကျန့်တိနျန်ကိုသာ စီမံခိုင်းလိုက်ပြီး ဆက်ကျင့်ကြံလိုက်သည်။ သူက မိမိတာဝန်ကို သူများအပေါ်လွှဲချရာတွင် ‌တော်သည် မဟုတ်ပါလား။ နိစ္စဓူဝကိစ္စများကို စီမံရန် သူ စိတ်မဝင်စားပါပေ။

“တိုက်ပွဲအမှတ်နှစ်သန်းကျော်တဲ့လား၊ တစ်ယောက်မှလည်း မကျဆုံးခဲ့ဘူးလား။ တပ်ဖွဲ့တစ်ရာထဲမှာ အတော်ဆုံးတဲ့လား”

ယွင်ပင်းသည် သတင်းကို ကြားသောအခါ ခပ်ရေးရေး ပြုံးလိုက်၏။ သူမ အတော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ တပ်မှူးချုပ်လျန်ကို မေးလိုက်သည်။

“လက်ရှိ ကျွန်မတို့ဆီမှာ ဘာတာဝန်တွေ ရှိသေးလဲ။ အန္တရာယ်များတဲ့ တာဝန်မျိုးတွေပေါ့”

“အန္တရာယ်များတာလား”

တပ်မှူးချုပ်လျန်က ခေတ္တမျှ တွေးတောကာ ပြန်ဖြေလိုက်သည်။

“ကျုပ်တို့ တာဝန် လက်ခံခဲ့တုန်းက တမလွန်မြစ်ဆန်းကြယ်နယ်မြေမှာ ထမ်းဆောင်ရမဲ့ တာဝန်တစ်ခုရှိတာ ကျုပ်တွေ့ခဲ့တယ်။ အဲ့ဒါက ကြယ်ခုပွင့်အဆင့်တာဝန်ပါ။ အဲ့ဒါကြောင့် ကျုပ် အဲ့တာဝန်ကို လက်မခံခဲ့တာ။ အဲ့တာဝန်အတွက် တိုက်ပွဲအမှတ်တွေ အများကြီး ပေးပေမဲ့ အဲ့တာဝန်ကိုသာ လက်ခံမယ်ဆိုရင် ငှက်တောင်ပျံတပ်ရဲ့ တပ်သားသုံးထောင်ကျော်လောက် ဆုံးရှုံးရလိမ့်မယ်”

“အဲ့တာဝန်ကို လက်ခံကြတာပေါ့”

ယွင်ပင်းက အေးစက်စက် ပြောလိုက်သည်။

“သေဖို့ မျှော်လင့်မထားဘဲနဲ့ ဘယ်သူက ယန်ကိုးပါးစစ်တပ်ထဲကို ဝင်မှာလဲ။ တာဝန်တွေ တစ်ခုပြီးတစ်ခု ထမ်းဆောင်မနေရင် စစ်မှန်တဲ့ ယန်ကိုးပါးတပ်သားတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ တပ်ကို နေ့တစ်ဝက် အနားပေးလိုက်ပါ.. ပြီးရင် အဲ့တာဝန်ကို လက်ခံလိုက်။ ဒီတိုက်ပွဲမှာ ကျွန်မကိုယ်တိုင် တပ်ကိုဦးဆောင်မယ်”

“နားလည်ပါပြီ”

တပ်မှူးချုပ်လျန် ခေါင်းညိတ်လိုက်သည်။ ယွင်းပင်းသည် ငှက်တောင်ပျံတပ်အတွက် မျှော်လင့်ချက်ကြီးကြီးထားသည်။ ထို့ကြောင့် မည်သူကမှ သူမ၏အမိန့်များကို ဖီဆန်မည် မဟုတ်ပေ။ ထို့ပြင် သူမက တိုက်ပွဲကို ကိုယ်တိုင်ဦးဆောင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ဤတစ်ခေါက်၏ ကျဆုံးနှုန်းက မြင့်လိမ့်မည် မဟုတ်ချေ။

သို့သော် ထိုခန့်မှန်းချက်က ကျန်းရီ၏တပ်ဖွဲ့အပေါ် မသက်ရောက်ပေ။ တပ်ဖွဲ့သစ်က တိုက်ပွဲအခြေအနေများနှင့် မရင်းနှီးသေးချေ။ သူတို့၏ ပူးပေါင်းအင်အားကလည်း နိမ့်ပေလိမ့်ဦးမည်။ ထိုသို့သော တပ်ဖွဲ့အသစ်တစ်ဖွဲ့က ကြယ်ခုနစ်ပွင့်အဆင့် တာဝန်ကို ထမ်းဆောင်ရမည်ဟု တွေးကြည့်ရုံဖြင့်ပင် တပ်မှူးချုပ်လျန် ကျောစိမ့်သွားသည်။ ထိုလူတစ်ရာနီးပါးသည် နတ်ဆိုးလေး၏ ခြေထောက်ကိုမှ သွားတက်နင်းမိခဲ့ပေပြီ။ ဤတစ်ခေါက်တာဝန်တွင် သူတို့တပ်ဖွဲ့ထဲက တပ်သားလက်တစ်ဆုပ်စာလောက်သာ ရှင်သန်နိုင်လိမ့်မည်ဟု တပ်မှူးချုပ်လျန် ခန့်မှန်းပေသည်။

သို့သော် ယွင်ပင်းက အမှားလုပ်နေခြင်းဟုတော့ တပ်မှူးချုပ်လျန် မထင်ပေ။ သူမ ပြောခဲ့သလိုပင် သေရန်မျှော်လင့်မထားဘဲနှင့် မည်သူက ယန်ကိုးပါးစစ်တပ်ထဲ ဝင်ပါမည်နည်း။ သူတို့ စစ်တပ်ထဲတွင် အမည်တစ်လုံးရလိုလျှင် အန္တရာယ်များသော တာဝန်များကို ထမ်းဆောင်ကာ ရှင်သန်နိုင်ရမည်ဖြစ်သည်။ ယန်ကိုးပါးစစ်တပ်က ကောင်းကင်ဘုံတွင် အင်အားအကြီးဆုံးစစ်တပ်ဟု ဆိုကြသည်။ သူတို့သည် ထိုဂုဏ်သတင်းကို အလကားရခဲ့ခြင်း မဟုတ်ပေ။ ထိပ်ဆုံးသို့ရောက်ရန် ခက်ခဲသောလမ်းကို လျှောက်လှမ်းရပေသည်။

All Chapters