← Chapters

တစ္ဆေမျက်လုံးသားရဲဘုရင်

Vol. 121 Ch. 1681

တစ္ဆေမျက်လုံးသားရဲဘုရင်

Vol. 121 Ch. 1681

တမလွန်မြစ်တောင်တန်းဒေသကို တောင်တန်းဒေသဟု ခေါ်မည့်အစား မိစ္ဆာဒေသဟု ခေါ်သင့်သည်။

တောင်တန်းဒေသတစ်ခွင်လုံးတွင် မိစ္ဆာမီးတောက်များ ပြည့်နှက်နေသည်။ အဝေးရှိ ကျန်းရီတို့နေရာမှပင် အ‌အေးဓာတ်၊ မိစ္ဆာဓာတ်နှင့် အမှောင်အရှိန်အဝါတို့ကို ခံစားနေရသည်။ အားလုံး ကျောစိမ့်သွားကာ ကြက်သီးမွေးညင်းများထသွားကြသည်။

တောင်တန်းဒေသက ကျယ်ပြန့်သည်။ မြေမျက်နှာသွင်ပြင်ကလည်း ရှုပ်ထွေးကာ နေရာအနှံ့တွင် တောင်များ၊ တောင်ကြားများ ရှိနေသည်။ ပတ်ဝန်းကျင်မှာလည်း မှောင်မည်းနေရာ တမလွန်ဘုံမိစ္ဆာများက မည်သည့်နေရာတွင် ပုန်းအောင်းနေကြောင်းကို မသိနိုင်ပေ။ ထို့ပြင် မြူခိုးနက်များက ကောင်းကင်စိတ်အာရုံများကို ဟန့်တားထားသည်။ အကယ်၍ ထိုဒေသထဲတွင် အချိန်ကြာမြင့်စွာ နေမည်ဆိုလျှင် တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံလိုက်ရနိုင်သည်။ သို့သော် ဤမှ တပ်သားအားလုံးသည် တမလွန်ဘုံ၏ ရုပ်သေးရုပ်များ အဖြစ်ခံမည့်အစား မိမိကိုယ်ကိုယ် သတ်သေကြမည့်သူများပင်။

“အဖွဲ့ခွဲပြီး ဝင်ကြမယ်။ တမလွန်ဘုံမိစ္ဆာတွေကို အချိန်ယူပြီး ရှင်းပစ်ပါ။ မလောပါနဲ့”

ယွင်ပင်းသည် လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်၏။ တပ်မှူးဆယ်ယောက်သည် သူတို့၏တပ်စိတ်များကို ဦးဆောင်ကာ အရပ်မျက်နှာတစ်ခုဆီသို့ ပျံသန်းသွားကြသည်။ သူတို့သည် တောင်တန်းဒေသထဲရှိ နေရာတစ်ခုစီတွင် တမလွန်ဘုံမိစ္ဆာရှင်းလင်းရေးတာဝန်ကို ထမ်းဆောင်ကြမည်ဖြစ်သည်။

ဝုန်း...ဝုန်း...ဝုန်း...

မကြာခင်တွင် တိုက်ပွဲသံများ ထွက်ပေါ်လာသည်။ ယွင်ပင်းက တပ်မှူးချုပ်နှစ်ယောက်၊ ကိုယ်ရံတော်သုံးဆယ့်ခြောက်ယောက်တို့နှင့် ဒေသတစ်ခွငတွင် လှည့်ပတ်ကာ လိုအပ်သည်နှင့် တပ်ကူပေးရန် အသင့်ပြင်ထားကြသည်။

“စက်ဝိုင်းကွက်ဖော်...”

