← Chapters

ကျန်းရီ အသက်ရှိသေးလား သွားကြည့်လိုက်

Vol. 121 Ch. 1682

ကျန်းရီ အသက်ရှိသေးလား သွားကြည့်လိုက်

Vol. 121 Ch. 1682

တမလွန်ဘုံ တည်ရှိခဲ့သည်မှာ အလွန်ကြာ‌‌ညောင်းခဲ့ပြီဖြစ်ရာ တမလွန်ဘုံမိစ္ဆာများက မရေမတွက်နိုင်အောင် ရှိနေသည်။ ထိုမိစ္ဆာများသည် ပုံစံပြောင်းလဲရန်နှင့် ပိုသန်မာလာရန် အချင်းချင်း သတ်ဖြတ်စားသောက်ကြသည်။ ထိုသို့ဖြင့် ကြောက်မက်ဖွယ်မိစ္ဆာ အမျိုးမျိုး ဖြစ်ပေါ်လာပေသည်။

တမလွန်ဘုံဧကရာဇ်၏ လက်အောက်တွင် တမလွန်ဘုံဘုရင် သုံးဆယ့်ခြောက်ပါး ရှိသည်။ ထိုသုံးဆယ့်ခြောက်ပါးမှာ ဘွဲ့ထူး၊ ဂုဏ်ထူးများ ရထားသော တမလွန်ဘုံဘုရင်များကိုသာ ထည့်တွက်ထားခြင်းဖြစ်သည်။ စုစုပေါင်း တမလွန်ဘုံဘုရင် အရေအတွက်မှာမူ သေချာပေါက် ထိုထက် ပိုများပေသည်။ တမလွန်ဘုံဘုရင်များ၏ အောက်တွင် တမလွန်ဘုံစစ်သူကြီးများ ရှိသည်။ တမလွန်ဘုံစစ်သူကြီးများကို အဆင့်မြင့်၊ အဆင့်နိမ့်ဟု ထပ်ခွဲသည်။ ဥပမာဆိုရသော် ဧရာမအရိုးစုကြီးများက အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများ ဖြစ်ပေသည်။

အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများနှင့် တမလွန်ဘုံဘုရင်များအကြားတွင် မိစ္ဆာအမျိုးအစား အနည်းငယ် ရှိသေးသည်။ သို့သော် ၎င်းမိစ္ဆာများက တမလွန်ဘုံဘုရင်များနှင့်တော့ မယှဉ်နိုင်ကြပေ။ လူသားမျိုးနွယ်သည် ထိုကဲ့သို့ မိစ္ဆာအမျိုးအစား ဆယ့်နှစ်မျိုးကို သိရှိထားသည်။ တစ္ဆေမျက်လုံးသားရဲဘုရင်မှာ ထိုဆယ့်နှစ်မျိုးထဲမှ တစ်မျိုးပင်။

အမည်အတိုင်းပင် တစ္ဆေမျက်လုံးသားရဲဘုရင်၏ ကြောက်စရာအကောင်းဆုံး အပိုင်းမှာ မျက်လုံးများဖြစ်သည်။ ကျန်းရီသည် ပျံသန်းသွားရင်း အရှေ့ရှိ မြူခိုးနက်များထဲရှိ ပြာလဲ့လဲ့ တစ္ဆေမျက်လုံးကြီးများကို တွေ့လိုက်ရ၏။ သူ အလိုလို တုန်ယင်သွားပေသည်။

ထိုမျက်လုံးတစ်စုံက အေးစက်ကာ အလွန်ရက်စက်ပုံ၊ သွေးဆာနေပုံပေါ်ပြီး အရှိန်အဝါအမျိုးမျိုးကို ထုတ်လွှတ်နေသည်။ ကျန်းရီသည် သူက သိုးပေါက်တစ်ကောင်ဖြစ်ပြီး ထိုမျက်လုံးတစ်စုံက ဧရာမနဂါးကြီး၏ မျက်လုံးတစ်စုံဖြစ်သည်ဟုပင် ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးရှိ မွေးညင်းများ ထောင်ထသွား၏။ သူ ကျောလည်းစိမ့်သွားသည်။

ဝှစ်...ဝှစ်...

