← Chapters

တမလွန်မြစ်တောင်တန်းဒေသ

Vol. 121 Ch. 1680

တမလွန်မြစ်တောင်တန်းဒေသ

Vol. 121 Ch. 1680

‘ဒီပုံသဏ္ဌာန်တွေက ဘယ်လို ဖြစ်လာတာလဲ။ ငါ အဲ့ပုံသဏ္ဌာန်တွေကို ဖန်တီးနိုင်ဖို့ ဘယ်လိုကျင့်ကြံရမလဲ’

ကျန်းရီသည် သူ၏ရဲတိုက်ထဲတွင် နတ်ဘုရားသစ်ရွက်ကို ကိုင်၍ အသည်းအသန် တွေးတောနေ၏။ သူသည် ဖြစ်နိုင်ခြေအားလုံးကို တွေးတောကာ နည်းလမ်းတစ်ခု ရှာနိုင်ရန် ကြိုးစားနေသည်။ သူ ကိစ္စတစ်ခုကိုတော့ အတည်ပြုပြီးခဲ့ပေပြီ။ ထို ဆန်းကြယ်သော ပုံသဏ္ဌာန်များက အလောင်းကြီး၏ စွမ်းအားအရင်းအမြစ်ပင်။ သူသာ ထိုပုံသဏ္ဌာန်များကို ဖန်တီးနိုင်မည်ဆိုလျှင် သူ၏ရုပ်ခန္ဓာက အလောင်းကြီး၏ ရုပ်ခန္ဓာလောက် သန်မာလာနိုင်သည်။ အလောင်းကြီးက နှစ်တစ်သောင်းကြာ သန့်စင်ခံခဲ့ရသော်လည်းမှာ ၎င်းမှာ အသေကောင်ဖြစ်ပြီး သူက သက်ရှိလူသားတစ်ယောက်ဖြစ်သည်။ အကယ်၍ သူသာ အောင်မြင်သွားလျှင် အနည်းဆုံး အလောင်းကြီးလောက် သန်မာလာလောက်ပေသည်။

လူသားခန္ဓာကိုယ်မှာ သဘာဝအစီအရင်တစ်ခုကဲ့သို့ပင်။ ယင်းကို လူတိုင်းသိသည်။ မိစ္ဆာများနှင့် ဝိညာဉ်များသည် အရင်ဆုံး လူသားဖြစ်လာအောင် ကျင့်ကြံရသည်။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းအတွက် လူသားခန္ဓာကိုယ်က အသင့်တော်ဆုံးဖြစ်၍ပင်။ ထိုသဘာဝအစီအရင်ထဲတွင် အကြွင်းမဲ့ မိုးမြေစည်းမျဉ်းများနှင့် စကြဝဠာ၏ အနှစ်သာရ ပါဝင်သည်။

အလောင်းကြီး၏ သွေးကြောမှတ်တစ်ရာ့ရှစ်မှတ်မှာလည်း ကျန်းရီအတွက် အစီအရင်ငယ်လေးများကဲ့သို့ပင်။ ၎င်းတို့က လုံးဝကွဲပြားသော အစီအရင်များလည်းဖြစ်သည်။ ၎င်းအစီအရင်များကို နှိုးလိုက်သည်နှင့် အလောင်းကြီးက အလွန်သန်မာလာပြီး ကြောက်မက်ဖွယ် တိုက်ခိုက်စွမ်းရည်နှင့် ခံနိုင်ရည်ကို ပိုင်ဆိုင်လာမည်ဖြစ်သည်။

ထိုအရာများမှာ လက်နက်တစ်ခုကို သန့်စင်ခြင်းနှင့် မကွာ၍ နားလည်ရန် လွယ်ကူသည်။ စွမ်းအားကြီး လက်နက်များထဲတွင် အကန့်အသတ်အမျိုးမျိုးနှင့် အစီအရင်အမျိုးမျိုး ပါဝင်သည်။ ၎င်းတို့ကြောင့်လည်း လက်နက်များက စွမ်းအားကြီးနိုင်လာခြင်းဖြစ်သည်။

