တပ်ဗိုလ်
Vol. 121 Ch. 1683
“ကျန်းဝူမင်.. ရှင်က မသေမှတော့ တခြားသူတွေကို မြန်မြန် သွားကယ်လိုက်”
ယွင်ပင်း မျက်ခုံးပင့်လိုက်၏။ သူမ ကျန်းရီနှင့် မငြင်းခုန်လိုပေ။ အစောတွင် သူမ အပြာရောင်အလင်းတန်း ထိမှန်ခံထားရသဖြင့် ဒဏ်ရာမရသည့်တိုင် စိတ်ဝိညာဉ်တော့ ထိခိုက်ထားသည်။
ယွင်ပင်းသည် ဝိညာဉ်ဆေးလုံးတစ်လုံးကို သောက်လိုက်၏။ ကျန်းရီက အောက်ကျသွားခဲ့သော တပ်မှူးနှစ်ယောက်ကို ခေါ်လာခဲ့သည်။ ထိုမှ ယွင်ပင်း လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“အရင်ဆုံး ပြန်ထွက်ကြစို့”
တပ်သည် အလွန်ဝေးသော နေရာသို့ ထွက်ပြေးသွားပြီး ကီလိုမီတာငါးသိန်းအကွာရှိ တောင်ကြားတစ်ခုထဲတွင် ပုန်းအောင်းနေသည်။ ယွင်ပင်းတို့ ပြန်လာသည်ကို တွေ့လိုက်သောအခါမှ တပ်သားအားလုံး သက်ပြင်းချလိုက်ကြသည်။
“တပ်ကြပ်... အဆင်ပြေရဲ့လား”
ကျန့်တိနျန်က အဝေးမှနေ၍ အသံပို့လွှတ်လိုက်၏။ ကျန်းရီက ခေါင်းညိတ်ပြကာ အသံပြန်ပို့လွှတ်လိုက်သည်။
“ကျွန်တော် အဆင်ပြေပါတယ်။ ခြစ်ရာလောက်ပါပဲ”
နောက်ဆုံးအခိုက်အတန့်တွင် တစ္ဆေမျက်လုံးသားရဲဘုရင်က အပြာရောင်အလင်းတန်း တစ်တန်း ပစ်လွှတ်ခဲ့သည်။ ကျန်းရီသည် ထိုအလင်းတန်း ထိမှန်ခံခဲ့ရသည်။ သူက တမလွန်ဘုံအရှိန်အဝါကို သန့်စင်နိုင်သော်လည်း ထိုအပြာရောင်အလင်းတန်းက စွမ်းအားကြီးသော စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုဖြစ်ရာ သူသာ ကောင်းကင်ဝါးမျိုသားရဲလေးကို သူ့စိတ်ဝိညာဉ်ထဲဝင်စေ၍ ထိုတိုက်ခိုက်မှုကို မဝါးမျိုစေခဲ့လျှင် တံဆိပ်စာလုံးများက ကာနေပါလျှင်ပင် သူ အပြင်းအထန် ဒဏ်ရာရသွားခဲ့ဦးမည်ဖြစ်သည်။
“ကျန်းဝူမင်.. ဒီလူတွေ အဆင်ပြေမှာလား”
တောင်ကြားသို့ ရောက်သောအခါ ယွင်ပင်းသည် ကိုယ်ရံတော်နှစ်ယောက်ကို ပတ်ဝန်းကျင်တွင် စောင့်ကြပ်စေလိုက်ပြီး ကျန်းရီကို လှည့်ကြည့်ကာ မေးလိုက်သည်။ ကျန်းရီက ပခုံးတွန့်၍ ပြန်ဖြေသည်။
“သူတို့ရဲ့ စိတ်ဝိညာဉ်ထဲက တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပေးပြီး သူတို့ရဲ့ စိတ်ဝိညာဉ်ကို ကုသပေးထားပြီးပြီဆိုပေမဲ့ သူတို့က သတိမေ့နေတုန်းပဲ။ သူတို့ ပြန်နိုးလာမလား၊ နိုးမလာဘူးလားဆိုတာတော့ ကျွန်တော်လည်း မသိဘူး...”