တစ္ဆေမျက်လုံးသားရဲဘုရင်၏ ခန္ဓာကိုယ်ကို မြူခိုးနက်များက လွှမ်းခြုံထားသဖြင့် မမြင်ရ။ မျက်လုံးတစ်စုံက လှုပ်ရှားနေသည်ကိုသာ မြင်ရသည်။ ယွင်ပင်းတို့သည် မြူခိုးနက်များကို ဝန်းရံ၍ ထိုမျက်လုံးကြီးများဆီသို့ အလင်းတန်းများ ပစ်လွှတ်နေကြသည်။ သို့သော် မျက်လုံးများက အလွန်လျင်မြန်ရာ သူမတို့၏ တိုက်ခိုက်မှုများက ၎င်းမျက်လုံးများကို မထိမှန်ကြပေ။

ဝှစ်...

ထိုမျက်လုံးများမှနေ၍ ကြောက်မက်ဖွယ် အပြာရောင်အလင်းတန်း တစ်တန်း ပျံထွက်လာ၏။ ထိုအလင်းတန်းနှင့်အတူ မြူခိုးနက်လုံးတစ်လုံးလည်း ပါလာသည်။ အလင်းတန်းက တပ်မှူးတစ်ယောက်ကို ထိမှန်သွားရာ ထိုတပ်မှူးမှာ ရုတ်ခြည်း သတိလစ်သွားပြီး ကောင်းကင်ထက်မှ အောက်သို့ ပြုတ်ကျသွားလေသည်။

“ရှင် ဘာကြည့်နေတာလဲ။ သူ့ကို မြန်မြန်သွားကယ်လေ”

ယွင်ပင်းသည် ကျန်းရီက မလှုပ်ကြောင်း တွေ့လိုက်သောအခါ ဒေါသတကြီး အော်ပြောလိုက်၏။ ကျန်းရီ တွန့်ခနဲဖြစ်သွားပြီး ပြုတ်ကျသွားသော တပ်မှူးဆီသို့ လျင်မြန်စွာ ပျံဆင်းသွားလိုက်သည်။ သို့သော် သူ ထိုတပ်မှူးအနီးသို့ မရောက်သေးခင်မှာပင် နောက်ထပ်တပ်မှူးတစ်ယောက်က ပြုတ်ကျသွားပြန်သည်။ ထိုတပ်မှူးနှစ်ယောက်က အုပ်ချုပ်သူအဆင့်သို့ မရောက်သေးသော်လည်း ယွင်ပင်း၏ ကိုယ်ရံတော်များလောက် သန်မာကြသည်။ သို့ပင်လျှင် သူတို့သည် အလင်းတန်းကို အချိန်မီ မရှောင်နိုင်ကြချေ။

ရွှီး...

ကျန်းရီသည် တံဆိပ်စာလုံးများကို လျှို့ဝှက်ထုတ်လွှတ်၍ သူ၏လက်ဝါးမှတဆင့် တပ်မှူး၏ ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးလိုက်သည်။ ထို့နောက် တံဆိပ်စာလုံးများကို တပ်မှူး၏ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်စေလိုက်၏။ ထိုတပ်မှူး၏ စိတ်ဝိညာဉ်သည် စတင်ထိန်းချုပ်ခံနေရရုံသာမက ကွဲအက်လာသည်ကိုလည်း ကျန်းရီ တွေ့လိုက်ရ၏။ တပ်မှူးမှာ အပြင်းအထန် ဒဏ်ရာရသွားရာ ပြန်လည်နိုးထလာနိုင်မည်၊ မနိုင်မည်ကို ကျန်းရီ အတပ်မပြောနိုင်ပေ။

‘ထားလိုက်တော့... ငါ သူ့ကို ကယ်ဖို့ အစွမ်းကုန်ထုတ်သုံးရမှာပဲ’

