← Chapters

လူသားမျိုးနွယ်ထဲမှ သူလျှို

Vol. 121 Ch. 1685

လူသားမျိုးနွယ်ထဲမှ သူလျှို

Vol. 121 Ch. 1685

“’စစ်သူကြီး... ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အသက်ရှင်နေသေးတယ်လို့ ခင်ဗျား ပြောလိုက်တာလား”

ကျန်းရီသည် ပုံမှန်အတိုင်းမေး၍ စကားနှိုက်ရန် ကြိုးစားလိုက်သည်။

“သူက မသေခဲ့ဘူးလို့ ခင်ဗျား ထင်လို့လား။ သူက ထူးခြားတဲ့ နတ်ဘုရားကျင့်စဉ်တွေကို ကျင့်ကြံခဲ့တယ်လို့တော့ ကျွန်တော် ကြားဖူးတယ်။ သူ ပြန်ထွက်ပေါ်လာတဲ့နေ့က တမလွန်ဘုံ အဆုံးသတ်တဲ့နေ့ပဲ”

“မဖြစ်နိုင်ဘူး...”

ယွင်ပင်း၏ မျက်နှာထားက မည်းမှောင်သွားပြီး ဝမ်းနည်းဟန် ပေါက်သွား၏။ ထို့နောက် သူမ စတင်ရေရွတ်လိုက်သည်။

“ကောင်းကင်ဧကရာဇ်က မယုံနိုင်လောက်အောင် ကြင်နာတတ်တယ်။ သူက လူသားတွေအပေါ်မှာ စိတ်ရင်းစေတနာအမှန် ထားတယ်။ သူသာ အသက်ရှင်နေသေးရင် ပုန်းအောင်းနေမှာ မဟုတ်ဘူး။ လူသားတွေကို ဦးဆောင်ပြီး တမလွန်ဘုံမိစ္ဆာတွေနဲ့ တိုက်ခိုက်နေမှာ...”

“ပြီးတော့... တပ်ဗိုလ်ကျန်း ရှင်က မသိလောက်ပေမဲ့ လူတစ်ယောက်က ဘယ်လောက်စွမ်းအားကြီးကြီး နှစ်တစ်သောင်းထက် ပိုမနေနိုင်ဘူး။ နှစ်တစ်သောင်းဆိုတာတောင် လွန်လှပြီ။ ဘယ်သူမှ အဲ့မျဉ်းကို မကျော်နိုင်ဘူး။ ကောင်းကင်ဧကရာဇ် သေခဲ့တာ နှစ်တစ်သောင်းကျော်သွဦးပြီ။ သူ ဘယ်လိုလုပ် အသက်ရှင်နေနိုင်ဦးမှာလဲ”

ကျန်းရီသည် ယွင်ပင်း၏ မျက်နှာထားကို စေ့စေ့စပ်စပ် စူးစမ်းလိုက်၏။ သူမသည် ဝမ်းနည်းချင်ယောင်ဆောင်နေခြင်း မဟုတ်ပေ။ ထိုဝမ်းနည်းမှုက သူမ၏နှလုံးသားထဲမှ လာခြင်းဖြစ်သည်။ ကြည့်ရသည်မှာ အခြား ကောင်းကင်ဘုရင်များက ကောင်းကင်ဧကရာဇ်အပေါ် အမှန်တကယ် သစ္စာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယွင်မျိုးနွယ်၏ ကောင်းကင်ဘုရင်ကတော့ ကောင်းကင်ဧကရာဇ်အပေါ် အကြွင်းမဲ့သစ္စာရှိပုံပင်။ မဟုတ်လျှင် ယွင်ပင်းက ဤမျှဝမ်းနည်းနေမည် မဟုတ်ပေ။

ကျန်းရီ အကြည့်လွှဲလိုက်ပြီး လေသံတိုးတိုးဖြင့် ထပ်ပြောလိုက်၏။

“စစ်သူကြီး... အတိတ်တုန်းက ယန်ကိုးပါးစစ်တပ်က ‌ကောင်းကင်ဧကရာဇ်နဲ့ အရင်းနှီးဆုံးပဲ။ အဲ့တော့ စစ်တပ်မှာ ဩဇာအာဏာ တော်တော်ရှိမှာပေါ့။ ပြီးတော့ ယန်ကိုးပါးစစ်တပ်က လောကထဲမှာ အင်အားအကြီးဆုံးပဲ။ ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးရဲ့ ပူးပေါင်းစွမ်းအားက မဟာဧကရာဇ်လေးပါးရဲ့ စွမ်းအားကိုတောင် ယှဉ်နိုင်တယ်...”