ကျန်းရီသည် သတိကြီးကြီးထားရန် ဆုံးဖြတ်ထားသဖြင့် တပ်သားများကို သူ့အား ဝန်းရံစေလိုက်သည်။ ကျန့်တိနျန်နှင့် ဘွဲ့ထူးရနတ်ဘုရားဧကရာဇ် သုံးယောက်က အရှေ့မှ လမ်းရှင်းရမည်ဖြစ်ပြီး အခြား ဘွဲ့ထူးရနတ်ဘုရားဧကရာဇ် နှစ်ယောက်က ဘေးတစ်ဘက်စီတွင် တစ်ယောက်စီ နေရာယူထားရမည်ဖြစ်သည်။ ကျန်သော ဘွဲ့ထူးရနတ်ဘုရားဧကရာဇ် နှစ်ယောက်ကမူ အလယ်တွင်သာ ဆက်နေ၍ တစ်ဘက်ဘက်က အကူအညီလိုအပ်လာလျှင် ကူညီရန် အသင့်ပြင်ထားသည်။ ကျန်းရီသည်လည်း အလယ်တွင်နေ၍ အခြေအနေတစ်ခုလုံးကို ထိန်းချုပ်မည်ဖြစ်သည်။

ပြီးခဲ့သော တိုက်ပွဲပြီးနောက်တွင် ထိုလူကိုးဆယ်ကျော်သည် ပို၍အတွေ့အကြုံရှိလာပြီး တစ်ယောက်နှင့်တစ်ယောက် ပို၍ အပေးအယူမျှလာသည်။ ထို့ပြင် သူတို့သည် တမလွန်ဘုံအရှိန်အဝါအတွက် စိုးရိမ်ရန် မလိုရာ အစွမ်းကုန်ထုတ်သုံး၍ စတင်သတ်ဖြတ်ကြသည်။ သူတို့သည် မြူခိုးနက်များထဲမှ ထွက်လာသော တမလွန်ဘုံမိစ္ဆာအားလုံးကို ရှင်းပစ်နေကြပေသည်။

အရှေ့သို့ တရွေ့ရွေ့ ချီတက်၍ ရန်သူများကို တတိတိ ရှင်းလင်းခြင်း...

ထိုဗျူဟာမှာ ယွင်ပင်း၏ဗျူဟာပင်။ သူမ၏တပ်ကလည်း ထိုဗျူဟာကို တိတိကျကျ လိုက်နာသည်။ ပတ်ဝန်းကျင်မှ တမလွန်ဘုံမိစ္ဆာများကို ရှင်းပစ်ပြီးနောက်တွင် မြူခိုးနက်များက အတန်ငယ် လျော့ပါးလာသည်။ ထို့ကြောင့် လူများ တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံရနိုင်ခြေလည်း လျော့ကျသွားသည်။

သို့သော်...

အချိန်ကြာလာသည်နှင့်အမျှ အားလုံးသည် တောင်တန်းဒေသထဲ ပိုနက်ရှိုင်းစွာ ရောက်သွားကြပြီး တိုက်ပွဲများကလည်း တစ်ခုနှင့်တစ်ခု ဝေးကွာလာသည်။ တမလွန်ဘုံမိစ္ဆာ အရေအတွက်ကလည်း များ၍ များ၍ လာရာ တပ်၏ဗျူဟာတွင် ဟာကွက်များ စတင်ထွက်ပေါ်လာတော့သည်။

ဝူ...ဝူ...

တမလွန်မြစ်တောင်တန်းဒေသထဲတွင် အမှန်ပင် တမလွန်ဘုံမိစ္ဆာများ အများအပြား ရှိပေသည်။ ဒေသ၏ နက်ရှိုင်းသောအပိုင်းများမှနေ၍ အော်သံများ အဆက်မပြတ် ထွက်လာနေသည်။ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး တပ်ဖွဲ့အားလုံးနီးပါးသည် တမလွန်ဘုံမိစ္ဆာများ၏ ဝန်းရံမှုကို ခံထားရပြီဖြစ်သည်။ သို့သော် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများက ယခုအထိ ထွက်ပေါ်မလာသေးပေ။ သာမန် တမလွန်ဘုံစစ်သူကြီးများသာ ထွက်ပေါ်လာသေးသည်။

သေဆုံးမှုများနှင့် ဒဏ်ရာရမှုများလည်း စတင်လာသည်။ တမလွန်ဘုံမိစ္ဆာများက အလွန်များပြားပြီး တမလွန်ဘုံစစ်သူကြီး အရေအတွက်မှာလည်း မနည်းလှပေ။ ထို့ပြင် တမလွန်ဘုံအရှိန်အဝါ၏ လွှမ်းမိုးမှုကို ခံလိုက်ရသူများက တိုက်ခိုက်စွမ်းအား လျော့ကျသွားသည်ဖြစ်ရာ သူတို့ အသတ်ခံလိုက်ရခြင်းမှာ ပုံမှန်သာဖြစ်ပေသည်။