ထိုအကန့်အသတ်များနှင့် အစီအရင်များက ပိုရှုပ်ထွေးလေလေ၊ လက်နက်က ပိုစွမ်းအားကြီးလေလေဖြစ်သည်။ ထို့ကြောင့်လည်း ရှေးဦးဝိညာဉ်ရတနာများ၊ တာအိုကောင်းကင်ဝိညာဉ်ရတနာများနှင့် ကမ္ဘာဦးဝိညာဉ်ရတနာများက အလွန်စွမ်းအားကြီးကြခြင်းပင်။ ထိုရတနာလက်နက်များက မိုးမြေမှ ဖြစ်တည်လာခြင်းဖြစ်ရာ ၎င်းတို့ထဲတွင် မိုးမြေအနှစ်သာရ၏ အကြွင်းမဲ့စည်းမျဉ်းများပါဝင်သည်။ သို့ကြောင့် ၎င်းတို့က အလွန်အစွမ်းထက်ကြပေသည်။

သမိုင်းတစ်လျှောက်တွင် စွမ်းအားကြီး သိုင်းသမားများစွာသည် သူတို့၏ခန္ဓာကိုယ်များကို သန်မာနိုင်သမျှ သန်မာလာအောင် သန့်စင်ရန် ကြိုးစားခဲ့ကြသည်။ ကပ်လောကထဲတွင် ရုပ်ခန္ဓာကို ကျင့်ကြံနိုင်သော နည်းလမ်းများ မရေမတွက်နိုင်အောင် ရှိသည်။ စွမ်းအားကြီး သိုင်းသမားများစွာသည် သူတို့၏ခန္ဓာကိုယ်များကို တာအိုကောင်းကင်ဝိညာဉ်ရတနာများနှင့် ကမ္ဘာဦးဝိညာဉ်ရတနာများထက်ပင် ပိုသန်မာလာအောင် သန့်စင်လိုခဲ့ကြသည်။ သူတို့သည် သူတို့၏ခန္ဓာကိုယ်အပေါ်တွင်သာ အမှီပြု၍ ဘုံတစ်ခုကို သိမ်းပိုက်လိုက်ခဲ့ကြသည်၊ စကြဝဠာကို အုပ်စိုးလိုခဲ့ကြသည်။

သို့သော် လူသားခန္ဓာကိုယ်မှာ အလွန်ရှုပ်ထွေးကာ ဆန်းကြယ်သည်။ လူများစွာသည် သူတို့၏ပန်းတိုင်ကို မရောက်နိုင်ခဲ့ကြဘဲ မိမိကိုယ်ကိုယ် ဖောက်ခွဲမိခြင်း၊ ဒုက္ခိတဖြစ်သွားခြင်းတို့နှင့်သာ အဆုံးသတ်ခဲ့သည်။ လူသားခန္ဓာကိုယ်၏ သဘာဝအစီအရင်ကို မိမိသဘောကျ ပြောင်းလဲလိုလျှင် အစီအရင်ကို အလွယ်တကူ ထိခိုက်သွားစေနိုင်ပြီး ဒုက္ခိတဖြစ်သွားနိုင်ပေသည်။

သို့သော်...

မဟာနတ်ဘုရားမျိုးနွယ်၏ ကျင့်စဉ်က ပြီးပြည့်စုံကာ အောင်မြင်ခဲ့ကြောင်း သံသယဖြစ်စရာ မရှိပေ။ မဟာနတ်ဘုရားမျိုးနွယ်သည် ရုပ်ခန္ဓာအသန်မာဆုံး မျိုးနွယ်ပင်။ ကျန်းရီသည် အလောင်းကြီး၏ သွေးကြောမှတ်များကို လေ့လာရင်း မဟာနတ်ဘုရားမျိုးနွယ်၏ ကျင့်စဉ်ကို လေးစားနေမိပေသည်။

မဟာနတ်ဘုရားမျိုးနွယ်၏ ကျင့်စဉ်မှာ လူသားခန္ဓာကိုယ်၏ သဘာဝအစီအရင်ကို ပြောင်းလဲရန် မဟုတ်ဘဲ အစီအရင်ငယ် တစ်ရာ့ရှစ်ခုကို တည်ဆောက်၍ လူသားသဘာဝအစီအရင်ကို ပိုသန်မာစေကာ ၎င်း၏ အလားအလာအပြည့်အဝကို လှုံ့ဆောင်ပေးရန်ဖြစ်သည်။ ၎င်းအစီအရင်ငယ်လေးများက တစ်ခုနှင့်တစ်ခု မတူကြပေ။ သို့သော် လူသားခန္ဓာကိုယ်နှင့်တော့ လိုက်လျောညီထွေရှိသည်။ မဟာနတ်ဘုရားမျိုးနွယ်၏ ဘိုးဘေးများက ထိုကဲ့သို့ ကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်းမှာ အံ့အားသင့်ဖွယ်ပင်။

