ကောင်းကင်ဝါးမျိုသားရဲ၏ နောက်ဆုံးပုံစံပြောင်းလဲမှု
Vol. 121 Ch. 1684
ကျန်းရီ၏ အကူအညီနှင့် တမလွန်ဘုံအရှိန်အဝါကို ဖယ်ရှားရေးကိစ္စက အလွန်မြန်ဆန်ခဲ့သည်။ သူသည် တပ်သားများအကြား ဖြတ်လျှောက်ရင်း ၎င်းတို့တစ်ယောက်ချင်းပေါ်သို့ လက်ဖွဖွတင်ကာ သူ၏လက်မှနေ၍ ထိုတပ်သားများ၏ စိတ်ဝိညာဉ်များအတွင်းသို့ တံဆိပ်စာလုံးများ သွင်းပေးခဲ့သည်။ ထိုသို့ဖြင့် သူတို့အားလုံး၏ တမလွန်ဘုံအရှိန်အဝါများကို သန့်စင်နိုင်ခဲ့လေသည်။
“အာ...”
တပ်သားအားလုံးသည် တစ်စုံတစ်ယောက်က သူတို့ကို ကူညီမည်ဖြစ်၍ ငြိမ်ငြိမ်နေရန် သူတို့၏ တပ်ကြပ်များထံမှ အမိန့်ရထားသော်လည်း အံ့အားသင့်သွားကြသေးသည်။ အချို့ဆိုလျှင် တမလွန်ဘုံအရှိန်အဝါ၏ လွှမ်းမိုးမှုကို အပြင်းအထန် ခံနေရသဖြင့် ခါးသီးစွာပင် တောင့်ခံ၍ နေရသည်။ သို့သော် ကျန်းရီက သူတို့ဘေးမှ ဖြတ်လျှောက်သွားရုံနှင့် သူတို့၏ တမလွန်ဘုံအရှိန်အဝါများက သန့်စင်သွားကြရာ သူတို့ အံ့အားသင့်သွားသည်မှာလည်း အပြစ်မဆိုသာပေ။
ဤနေရာတွင် တပ်သားတစ်သောင်းနီးပါး ရှိနေပြီး အစောမှ သူတို့၏ တိုက်ပွဲက အလွန်ပြင်းထန်ခဲ့သည်။ သူတို့အများစုက အပြင်းအထန် ဒဏ်ရာရထားသူကရထား၊ တမလွန်ဘုံအရှိန်အဝါ၏ လွှမ်းမိုးမှုကို ခံထားရသူကခံထားရနှင့် ရှိနေကြသည်။ ကျန်းရီသည် ငါးမိနစ်အတွင်း လူရာကျော်ကိုသာ ကူညီနိုင်ခဲ့သည်။ ထို့နောက် သူ ရပ်တန့်ကာ မျက်မှောင်ကြုတ်၍ အခြေအနေကို တွေးတောလိုက်၏။ သူ့လက်ထဲတွင် အနီရောင်ပုလဲတစ်လုံး ထွက်ပေါ်လာပြီး သူ ပုလဲအတွင်းသို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်၍ အော်ပြောလိုက်သည်။
“ရှောင်မုန့်... ထွက်လာခဲ့”
ရွှီး...
ရွှေအိုရောင် သားရဲလေး ပျံထွက်လာ၏။ ရှောင်မုန့်သည် မျက်တောင်ပုတ်ခတ်လိုက်ပြီး အသံပို့လွှတ်လိုက်သည်။
“တမုန့်... ငါ့ကို ဘာလို့ခေါ်တာလဲ”
“အဲ့လူတွေရဲ့ စိတ်ဝိညာဉ်တွေထဲမှာ တမလွန်ဘုံအရှိန်အဝါတွေ ရှိနေတယ်။ မင်း ငါ့ကို ကူညီပြီး သူတို့ရဲ့ စိတ်ဝိညာဉ်တွေထဲက တမလွန်ဘုံအရှိန်တွေကို ဝါးမျိုပေးပါ”
ကျန်းရီက အကူအညီတောင်းလိုက်သည်။ ထိုသားရဲလေးက ရှေးဦးဝိညာဉ်ရတနာသာဖြစ်၍ ကောင်းကင်ဘုံတွင် များစွာအဖိုးမတန်ရာ ယွင်ပင်းတို့သည် လောဘမတက်လောက်ပေ။ သာမန်လူများကလည်း သားရဲလေးကို သူ့ထံမှ လုယူနိုင်မည် မဟုတ်ချေ။
ဝှစ်...