ကျန်းရီသည် သူကယ်လာသူအားလုံးကို အပြင်သို့ ထုတ်ပေးလိုက်သည်။ အချိန်တိုလေးအတွင်းမှာပင် လူနှစ်ဆယ်ကျော် သတိမေ့သွားခဲ့သည်။ ယွင်ပင်းသည် ထိုသတိမေ့နေသူများကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံကြည့်ပြီးနောက် မျက်နှာထား လေးနက်သွား၏။ ထို့နောက် သတ်ဖြတ်အရှိန်အဝါများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဆိုလိုက်လေသည်။
“ဒီနေရာကို ထောက်လှမ်းခဲ့တဲ့ ထောက်လှမ်းရေးတိုင်း သေသင့်တယ်။ သူတို့က ဒီနေရာမှာ တစ္ဆေမျက်လုံးသားရဲဘုရင်တစ်ကောင်လုံး နေနေတာကို မထောက်လှမ်းနိုင်ခဲ့ဘူးပေါ့လေ။ သုံးစားမရတဲ့သူတွေ”
ကျန်းရီ နှုတ်ခမ်းတွန့်ရုံသာ တွန့်လိုက်ပြီး မည်သို့မှ ပြန်မပြောတော့ပေ။ ဤတစ်ခေါက်တွင် ထောက်လှမ်းရေးများက အမှန်ပင် ညံ့ခဲ့သည်။ အကယ်၍ တစ္ဆေမျက်လုံးသားရဲဘုရင်တစ်ကောင် မဟုတ်ဘဲ တမလွန်ဘုရင်တစ်ပါး ဖြစ်နေခဲ့လျှင် မည်သို့လုပ်မည်နည်း။ သို့ဆိုလျှင် သူတို့အားလုံး သေရပေလိမ့်မည်။ မှားယွင်းသော၊ မပြည့်စုံသော သတင်းအချက်အလက်က သူတို့ကို သေရွာသို့ အလွယ်တကူ ပို့နိုင်ပေသည်။
တပ်မှူးဆယ်ယောက်ထဲတွင် ရှစ်ယောက်က သတိမေ့နေသည်။ ကျန်နှစ်ယောက်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူနှစ်ဆယ်ကျော်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ တပ်မှူးချုပ်လျန်သည် ကောင်းကင်စိတ်အာရုံနှင့် အာရုံခံပြီးနောက် ခေါင်းခါကာ ပြောလိုက်သည်။
“သူတို့ရဲ့ စိတ်ဝိညာဉ်တွေက အပြင်းအထန် ဒဏ်ရာရသွားခဲ့တာ။ ကျန်းဝူမင်ကြောင့်သာ မဟုတ်ရင် သူတို့ အကုန်လုံး သေပြီးနေလောက်ပြီ။ သူတို့ နိုးမလား၊ မလာဘူးလားဆိုတာတော့ ကောင်းကင်အပေါ်ပဲ မူတည်တော့တယ်”
စိတ်ဝိညာဉ်မှာ လူတစ်ယောက်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ စိတ်ဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းက ကောင်းမွန်စွာ အလုပ်လုပ်မနေလျှင် လူတစ်ယောက်သည် မှတ်ဉာဏ်များ ဆုံးရှုံးရခြင်း သို့မဟုတ် အခြေအနေဆိုလျှင် ယခုကဲ့သို့ သတိမေ့မြောနေခြင်းမျိုး ဖြစ်တတ်ပေသည်။ အချို့ဆိုလျှင် စိတ်ဝိညာဉ် အပြင်းအထန် ထိခိုက်ပြီးနောက် တစ်သက်လုံး ပြန်နိုးထမလာကြတော့ပေ။
ယခု ယွင်ပင်း၏တပ်မှ တပ်မှူးဆယ်ယောက်တွင် ရှစ်ယောက်သည် ယွင်မျိုးနွယ်မှ ကိုယ်ရံတော်ဆယ်ယောက်ကျော်နှင့်အတူ သတိမေ့မြောနေသည်။ သူတို့ ပြန်နိုးထမလာတော့ခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ယွင်ပင်းတစ်ယောက် ဒေါသထွက်နေခြင်းမှာ အံ့ဩစရာမရှိပေ။
“စစ်သူကြီး...”