သွေးကြောမှတ်များကို တည်ဆောက်နိုင်မည့် ကျင့်စဉ်မှာ အလွန်နက်ရှိုင်းကာ ရှုပ်ထွေးသည်။ ကျန်းရီသည် သွေးကြောမှတ်များကို တည်ဆောက်နိုင်ရန် မဆိုထားနှင့် မည်သည့်နေရာမှ စကျင့်ကြံရမည်ကိုပင် မသိချေ။ ဆန်းကြယ်သောပုံသဏ္ဌာန်များကို ကျင့်ကြံနိုင်မှာ သွေးကြောမှတ်များကို တည်ဆောက်နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ကျင့်စဉ်ကိုမသိလျှင် ထိုပုံသဏ္ဌာန်များကို မည်သို့ ဖန်တီးနိုင်ပါမည်နည်း။

‘အရှေ့ဧကရာဇ် ပြောတာတော့ ငါ ကျင့်ကြံတဲ့ မဟာနတ်ဘုရားအတတ်က တကယ့် မဟာနတ်ဘုရားအတတ်အစစ် မဟုတ်ဘူးတဲ့။ ဒါပေမဲ့ ငါ့ မဟာနတ်ဘုရားအတတ်က လုံးလုံးကြီး မှားနေတာတော့ မဟုတ်နိုင်ဘူး။ မပြည့်စုံတာပဲ ဖြစ်ရမယ်။ မဟုတ်ရင် ဘယ်လိုလုပ် ငါ့ခန္ဓာကိုယ်က အဆတစ်ရာကျော် သန်မာလာနိုင်မှာလဲ။ တစ်ယောက်ယောက်က မဟာနတ်ဘုရားအတတ်အစစ်ထဲကနေ ကျင့်စဉ်နည်းနည်းကို ခွဲထုတ်လာတာဖြစ်မယ်။ ငါ့ရဲ့ မဟာနတ်ဘုရားအတတ်ကို သေချာပြန်လေ့လာကြည့်ပြီး ဒီပုံသဏ္ဌာန်တွေကို ဖန်တီးနိုင်မဲ့နည်း ပါမလားဆိုတာ ကြည့်ရမယ်’

ကျန်းရီသည် မည်သို့ စရမည်ကို တွေးလိုက်ပြီးနောက် အလောင်းကြီးကို သိမ်းကာ မဟာနတ်ဘုရားအတတ်ကို ထုတ်၍ ထပ်မံဖတ်ရှုလိုက်သည်။ သူ ထိုအတတ်မှနေ၍ ဆန်းကြယ်သော ပုံသဏ္ဌာန်များကို ဖန်တီးနိုင်မည့် နည်းလမ်းကို ရှာလိုနေပေသည်။

ကံဆိုးသည်မှာ ကျန်းရီ ခေတ္တမျှသာ လေ့လာရသေးချိန်တွင် အခန်း၏ အကာအရံများက လင်းလက်လာခြင်းပင်။ ကျန်းရီ မျက်လုံးဖွင့်လိုက်ပြီး စိတ်ပျက်သောဟန်ဖြင့် တံခါးကို ငေးကြည့်လိုက်၏။ ထို့နောက် သူ အကာအရံများကို ဖွင့်ပေးလိုက်ပြီး အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

“ဘာဖြစ်ပြန်ပြီလဲ”

“တပ်ကြပ်... အခု နောက်တာဝန်တစ်ခု ထမ်းဆောင်ဖို့ အချိန်ကြပါပြီ”

ကျန့်အာနျန်က လေးလေးစားစား တင်ပြ၏။

“နောက်တာဝန်တစ်ခုလား။ တယ်မြန်တာပဲ”

ကျန်းရီ ထရပ်လိုက်ရပြီး အပြင်ထွက်၍ သူ့လူများကို စုဝေးလိုက်သည်။ တပ်ဖွဲ့အားလုံး စုဝေးပြီးနောက် ယွင်ပင်းက သူမ၏ကိုယ်ရံတော်များကို ခေါ်၍ ရောက်လာသည်။ သူမသည် ထုံစံအတိုင်း အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဆယ်ခုနစ်ခုမြောက် တည်နေရာပြောင်းရွှေ့အစီအရင်ဆီ သွားကြပါ”

