ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးစွမ်းအား
Vol. 77 Ch. 1083
အခန်း (၁၀၈၃) ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးစွမ်းအား
ရန်ကျောက်ကဲတို့အုပ်စု လျှပ်စီးကြောင်းအလင်းတန်းများကိုကြည့်ရင်း မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားကြသည်။
မြောက်ပိုင်းထိပ်တန်းအရှင်သခင်က သက်ပြင်းချရင်း...
“အဲဒါက ပုံရိပ်ယောင်ဗလာနယ်မိုးကြိုး မဟုတ်လား”
လွှမ်းခြုံဧကရာဇ်က...
“စွမ်းအားအနှစ်သာရ ပျက်ပြယ်နေပြီဖြစ်လို့ ပုံရိပ်ယောင်ဗလာနယ်မိုးကြိုး အစစ်လို့ ပြောလို့မရဘူး ၊ ဒါပေမဲ့ အထဲကို နက်နက်ရှိုင်းရှိင်းဝင်သွားရင်တော့ ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးအစစ်နဲ့ ကြုံတွေ့ရနိုင်တယ်”
ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးဆိုသည်က မဟာကပ်ဘေးကြီးမတိုင်ခင်ကပင် နာမည်ကျော်ကြားသော ‘ကောင်းကင်ကိုးထပ် နတ်ဘုရားမိုးကြိုး’ ထဲမှ မိုးကြိုးစွမ်းအား တစ်ခု ဖြစ်သည်။
ထိုမိုးကြိုးစွမ်းအားက ‘ကောင်းကင်ကိုးထပ်နတ်ဘုရားမိုးကြိုး’ တွင် ဒုတိယအဆင့်ရှိသည်။ ဒဏ္ဍာရီဆန်သော ‘မူလရှေ့ပြေးမိုးကြိုးစွမ်းအား’ အောက် အဆင့်လျော့ကျပြီး ‘ဒြပ်စင်ငါးပါးဖန်ဆင်းခြင်းမိုးကြိုးစွမ်းအား’ နှင့် ‘စိတ်စေရာမိုးကြိုးစွမ်းအား’ တို့ထက် အဆင့်မြင့်သည်။
ရန်ကျောက်ကဲက တွင်းနက်ကြီးအား စူးစိုက်ကြည့်ရင်း...
“ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးစွမ်းအား အစစ်သာရှိနေမယ်ဆိုရင်... ကျွန်တော်တို့ခရီးစဉ် အဟန့်အတားတွေ အများကြီး ရင်ဆိုင်ရမှာပဲ”
မြောက်ပိုင်းထိပ်တန်းအရှင်သခင်က...
“ဒီ အဘိုးကြီး ဒီမှာစောင့်နေမယ် ၊ မင်းတို့တွေ အချိန်မရွေး ပြန်ထွက်လာလို့ရတယ်”
ပိုးသားဧကရာဇ်က ခေါင်းညိတ်ရင်း...
“ဒါဖြင့် သွားကြမယ်”
ပြောပြီးသည်နှင့် သူက အင်္ကျီလက်ကိုအသာဝှေ့ယမ်းကာ မန်ဝမ်ကိုခေါ်ဆောင်ပြီး ကမ္ဘာဖြတ်လမ်းကြောင်းအတွင်းသို့ အရင်ဆုံး ဝင်ရောက်သွားသည်။
ရန်ကျောက်ကဲက မြောက်ပိုင်းထိပ်တန်းအရှင်သခင်ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...