“ဒါပေမဲ့ ဘာလို့ ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးက လူသားမျိုးနွယ်မဟာမိတ်အဖွဲ့ကို မဖွဲ့ကြတာလဲ။ အဲ့လိုဆို လူသားမျိုးနွယ်ရဲ့ အင်အားက ပိုပြီးပေါင်းစည်းသွားမယ် မဟုတ်လား။ လူသားမျိုးနွယ်သာ ပေါင်းစည်းသွားရင် တမလွန်ဘုံကို အနိုင်ရနိုင်ခြေလည်း အများကြီး ပိုတိုးသွားမယ် မဟုတ်လား”

“ဟင်းဟင်း...”

ယွင်ပင်းသည် ကျန်းရီကို လှောင်ပြောင်စွာ ကြည့်လိုက်၏။ ထို့နောက် သူမ အတော်ကြာအောင် တွေးတောပြီးမှ ပြောလိုက်သည်။

“တပ်ဗိုလ်ကျန်း... လူသားက တခြားသက်ရှိတွေအကုန်လုံးရဲ့ ဝိညာဉ်ပဲ။ သူတို့က တစ်ကိုယ်ကောင်းအဆန်ဆုံး သတ္တဝါတွေဆိုလည်း ဟုတ်တယ်။ လူသားမျိုးနွယ်က အချိန်မရွေး ရှင်းပစ်ခံရတော့မယ်။ အဲ့ဒါတောင် လူတွေအများကြီးက ကိုယ်ကျိုးကိုပဲ ကြည့်ကြသေးတယ်။ သူတို့က သူတို့ရဲဦးနှောက်ကို အချင်းချင်း ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာကို တွေးဖို့ပဲ သုံးကြတယ်...”

“လူသားတိုင်းက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတွေ ဖြစ်ချင်ကြတယ်။ မဟာမိတ်အဖွဲ့တဲ့လား။ တကယ်သာ မဟာမိတ်အဖွဲ့ကို ဖွဲ့လိုက်ရင် လူသားမျိုးနွယ်က ပိုစောစော ပျက်သုဉ်းမှာပဲ။ လူသားတွေက သူတို့ရဲ့ ဦးနှောက်ကို အရည်ညှစ်ပြီး မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ တွေးကြလိမ့်မယ်။ အဲ့ကျရင် တကယ်ကို လောကတစ်ခွင်လုံး ပရမ်းပတာ ဖြစ်လာမှာပဲ...”

“ပြီးတော့ ထူးကဲတဲ့ သိုင်းသမားတွေလည်း တစ်ယောက်မှ ရှိမနေဘူး။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်လိုလူမျိုး ထပ်မွေးဖွားလာပြီး လူသားတိုင်းကို သိမ်းသွင်းနိုင်မယ်ဆိုရင်တော့ မဟာမိတ်အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ မျှော်လင့်ချင် ရှိချင်ရှိမှာပေါ့လေ...”

“ဟူး...”