ကျန်းရီ အံကြိတ်လိုက်ပြီး နတ်ဘုရားသစ်ရွက်ကို မသိမသာ ထုတ်၍ ၎င်းသစ်ရွက်အတွင်း ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်၏။ ၎င်းနောက် နတ်ဘုရားသစ်ရွက်ကို အသုံးပြုကာ တပ်မှူး၏ စိတ်ဝိညာဉ်ကို ကုသပေးလိုက်သည်။ တပ်မှူး၏ စိတ်ဝိညာဉ်က ပြန်ကောင်းသွားသောအခါ ကျန်းရီသည် ထိုတပ်မှူးကို သူ၏လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်ပြီး ပြုတ်ကျသွားသော အခြားတပ်မှူးထံသို့ ဆက်ပျံသန်းသွားလိုက်လေသည်။

အစောမှ တပ်မှူး၏ စိတ်ဝိညာဉ်က ပြန်ကောင်းသွားပြီဖြစ်သော်လည်း စိတ်ဝိညာဉ်မှာ လူတစ်ယေဦက်၏ အခြေခံအုတ်မြစ်ဖြစ်ရာ သူ သတိပြန်ရလာမည်၊ မလာမည်မှာ သူ၏ကံတရားအပေါ်တွင်သာ မူတည်သည်။ သူ့တစ်သက်လုံး သတိပြန်မရလာသည်မျိုးလည်း ဖြစ်နိုင်ပေသည်။

ကျန်းရီ၏ကိုယ်ပေါ်တွင် ကောင်းကင်လေပြေချပ်ဝတ် ထွက်ပေါ်လာ၏။ ချပ်ဝတ်သည် ကျန်းရီကို အချိန်မရွေးကာကွယ်ပေးရန် အသင့်ဖြစ်နေပေပြီ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ကျန်းရီ အစွမ်းကုန်ထုတ်မသုံးဘဲ မနေဝံ့ပေ။ တစ္ဆေမျက်လုံးသားရဲဘုရင်၏ တိုက်ခိုက်မှုများက အလွန်လျင်မြန်ရာ သူ ထိုတိုက်ခိုက်မှုများကို သေချာပေါက် အချိန်မီ ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ချေ။

တော်သေးသည်မှာ ကျန်းရီ၏ အရှိန်အဝါက အလွန်အားမကောင်းသည့်အပြင် ကျန်းရီကိုယ်တိုင်ကလည်း တိတ်တဆိတ်ပျံသန်းနေရာ တစ္ဆေမျက်လုံးသားရဲဘုရင်က သူ့ကို သတိမပြုမိသေးခြင်းပင်။ အချိန်တိုအတွင်းမှာပင် နောက်ထပ် တပ်မှူးနှစ်ယောက်နှင့် ယွင်ပင်း၏ ကိုယ်ရံတော်တစ်ယောက် ပြုတ်ကျလာပြန်သည်။ နောက်ထပ် ပြုတ်ကျလာသော တပ်မှူးနှစ်ယောက်ထဲမှ တစ်ယောက်မှာ တပ်မှူးဟယ်ဖြစ်သည်။ တပ်မှူးများက ထိုသို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျကုန်သော်လည်း ယွင်ပင်းတို့သည် တစ္ဆေမျက်လုံးသားရဲဘုရင်ကို ထိမှန်အောင် မတိုက်ခိုက်နိုင်ကြသေးပေ။

ကျန်းရီသည် ပြုတ်ကျလာသော သူများကို လျင်မြန်စွာ ကယ်တင်ကုသပေး၍ သူ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်သည်။ ပြုတ်ကျလာသူအားလုံးသည် သတိမေ့မြောနေကြပြီး သူတို့ ပြန်နိုးလာမည်၊ နိုးမလာမည်ကို ကျန်းရီ မသိပါချေ။

“ယား...”

