ပြင်ဆင်မရအောင် ဆိုးသွမ်းသော
Vol. 121 Ch. 1686
“စစ်သူကြီး...”
ယွင်ပင်းတို့ စစ်စခန်းသို့ ပြန်ရောက်သောအခါ တပ်မှူးချုပ်လျန်က ရဲတိုက်ထဲမှနေ၍ ခြေလှမ်းကျဲကြီးများနှင့် ထွက်လာပြီး လေသံတိုးတိုးဖြင့် တင်ပြလိုက်သည်။
“လူနှစ်ဆယ့်ခြောက်ယောက်ထဲက အယောက်နှစ်ဆယ်ကို ကယ်ပြီးသွားပါပြီ။ ဒါပေမဲ့ တပ်မှူးသုံးယောက်နဲ့ ကိုယ်ရံတော်သုံးယောက်က... သေသွားပါတယ်”
ယွင်ပင်း၏ မျက်နှာထားက တည်ငြိမ်နေသည်။ ခြောက်ယောက်သာ သေခဲ့ခြင်းမှာပင် ရလဒ်ကောင်း ဖြစ်နေပေပြီ။ သူမသည် နေရာတွင် ခေတ္တမျှ ရပ်နေ၏။ ထို့နောက် သူမ၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။
“တပ်ကို ပြန်ခေါ်သွားပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်လိုက်ပါ။ ရှင်တို့နှစ်ယောက်၊ ကျန်းဝူမင်နဲ့ ကျန်တဲ့ကိုယ်ရံတော်တွေ၊ တပ်မှူးတွေက ကျွန်မနဲ့အတူ ဖုန်းကျွေးတပ်ဆီ လိုက်ခဲ့ပါ။ အဲ့လူခြောက်ယောက် အလကား မသေစေရဘူး”
“ဖုန်းကျွေးတပ်လား”
တပ်မှူးချုပ်လျန်နှင့် အခြားတပ်မှူးချုပ်တို့ အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ၎င်းနောက် တပ်မှူးချုပ်လျန်က ချီတုံချတုံဖြင့် ပြောလိုက်သည်။
“စစ်သူကြီ... ကျုပ်တို့ ဒီကိစ္စကို စစ်သေနာပတိကိုပဲ တင်ပြပြီး စစ်စည်းမျဉ်းအရ စီရင်ခိုင်းလိုက်တာ ပိုမကောင်းဘူးလား”
ဖုန်းကျွေးတပ်မှာ ငှက်တောင်ပျံတပ်ထဲရှိ ထောက်လှမ်းရေးများနှင့် ဖွဲ့စည်းထားသော သီးခြားတပ်တစ်တပ်ဖြစ်သည်။ ဤတစ်ခေါက်တွင် ထောက်လှမ်းရေးများက အမှန်ပင် တာဝန်ပေါ့လျော့ခဲ့သည်။ သို့သော် ယွင်ပင်းအနေဖြင့် ထိုတပ်ကို ကိုယ်တိုင်ပြဿနာသွားရှာရန် မသင့်တော်ပေ။ ဖုန်းကျွေးတပ်၏ စစ်သူကြီးက ကိုယ်တွယ်ရလွယ်ကူသူတစ်ယောက် မဟုတ်ချေ။ အကယ်၍ သူမသာ အမှားတစ်ခုလုပ်မိပြီး ဤကိစ္စက ကြီးကျယ်သွားမည်ဆိုလျှင် သူမလည်း အပြစ်ပေးခံရနို်ငပေသည်။
“အပိုတွေ ပြောမနေနဲ့တော့”
ယွင်ပင်းသည် တပ်မှူးချုပ်လျန်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီးနောက် ခြေလှမ်းကျဲကြီးများနှင့် အရှေ့သို့ လျှောက်သွားလေသည်။ သူမ၏ အရှိန်အဝါက ခက်ထန်နေရာ သူမ ပြဿနာသွားရှာတော့မည်ဖြစ်ကြောင်း သိနိုင်ပေသည်။
ကျန်းရီ အတန်ငယ် မျက်ခုံးပင့်လိုက်၏။ ဤကိစ္စက သူနှင့် မည်သို့မှ မသက်ဆိုင်ပေ။ အဘယ်ကြောင့် ယွင်ပင်းက သူ့ကိုပါ လိုက်လာခိုင်းနေရသနည်း။ သူသည် သူ့အခန်းသို့ပြန်၍ ဆန်းကြယ်သော ပုံသဏ္ဌာန်များကို လေ့လာလိုနေပြီဖြစ်သည်။