ကျန်းရီ၏တပ်ဖွဲ့တွင်မူ တစ်ယောက်မှ မသေသေးပေ။ သို့သော် ဒဏ်ရာရထားသူ အနည်းငယ်တော့ ရှိလာပြီဖြစ်သည်။ ကျန်းရီသည် တံဆိပ်စာလုံးများကို အဆက်မပြတ် ထုတ်လွှတ်၍ သူ့လူများ၏ စိတ်ဝိညာဉ်ထဲမှ တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပေးနေသည်။ ထို့ပြင် ကျန့်တိနျန်တို့ တမလွန်ဘုံစစ်သူကြီးများကို တိုက်ခိုက်ရာတွင်လည်း ကူညီပေးနေသည်။

ဝှစ်...

မကြာခဏဆိုသလို သိမ်မွေ့သော လေပြေလေးများ ဖြတ်သန်းတိုက်ခတ်လာ၏။ ယွင်ပင်း၊ တပ်မှူးဟူနှင့် အခြားသူများက သူတို့တပ်ဖွဲ့၏ အခြေအနေကို လှမ်း၍ထောက်လှမ်းခြင်းဖြစ်ကြောင်း ကျန်းရီ သိသည်။ လူများ၏ အသက်အန္တရာယ်ကို စိုးရိမ်ရရာ ကျန်းရီသည် သူ၏ အင်အားကို ဆက်၍ ဖုံးကွယ်မထားဝံ့တော့ဘဲ တံဆိပ်စာလုံးများကို အဆက်မပြတ် ထိန်းချုပ်ကာ တိုက်ပွဲကို ကူညီပေးနေပေသည်။ ထိုတံဆိပ်စာလုံးများအကြောင်းကို သိသူမှာ များစွာမရှိပေ။ အခြားသူများက ၎င်းစာလုံးများကို အာရုံခံမိလျှင်လည်း အရေးသိပ်မကြီးချေ။

‘သူ့ဆီမှာ တကယ်ကို ဝှက်ဖဲတွေ ရှိတာပဲ’

အဝေးတွင် ယွင်ပင်းသည် ကျန်းရီ၏တပ်ဖွဲ့၏ အခြေအနေကို အကြိမ်အနည်းငယ် ထောက်လှမ်းပြီးနောက် ကျန်းရီ၏ တိုက်ခိုက်စွမ်းအားကို အသိအမှတ်ပြုလိုက်၏။ ကျန်းရီ၏ လူများက တမလွန်ဘုံအရှိန်အဝါ၏ လွှမ်းမိုးမှုကို လုံးဝမခံရပေ။ ထို့ကြောင့် သူတို့သည် အစွမ်းကုန် တိုက်ခိုက်နိုင်နေရာ သူတို့၏ သတ်ဖြတ်နှုန်းက အခြားတပ်ဖွဲ့များထက် ပိုမြန်နေပေသည်။ လက်ရှိတွင် သူတို့တပ်ဖွဲ့၌ ကျဆုံးသူလည်း မရှိသေးချေ။ ယန်ကိုးပါးစစ်တပ်ထဲ ဝင်ခါစ လူတစ်စုအတွက် ယင်းမှာ ဖြစ်ရပ်ဆန်းကြယ်တစ်ခုပင်။

သို့သော် ကျန်းရီသာမရှိလျှင် ထိုတပ်ဖွဲ့က ဤမျှအင်အားကြီးမည် မဟုတ်ဘဲ ယခုလောက်ဆို အနည်းဆုံး လူတစ်ဝက်လောက် ကျဆုံးသွားပြီးလောက်ပြီ ဖြစ်ကြောင်း ယွင်ပင်းသိသည်။

“ပြန်ဆုတ်ပြီး တပ်ပြန်စုမယ်”