အားလုံး တိတ်ဆိတ်စွာ ချီတက်လိုက်ကြသည်။ ဤတစ်ခေါက်တာဝန်ကလည်း ယွင်ပင်း၏တပ်သာ ထမ်းဆောင်ရမည့်တာဝန်ဖြစ်သည်။ အခြားတပ်များ မပါပေ။ တပ်ဖွဲ့များသည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲ အလှည့်ကျ ဝင်လိုက်ကြ၏။ မကြာခင်တွင် သူတို့အားလုံး ကြားမှတ်သို့ ရောက်သွားသည်။ ဤကြားမှတ်က ကြီးမားသည်။ အနည်းဆုံး တည်နေရာပြောင်းရွှေ့အစီအရင် အခုတစ်ထောင်လောက်ရှိပြီး အစောင့်တစ်ထောင်လောက်လည်း စောင့်ကြပ်နေသည်။ သူတို့ထဲမှ ဆယ်ယောက်မှာ အုပ်ချုပ်သူအဆင့် သိုင်းသမားများဖြစ်ကြသည်။

“ဘယ်ဘက် ခြောက်ခုမြောက် တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်ပြီး တမလွန်မြစ်ဆန်းကြယ်နယ်မြေဆီ တည်နေရာပြောင်းရွှေ့ကြပါ”

ယွင်ပင်းသည် အားလုံး ရောက်လာသည်အထိ စောင့်ပြီးနောက် အမိန့်ထပ်ပေးလိုက်၏။ သူမ၏တပ်က စတင်လှုပ်ရှားလာ၏။ ထို့နောက် သူမသည် တစ်နေရာတွင် တင်ပျဉ်ခွေထိုင်နေသော အဘိုးအိုတစ်ယောက်ဆီသို့ ရုတ်တရက် ပျံသန်းသွားကာ လက်ဆုပ်၍ ပြောလိုက်သည်။

“ပင်းအာ အဘိုးခုနစ်နဲ့ တခြားအကြီးအကဲတွေကို အရိုအသေပေးပါတယ်”

အုပ်ချုပ်သူအဆင့် သိုင်သမား ဆယ်ယောက်စလုံး မျက်လုံးဖွင့်ကြည့်လိုက်ကြ၏။ ယွင်ပင်း၏အရှေ့မှ အဘိုးအိုက ပြုံးကာ ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။

“ပင်းအာပဲ... မင်း တာဝန်ထမ်းဆောင်ဖို့ ထပ်ထွက်လာပြန်ပြီလား။ ဂရုစိုက်ပါ၊ တကယ်လို့ မင်း တစ်ခုခု ဖြစ်သွားရင် မင်းအဘိုး ရင်ကွဲရလိမ့်မယ်”

အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားများကလည်း စကားဝင်ပြောကာ ယွင်ပင်းအပေါ် ချစ်ခင်မှု ပြလိုက်ကြသည်။ ယွင်ပင်းသည် လိမ္မာသော မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ အတန်ငယ်ပြုံး၍ သူတို့အရှေ့တွင် လေးလေးစားစား ရပ်နေသည်။ သူမထံတွင် အစောမှ ခက်ထန်မှုများ မရှိတော့ချေ။

တပ်က ဆက်၍ တည်နေရာပြောင်းရွှေ့နေသည်။ ယွင်ပင်းသည်လည်း အဘိုးအိုများကို နှုတ်ဆက်စကားပြောပြီးနောက် တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်လိုက်သည်။ ကျန်းရီသည် သူတို့အလှည့်ကို စောင့်ဆိုင်းနေရင်း ကျန့်တိနျန်တို့ကိုကြည့်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“အစ်ကိုတို့ တမလွန်မြစ်ဆန်းကြယ်နယ်မြေအကြောင်းကို သိလား။ ဒီတာဝန်က အန္တရာယ်များလား”

“အရမ်းအန္တရာယ်များတယ်”