ယွင်ပင်းသည် နောက်ထပ် သူ့လူနှစ်ယောက် ပြုတ်ကျသွားသည်ကို မြင်လိုက်သောအခါ ကြေမုံတစ်ချပ်ကို ထုတ်၍ ၎င်းကို ကောင်းကင်ထဲ ပစ်လိုက်သည်။ ကြေးမုံသည် လျင်မြန်စွာ ကြီးထွားလာပြီး ကောင်းကင်ထဲတွင် လှည့်ပတ်လိုက်၏။

ထိုကြေးမုံမှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ကောင်းကင်ကို အလင်းပေးလိုက်သည်။ မြူခိုးနက်များသည် ရွှေရောင်အလင်းတန်းများကြောင့် လွင့်ပြယ်လာ၏။ ထိုကြေးမုံမှာ မိစ္ဆာဓာတ်များကို ဖယ်ရှားနိုင်သော စွမ်းရည်ရှိပေသည်။

“မွန်မြတ်အလင်းကြေးမုံလား”

ကိုယ်ရံတော်များသည် ကြေးမုံကို တွေ့လိုက်သောအခါ တုန်လှုပ်သွားကြ၏။ သို့သော် သူတို့ထဲမှ ဆယ်ယောက်ကျော်သည် လျင်မြန်စွာ ပျံသန်းသွား၍ ယွင်ပင်းကို ဝန်းရံကာကွယ်ပေးလိုက်ကြသည်။ သူမသည် ကြေးမုံမှနေ၍ အလင်းတန်းများထုတ်ရန် သူမ၏လက်နှစ်ဘက်စလုံးဖြင့် သင်္ကေတပုံသဏ္ဌာန်များ လုပ်နေရသည်။ ထို့ကြောင့် သူမကိုယ်သူမ မကာကွယ်နိုင်ပေ။

ဝူ...ဝူ...

မြူခိုးနက်များထဲရှိ မျက်လုံးတစ်စုံထဲတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာ၏။ ၎င်းမျက်လုံးများထဲမှနေ၍ အပြာရောင်အလင်းတန်းများ တစ်တန်းပြီး တစ်တန်း ထွက်လာသည်။ ထိုအလင်းတန်းများက ယွင်ပင်းထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြပေသည်။ တစ်ချိန်တည်းမှာပင် မြူခိုးနက်များက မွန်မြတ်အလင်းတန်းများနှင့် ဝေးရာသို့ ရှောင်ပြေးသွားကြသည်။

ဝုန်း...ဝုန်း...ဝုန်း...

အလင်းတန်းများက ကိုယ်ရံတော်များကို ထိမှန်သွား၏။ ကိုယ်ရံတော် သုံး၊ လေးယောက် ပြုတ်ကျသွားသည်ကို မြင်လိုက်သောအခါ ယွင်ပင်း အသည်းအသန် အော်ပြောလိုက်သည်။

“အားလုံး လူဖြန့်ကြ။ ကျွန်မမှာ စိတ်ဝိညာဉ်မူလရတနာတစ်ခုရှိတယ်။ အဲ့တစ္ဆေမျက်လုံးသားရဲဘုရင်က ကျွန်မကို သတ်နိုင်မှာ မဟုတ်ဘူး”

ယွင်ပင်းသည် လက်ဟန်များ ဆက်ပြုလျက် ကြေးမုံမှနေ၍ အလင်းတန်းများ ထပ်ထုတ်နေ၏။ မြူခိုးနက်များ ဦးတည်ရာနေရာတိုင်းသို့ မွန်မြတ်အလင်းတန်းများက လိုက်၏။ မြူခိုးနက်အုပ်ကြီး၏ အရွယ်အစားက တဖြည်းဖြည်း သေးလာပြီး အချိန်အနည်းငယ်အတွင်းမှာပင် အရွယ်တစ်ဝက်လောက် ကြုံ့သွားသည်။

ဝူ...ဝူ...