ကောင်းကင်ဝါးမျိုသားရဲလေးသည် အနီရောင်အလင်းအဖြစ် ပြောင်းလဲ၍ လူတစ်ယောက်၏ ဦးနှောက်အတွင်းသို့ တိုက်ရိုက်ပျံဝင်သွား၏။ ထိုလူသည် မျက်နှာပျက်သွားပြီး သားရဲလေးကို တိုက်ခိုက်ရန် အလိုလို ဟန်ပြင်မိသွား၏။ သို့သော် ကျန်းရီက လျင်မြန်စွာ အော်ပြောလိုက်သည်။
“မလှုပ်နဲ့... ကျွန်တော့်ရဲ့ သားရဲလေးက ခင်ဗျားရဲ့ စိတ်ဝိညာဉ်ထဲက တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပေးမလို့... ခင်ဗျားကို အန္တရာယ်ပြုမှာ မဟုတ်ဘူး”
ထိုလူသည် ခေတ္တမျှ ချီတုံချတုံ ဖြစ်နေပြီးမှ နောက်ဆုံးတွင် မခုခံရန် ဆုံးဖြတ်လိုက်လေသည်။ ရှောင်မုန့်သည် ထိုလူ၏ ဦးနှောက်ထဲတွင် တစ်ပတ်လှည့်ပတ်ပြီးနောက် မျက်ခုံးနှစ်ခုကြားမှ ပျံထွက်ကာ နောက်လူတစ်ယောက်ဆီ သွားလိုက်သည်။ ကောင်းကင်ဝါးမျိုသားရဲလေး၏ တမလွန်ဘုံအရှိန်အဝါများကို ဝါးမျိုနှုန်းက အလွန်မြန်သည်။ နှင်းနက်ပင်လယ်ထဲတွင် တမလွန်ဘုံဘုရင်၏ ကိုယ်ပွား၏ တမလွန်ဘုံအရှိန်အဝါအားလုံးကို ထိုသားရဲလေးကသာ ဝါးမျိုပစ်ခဲ့ခြင်းပင်။ ထို့ကြောင့်လည်း ကျန်းရီ ရှင်သန်နိုင်ခဲ့ခြင်းဖြစ်သည်။
“အာ... တမလွန်ဘုံအရှိန်အဝါတွေ မရှိတော့ဘူးလား”
ပထမလူသည် ဝမ်းသာအားရ အော်ပြောလိုက်၏။ ထို့ကြောင့် တပ်သားများသည် စိတ်အေးသွားပြီး သားရဲလေးကို သူတို့၏ စိတ်ဝိညာဉ်အတွင်းသို့ လွတ်လွတ်လပ်လပ် ဝင်ခွင့်ပေးလိုက်ကြသည်။ လူအနည်းငယ်၏ တမလွန်ဘုံအရှိန်အဝါများကို သန့်စင်ပြီးနောက် သူတို့ မည်သည့်အန္တရာယ်မှလည်း မဖြစ်သဖြင့် အားလုံး၏ ကျန်းရီအပေါ် ကြည့်နေသော အကြည့်များက ပြောင်းလဲလာပေသည်။
ယွင်ပင်း၏ ကျန်းရီအပေါ် ကြည့်သော အကြည့်ကလည်း အတန်ငယ် ထပ်ပြောင်းလဲလာသည်။ သူမ နှုတ်ခမ်းတွန့်ကာ အသံပို့လွှတ်လိုက်သည်။
“တပ်ဗိုလ်ကျန်း... ရှင်က စွမ်းအားကြီး အရှင်တစ်ပါးရဲ့ တရားမဝင်သားလား။ ဘာလို့ ရှင့်မှာ ရတနာတွေ အများကြီး ရှိနေရတာလဲ။ ရှင့်မှာ တော်တော်ရှားပါးပြီး အဖိုးတန်တဲ့ ကောင်းကင်ဝါးမျိုသားရဲတောင် ရှိနေတယ်ပေါ့လေ”
“ဟ...”