တစ်ခဏမျှနေပြီးနောက် တပ်မှူးချုပ်လျန်က ယွင်ပင်းကိုကြည့်ကာ ပြောလိုက်၏။
“အခြေအနေတွေက ဒီလိုဖြစ်လာမှတော့ ကျုပ်တို့ ပြန်သွားကြရင် မကောင်းဘူးလား။ ဒီလူတွေကို ချက်ချင်း ကုသပေးမှရမယ်။ ကျုပ်တို့ ဒီတစ်ခေါက် တာဝန်ကို မေ့လိုက်မှ ရမယ်ထင်တယ်”
“မေ့လိုက်ရမှာလား”
ယွင်ပင်းက ဒေါသတကြီး ပြန်ကြည့်လိုက်၏။
“ကျွန်မတို့က တာဝန်ကို တစ်ဝက်လောက် ထမ်းဆောင်ပြီးနေပြီ။ အခုမှ ဘယ်လိုလုပ် လက်လျှော့လိုက်နိုင်မှာလဲ။ တပ်မှူးချုပ်လျန်... ရှင် ဒီလူတွေကိုခေါ်ပြီး ပြန်သွားလိုက်ပါ။ ကျန်တဲ့သူတွေက ခြောက်နာရီ အနားယူပြီးရင် ကျွန်မနဲ့အတူ ဆက်တိုက်ခိုက်ရမယ်”
“...”
ကိုယ်ရံတော်အချို့ ဆွံ့အသွား၏။ သို့သော် သူတို့သည် ဤသို့ဖြစ်လာမည်ကို မျှော်လင့်ထားပေသည်။ သူတို့မျိုးနွယ်မှ သခင်မလေး၏ အကျင့်စရိုက်ကို သူတို့ အသိဆုံးပင်။ သူမအနေဖြင့် ယခုမှတော့ တာဝန်ကို မည်သို့မှ လက်လျှော့နိုင်မည် မဟုတ်ပေ။ ယခုအထိ သူမသည် တာဝန်တစ်ခုကိုမှ မရှုံးနိမ့်ခဲ့ဖူးသေးချေ။
ကျန်းရီသည် တပ်ကို ဝေ့ဝဲကြည့်လိုက်၏။ တပ်သားများက အလွန်စိတ်အားလျော့နေကြောင်း တွေ့လိုက်ရသည်။ သို့သော် ယွင်ပင်းက ဆက်တိုက်ခိုက်ရန် အမိန့်ပေးနေပြီဖြစ်ရာ မည်သူကမှ မည်သို့မှ မပြောနိုင်တော့ပေ။ သူမက စစ်သူကြီး မဟုတ်ပါလား။
တပ်မှူးချုပ်လျန်သည် လူအချို့ကို ခေါ်၍ သတိမေ့နေသူများကို သယ်စေပြီး ထိုလူများနှင့်အတူ အဝေးသို့ ပျံသန်းသွားလိုက်၏။ ယွင်ပင်းသည်မူ ခြောက်နာရီ အနားယူပြီးနောက် တပ်ကို ဦးဆောင်၍ တမလွန်မြစ်တောင်တန်းဒေသဆီသို့ ထပ်မံ ပြန်သွားလိုက်လေသည်။
ဤတစ်ကြိမ်တွင် တပ်ဖွဲ့များကို မခွဲထုတ်တော့ပေ။ ယွင်ပင်းက တပ်တစ်ခုလုံးကို မြားကွက်ဖော်စေ၍ အရှေ့သို့ ထိုးဖောက်နေသည်။ သူမက မြားခေါင်းအလယ်တွင် နေရာယူပြီး အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်က ထိပ်ဆုံးမှနေ၍ ဦးဆောင်သည်။ တပ်ကြပ်တိုင်းကလည်း သူတို့၏တပ်ဖွဲ့များကို မြားကွက်အတွင်း၌ ရှိနေစေရန် ကြီးကြပ်ရပေသည်။
“ကျန်းဝူမင်း... ရှင့်တပ်ဖွဲ့ကို ကြီးကြပ်မနေနဲ့တော့။ အဲ့အတွက် တစ်ယောက်ယောက်ကို တာဝန်ပေးခဲ့။ ရှင်က ကျွန်မနားကိုလာနေ”