နာရီနှစ်ဆယ်ကြာပြီးနောက် ယွင်းပင်၏ တပ်ပြန်ဆုတ်ခိုင်းလိုက်သံက ဒေသတစ်ခွင်တွင် ပဲ့တင်ထပ်သွား၏။ ကျန်းရီသည် လုံးဝ တုံ့ဆိုင်းမနေပေ။ သူ့တပ်ဖွဲ့ထဲတွင် အကျအဆုံး မရှိသေးသော်လည်း လူတစ်ဝက်လောက်က ဒဏ်ရာရထားပြီဖြစ်သည်။ တိုက်ပွဲက ဤအတိုင်း ဆက်သွားမည်ဆိုလျှင် အနှေးနှင့်အမြန်ဆိုသလို တစ်ယောက်ယောက် သေဆုံးသွားပေလိမ့်မည်။

တပ်ဖွဲ့များသည် လျင်မြန်စွာ ပြန်ဆုတ်၍ တောင်တန်းဒေသအပြင်သို့ ထွက်လိုက်ကြ၏။ ယွင်ပင်း၏ ကိုယ်ရံတော်သုံးဆယ့်ခြောက်ယောက်က တပ်ဖွဲ့များ ဘေးကင်းကင်းနှင့် ပြန်ဆုတ်နိုင်ရန် နောက်မှလိုက်လာသည့် တမလွန်ဘုံမိစ္ဆာများကို ထိန်းပေးထားပေသည်။

တပ်သည် ‌တောင်တန်းဒေသနှင့် ကီလိုမီတာဆယ်ချီ အကွာတွင် ပြန်စုဝေး၏။ ကျန်းရီသည် သူတွေ့လိုက်ရသော အရာကြောင့် အံ့အားသင့်သွားသည်။ နာရီနှစ်ဆယ်အတွင်းမှာပင် အင်အားတစ်သောင်းရှိခဲ့သော တပ်မှ တပ်သားငါးရာကျော် ကျဆုံးသွားခဲ့ပေပြီ။ ဒဏ်ရာရထားသူ အရေအတွက်မှာမူ အလွန်များသည်။ သူ့ပတ်ပတ်လည်တွင် ဒဏ်ရာရထားသော တပ်သားများ ပြည့်နှက်နေသည်။

“အာ...”

ကျန်းရီလက်အောက်ရှိ တပ်သားတစ်ယောက်မှ မကျဆုံးခဲ့သဖြင့် တပ်ကြပ်များသည် ကျန်းရီကို အံ့ဩတကြီး ကြည့်လိုက်ကြ၏။ ကျန်းရီသည် ထိုလူများကို လျစ်လျူရှုကာ သူ့လူများကိုသာ ဒဏ်ရာများ ကုသရန် ပြောလိုက်သည်။ ထို့နောက် သူ တင်ပျဉ်ခွေထိုင်ကာ အနားယူလိုက်လေသည်။

လေးနာရီကြာပြီးနောက် တပ်သည် ပြန်ချီတက်ကာ တမလွန်ဘုံမိစ္ဆာများကို ဆက်၍ ရှင်းပစ်ကြသည်။ နောက်ထပ်နာရီနှစ်ဆယ်ကြာသောအခါ ယွင်ပင်းသည် တပ်ကို ပြန်ဆုတ်၍ ပြန်စုဝေးရန် အမိန့်ပေးလိုက်ပြန်၏။ သူတို့ စတင် တိုက်ခိုက်တိုင်း ယွင်ပင်းသည် လူများကိုခေါ်၍ ဒေသထဲတွင်သာ ကင်းလှည့်နေခဲ့သည်။ သူတို့ အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများနှင့် ကြုံရမှ သူမကိုယ်တိုင် ဝင်တိုက်ခိုက်သည်။ ထိုနည်းဖြင့် သူမသည် ကျဆုံးသူ အရေအတွက်ကို နည်းပါးအောင် လုပ်ထားနိုင်နေပေသည်။