ကျန့်တိနျန်က အလေးအနက် ပြောသည်။

“တမလွန်မြစ်ဆန်းကြယ်နယ်မြေက ကမ္ဘာဦးကောင်းကင်ဘုံနားမှာပါ။ အဲ့ဒါက တော်တော်ကျော်ကြားတဲ့ ဆန်းကြယ်နယ်မြေတစ်ခုပဲ။ ပြီးတော့ ယန်ကိုးပါးစစ်တပ်နဲ့ တမလွန်ဘုံစစ်တပ်ရဲ့ အားပြိုင်တဲ့နေရာလည်း ဟုတ်တယ်။ တမလွန်ဘုံက အဲ့ဆန်းကြယ်နယ်မြေထဲကို တပ်ဖွဲ့တွေ မပြတ်စေလွှတ်နေတာ။ မကြာခဏဆိုသလို အဲ့မှာ တမလွန်ဘုံဘုရင်တစ်ပါးရဲ့ ကိုယ်ပွား ဒါမှမဟုတ် တမလွန်ဘုံဘုရင်ကိုတောင် တွေ့ရလေ့ရှိတယ်”

“တမလွန်ဘုံဘုရင်တစ်ပါးရဲ့ ကိုယ်ပွားလား”

ကျန်းရီ မျက်နှာထား ပြောင်းလဲသွား၏။ တမလွန်ဘုံဘုရင်တစ်ပါး၏ ကိုယ်ပွားက မည်မျှစွမ်းအားကြီးကြောင်း သူသိသည်။ တိရှအရှင်ပင် ကိုယ်ပွား၏ လက်ထဲတွင် ကျဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ သူတို့သာ ကိုယ်ပွားတစ်ကောင်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် သူတို့အားလုံး သေဆုံးသွားနိုင်ပေသည်။

သို့သော် ယွင်ပင်းလည်း ပါလာမည်ဖြစ်၍ ကျန်းရီ အတန်ငယ်သော စိတ်သက်သာရာရနေသည်။ ယွင်ပင်း၏ အဆင့်အတန်းနှင့် ဇာစ်မြစ်က ထူးခြားသည်။ သူမက သူမ၏အသက်နှင့်တော့ လောင်းကြေးထပ်လောက်မည် မဟုတ်ပေ။ ထို့ကြောင့် ယွင်ပင်းပါလာမည်ဖြစ်ရာ မည်သည်ကို ကြောက်နေရပါမည်နည်း။

“သွားကြစို့...”

အလှည့်ရောက်ပြီဖြစ်၍ ကျန်းရီတို့သည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်လိုက်ကြသည်။ ဤတစ်ကြိမ်တွင် တစ်နာရီသာ တည်နေရာပြောင်းရွှေ့လိုက်ရပြီးနောက် သူတို့ ဧရာမတောင်ကြားကြီးတစ်ခုထဲတွင် ပြန်ပေါ်လာပေသည်။

ထိုတောင်ကြားကို အကာအရံများနှင့် ကာရံထားသည်။ ထိုနေရာတွင်လည်း အုပ်ချုပ်သူအဆင့် သိုင်းသမားအချို့ စောင့်ကြပ်နေကြသည်။ တပ်ဖွဲ့များသည် တောင်ကြားထဲတွင် စောင့်မနေဘဲ တောင်ကြားအပြင်၌ စုဝေးနေ၏။ ယွင်ပင်းလည်း တပ်ဖွဲ့များရှေ့တွင် ရပ်နေသည်။ ဤတစ်ခေါက်တွင် သူမကိုယ်တိုင် ဦးဆောင်မည်ဖြစ်ကြောင်း ထင်ရှားပေသည်။

ဤဆန်းကြယ်နယ်မြေထဲတွင် အလင်းနှင့် ဝိညာဉ်စွမ်းအင် ရှိ၏။ သို့သော် အလင်းက အလွန်မှိန်ပြီး ဝိညာဉ်စွမ်းအင်မှာလည်း မသိပ်သည်းပေ။

ဝှစ်...