မြူခိုးနက်အုပ်၏ အရွယ်က သေးငယ်လာရာ မျက်လုံးများ ရွေ့လျားနိုင်သည့် နေရာကလည်း ကျဉ်းလာသည်။ တစ္ဆေမျက်လုံးသားရဲဘုရင်သည် ကြောက်ရွံ့လာပုံဖြင့် အပြာရောင်အလင်းတန်းများကို အဆက်မပြတ် ပစ်လွှတ်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ် ကိုယ်ရံ‌တော် ခုနစ်ယောက်၊ ရှစ်ယောက်လောက် ပြုတ်ကျသွားပြန်သည်။ ယွင်ပင်း ထပ်မံ အော်ပြောလိုက်၏။

“အကုန်လုံး လူဖြန့်ပြီး မျက်လုံးတွေကို တိုက်ခိုက်ကြ”

ယခုတွင် ယွင်ပင်းက ဒေါသထွက်လာပြီဖြစ်ရာ ကိုယ်ရံတော်များနှင့် တပ်မှူးများသည် သူမကို ဆက်ကာကွယ်ပေးမနေဝံ့တော့ဘဲ မြူခိုးနက်အုပ်နောက်သို့ လျင်မြန်စွာ ပျံလိုက်၍ မျက်လုံးများဆီ အလင်းတန်းများ ပစ်လွှတ်လိုက်ကြလေသည်။ ထိုမြူခိုးနက်အုပ်က များစွာသေးငယ်လာပြီဖြစ်ရာ လူတစ်ယောက်၏ တိုက်ခိုက်မှုများကပင် တစ္ဆေမျက်လုံးသားရဲဘုရင်၏ မျက်လုံးများကို ထိမှန်နိုင်လာသည်။ အလင်းတန်းများ ထိမှန်ခံလိုက်ရသောအခါ သားရဲကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဝှစ်...

သို့သော် ၎င်း ပစ်လွှတ်လိုက်သည့် အပြာရောင်အလင်းတန်းနှစ်တန်းကလည်း ယွင်ပင်း၏ခန္ဓာကိုယ်ထဲ အလွယ်တကူ ဝင်သွားပေသည်။ သူမ၏ခန္ဓာကိုယ် တုန်ယင်သွား၏။ သူမသည် အောက်သို့ ပြုတ်မကျသော်လည်း သူမ၏မျက်နှာက အလွန်ဖြူဖျော့လာသည်။

‘လခွမ်းနဲ့...’

ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ယွင်ပင်း၏ခန္ဓာကိုယ် တုန်ယင်လာသည်ကို အာရုံခံမိလိုက်သည်။ အခြေအနေ မဟန်ပေ။ ယွင်ပင်းက အလင်းတန်းနှစ်တန်းကို တောင့်ခံနိုင်လိုက်သော်လည်း အလင်းတန်းမည်မျှကို ဆက်တောင့်ခံနိုင်ပါမည်နည်း။

အကယ်၍ ယွင်ပင်းသာ အပြင်းအထန် ဒဏ်ရာရသွားလျှင် ကျန်သောသူများကလည်း ထွက်ပြေးနိုင်ပါဦးမည်လော။ ထွက်ပြေးနိုင်မည်ဆိုလျှင်ပင် ထိုတစ္ဆေမျက်လုံးသားရဲဘုရင်၏ အမြန်နှုန်းအရ ၎င်းက တပ်ကြီးကို ပြန်မီလာမည်သာ။ ထိုအခါကျလျှင် တပ်သားအားလုံး တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံရပေလိမ့်မည်။

‘စွန့်စားကွာ...’

ကျန်းရီသည် အောက်သို့ ပြုတ်ကျလာသူအားလုံးကို သူ၏လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်ပြီးနောက် မိုးမြေစွမ်းအား ထုတ်လိုက်၏။ ၎င်းနောက် သူ ကျောက်တောင်ထွတ်တစ်ခုကို ကန်အားပြုကာ အထက်သို့ ခုန်တက်လိုက်သည်။ ကျောက်တောင်ထွတ်က သူ၏ခြေကန်အားကြောင့် ပြိုကျသွား၏။ သူသည်လည်း မြူခိုးနက်အုပ်ကြီးဆီသို့ မြားတစ်စင်းအလား ဦးတည်ထိုးတက်သွားပေသည်။

ယခုတွင် ကျန်းရီ၏ ခန္ဓာကိုယ်က အဆတစ်ရာ့ငါးဆယ် ပိုသန်မာနေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ အမြန်နှုန်းက အလွန်လျင်မြန်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ မြူခိုးနက်အုပ်အနီသို့ ရောက်ရှိသွားပေသည်။ ထိုအခါ ကိုယ်ရံတော်တစ်ယောက်က လှမ်းအော်ပြော၏။

“ကျန်းဝူမင်... ပြန်လာခဲ့။ မင်း ရူသွားပြီလား။ မင်း ထိန်းချုပ်ခံရလိမ့်မယ်”

ဝှစ်...ဝှစ်...