ကျန်းရီသည် ယွင်ပင်းက အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးအား တိုက်ခိုက်သည်ကို ကိုယ်တိုင် မမြင်ရသေးသော်လည်း ယခင်တွင် ယွင်ပင်း၏ တိုက်ကွက်တစ်ကွက်ကို ခုခံဖူးသဖြင့် ထိုမိန်းမပျိုလေးက မည်မျှစွမ်းအားကြီးကြောင်း သိပေသည်။ သူမနှင့်အတူ ကိုယ်ရံတော်သုံးဆယ့်ခြောက်ယောက်နှင့် အုပ်ချုပ်သူအဆင့် တပ်မှူးချုပ်နှစ်ယောက် ရှိနေရာ သူမအတွက် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများကို ရင်ဆိုင်ရန်မှာ သေချာပေါက် ခက်လိမ့်မည် မဟုတ်ချေ။

နာရီနှစ်ဆယ်တိုက်ခိုက်လိုက်၊ လေးနာရီနားလိုက်နှင့် တိုက်ပွဲကို ဆက်နေ၏။ လေးကြိမ်မြောက် အနားယူရသည်အထိ ကျန်းရီ၏တပ်ဖွဲ့တွင် ကျဆုံးသူ မရှိသေး။ ထို့ကြောင့် ယွင်ပင်းတို့သည် မယုံနိုင်ပင် ဖြစ်လာကြသည်။

ငါးကြိမ်မြောက် တိုက်ခိုက်ရစဉ်တွင် ယွင်ပင်းသည် ကျန်းရီတို့တပ်ဖွဲ့ကို စေ့စေ့စပ်စပ် ထောက်လှမ်းလိုက်၏။ ထိုမှ သူတို့တပ်ဖွဲ့တွင် အဘယ်ကြောင့် ကျဆုံးသူ မရှိသေးကြောင်း သူမ သိသွားသည်။ တပ်သားတစ်ယောက်က အပြင်းအထန် ဒဏ်ရာရသွားပြီး သေလုမြောပါး ဖြစ်နေချိန်တွင် ကျန်းရီက ထိုတပ်သားကို သူ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင် ထည့်လိုက်သည်။ ခေတ္တမျှ ကြာပြီးနောက် ထိုတပ်သား ပြန်ထွက်လာချိန်တွင် သူ၏ဒဏ်ရာများက အပြည့်အဝ ပြန်ကောင်းသွားပြီဖြစ်သည်။

‘သူ့မှာ ရတနာတွေ အများကြီးရှိပုံပဲ။ ဒဏ်ရာတွေကို ဒီလောက်မြန်မြန် ကုသပေးနိုင်တဲ့ ရတနာက ကောင်းကင်ဘုံမှာတောင် ရှားပါတယ်။ အဲ့ရတနာက မိစ္ဆာသတ်ဖြတ်နန်းတော်ထဲက မူလရတနာတစ်ခုများလား’

ယွင်ပင်းသည် ကျန်းရီ၏ရတနာကို လုယူလိုစိတ် လုံးဝမရှိပေ။ သူမ စိတ်ဝင်စားမိခြင်းသာ။ ကျန်းရီက အထက်ဘုံမှ ရောက်လာသူပင်။ ထို့ပြင် သူသည် အထက်ဘုံသို့လည်း အနိမ့်ဘုံမှ တက်လှမ်းလာခဲ့သူဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ယောက်က တစ်နှစ်အတွင်းမှာပင် ရတနာများစွာ ပိုင်ဆိုင်သွားခြင်းမှာ အံ့ဩဖွယ်ကိစ္စတစ်ခု မဟုတ်ပါလား။

ဝုန်း...

ယွင်ပင်း အတွေးနက်နေစဉ်တွင် ဘယ်ဘက်ခြမ်း ခပ်လှမ်းလှမ်းမှနေ၍ အဖြူရောင်အလင်းတန်းတစ်တန်းက ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ကောင်းကင်ထဲတွင် ပေါက်ကွဲသွား၏။ ကောင်းကင်တစ်ခြမ်လုံး လင်းလက်သွားသည်။ ၎င်းနောက် တပ်မှူးတစ်ယောက်၏ အော်ပြောသံ ထွက်ပေါ်လာသည်။

“တစ္ဆေမျက်လုံးသားရဲဘုရင်လား.. အားလုံး ပြန်ဆုတ်ကြ”