ကျန်းရီသည် အတန်ငယ် မကျေနပ်ဟန်ဖြင့် အသံပြန်ပို့လွှတ်လိုက်၏။
“စစ်သူကြီးယွင်... ခင်ဗျား ကျွန်တော့်ကို အရှက်ခွဲလို့ရတယ်၊ ဒါပေမဲ့ ကျွန်တော့်မိဘတွေကိုတော့ ထည့်မပြောပါနဲ့။ ကျွန်တော်က တော်တော်ကံကောင်းလို့ သွားတဲ့နေရာတိုင်းမှာ မူလရတနာတွေကို ရခဲ့တာ။ အဲ့ဒါက ဘာမှားနေလို့လဲ”
ကျန်းရီသည် သူ့ထံတွင် ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်လည်း ရှိကြောင်း ပြောလိုနေ၏။ သူသာ ထုတ်ပြောလိုက်လျှင် ယွင်ပင်း၏ အဘိုးပင် သူ့ရှေ့၌ ဒူးထောက်ရပေလိမ့်မည်။ သို့ဖြစ်ရာ ကောင်းကင်ဝါးမျိုသားရဲလေးက သူ့အတွက် ရေးကြီးခွင်ကျယ်လုပ်စရာတစ်ခု မဟုတ်ပေ။
သို့သော် ကျန်းရီသည် ထိုအတွေးများကို တိတ်တဆိတ်သာ တွေးတောနိုင်ပေသည်။ သူ မီးနဂါးဓားကို ထုတ်မပြဝံ့ပါပေ။ အစောတွင် မီးဝိညာဉ်ပုလဲကို ထုတ်ပြခဲ့ရန်ပင် သူ အလွန်သတိထားခဲ့ရသည်။ သူ့လက်ကို အင်္ကျီလက်အောက်တွင် ထား၍ ပုလဲကို ထုတ်ခဲ့ရပြီး သားရဲလေး အပြင်ရောက်သည်နှင့် ပုလဲကို ချက်ချင်း ပြန်သိမ်းခဲ့သည်။
ကောင်းကင်ဝါးမျိုသားရဲလေးက ကူညီပေးနေသဖြင့် ကျန်းရီ၏တာဝန်က များစွာပိုလွယ်ကူလာသည်။ သားရဲလေး၏ အမြန်နှုန်းက သူ၏အမြန်နှုန်းထက် များစွာပိုမြန်သည်။ မိနစ်ဆယ်ချီ ကြာပြီးနောက်တွင် တပ်သားအားလုံး၏ တမလွန်ဘုံအရှိန်အဝါများကို သန့်စင်ပြီးသွားပေသည်။
“သွားကြစို့...”
နှစ်နာရီကြာ အနားယူပြီးနောက် ယွင်ပင်းသည် တပ်ကို ဦးဆောင်၍ တမလွန်မြစ်တောင်တန်းဒေသသို့ ထပ်မံသွားလိုက်၏။ ဤတစ်ခေါက်တွင်လည်း ကျန်းရီက သူမဘေးမှာပင် ဖြစ်သည်။ သူမ၏ အမိန့်ကြောင့် ကျန်းရီသည် ရွေးချယ်စရာမရှိတော့ဘဲ သားရဲလေးကို ထိန်းချုပ်ကာ ရှေ့တန်းမှ တပ်သားများ၏ တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပေးနေရလေသည်။
သားရဲလေးသည် အတော်ကြာအောင် ကူညီပေးနေပြီးနောက် ဆက်မကူညီတော့ဘဲ နောက်ပြန်လှည့်ကာ ပျံသန်းလာပြီး ကျန်းရီကို ကြည့်၍ အသံပို့လွှတ်လိုက်သည်။
“တမုန့်... ငါ ဗိုက်ဆာလာပြီ။ ငါစားဖို့ အစာကောင်းကောင်းမရှိရင် ငါ မင်းကို ဆက်မကူညီနိုင်တော့ဘူး”
“...”