ကျန်းရီသည် သူ့လူများကို ဦးဆောင်၍ တမလွန်ဘုံမိစ္ဆာများကို ရှင်းပစ်ရန် ဟန်ပြင်နေသော်လည်း ယွင်ပင်း၏ အသံပို့လွှတ်မှုက သူ့ခေါင်းထဲတွင် ထွက်ပေါ်လာ၏။ ထို့ကြောင့် သူသည် ကျန့်တိနျန်အား တပ်ဖွဲ့ကို ဦးဆောင်စေလိုက်ပြီးနောက် ယွင်ပင်းဘေးသို့ ပျံသန်းသွားလိုက်ရသည်။ ထိုအခါ ယွင်ပင်းသည် ကျန်းရီကို ခေါ်၍ မြားကွက်ပုံချီနေသည့် တပ်ကို လှည့်ပတ်ကာကွယ်ပေးလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
မကြာခင်တွင် တိုက်ပွဲဖြစ်ပေါ်လာပြီး အုပ်ချုပ်သူအဆင့် သိုင်းသမားက ယွင်ပင်း၏ ကျန်သော ကိုယ်ရံတော်များကို ခေါ်၍ ထိပ်ဆုံးမှ တိုက်ခိုက်လိုက်သည်။ တပ်ဖွဲ့အားလုံးက ပူးပေါင်းတိုက်ခိုက်ကြခြင်းဖြစ်ရာ မြင်ကွင်းထဲရှိ သာမန်တမလွန်ဘုံမိစ္ဆာအားလုံး တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ခံလိုက်ရပေသည်။
တိုက်ပွဲအဆုံးသတ်နားသို့ ရောက်သောအခါ တပ်သည် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများနှင့် ရင်ဆိုင်ရသည်။ ယွင်းပင်သည် ကိုယ်တိုင်ထွက်တိုက်၍ တပ်၏ စိတ်ဓာတ်ကို ပြန်တက်လာစေသည်။ ကျန်းရီကမူ ယွင်ပင်း၏ ညွှန်ကြားချက်များအောက်မှနေ၍ ကိုယ်ရံတော်များ၊ တပ်ကြပ်များ၊ ကျန်သော တပ်မှူးနှစ်ယောက်နှင့် တပ်သားများ၏ စိတ်ဝိညာဉ်ထဲမှ တမလွန်ဘုံအရှိန်အဝါများကို လိုက်၍ သန့်စင်ပေးရသည်။ အားလုံးက မည်သည်ကိုမှ အရေးစိုက်တော့ဘဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြရာ တမလွန်ဘုံအရှိန်အဝါ၏ လွှမ်းမိုးမှုကို ပြင်းပြင်းထန်ထန် ခံနေကြရပေသည်။
သို့သော် ဤတစ်ကြိမ် တိုက်ပွဲက များစွာပို၍ ချောမွေ့ခဲ့သည်။ သူတို့သည် စွမ်းအားကြီးသော တမလွန်ဘုံမိစ္ဆာများစွာနှင့် ရင်မဆိုင်ခဲ့ရပေ။ နာရီနှစ်ဆယ်ကြာအောင် တိုက်ခိုက်ပြီးနောက် ယွင်ပင်းသည် တပ်ကို ပြန်ဆုတ်စေ၍ တမလွန်မြစ်တောင်တန်းဒေသအပြင်၌ လူပြန်စုရန် အမိန့်ပေးလိုက်သည်။
“တမလွန်ဘုံအရှိန်အဝါရဲ့ လွှမ်းမိုးမှုကို ခံထားရတဲ့သူတွေကို ကူညီပေးလိုက်ပါ”
ကျန်းရီ အနားယူရန် ဟန်ပြင်လိုက်စဉ်တွင် သူ့ခေါင်းထဲ၌ အသံတစ်သံ ထွက်ပေါ်လာ၏။ သူ မျက်လုံးပင့်ကာ အသံပြန်ပို့လွှတ်လိုက်သည်။
“စစ်သူကြီး... ကျွန်တော်က တပ်ကြပ်လေးနော်၊ တပ်မှူးချုပ်မဟုတ်ဘူး။ အဲ့လူတွေက ကျွန်တော့်လက်အောက်က မဟုတ်ဘူး...”