ယွင်ပင်းက ရုတ်တရက် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပါးစပ်မှဆက်မပြောတော့ဘဲ ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“ကျန်းရီ... အဲ့အကြောင်းကို တွေးကြည့်ရင် ရယ်လည်းရယ်ရသလို၊ ဝမ်းနည်းဖို့လည်းကောင်းတယ်။ လူသားမျိုးနွယ်ထဲမှာ အဲ့လို ထူးကဲတဲ့သူတစ်ယောက် အမှန်တကယ် ထွက်ပေါ်လာခဲ့ဖူးတယ်။ သူ့မှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ်လောက် စွမ်းအားကြီးလာနိုင်ဖို့ မျှော်လင့်ချက်ရှိတယ်။ သူသာ သူ့အလားအလာရှိတဲ့အတိုင်း အပြည့်အဝ တိုးတက်ခွင့်ရခဲ့မယ်ဆိုရင် တမလွန်ဘုံမျိုးနွယ်ကို အနိုင်မယူနိုင်ရင်တောင် လူသားမျိုးနွယ်ရဲ့ အင်အားကို သိသိသာသာ တိုးသွားစေခဲ့မှာပဲ။ အဲ့လိုဆို လူသားမျိုးနွယ် ရှင်းပစ်ခံရမဲ့အရေးကို တားဆီးကာကွယ်နိုင်လိမ့်မယ်။ အဲ့လူက ဘယ်သူလို့ ရှင်ထင်လဲ။ နောက်ဆုံးမှာ သူ ဘယ်လိုသေသွားခဲ့တယ်လို့ ရှင်ထင်ထဲ”

“မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်လား”

ကျန်းရီ၏ ဦးနှောက်က လျင်မြန်စွာ လည်ပတ်လာ၏။ ပြီးခဲ့သော နှစ်များအတွင်း ထိုကဲ့သို့ ထူးကဲသူမှာ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်သာ ရှိသည်။ ယွင်ပင်းက ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ကျန်းရီ မချင့်မရဲဖြင့် မေးလိုက်၏။

“မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က တမလွန်ဘုံရဲ့ ထောင်ချောက်ထဲကို ကျသွားတာ မဟုတ်ဘူးလား။ သူက တမလွန်ဘုံဘုရင်ဆယ်ပါးရဲ့ ဝန်းရံတာကို ခံရပြီး နောက်ဆုံးကျ သူ့ကို တမလွန်ဘုံဧကရာဇ်ကိုယ်တိုင် သတ်ပစ်လိုက်တာလို့ ကျွန်တော် ကြားဖူးတာပဲ။ အဲ့လို မဟုတ်ဘူးလား”

“ဟားဟားဟား...”

ယွင်ပင်းသည် ရုတ်တရက် ကျယ်လောင်စွာ ရယ်လိုက်၏။ သူမ၏ မျက်ဝန်းများထဲမှနေ၍လည်း မျက်ရည်စများ စီးကျလာသည်။ သူမ၏ရယ်သံကြောင့် တပ်သားများစွာသည် သူမကို လှည့်ကြည့်ကြ၏။ သူမက စိုက်ကြည့်လိုက်သောအခါမှ တပ်သားများ ချက်ချင်း ခေါင်းပြန်လှည့်သွားကြပြီး တမလွန်ဘုံမိစ္ဆာများကို ဆက်ရှင်းလင်းလိုက်ကြလေသည်။

“မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က လူသားတစ်ယောက် သတ်တာကို ခံလိုက်ရတာ”

ယွင်းပင်းသည် အလွန်ခိုင်မာသောလေသံဖြင့် အသံပို့လွှတ်လိုက်သည်။

“အဲ့ဒါက လျှို့ဝှက်ချက်မဟုတ်ဘူး။ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်နဲ့ တခြားသူတွေ သေခဲ့ရတာက သူလျှိုတစ်ယောက်က သူတို့ကို လက်ထောက်ချလိုက်လို့ပဲ။ ပြီးတော့... မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ကို လုပ်ကြံခဲ့တဲ့သူက ကျွန်မတို့ရဲ့ ဧကရာဇ်အဆင့် သိုင်းသမားထဲက တစ်ယောက်ယောက် ဖြစ်လိမ့်မယ်လို့ မိစ္ဆာသတ်ဖြတ်စံအိမ်က သံသယရှိနေတယ်။ မဟုတ်ရင် မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က ထောင်ချောက်ထဲက ပြန်ထွက်နိုင်ခဲ့မှာပဲ။ ကျန်းရီ... အဲ့ဒါက ရယ်စရာကောင်းတယ်လို့ထင်လား၊ ဝမ်းနည်းစရာကောင်းတယ်လို့ထင်လား”

“အဲ့ဒါက...