ကျန်းရီထံတွင် စွမ်းအားကြီး မီးတောက်များ သိပ်မကျန်တော့ပေ။ သူ့တွင် မီးတောက်လုံးနှစ်လုံးသာ ကျန်တော့ရာ သူ ၎င်းတို့ကို စားခွင့်မပေးနိုင်ချေ။ ထို့ကြောင့် သူသည် စစ်သူကြီးယွင်ကို ကြည့်၍ မေးလိုက်သည်။
“စစ်သူကြီးယွင်... ခင်ဗျားဆီမှာ အနက်ရောင်မိုးကျောက်တုံးတို့၊ ရွှေရောင်မီးကျောက်တုံးတို့ ဒါမှမဟုတ် ထျန်းချီပန်းတို့ ရှိလား”
“မရှိဘူး”
ယွင်ပင်းက လှမ်းကြည့်ပြီး စိတ်ဝင်တစား မေး၏။
“ရှင်က အဲ့ဒါတွေနဲ့ ဘာလုပ်မလို့လဲ”
ကျန်းရီသည် သားရဲလေးကို လက်ညှိုးညွှန်ပြ၍ ပြန်ပြောလိုက်၏။
“ကျွန်တော့်ရဲ့ ဝိညာဉ်သားရဲက စားဖို့လိုတယ်။ သူ မစားရရင် အလုပ်လုပ်မှာ မဟုတ်ဘူး။ တစ်ယောက်ယောက်မှာ အဲ့ဒါတွေ ရှိလားဆိုတာ စစ်သူကြီး မေးပေးနိုင်မလား။ အဲ့ဒါတွေကို ကျွန်တော် နတ်ဘုရားအမြစ်နဲ့ ဝယ်မှာပါ”
ယွင်ပင်း အမိန့် ထုတ်လိုက်၏။ မကြာခင်တွင် ထိုအမိန့်က တပ်တစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။ တစ်ခဏအတွင်းမှာပင် အနက်ရောင်မိုးကျောက်တုံး အတုံးသုံးဆယ်ကျော်နှင့် ထျန်းချီပန်း ဆယ့်ရှစ်ပွင့်ကို စုဆောင်းနိုင်လိုက်သည်။ သို့သော် မည်သူ့ထံတွင်မှ ရွှေရောင်မီးကျောက်တုံးများ မရှိကြချေ။
ကျီ...ကျီ...
သားရဲလေးသည် စိတ်လှုပ်ရှားစွာ အော်လိုက်၏။ ကျန်းရီက အနက်ရောင်မိုးကျောက်တုံး တစ်တုံးနှင့် ထျန်းချီပန်းတစ်ပွင့်ကို ပစ်ပေးလိုက်ရာ သားရဲလေးသည် ၎င်းတို့ကို လျင်မြန်စွာ စားလိုက်လေသည်။ ၎င်း စားပြီးနောက်မှ ကျန်းရီက ၎င်းကို ညင်သာစွာ ဆူလိုက်သည်။
“ကောင်စုတ်လေး... မင်းအလုပ်ကို မြန်မြန်လုပ်တော့”
ကျီ...ကျီ...
သားရဲလေးသည် ကောင်းကင်ထဲတွင် လှည့်ပတ်ပြီးနောက် အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲ၍ အရှေ့သို့ ပျံသန်းသွားကာ တပ်သားတစ်ယောက်ချင်းစီ၏ တမလွန်ဘုံအရှိန်အဝါများကို သန့်စင်ပေးလိုက်လေသည်။ ကျန်းရီသည်လည်း ယွင်ပင်းကို လှည့်ကြည့်ကာ မေးလိုက်သည်။
“ဘယ်လောက်ကျပါသလဲ”
“မလိုပါဘူး။ တပ်သားတွေက အဲ့ပစ္စည်းတွေက သားရဲလေးကို ကျွေးဖို့ဆိုတာ ကြားတော့ အလကားပေးလိုက်ကြတာပါ”
ယွင်ပင်းသည် ပျံသန်းနေသော သားရဲလေးကို လှမ်းကြည့်၍ အလေးအနက် ပြောလိုက်၏။
“တပ်ဗိုလ်ကျန်း... ရှင် အဲ့ကောင်းကင်ဝါးမျိုသားရဲကို ကောင်းကောင်းပျိုးထောင်ရမယ်။ ကောင်းကင်ဝါးမျိုသားရဲက သုံးကြိမ်ပုံစံပြောင်းနိုင်တယ်လို့ ပြောကြတယ်။ သူသာ နောက်ဆုံးပုံစံကို ပြောင်းပြီးရင် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ထက် အားနည်းမှာ မဟုတ်ဘူး...”