မြူခိုးနက်တန်းများက အရှေ့သို့ ထွက်လာပြီး ကျန်းရီကို လွှမ်းခြုံလိုက်၏။ သို့သော် ကျန်းရီက တစ်ချက်ပင် မျက်နှာထား မပြောင်းဘဲ မြူခိုးနက်အုပ်ထဲ ပျံဝင်သွားသည်။ သူ့လက်ထဲတွင်လည်း ပေါင်းစည်းမီးတောက်လုံးတစ်လုံး ထွက်ပေါ်လာသည်။ ထို့နောက် သူ ၎င်းမီးတောက်လုံးကို အရှေ့သို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်လေသည်။

ကျန်းရီ၏ နဝမမြောက် ကြယ်တာရာစက်လုံးထဲတွင် ပေါင်းစည်းမီးတောက်အနည်းငယ်သာ ကျန်တော့သည်။ ထိုမီးတောက်များမှာ အလွန်စွမ်းအားကြီးပြီး အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကိုပင် သေသည်အထိ လောင်ကျွမ်းပစ်နိုင်သည်။ ပေါင်းစည်းမီးတောက်များတွင် အလွန်အားကောင်းသော ယန်ဓာတ်ရှိရာ မိစ္ဆာဓာတ်ကို လောင်ကျွမ်းနိုင်သည်။ ကျန်းရီသည် ၎င်းမီးတောက်များကို အသုံးပြု၍ ထိုတစ္ဆေမျက်လုံးသားရဲဘုရင်ကို သတ်လိုနေခြင်းပင်။

ဝူ...ဝူ...

ကျန်းရီ၏ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့သည်။ မီးတောက်များ ထွက်ပေါ်လာသည်နှင့် မြူခိုးနက်များက ကြောက်မက်ဖွယ်နှုန်းဖြင့် လွင့်ပြယ်သွား၏။ နာကျင်တကြီး အော်လိုက်သံလည်း ထွက်ပေါ်လာသည်။ မည်သို့ပင်ဖြစ်စေ အပြာရောင်အလင်းတန်း နှစ်တန်းက ကျန်းရီကို ထိမှန်သွားရာ ကျန်းရီသည် ကြိုးပြတ်စွန်တစ်စင်းအလား အောက်သို့ ပြုတ်ကျသွားပြီး တောင်ကြားတစ်ခုအတွင်း ပြင်းထန်စွာ ကျသွားပေသည်။

“အဲ့မီးတောက်တွေက...”

ကိုယ်ရံတော်အားလုံး လျင်မြန်စွာ ပြန်ဆုတ်လိုက်ကြ၏။ ကြောက်မက်ဖွယ် အပူချိန်က သူတို့၏ခန္ဓာကိုယ်များကို အလွန်ပူလောင်စေနေသည်။ ထိုမီးတောက်များက ကောင်းကင်ဘုရင်ယိုကိုပင် သေသည်အထိ လောင်မြိုက်ပစ်နိုင်ခဲ့သည်။ ထိုကိုယ်ရံတော်များက တိုက်ပွဲအတွေ့ကြုံဝနေကြသော်လည်း ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်အဆင့်တွင်သာ ရှိကြသေးရာ ထိုမီးတောက်များ၏ အပူချိန်ကို မခံနိုင်ကြပါပေ။

“မြန်မြန် တိုက်ခိုက်ကြ”

အုပ်ချုပ်သူအဆင့် တပ်မှူးချုပ်နှစ်ယောက်နှင့် ယွင်ပင်း၏ မျက်လုံးများ အရောင်လက်လာ၏။ မြူခိုးနက်များစွာ လွင့်ပြယ်သွားပြီး တစ္ဆေမျက်လုံးသားရဲဘုရင်၏ ခန္ဓာကိုယ်ကလည်း မီးလောင်ကျွမ်းနေရာ သူမတို့သည် ထိုကဲ့သို့သော ရွှေအခွင့်အရေးတစ်ခုကို မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။