ကျန်းရီသည် မယုံနိုင်ဟန်ဖြင့် ယွင်ပင်းကို ကြည့်လိုက်၏။ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က တမလွန်ဘုံမိစ္ဆာများနှင့် တိုက်ခိုက်ခဲ့သော်လည်း သူ့ကို သတ်ခဲ့သူက လူသားတစ်ယောက်လော။ ထို့ပြင် ထိုလူသားက လူသားမျိုးနွယ်၏ ဧကရာဇ်အဆင့် သိုင်းသမားတစ်ယောက်‌လော။

လောကထဲတွင် ဧကရာဇ်အဆင့် သိုင်းသမား အနည်းငယ်သာရှိသည်။ ယခုအထိ ကျန်းရီသည် ဧကရာဇ်အဆင့် သိုင်းသမား ခြောက်ယောက်ကိုသာ သိသေးသည်။ ထိုခြောက်ယောက်ထဲမှ တစ်ယောက်က အချင်းချင်း ပြန်သတ်မှုကို ခံခဲ့ရသည်လော။ လောကကြီးက ပျက်သုဉ်းလုလု ဖြစ်နေသည်။ သို့သော် လူသားမျိုးနွယ်က မပေါင်းစည်းသည့်အပြင် အချင်းချင်း ပြန်သတ်ဖြတ်နေကြသည်လော။

“ဘယ်သူလဲ”

ကျန်းရီ၏ အကြည့်က ခက်ထန်လာ၏။ သူ့ခန္ဓာကိုယ်မှနေ၍လည်း သတ်ဖြတ်အရှိန်အဝါ ထွက်လာသည်။

“ဘာလို့ လူတွေက ပူးပေါင်းပြီး အဲ့သစ္စာဖောက်ကို သတ်မပစ်ရတာလဲ။ သူက တမလွန်ဘုံမျိုးနွယ်နဲ့ ပူးပေါင်းပြီး ကိုယ်မျိုးနွယ်ဖြစ်တဲ့ လူသားတွေကို အကောက်ကြံခဲ့တာ။ သူက သေတာထက်ဆိုးတဲ့ အပြစ်ဒဏ်ကို ခံရသင့်တယ်။ ကျွန်တော်တို့ အဲ့လူကို ရှင်းမပစ်ရင် ပျက်သုဉ်းရမဲ့အရေးကနေ ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ”

“မသေချာဘူး...”

ယွင်ပင်းက နာကျင်သော မျက်နှာထားဖြင့် မျက်လုံးများမှိတ်လိုက်ပြီး အသံပြန်ပို့လွှတ်လိုက်သည်။

“ဒီကိစ္စတစ်ခုလုံးက ရှုပ်ထွေးနေတယ်။ အကောက်ကြံခဲ့တဲ့သူက ဘာသဲလွန်စမှ မချန်ခဲ့ဘူး။ ဒါပေမဲ့ သေချာတာတစ်ခုတော့ရှိတယ်.. သူလျှိုက မဟာဧကရာဇ်လေးပါးထဲက တစ်ပါးပဲ။ ကျန်းရီ... လူသားမျိုးနွယ်မဟာမိတ်အဖွဲ့က ဖြစ်နိုင်တယ်လို့ ရှင် ထင်သေးလား။ မဟာမိတ်ဖွဲ့မယ်ဆိုရင် အဲ့လူက ထပ်ပြီး အကောက်ကြံမှာပဲ။ အဲ့လိုအဖွဲ့ဝင်မျိုးရှိနေတဲ့ အဖွဲ့တစ်ခုမှာ ရှင် နောက်ကျောလုံနိုင်မလား...”

“မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က အရမ်းပါရမီထူးခဲ့တယ်။ သူက ဧကရာဇ်အဆင့်ကိုရောက်ဖို့ နှစ်တစ်ထောင်ပဲ ကျင့်ကြံခဲ့ရတယ်။ သူသာ ဆက်ပြီး တိုးတက်ခွင့်ရခဲ့မယ်ဆိုရင် အတိတ်တုန်းက ယန်ကိုးပါးကောင်းကင်ဧကရာဇ်လို စွမ်းအားကြီးလာနိုင်တယ်...”