သို့သော် ကျန်းဝူမင်ဟု အမည်တိုက်ရိုက်ခေါ်၍ အမိန့်ပေးခံလိုက်ရသည်ဖြစ်ရာ ကျန်းရီ ရွေးချယ်စရာ မရှိတော့ဘဲ ယွင်ပင်းနောက်သို့ လိုက်သွားလိုက်ရသည်။ သို့သော် သူသည် ရည်ရွယ်ချက်ရှိရှိ ခြေလှမ်းကို နှေးနှေးလျှောက်၍ ကိုယ်ရံတော်များကြား ဝင်ရောလိုက်သည်။ ယွင်ပင်းက ပြဿနာရှာမည်ဆိုလျှင် သူလည်း ဇာတ်လမ်းကို ကြည့်ရပေမည်။
ယွင်ပင်း၏ မျက်နှာထားက ရေခဲတမျှ အေးစက်နေသည်။ သူမက လူတစ်စုကို ဦးဆောင်၍ ရဲတိုက်တန်းများကို ဖြတ်လျှောက်သွားရာ တပ်သားများစွာက သူမတို့ကို လှမ်းကြည့်ကြ၏။ သူမက ဂုဏ်သတင်းကျော်ကြားကာ ပါရမီရှိသော ငှက်တောင်ပျံတပ်၏သခင်မလေး မဟုတ်ပါလား။ သူမ၏အဘိုး ကောင်းကင်ဘုရင်ယွင်က ငှက်တောင်ပျံတပ်၏ ခေါင်းဆောင်ပင်။ ထို့ကြောင့် သူမ လျှောက်သွားသည်ကို သတိမပြုမိရန်ကသာ ခက်မည်ဖြစ်သည်။
လူများစွာသည် ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်၍ ယွင်ပင်းကို အာရုံခံနေကြ၏။ သူမက မည်သည့်ကိစ္စ လုပ်တော့မည်ကို သူတို့ စိတ်ဝင်စားနေကြပေသည်။
ယွင်ပင်းသည် သူမ၏လူများကို ဦးဆောင်၍ ညာဘက် ခြောက်တန်းမြောက်၏ ပထမဆုံးရဲတိုက်ထဲသို့ ဝင်သွားလိုက်သည်။ ထိုအခါ လူများသည် သူတို့၏ ကောင်းကင်စိတ်အာရုံများကို ပြန်ရုတ်သိမ်းလိုက်ကြ၏။ သူတို့သည် ဇာတ်လမ်းကြည့်လိုသော်လည်း ဤကိစ္စက သူတို့အဆင့်ထက် ကျော်လွန်နေသည့်ပုံပင်။ ထို့ကြောင့် သူတို့ ဝင်မပါလိုကြတော့ပေ။
ဒုန်း...ဒုန်း...ဒုန်း...
ယွင်ပင်းက လူစုကို ဦးဆောင်၍ ရဲတိုက်ထဲ ခပ်ပြင်းပြင်း လျှောက်ဝင်သွား၏။ သူမသည် အလယ်ခန်းမထဲ ရောက်သောအခါ အော်ပြောလိုက်သည်။
“မူဟယ်ယွီ ဘယ်မှာလဲ။ အခု ချက်ချင်း သူ့ကို ကျွန်မဲ့လာတွေ့ဖို့ ပြောလိုက်”
ရဲတိုက်ထဲတွင် တပ်မှူးချုပ်နှစ်ယောက် ရှိနေသည်။ သူတို့နှစ်ယောက်သည် ယွင်ပင်း၏ မျက်နှာထားက အလွန်အေးစက်နေကြောင်း တွေ့လိုက်သောအခါ ချက်ချင်း လက်ဆုပ်၍ အကြည့်လွှဲလိုက်ကြ၏။
“စစ်သူကြီးယွင်... ကျုပ်တို့ရဲ့ စစ်သူကြီးက စခန်းကို ပြန်မလာသေးပါဘူး။ သူက စစ်ဆေးစရာတစ်ခုရှိလို့ အပြင်ထွက်သွားပါတယ်။ စစ်သူကြီး နောက်မှ ပြန်လာခဲ့ပါလား”
“ရှင်က ဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလဲ”