ကျန်းရီသည် တပ်မှူးချုပ် မဟုတ်သလို တပ်သားများစွာ၏ စိတ်ဝိညာဉ်များထဲရှိ တမလွန်ဘုံအရှိန်အဝါများကို လိုက်သန့်စင်ပေးရလျှင် ပင်ပန်းကာ သေပင်သေသွားနိုင်ပေသည်။ ဤတပ်ထဲတွင် သူ့လက်အောက်မှဆို၍ သူ့တပ်ဖွဲ့သာရှိသည်။ ကျန်သောတပ်ဖွဲ့များကို သူ အရေးမစိုက်ပေ။
ယွင်ပင်း ဒေါသထွက်သွားပြီး ကျန်းရီကို စိုက်ကြည့်ကာ အသံပို့လွှတ်လိုက်၏။
“ရှင် ခိုင်းတဲ့အတိုင်း လုပ်မှာလား၊ မလုပ်ဘူးလား”
“မလုပ်နိုင်ဘူး”
ကျန်းရီကလည်း အေးစက်စက်လေသံဖြင့် အသံပြန်ပို့လွှတ်လိုက်သည်။
“ခင်ဗျား ကျွန်တော့်ကို သတ်မယ်ဆိုရင်တောင် ကျွန်တော် လုပ်မှာ မဟုတ်ဘူး”
ယွင်ပင်းသည် ကျန်းရီကို စူးစူးဝါးဝါး ကြည့်လိုက်၏။ ကျန်းရီကလည်း မာန်မလျှော့ဘဲ ပြန်စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်သည် လည်ဆံမွေးထောင်ထားသော ခြင်္သေ့နှစ်ကောင်ကဲ့သို့ပင်။ ထို့ကြောင့် သူတို့ဘေးမှ လူများ လန့်ဖြန့်သွားကြသည်။ သူတို့နှစ်ယောက်ကြားတွင် ထိုင်နေကြသော လူများသည် ထိုအခိုက်တွင် မလှုပ်ဝံ့၊ အသက်ပင်မရှူဝံ့ကြတော့ပေ။
‘မယုံနိုင်စရာပဲ...’
ကျန့်တိနျန်တို့ စိတ်ထဲမှ ချီးကျူးလိုက်ကြ၏။ သူတို့သည် မည်သည့်ကိစ္စဖြစ်နေကြောင်း မသိသော်လည်း ဤတပ်ထဲတွင် ယွင်ပင်းကို ထိုကဲ့သို့ ပြန်စိုက်ကြည့်ဝံ့သူမှာ ကျန်းရီတစ်ယောက်သာ ရှိကြောင်းကိုမူ သိပေသည်။
ကျန်းရီနှင့် ယွင်ပင်းတို့သည် ငါးမိနစ်ကြာအောင် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြ၏။ ထိုစဉ် ယွင်ပင်းက ရုတ်တရက် ပြုံးကာ အသံပို့လွှတ်လိုက်သည်။
“ကောင်းပြီ..ကောင်းပြီ။ ကျွန်မ ရှင့်ကို တပ်ဗိုလ်ရာထူး ပေးလိုက်မယ်။ အခု ဒီတပ်က ရှင့်ရဲ့တပ်ဖြစ်သွားပြီ။ ရှင် တပ်တစ်ခုလုံးကို တာဝန်ယူရမယ်။ အဲ့လိုဆို ရှင် ကူညီနိုင်ပြီ မဟုတ်လား။ အဲ့ဒါမှ အမိန့်မနာခံသေးဘူးဆိုရင်တော့ ရှင့်ကို အမိန့်ဖီဆန်မှုနဲ့ အခုချက်ချင်း သတ်ပစ်ရမှာပဲ”
‘တပ်တစ်ခုလုံးကို တာဝန်ယူရမည်လော...’