“အဲ့သူလျှိုက မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က ကောင်းကင်ဧကရာဇ်အသစ် ဖြစ်လာမှာကို စိုးရိမ်ခဲ့တာနဲ့တူတယ်။ သူက သူ့ရဲ့ဩဇာအာဏာကို ဆုံးရှုံးရမှာကို ကြောက်ခဲ့တာ။ သူ့ရဲ့ ကိုယ်ကျိုးအတွက်နဲ့ သူက လူသားမျိုးနွယ်တစ်ခုလုံးကို သစ္စာဖောက်ခဲ့တယ်။ အဲ့လူက မုန်းစရာကောင်းတယ်၊ သူက သေသင့်တယ်။ သူ အပြစ်ပေးခံရသင့်တယ်”

ယွင်ပင်း၏စကား ဆုံးသွားသောအခါ ကျန်းရီ နှုတ်ဆိတ်သွားသည်။ သူမ၏ စကားများမှနေ၍ သူ အကြောင်းအရာများစွာကို သိခဲ့ရသည်။ သူ့ခေါင်းထဲတွင် အတွေးတစ်ခု အခိုင်အမာဖြစ်တည်လာသည်။ သူ၏ စွမ်းအားက မလုံလောက်သေးဘဲနှင့် သူ ကောင်းကင်ဧကရာဇ်၏ မီးနဂါးဓားကို ထုတ်ပြလိုက်လျှင် သေချာပေါက် အသတ်ခံရပေလိမ့်မည်။ အခြားသူများက မသတ်လျှင်ပင် ထိုသူလျှိုက သေချာပေါက် သတ်မည်ဖြစ်သည်။ သူလျှိုသည် သူ့ကို မရမက လိုက်သတ်လောက်သည်။

“လူသားက တခြားသက်ရှိအကုန်လုံးရဲ့ ဝိညာဉ်ပဲ။ သူတို့က တစ်ကိုယ်ကောင်းအဆန်ဆုံး သတ္တဝါဆိုလည်း ဟုတ်တယ်”

ယွင်ပင်း၏ စကားများ၏နောက်ကွယ်တွင် အဓိပ္ပာယ်တစ်ခု ရှိနေပုံပင်။ ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးထဲတွင် သေချာပေါက် အလွန်တစ်ကိုယ်ကောင်းဆန်သူများ ရှိနေနိုင်သည်။ သို့သော် မည်သူက မကောင်းသောသူဖြစ်ကြောင်းကို ခွဲခြားရန်မူ အလွန်ခက်ပေလိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သူက အနည်းငယ်သာ ရှိနေလျှင် ကိစ္စများက ပိုလွယ်ကူနိုင်သည်။ သို့သော် သုံးဆယ့်ခြောက်ပါးထဲတွင် မကောင်းသူမည်မျှ ရှိနေကြာင်းကို အလွယ်တကူ မသိနိုင်ပါပေ။

ကျန်းရီသည် ယွင်ပင်းက သံသယဖြစ်လာမည်စိုး၍ မေးခွန်းများ ဆက်မမေးလိုတော့ပေ။ ယွင်ပင်းသည်လည်း စကားဆက်ပြောလိုပုံ မပေါ်ချေ။ သူမသည် ရှေ့တန်းသို့သာ ပျံသွားလိုက်ပြီး တမလွန်ဘုံမိစ္ဆာများကို ရက်စက်ခက်ထန်စွာ သတ်ပစ်လိုက်ပေသည်။ သူမက သူမ၏ဒေါသကို ထိုမိစ္ဆာများအပေါ်တွင် ပုံချနေသည်ဟုပင် ထင်ရလေသည်။