ယွင်ပင်းသည် တပ်မှူးချုပ်နှစ်ယောက်ကို အေးစက်စက်ကြည့်ကာ မေးလိုက်သည်။
“အဲ့သုံးစားမရတဲ့ မူဟယ်ယွီက ကိုယ်တိုင်စစ်ဆေးမှုတွေ လုပ်နေတာပေါ့လေ။ ကိုယ့်အထက်အရာရှိကို လိမ်ရင် ဘယ်လိုအကျိုးဆက်တွေ ရှိတယ်ဆိုတာ ရှင်တို့ ကောင်းကောင်းသိမှာပါ။ တကယ်လို့ မူဟယ်ယွီက နှစ်နာရီအတွင်း ပေါ်မလာဘူးဆိုရင် ကျွန်မကိုယ်တိုင် သူ့ကို လိုက်ရှာရလိမ့်မယ်”
တပ်မှူးချုပ်နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်ကြ၏။ အစောက ပြောခဲ့သော တပ်မှူးချုပ်သည် ရွေးချယ်စရာ မရှိတော့ဘဲ လက်ဆုပ်ကာ ထပ်ပြောလိုက်ရသည်။
“ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ စစ်သူကြီးယွင်။ ကျုပ်တို့ အခုပဲ စစ်သူကြီးကို သွားရှာလိုက်ပါမယ်”
တပ်မှူးချုပ်နှစ်ယောက် ရဲတိုက်ထဲမှ ချက်ချင်း ထွက်သွား၏။ ယွင်ပင်းသည် မည်သည်ကိုမှ အရေးမစိုက်ဘဲ ခန်းမထဲရှိ ထိပ်ဆုံးကခုံတွင် ဝင်ထိုင်လိုက်သည်။ တပ်မှူးချုပ်လျန်နှင့် အခြားတပ်မှူးချုပ်တို့သည် ကျန်းရီနှင့် ကိုယ်ရံတော်များနှင့်အတူ သူမ၏ ဘေးတစ်ဘက်တစ်ချက်စီတွင် ထိုင်လိုက်ကြသည်။ သူတို့အားလုံးသည် မူဟယ်ယွီ ရောက်လာမည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြပေသည်။
အချိန်က တရွေ့ရွေ့ကုန်ဆုံးလာ၏။ ယွင်ပင်း၏ မျက်နှာထားကလည်း ပို၍မည်းမှောင်လာသည်။ နှစ်နာရီကြာပြီးနောက်မှ အရပ်မြင့်ကာ ခံ့ညားသော ယောက်ျားပျိုတစ်ယောက်က ရဲတိုက်ထဲသို့ ဝင်လာလေသည်။
ထိုယောက်ျား၏ မျက်ခုံးမွေးများက ဖြောင့်စင်းမည်းနက်ပြီ၊ မျက်ဝန်းများက တောက်ပနေသည်။ သူ့နှုတ်ခမ်းများမှာမူ နီထွေးနေပြီး သွားများက ဖြူဝင်းသည်။ သူ့ပုံစံမှာ ပြီးပြည့်စုံပေသည်။ သူ၏အရှိန်အဝါကလည်း ထူးကဲသည်။ သူ၏ နှုတ်ခမ်းစွန်းလေးကို တွန့်ကွေး၍ ပြုံးလိုက်ပုံမှာ လေပြေလေး တိုက်ခတ်သွားသကဲ့သို့ပင်။ သူ့အနောက်တွင်လည်း လူခုနစ်ယောက် ရှစ်ယောက်လောက် ပါလာရာ သူ့ပုံစံက အလွန်ဝံ့ကြွားနေသည်။ ကျန်းရီပင် သူ့ကို စိတ်ထဲမှ ချီးကျူးမိပေသည်။
မူဟယ်ယီသည် ရဲတိုက်ထဲသို့ ရောက်သောအခါ ဝေ့ဝဲကြည့်လိုက်၏။ ထို့နောက် သူ ပြုံးကာ လက်ဆုပ်၍ ပြောလိုက်သည်။
“စစ်သူကြီးယွင်ပင်း... ဒီနေ့ ဘာကိစ္စများရှိလို့ ရောက်လာတာပါလဲ။ သာမန်နေ့တွေမှာ ကျွန်တော် စစ်သူကြီးကို တွေ့ချင်ရင်တောင် စစ်သူကြီးက ကျွန်တော့်ကို မတွေ့ခဲ့ဘူး မဟုတ်လား”
“မူဟယ်ယွီ...”