ယွင်ပင်းသည် မွန်မြန်အလင်းကြေးမုံကို ရွှေရောင်အလင်းတန်းများစွာ ဖြာထုတ်စေလိုက်၏။ ထိုအလင်းတန်းများက တစ္ဆေမျက်လုံးသားရဲဘုရင်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ထိုအခါ ၎င်းက ကျယ်လောင်စွာ နာကျင်တကြီး အော်ဟစ်လိုက်၏။ အုပ်ချုပ်သူအဆင့် တပ်မှူးချုပ်နှစ်ယောက်သည်လည်း အလင်းတန်းများ အဆက်မပြတ် ပစ်လွှတ်လိုက်ကြသည်။ အလင်းတန်းများက တစ္ဆေမျက်လုံးသားရဲဘုရင်၏ ခန္ဓာကိုယ်ကို အကြိမ်များစွာ ထိမှန်သွား၏။ သားရဲကြီး၏ ခန္ဓာကိုယ်မှနေ၍ အစိမ်းရောင်သွေးများ ထွက်လာပေသည်။

ဝုန်း...ဝုန်း...ဝုန်း...

အလင်းတန်းများက အရပ်မျက်နှာအနှံ့မှနေ၍ ပျံထွက်လာသည်။ တစ္ဆေမျက်လုံးသားရဲဘုရင်သည် အချီအနည်းငယ် ထိမှန်ခံရပြီးနောက်တွင် သွေးမှုန်သွေးမွှားများအဖြစ် ပေါက်ကွဲထွက်သွား၏ သို့သော် နောက်ထပ် ကိုယ်ရံတော် သုံးယောက်လည်း အပြာရောင်အလင်းတန်းများ ထိမှန်ခံရကာ အောက်သို့ ပြုတ်ကျသွားကြသည်။

ဟူး...

တစ္ဆေမျက်လုံးသားရဲဘုရင် ပေါက်ကွဲထွက်သွားမှ ယွင်ပင်း သက်ပြင်းချလိုက်သည်။ ထို့နောက် သူမ တစ်စုံတစ်ခုကို ရုတ်ခြည်း အမှတ်ရသွားပြီး အော်ပြောလိုက်၏။

“မြန်မြန်... ကျန်းရီ အသက်ရှိသေးလား သွားကြည့်လိုက်”

“ကျန်ရီလား...”

ထိုနေရာရှိ လူတော်တော်များများသည် ကျန်းဝူမင်က ကျန်းရီဖြစ်နိုင်သည်ဟု ခန့်မှန်းမိပြီးဖြစ်သော်လည်း ယခု ယွင်ပင်းက ကျန်းရီ၏အမည်ကို ပေါ်ပေါ်ထင်ထင် ပြောလိုက်မှ ကျန်သော လူဆယ်ယောက်ကျော်လောက်သည် ကျန်းဝူမင်က မည်သူဖြစ်ကြောင်း သိရှိသွားကြသည်။ တပ်မှူးချုပ်လျန်သည် အောက်ဘက်သို့ လျင်မြန်စွာ ပျံဆင်းသွား၏။ ထိုစဉ် အောက်ဘက် တောင်ကြားထဲမှနေ၍ လူတစ်ယောက် ပျံတက်လာ၍ သူ ရပ်တန့်လိုက်၏။ ထိုပျံတက်လာသူသည် သူတို့ကိုကြည့်၍ အော်ပြောလိုက်သည်။

“ကျွန်တော် အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကျန်းဝူမင်ပါ။ ကျန်းရီက ဘယ်သူလဲ”

“...”

အားလုံး မျက်လုံးပင့်လိုက်ကြ၏။ ကျန်းရီက သူတို့ကို အမှန်ပင် အရူးများဟု ထင်နေခြင်းပင်လော။

All Chapters