“တပ်သားတွေ၊ တပ်ကြပ်တွေ ပြန်ဆုတ်ကြ.. တပ်မှူးတွေက ကျွန်မနဲ့အတူ တိုက်ပွဲဆီ လိုက်ခဲ့ကြ”

ယွင်ပင်းက ကျယ်လောင်စွာ ‌အော်၍ အမိန့်ပေးလိုက်သည်။ သူမ၏တပ်သည် ရုတ်ခြည်း ဖရိုဖရဲဖြစ်သွားပြီး ကြောက်လန့်တကြားဖြင့် အမြန်ဆုံး ပြန်ဆုတ်ကြသည်။ ကျန့်တိနျန်တို့လည်း လျင်မြန်စွာ ပြန်ဆုတ်လာရာ ကျန်းရီ စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

“အစ်ကိုကျန့်... အဲ့တစ္ဆေမျက်လုံးသားရဲဘုရင်ဆိုတာ တမလွန်ဘုံဘုရင်တစ်ပါးလား။ ဘာလို့ လူတိုင်း ဒီလောက်ကြောက်ကုန်ရတာလဲ”

“အဲ့ဒါက တမလွန်ဘုံဘုရင် မဟုတ်ဘူး။ ဒါပေမဲ့ အရမ်းကြောက်စရာကောင်းတယ်။ တပ်ကြပ်... မြန်မြန် ပြန်ဆုတ်ကြရအောင်ပါ။ သာမန် ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်တွေတောင် အဲ့သားရဲနဲ့တွေ့ရင် သေမှာ”

ကျန့်တိနျန်က ကျန်းရီထံ အသံပို့လွှတ်လိုက်၏။ ကျန်းရီ မေးခွန်းများစွာ မေးမနေတော့ဘဲ တပ်ဖွဲ့နှင့်အတူ လျင်မြန်စွာ ပြန်ဆုတ်လိုက်သည်။ သို့သော် ရုတ်တရက် သူ့ခေါင်းထဲတွင် စူးရှအေးစက်သော အသံပို့လွှတ်မှုတစ်ခု ထွက်ပေါ်လာ၍ သူ ရပ်တန့်လိုက်သည်။

“ကျန်းရီ... ဒီကိုလာပြီး တမလွန်ဘုံအရှိန်အဝါကိုဖယ်ဖို့ ကူညီပေးပါ။ မဟုတ်ရင် ဒီတပ်မှူးတွေအကုန် သေရလိမ့်မယ်”

‘လခွမ်း...’

ကျန်းရီသည် အထက်အရာရှိများ၏ တိုက်ပွဲတွင် ဝင်မပါလိုပေ။ သို့သော် ယွင်ပင်းက အမိန့်ပေးလိုက်ပြီဖြစ်ရာ သူ ယန်ကိုးပါးစစ်တပ်ထဲ၌ ဆက်နေလိုသေးလျှင် ထိုအမိန့်ကို နာခံရပေလိမ့်မည်။ သူ အော်ပြောလိုက်သည်။

“အစ်ကိုကျန့်... ကျွန်တော် တစ်ချက်သွားကြည့်လိုက်ဦးမယ်။ ကျွန်တော် မရှိတဲ့အချိန် အစ်ကိုပဲ တပ်ဖွဲ့ကို ကြီးကြပ်ထားပါ”

ဝှစ်...

ကျန်းရီ ဘယ်ဘက်သို့ ပျံသန်းသွား၏။ ကျန့်တိနျန်တို့သည် ကျန်းရီ၏ နောက်ကျောပြင်ကို အံ့ဩစွာသာ ငေးကြည့်နေရပေသည်။ ကျန်းရီက အမိန့်ရလိုက်သည်ကို သူတို့ မသိပေ။ ထို့ကြောင့် သူတို့သည် ကျန်းရီမှာ သူ့အသိစိတ်နှင့်သူ သွားရောက်ကူညီခြင်းဟု ထင်နေကြသည်။ သို့ဖြစ်ရကား သူတို့ မြင်ကွင်းထဲရှိ ကျန်းရီက ရုတ်တရက်ကြီး မြင့်မြတ်လာသည်ဟု သူတို့ ခံစားလိုက်ရလေသည်။

All Chapters