ယွင်ပင်း၏ မျက်နှာထားက အေးဆက်နေဆဲပင်။ သူမသည် မူဟယ်ယွီ၏ ထိုင်ခုံတွင် ထိုင်နေပြီး ထပေးမည့်ပုံ မပြချေ။ သူမ မူဟယ်ယွီကို စိုက်ကြည့်လိုက်ပြီး အပြစ်သားတစ်ယောက်ကို စစ်မေးသကဲ့သို့ အေးစက်စက်လေသံဖြင့် မေးလိုက်သည်။
“ရှင့်လူတွေက သုံးစားမရဘူးလား။ ရှင်တို့ ဖုန်းကျွေးတပ်ရဲ့ အမှားတစ်ခုကြောင့် ကျွန်မတို့ရဲ့ တပ်မှူးသုံးယောက်နဲ့ ကိုယ်ရံတော်သုံးယောက် သေခဲ့ရတယ်။ အဲ့ကိစ္စကို ရှင် ဘယ်လို ရှင်းပေးမှာလဲ”
“ဗျာ...”
မူဟယ်ယွီ တုန်လှုပ်သွား၏။ ထို့နောက် သူ့မျက်နှာထားက ရုတ်ခြည်း ပြန်တင်းမာလာသည်။ သူသည် သူ့အနောက်ရှိ တပ်မှူးချုပ်နှစ်ယောက်ကို လှည့်ကြည့်ကာ လေသံမာမာဖြင့် မေးလိုက်သည်။
“အဲ့လိုကိစ္စမျိုး တကယ်ပဲရှိသလား”
တပ်မှူးချုပ်နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မည်သို့လုပ်ရမည်မသိ ဖြစ်နေကြ၏။ နောက်ဆုံးမှ သူတို့ထဲမှ တစ်ယောက်က လက်ဆုပ်ကာ ပြောလိုက်သည်။
“စစ်သူကြီး... စစ်သူကြီးယွင် ဘာကိုပြောတယ်ဆိုတာ ကျုပ်တို့လည်း နားမလည်ပါဘူး”
“တမလွန်မြစ်တောင်တန်းဒေသ”
ယွင်ပင်းက စိတ်မရှည်ဟန်ဖြင့် အေးစက်စက် ဆက်ပြောလိုက်၏။
“အဲ့ဒေသမှာရှိတဲ့ စွမ်းအားအကြီးဆုံး တမလွန်ဘုံမိစ္ဆာတွေက အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးတွေပဲလို့ ရှင်တို့ရဲ့ တင်ပြချက်မှာ ရေးထားတယ်။ ဒါပေမဲ့ ကျွန်မတို့ အဲ့ကိုရောက်တော့ တစ္ဆေမျက်လုံးသားရဲဘုရင်တစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ ရလဒ်အနေနဲ့ ကျွန်မရဲ့တပ်မှာ အဆုံးအရှုံးအများကြီး ရှိခဲ့တယ်။ အဲ့ဒါက ရှင်တို့ဘက်က အမှား မဟုတ်ရင် ကျွန်မတို့ရဲ့ အမှားလား”
မူဟယ်ယွီတစ်ယောက် ပို၍ဒေါသထွက်သွားပုံ ပေါ်လာပြီး အော်ပြောလိုက်သည်။
“တစ္ဆေမျက်လုံးသားရဲဘုရင်လား။ အဲ့လိုကိစ္စမျိုး ရှိသလား”
တပ်မှူးချုပ်တစ်ယောက်က အရှေ့သို့ လျှောက်လာပြီး ဦးညွှတ်ကာ ပြောလိုက်သည်။
“စစ်သူကြီး... တစ္ဆေမျက်လုံးသားရဲဘုရင်တစ်ကောင်က တမလွန်မြစ်လွင်ပြင်ဒေသကနေပြီး တမလွန်မြစ်တောင်တန်းဒေသထဲကို ကူသွားတယ်လို့ ကျုပ်တို့ရဲ့ ထောက်လှမ်းရေးတွေက လှမ်းသတင်းပို့ခဲ့ပါတယ်။ ကျုပ်တို့ အဲ့သတင်းကို ရရချင်း တာဝန်အတွက် ကျောက်စိမ်းအဆောင်ထဲမှာ ထည့်သွင်းခဲ့ပါတယ်...”