“ဒါပေမဲ့... ကောင်းကင်ဝါးမျိုသားရဲတွေအတွက် ပုံစံပြောင်းဖို့က အရမ်းခက်တယ်လို့ ကျွန်မကြားဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ကျော်တုန်းက မျိုးနွယ်ကြီးတစ်ခုက အဲ့လို ကောင်းကင်ဝါးမျိုသားရဲတစ်ကောင်ကို ရခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့သားရဲက နှစ်ကြိမ်ပဲ ပုံစံပြောင်းနိုင်ခဲ့တယ်။ အဲ့ဒါတောင် အဲ့သားရဲက အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတွေနဲ့ ယှဉ်နိုင်ခဲ့တယ်”
“ဧကရာဇ်အဆင့်လား”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွား၏။ ထိုကောင်းကင်ဝါးမျိုသားရဲက နောင်တွင် အလွန်စွမ်းအားကြီးလာနိုင်ကြောင်း သူ ခန့်မှန်းမိထားသည်။ သို့သော် ဧကရာဇ်အဆင့်နှင့်ပင် ယှဉ်နိုင်လောက်အောင် စွမ်းအားကြီးလာလိမ့်မည်ဟုတော့ သူ မျှော်လင့်မထားပေ။ သို့တစေ ယွင်ပင်း ထပ်ပြောသော စကားကို ကြားသောအခါတွင်မူ သူ ပြန်၍ စိတ်ပျက်သွားရသည်။ ကောင်းကင်ဘုံမှ မျိုးနွယ်ကြီးတစ်ခု၏ ကောင်းကင်ဝါးမျိုသားရဲသည်ပင် နောက်ဆုံးပုံစံကို မပြောင်းလဲနိုင်ခဲ့လျှင် သူ၏ သားရဲကလည်း ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ချေ။
***
ကောင်းကင်ဝါးမျိုသားရဲလေး၏ ကူညီပေးမှုကြောင့် တပ်သားအားလုံးသည် တမလွန်ဘုံအရှိန်အဝါများကို လျစ်လျူရှု၍ အစွမ်းကုန်ထုတ်သုံးနိုင်နေကြသည်။ ယွင်ပင်းကလည်း အကြိမ်များစွာ ဝင်ကူပေးခဲ့သည်။ နောက်ဆုံးတွင် ကျန်းရီ ယွင်ပင်း၏ တိုက်ခိုက်စွမ်းအားကို ကိုယ်တိုင်မြင်တွေ့ရပေပြီ။ ထိုမိန်းမပျိုလေးက မူလရတနာများ အပြည့်နှင့်ဖြစ်ပြီး အနှစ်သာရသုံးခုကို ပေါင်းစည်းထားသော ပေါင်းစည်းအနှစ်သာရကို သုံးနိုင်သည်။ ထို့ကြောင့် သူမက အလွန်စွမ်းအားကြီးပေသည်။
ကျန်းရီသည် ငှက်တောင်ပျံတပ်၏ တိုက်ခိုက်နိုင်စွမ်းကို အလွန်အထင်ကြီးနေမိသည်။ ဆန်းကြယ်သော တိုက်ကွက်များစွာနှင့် မကောင်းသောအရှိန်အဝါကို ကျင့်ကြံထားသည့် တပ်သားများစွာကို သူ မြင်ခဲ့ရသည်။
ယွင်ပင်းသည် တပ်သားများကို သွားကူညီရာမှ ပြန်လာ၏။ ကျန်းရီက တပ်သားများကို ကြည့်၍ တိတ်တဆိတ် ခေါင်းညိတ်နေကြောင်းကို မြင်လိုက်သောအခါ သူမ နူးညံ့စွာ ပြောလိုက်သည်။
“တပ်ဗိုလ်ကျန်း... ရှင်က တပ်ဗိုလ်ဆိုပေမဲ့ ယန်ကိုးပါးစစ်တပ်ထဲကို ဝင်တာ မကြာသေးဘူး။ အဲ့တော့ ရှင်က မကောင်းတဲ့အရှိန်အဝါကိုလည်း မကျင့်ကြံနိုင်သေးသလို တိုက်ကွက်တွေ သင်ဖို့လည်း အဆင့်မမီသေးဘူး။ တစ်လလောက်နေရင်တော့ ရှင် သင်ခွင့်ရမှာပါ။ ဒါပေမဲ့ ရှင် ဆက်ပြီး ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မယ်ဆိုရင်တော့ ကျွန်မ ခြွင်းချက်တစ်ခုထားပြီး ရှင့်ကို စောစောသင်ပေးမယ်။ အကောင်းဆုံး ကြိုးစားပါ”
“ဟင်းဟင်း...”