ကျန်းရီတို့တပ်ဖွဲ့သည် အခြားတပ်ဖွဲ့များနှင့် လျင်မြန်စွာ သွားပေါင်းလိုက်၏။ အားလုံး စုဝေးပြီးနောက်တွင် ယွင်ပင်းက လေသံမာမာဖြင့် အော်ပြောလိုက်သည်။

“ဒီတာဝန်ကလည်း တပ်ဖွဲ့တိုင်းကို တမလွန်ဘုံမိစ္ဆာတွေကို လွတ်လွတ်လပ်လပ် ရှင်းပစ်ခွင့်ပေးတယ်။ တာဝန်ထမ်းဆောင်ရမဲ့နေရာက တမလွန်မြစ်တောင်တန်းဒေသပဲ။ ကျွန်မတို့က အဲ့ဒေသတစ်ခုလုံးမှာရှိတဲ့ တမလွန်ဘုံမိစ္ဆာတွေကို ရှင်းပစ်ရမယ်။ ကျွန်မကိုယ်တိုင် တပ်ဖွဲ့တစ်ခုကို ဦးဆောင်ပြီး ဒေသတစ်ခွင်လုံးမှာ ကင်းလှည့်နေမှာပါ။ တမလွန်ဘုံဘုရင်ရဲ့ ကိုယ်ပွားနဲ့ ကြုံရရင် ဒါမှမဟုတ် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးတွေ ထွက်ပေါ်လာရင် ဘယ်သူမှ ထိပ်တိုက် ရင်မဆိုင်ပါနဲ့၊ ချက်ချင်း ကျန်တဲ့သူတွေကို အချက်ပြလိုက်ပါ။ ပြီးရင် ပြန်ဆုတ်ပါ”

တစ်တပ်လုံး ကောင်းကင်ထက်သို့ ပျံတက်လိုက်၏။ ယွင်ပင်းက တပ်မှူးချုပ်နှစ်ယောက်နှင့်အတူ ရှေ့ဆုံးမှနေ၍ ဦးဆောင်လိုက်သည်။ တပ်သားအားလုံးသည် မဟာရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရတော့မည့်ပုံနှင့် လက်နက်များကို အသင့်ပြင်ထားကြသည်။ တပ်မှူးဟူက ကျန်းရီထံ အသံလှမ်းပို့သဖြင့် ကျန်းရီသည် သူ့တပ်ဖွဲ့ကို တိုက်ပွဲအတွက် အသင့်ပြင်ထားရန် ညွှန်ကြားလိုက်သည်။

ဝူ...ဝူ...

ကီလိုမီတာရာကျော် ပျံသန်းပြီးနောက် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး လေနှင့်အတူ ကြောက်မက်ဖွယ်အသံများ ပါလာပေသည်။ ကျန်းရီ သူ၏ကောင်းကင်စိတ်အာရုံကို ထုတ်ကာ အာရုံခံလိုက်ရာ အရှေ့မှ ပျံသန်းလာနေသော ရာချီသည့် တမလွန်ဘုံမိစ္ဆာများကို တွေ့လိုက်ရသည်။ သို့သော် ၎င်းတို့အားလုံးက အဆင့်နိမ့် တမလွန်ဘုံတမန်တော်များပင်။

ယွင်ပင်းသည် တိုက်ခိုက်မည့်ပုံပင် မပြပေ။ သူမ၏ ကိုယ်ရံတော်သုံးဆယ့်ခြောက်ယောက်ကသာ အရှေ့သို့ ပျံထွက်၍ အလင်းတန်းများ ပစ်လွှတ်ကာ တမလွန်ဘုံတမန်တော်များကို တစ်ကောင်ပြီးတစ်‌ကောင် သတ်လိုက်ကြသည်။ ယွင်ပင်းက အမိန့်မပေးသဖြင့် တပ်၏ ချီတက်ပုံတွင် အပြောင်းအလဲမရှိပေ။ တပ်သည် ညီညာစွာသာ အရှေ့သို့ ဆက်ပျံသန်းပေသည်။

လမ်းတစ်လျှောက်တွင် တပ်သည် တမလွန်ဘုံတမန်တော်များနှင့် အဆက်မပြတ် ကြုံတွေ့ခဲ့ရ၏။ သို့သော် စွမ်းအားကြီး တမလွန်ဘုံစစ်သူကြီးများနှင့် တမလွန်ဘုံတပ်ကြီးများကိုမူ မတွေ့ရသေးပေ။ နာရီနှစ်ဆယ်ကျော် ပျံသန်းပြီးနောက် တပ်သည် တမလွန်မြစ်တောင်တန်းဒေသသို့ ရောက်ရှိသွား၏။ ကျန်းရီတို့သည် အဝေးသို့ လှမ်းကြည့်ပြီးနောက် မျက်နှာထားပြောင်းသွားကြ၏။ ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုက သူတို့ကို ကြိုဆိုနေပေသည်။

All Chapters