“အဲ့အချိန်မှာ စစ်သူကြီးယွင်တို့က တိုက်ပွဲထွက်သွားပါပြီ။ မယုံရင် ကျုပ်တို့ရဲ့ ကျောက်စိမ်းအဆောင်ကို စစ်ဆေးကြည့်လို့ရပါတယ်။ ကျောက်စိမ်းအဆောင်ထဲမှာ အဲ့အကြောင်း ရှိနေပါလိမ့်မယ်။ တင်ပြချက်ကို သေချာပြန်မကြည့်ခဲ့တာက စစ်သူကြီးယွင်တို့ပါ။ အဲ့ဒါက ဖုန်းကျွေးတပ်ရဲ့ အမှား မဟုတ်ပါဘူး။ စစ်သူကြီးယွင်တို့ရဲ့ အမှားပါ”
“ဘာ...”
ယွင်ပင်း၏ အေးစက်စက်အကြည့်က ထိုတပ်မှူးချုပ်အပေါ်သို့ ကျရောက်သွား၏။ ထို့နောက် သူမ အော်ပြောလိုက်သည်။
“တပ်မှူးချုပ်လျန်... ရှင်ရဲ့ ကျောက်စိမ်းအဆောင်ကို ထုတ်လိုက်”
တပ်မှူးချုပ်လျန် မျက်နှာပျက်သွားပြီး သူ၏ ကျောက်စိမ်းအဆောင်ကို ချက်ချင်းထုတ်လိုက်သည်။ အမှန်ပင် ကျောက်စိမ်းအဆောင်ထဲ၌ တစ္ဆေမျက်လုံးသားရဲဘုရင်တစ်ကောင်က တမလွန်မြစ်တောင်တန်းဒေသသို့ ကူးသွားကြောင်း တင်ပြထားသည့် စာကြောင်းအပိုတစ်ကြောင်း ရှိနေပေသည်။ တပ်မှူးလျန် စိတ်ထဲမှ ကျိန်ဆဲကာ ဦးညွှတ်လိုက်သည်။
“ကျုပ် တကယ်ပဲ အမှားတစ်ခု လုပ်ခဲ့မိပါပြီ။ စစ်သူကြီး... ကျုပ်ကို သင့်လျော်သလို အပြစ်ပေးပါ”
တပ်မှူးများ၊ ကိုယ်ရံတော်များနှင့် ကျန်းရီတို့၏ မျက်နှာထားများ ရုတ်ခြည်း ပြောင်းလဲသွားကြသည်။ သူတို့ ယနေ့ ဤနေရာသို့ လာခဲ့ခြင်းမှာ အခြားတစ်ယောက်အပေါ်တွင် အပြစ်ပုံချရန်ဖြစ်သည်။ သို့သော် အမှန်တကယ် မှားခဲ့သူက သူတို့ဖြစ်ကြောင်း ပြန်အပြောခံလိုက်ရလိမ့်မည်ဟု သူတို့ မျှော်လင့်မထားကြပေ။
ယခုတွင် ယွင်ပင်း၏ မျက်နှာက မီးသွေးကဲ့သို့ မည်းနက်နေပေပြီ။ သူမ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
“တပ်မှူးချုပ်လျန်... ဒီကိစ္စကို ကျွန်မ ရှင်နဲ့ နောက်မှ စာရင်းရှင်းမယ်။ ဒါပေမဲ့ စစ်သူကြီးမူ... ရှင်တို့က အဲ့သတင်းကို ရရချင်း ဘာလို့ ကျွန်မတို့ဆီ လူလွှတ်ပြီး သတင်းမပေးခဲ့တာလဲ။ ရှင်တို့သာ ကျွန်မတို့နောက်ကို အမြန်လိုက်လာမယ်ဆိုရင် မီနိုင်သေးတာပဲ။ အဲ့လိုဆို ကျွန်မတို့ရဲ့လူတွေကို ဆုံးရှုံးလိုက်ရမှာ မဟုတ်ဘူး။ ရှင် အပြစ်ကို ကျွန်မတို့အပေါ်ပဲ ပုံချလို့တော့ မရဘူး”
“ကျွန်တော် စိတ်မကောင်းပါဘူး”
စစ်သူကြီးမူက ပခုံးတွန့်ကာ ပြောလိုက်သည်။