ကျန်းရီ ဇောချွေးပြန်လာ၏။ ယခင်တွင် သူသည် မီးဖီးနစ်တပ်၏ တပ်ဗိုလ်ဖြစ်ခဲ့သည်။ ယခုလည်း ဤတပ်၏ တပ်ဗိုလ် ဖြစ်ရဦးမည်လော။
‘နေပါဦး...’
ကျန်းရီ၏ မျက်ဝန်းများ ရုတ်တရက် အရောင်လက်သွား၏။ သူက တစ်တပ်လုံးကို ကြီးကြပ်ရသော တပ်ဗိုလ်ဖြစ်ရာ သူ့ရာထူးက တပ်မှူးချုပ်ရာထူးနှင့် ညီသည် မဟုတ်လော။ သို့ဆိုလျှင် သူက ယန်ကိုးပါးစစ်တပ်တွင် စိတ်ကြိုက်ဝင်ထွက်ခွင့် ရှိသွားမည် မဟုတ်ပါလော။
ယန်ကိုးပါးစစ်တပ်ထဲ ဝင်ပြီးလျှင် ဆယ်နှစ်မပြည့်မချင်း ပြန်ထွက်ခွင့်မရှိကြောင်း ကျန်းရီသိထားသည်။ ကျန်းရီ ထိုမျှကြာကြာ မစောင့်နိုင်ပေ။ ယခုတွင်မူ အခွင့်အရေးတစ်ခု ပေါ်လာပေပြီ။ သူ ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ယွင်းပင်းထံ အသံပြန်ပို့လွှတ်လိုက်သည်။
“ကျွန်တော် အားလုံးရဲ့ တမလွန်ဘုံအရှိန်အဝါတွေကို သန့်စင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီတပ်ဗိုလ်ရာထူးက တပ်မှူးချုပ်ရာထူးနဲ့ အဆင့်အတူတူပဲ မဟုတ်လား”
“ဟင်းဟင်း...”
ယွင်ပင်းက ရယ်၍ အသံပို့လွှတ်၏။
“ရှင်က ရှင့်ကိုယ်ရှင် အထင်ကြီးနေတာပဲ။ တပ်ထဲကို ရောက်တာ ဘယ်နှစ်ရက်မှ မရှိသေးဘူး တပ်မှူးချုပ်တွေနဲ့ အဆင့်တူချင်နေပြီလား။ တိုက်ပွဲအမှတ်တွေမရှိရင် ရှင့်ရဲ့ တပ်ဗိုလ်ရာထူးက နာမည်ခံသက်သက်ပဲ။ ရှင်ရမဲ့ လစာနဲ့ အခွင့်အရေးတွေကတော့ တပ်ကြပ်လစာ၊ တပ်ကြပ်အခွင့်အရေးတွေပဲ။ ရှင် တိုက်ပွဲအမှတ်တွေ လုံလောက်အောင် စုဆောင်းပြီးမှ တပ်ဗိုလ်အစစ်အမှန် ဖြစ်လာမှာ”
“ခင်ဗျားက ညစ်တာပဲ”
ကျန်းရီ အံကြိတ်လိုက်၏။ ယခုတွင် သူသည် စစ်သူကြီ၏ တရားဝင် အမိန့်ပေးခြင်းကို ခံထားရသည်။ ယွင်ပင်းဘက်တွင် စည်းမျဉ်းဥပဒေ ရှိနေသည်။ သူမ၏ ရာထူးက သူ့ထက် များစွာမြင့်သည်။ ထို့ကြောင့် ကျန်းရီသည် အံသာကြိတ်၍ တမလွန်ဘုံအရှိန်အဝါ၏ ပြင်းပြင်းထန်ထန် လွှမ်းမိုးမှုကို ခံထားရသူများဆီ လျှောက်သွားကာ ထိုသူများ၏ စိတ်ဝိညာဉ်များထဲရှိ တမလွန်ဘုံအရှိန်အဝါများကို သန့်စင်ပေးလိုက်ရလေတော့သည်။