ဤတစ်ခေါက်တွင် တစ္ဆေမျက်လုံးသားရဲဘုရင်လောက် စွမ်းအားကြီးသည့် တမလွန်ဘုံမိစ္ဆာများ ထပ်ပေါ်မလာ‌တော့ပေ။ ကျန်းရီတို့သည် တမလွန်မြစ်တောင်တန်းဒေသထဲရှိ တမလွန်ဘုံမိစ္ဆာများကို အနိမ့်ဘုံအချိန် ဆယ်ရက်ကြာအောင် ရှင်းပစ်ခဲ့ကြသည်။ ထို့နောက် တပ်က စစ်စခန်းကို ပြန်လေသည်။

အပြန်လမ်းတွင် ကျန်းရီသည် တပ်သားများ၏ သူ့အပေါ် သဘောထားက ပြောင်းလာပြီဖြစ်ကြောင်း ခံစားရ၏။ တပ်တစ်တပ်လုံးသည် သူက တပ်ဗိုလ် ဖြစ်သွားကြောင်းလည်း မကြာခင်မှာပင် သိသွားကြသည်။ ထိုရာထူးက အာဏာသိပ်ရှိပုံ မပေါ်သော်လည်း ကျန်းရီက သူတို့၏ တမလွန်ဘုံအရှိန်အဝါများကို သန့်စင်ပေးခဲ့သူဖြစ်သည်။ ယင်းက သူတို့၏ အသက်ကို ကယ်တင်ခြင်းနှင့် အတူတူပင်။ ထို့ကြောင့် တပ်တစ်တပ်လုံးသည် ကျန်းရီအပေါ် ပို၍လေးစားလာကြပေသည်။

ကိုယ်ရံတော်များ၊ တပ်မှူးနှစ်ယောက်နှင့် တပ်မှူးချုပ်တစ်ယောက်တို့သည်လည်း ကျန်းရီအပေါ် ပို၍အထင်ကြီးလာကြသည်။ ကျန်းရီသာ ရှိမနေခဲ့လျှင် သူတို့သည် တစ္ဆေမျက်လုံးသားရဲဘုရင်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။ ကျန်းရီက အလွန်လည်း ကျော်ကြားသည်။ သူတို့သည် တောက်ဖုန့်ကိုပင် သတ်ဝံ့သူတစ်ယောက်ကို မည်သို့ မလေးစားဘဲ နေနိုင်ပါမည်နည်း။

သို့သော် ကျန်းရီ၏ရင်ထဲတွင် စိုးရိမ်မှုများနှင့် ပြည့်နှက်နေသည်။ လူများစွာက သူမည်သူဖြစ်ကြောင်း သိသွားပေပြီ။ ငှက်တောင်ပျံတပ်တစ်တပ်လုံး သူမည်သူဖြစ်ကြောင်း သိသွားရန် အချိန်များစွာ မလိုလောက်ဟု သူ ခန့်မှန်းသည်။ လူတိုင်းက နှုတ်လုံသည် မဟုတ်ပေ။ ငှက်တောင်ပျံတပ်ထဲတွင် လူအမျိုးမျိုးရှိရာ သတင်းမှာလည်း အပြင်သို့ပင် ပျံ့သွားနိုင်သည်။ ထိုအခါကျလျှင် ကျန်းရီ ဆက်ပုန်းအောင်းနေနိုင်တော့မည် မဟုတ်ပေ။

တောက်မျိုးနွယ်က သူ့အကြောင်းကို သိသွားသည်နှင့် တောက်လန် သို့မဟုတ် တောက်နူက ယန်ကိုးပါးစစ်တပ်ကို ကိုယ်တိုင်လာ၍ သူ့ကို တောင်းပေးလိမ့်မယ်။ ယန်ကိုးပါးစစ်တပ်က သူတို့၏ တပ်သားများကို အလွန်အကာအကွယ်ပေးသည်ဟု ကျော်ကြားသည်။ သို့သော် သူတို့က တောက်မျိုးနွယ်၏ ဖိအားပေးမှုကို ခံနိုင်ပါမည်လော။ တောက်နူ သို့မဟုတ် မိုးပြာမဟာဧကရာဇ်က သူတို့ကို ခြိမ်းခြောက်လျှင် မည်သို့လုပ်ပါမည်နည်း။

All Chapters