“ကျွန်တော်တို့က ယန်ကိုးပါးစစ်တပ်ထဲမှာ သူလျှိုတစ်ယောက်ကို လိုက်ရှာရမယ်ဆိုပြီး အထက်ကနေ အမိန့်ရလိုက်လို့ စစ်သူကြီးယွင်တို့ဆီ လူမစေလွှတ်နိုင်ခဲ့တာပါ။ စစ်သူကြီးယွင်... ကျွန်တော်တို့ ဖုန်းကျွင်းတပ်က ကိစ္စတွေအများကြီး၊ ဒေသတွေအများကြီးကို တာဝန်ယူရတယ်ဆိုတာ စစ်သူကြီးလည်း သိမှာပါ။ အခြေအနေတွေဆိုတာ အမြဲပြောင်းလဲနေတာပဲ။ အဲ့ပြောင်းလဲနေတဲ့ အခြေအနေတိုင်းကို စောင့်ကြည့်နေဖို့ ဘယ်လိုလုပ် ကျွန်တော်တို့မှာ လူအင်အားအလုံအလောက် ရှိမှာလဲ”
မူဟယ်ယွီ၏ ရှင်းပြချက် သင့်လျော်သည်။ မည်သူမှ သူ့စကားများထဲတွင် ဟာကွယ်ရှာနိုင်မည် မဟုတ်ချေ။ သို့သော် ယွင်ပင်းသည် ယခုကိစ္စကို ဤကဲ့သို့ လက်မလျှော့နိုင်သေးပေ။
“သူလျှိုတဲ့လား။ ယန်ကိုးပါးစစ်တပ်ထဲကို ဘယ်လိုလုပ် သူလျှို ဝင်လာနိုင်မှာလဲ။ ပြီးတော့ စစ်သူကြီးမူကိုယ်တိုင် စုံစမ်းရလောက်အောင် သူလျှိုက ဘယ်သူမို့လို့လဲ”
“စစ်သူကြီးယွင်လည်း သူ့ကို ကြားဖူးမှာပါ”
မူဟယ်ယွီက ခပ်ရေးရေးပြုံးကာ ကျန်းရီကို တစ်ချက်မျှ လှမ်းကြည့်၍ ပြောလိုက်သည်။
“အဲ့သူလျှိုက အထက်ဘုံက လာခဲ့တာ။ သူက ဟွင့်သွမ့်ပင်လယ်မှာ သခင်လေးတောက်ဖုန့်ကို သတ်ခဲ့တယ်၊ မိုးပြာဒေသထဲမှာ ပရမ်းပတာဖြစ်စေခဲ့တယ်၊ အပြစ်မဲ့တဲ့လူတွေ အများကြီးကို သတ်ခဲ့တယ်။ သူက နတ်ဆိုးတစ်ကောင်ပဲ။ ပြင်ဆင်လို့မရအောင် ဆိုးသွမ်းနေပြီ။ သူက ယန်ကိုးပါးစစ်တပ်ထဲကို ခိုးဝင်လာခဲ့တယ်လို့ ပြောတယ်။ အဲ့ကိစ္စကို စုံစမ်းဖို့ ခေါင်းဆောင်ကိုယ်တိုင် ကျွန်တော်တို့ကို အမိန့်ပေးခဲ့တာပါ။ ဟုတ်သား.. သူ့နာမည်က ကျန်းရီတဲ့။ စစ်သူကြီးယွင်... သူ ဘယ်မှာ ပုန်းနေလဲဆိုတာကို စစ်သူကြီးယွင် သိပါသလား”
ရုတ်ခြည်းပင် ယွင်ပင်းတို့အားလုံး မျက်နှာပျက်သွားကြ၏။ ကျန်းရီလည်း မျက်နှာရှုံ့မဲ့သွားသည်။ သူမည်သူဖြစ်ကြောင်း အနှေးနှင့်အမြန်ဆိုသလို ပေါ်သွားတော့မည်ကို သူသိသည်။ သို့သော် ဤမျှမြန်လိမ့်မည်ဟုတော့ သူ မထင်ထားပေ။ ယန်ကိုးပါးစစ်တပ်၏ ခေါင်းဆောင်များကပင် သူ ယန်ကိုးပါးစစ်တပ်ထဲ ဝင်လာသည်ကို သိနေပြီလော။ ထို့ပြင် သူ့ကို သူလျှိုတစ်ယောက်ဟုပင် တံဆိပ်ကပ်ထားသေးသည်လော။