ကျန်းရီ ရယ်လိုက်ပြီး ဗျပ်စောင်းအိုတစ်လက်ကို ထုတ်လိုက်၏။ ထို့နောက် သူ စောင်းကြိုးတစ်ချောင်းကို တီးခတ်လိုက်သည်။ ကြမ်းရှသော စောင်းသံက ယွင်ပင်းထံ ဦးတည်သွား၏။ ထိုစောင်းသံထဲတွင် သိပ်သည်းသော မကောင်းသောအရှိန်အဝါ ပါသည်။ ထိုမကောင်းသောအရှိန်အဝါက ယွင်ပင်း၏ ကိုယ်ရံတော်များ၏ မကောင်းသောအရှိန်အဝါထက် မနိမ့်ပေ။ ကျန်းရီ ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။
“ကျွန်တော်က ဒီဆန်းကြယ်စွမ်းရည်ကို ငယ်ငယ်လေးကတည်းက တတ်ထားပြီးပြီ...”
“အာ...”
ယွင်ပင်း ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူမသည် ထိုမကောင်းသောအရှိန်အဝါ၏ လွှမ်းမိုးမှုကို မခံရလိုက်ရသော်လည်း ၎င်းက အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်းကိုမူ ခံစားလိုက်ရသည်။ ထိုဗျပ်စောင်းသံမှာ အုပ်ချုပ်သူအဆင့် မဟုတ်သူတိုင်းကို လွှမ်းမိုးနိုင်လောက်၏။ ယင်းက အလွန်စွမ်းအားကြီးသော ဆန်းကြယ်စွမ်းရည်တစ်ခုပင်။
“ဟားဟား...”
မကြာခင်တွင် ယွင်ပင်း၏ မျက်နှာထားက အေးစက်လာ၏။ သူမ ခပ်လှောင်လှောင်ရယ်၍ ပြောလိုက်သည်။
“ရှင်က ဘာတွေ အဲ့လောက်ဂုဏ်ယူနေတာလဲ။ ရှင့်ရဲ့ မကောင်းတဲ့အရှိန်အဝါက အနိမ့်ဆုံးအဆင့်ပဲ။ တကယ်လို့ ရှင် ကံကောင်းပြီး တိုက်ပွဲကြီးတစ်ပွဲမှာ ဝင်ပါခွင့်ရရင် ယန်ကိုးပါးစစ်တပ်ရဲ့ မကောင်းသောအရှိန်အဝါကောင်းကင်အစီအရင်ကို သေချာကြည့်လိုက်။ အဲ့အစီအရင်က ယန်ကိုးပါးကောင်းကင်ဧကရာဇ်ရဲ့ အစီအရင်ပဲ.. အရမ်းကြောက်စရာကောင်းတယ်။ အဲ့ဒါကိုသာ ရှင်တွေ့လိုက်ရင် ကြောက်သေးတောင်ပန်းသွားနိုင်တယ်”
“ယန်ကိုးပါးကောင်းကင်ဧကရာဇ်လား”
ကျန်းရီ ရင်ခုန်မြန်သွား၏။ ထိုမိန်းမပျိုလေးက ကောင်းကင်ဘုရင်တစ်ပါး၏ မြေးမလေး ဖြစ်၍ ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးနှင့် ရင်းနှီးသည်။ သို့ဖြစ်ရာ ထိုသုံးဆယ့်ခြောက်ပါးက ယန်ကိုးပါးကောင်းကင်ဧကရာဇ်အပေါ် မည်မျှသစ္စာရှိကြောင်း သူ သူမထံမှ စုံစမ်းနိုင်လောက်သည်။ အကယ်၍ သူတို့အားလုံးကသာ အကြွင်းမဲ့ သစ္စာရှိကြမည်ဆိုလျှင် သူ မီးနဂါးဓားကို အချိန်မရွေးထုတ်ပြ၍ ယန်ကိုးပါးစစ်တပ်ကို အမိန့်ပေးနိုင်ပေလိမ့်မည်။