“ဒါဖြင့် မြောက်ပိုင်းထိပ်တန်းအရှင်သခင် ကျေးဇူးပြုပြီး စောင့်နေပေးပါ”
ထို့နောက် လွှမ်းခြုံဧကရာဇ်နှင့်အတူ ကမ္ဘာဖြတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားသည်။
သူတို့အားလုံးဝင်သွားသည်နှင့် မြောက်ပိုင်းထိပ်တန်းအရှင်သခင်က ကမ္ဘာဖြတ်လမ်းကြောင်း အဝင်ဝတွင် မလှုပ်မယှဥ်တင်ပျဉ်ခွေထိုင်ရင်း စောင့်ကြည့်ကျန်ရစ်ခဲ့သည်။
မကြာခင် ကမ္ဘာဖြတ်လမ်းကြောင်းက ပြန်လည် ပျောက်ကွယ်သွားလေရာ အေးခဲနေသော နှင်းလွင်ပြင်ထက်တွင် တည်ငြိမ်စွာထိုင်နေသည့် အဘိုးအိုတစ်ယောက်သာလျှင် ကျန်ရစ်ခဲ့တော့၏။
ကမ္ဘာဖြတ်လမ်းကြောင်းအတွင်း ဝင်ရောက်လိုက်သည်နှင့် ယခင်က ရန်ကျောက်ကဲ သီးခြားနယ်မြေများဆီသို့ ဖြတ်သန်းသွားလာခဲ့သလို အရောင်စုံသောမြင်ကွင်းများ ပြောင်းလဲသွားခြင်း မရှိပေ။
ဤနေရာတွင် လျှပ်စီးကြောင်းများမှလွဲပြီး မည်သည့်အရာမှ မမြင်နိုင်ဘဲ မှောင်မိုက်လျှက် ရှိသည်။
လမ်းကြောင်းအတွင်းဝင်ရောက်လိုက်သည်နှင့် ဗလာနယ်စွမ်းအားဖြင့် ဖိနှိပ်ခံရပြီး ဝင်ရောက်လာသူများအပေါ် မလိုလားသောရည်ရွယ်ချက်များပြည့်နက်နေကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။
ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများဆိုလျှင် အထဲသို့ဝင်မိသည်နှင့် တစ်ခဏအတွင်း အရိုးတခြား အသားတခြား ဖြစ်သွားနိုင်သည်။
ပိုးသားဧကရာဇ်သာ ကာကွယ်မပေးလျှင် မန်ဝမ်အနေဖြင့် ဤနေရာသို့ ဖြတ်သန်းသွားနိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲ သူမကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ပိုးသားဧကရာဇ်က ကာကွယ်ပေးနေသဖြင့် သူမအန္တရယ်ကင်းရေးက အာမခံချက် အပြည့်ရှိနေဆဲပင်။
သို့သော် ပိုးသားဧကရာဇ်၏အတွေးများက မှန်းဆ၍မရနိင်သဖြင့် ရာနှုန်းပြည့် ယုံကြည်ရန် မဖြစ်နိုင်ပေ။
သူသာ အနည်းငယ် စိတ်ပြောင်းသွားပါက မန်ဝမ်ကိုကာကွယ်မပေးဘဲ လျစ်လျူရှုလိုက်သည်နှင့် သူမအတွက် အသက်အန္တရယ်ကျရောက်လာပေမည်။
ထို့ကြောင့် ရန်ကျောက်ကဲက ပိုးသားဧကရာဇ်၏အခြေအနေကို အဆက်မပြတ် အာရုံစိုက်နေခဲ့သည်။
ဤသည်က မန်ဝမ်အတွက်ဖြစ်သလို သူကိုယ်တိုင်အတွက်လည်း ဖြစ်သည်။
ရန်ကျောက်ကဲဆိုသည်က အဆိုးဆုံးအရာများကို ကြိုတင်တွက်ချက်ထားတတ်သူတစ်ယောက်ဖြစ်ပြီး ပိုးသားဧကရာဇ်ဆိုသည်ကလည်း အချိန်မရွေး ရုတ်တရက် စိတ်ဖောက်ပြန်ကာ တစ်စုံတစ်ယောက်ကို ထိခိုက်ဒဏ်ရာရအောင်ပြုလုပ်ရန် လုံလောက်သောအကြောင်းပြချက် ရှိသည်။
သူ ပစ်မှတ်ထားသူက မန်ဝမ်မဟုတ်ဘဲ ရန်ကျောက်ကဲလည်း ဖြစ်လာနိုင်သည်။
ပိုးသားဧကရာဇ်၏ ကျင့်ကြံခြင်းလမ်းကြောင်းနှင့်ပတ်သက်ပြီး သူ၏ခန့်မှန်းချက် မှန်ကန်မည်ဆိုလျှင် မန်ဝမ်နှင့် ဖုထင်ကို ဖယ်ရှားရှင်းလင်းပစ်ရုံသာမက ထိုက်ယိဟွာတိမ်တိုက်ကိုလည်း ရယူရန် လိုအပ်သည်။
ထိုက်ယိဟွာတိမ်တိုက်ကို ရယူမည်ဆိုလျှင် ရန်တိနှင့် ရန်ကျောက်ကဲက ပိုးသားဧကရာဇ်၏လမ်းကြောင်းတွင် အတားအဆီးများ ဖြစ်လာပေမည်။
အကြီးမားဆုံးအတားအဆီးက ရန်တိဖြစ်လာမည်မှာ သေချာသည့်တိုင် ရန်ကျောက်ကဲကလည်း ဤအတိုင်း ရပ်ကြည့်နေမည့်သူ မဟုတ်ပေ။
ရန်ကျောက်ကဲက ကျူတောပင်လယ်ဒေသတွင် ချင်းယွမ်ဧကရာဇ်ကို ရင်ဆိုင်ရန်အတွက် ‘နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ’ တန်ခိုးစွမ်းအားကို အသုံးပြုခဲ့သည်။
နတ်ဘုရားတံခါးဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သော ဧကရာဇ်များနှင့် နှိုင်းယှဉ်ပါက ရန်ကျောက်ကဲအဆင့်က ကလေးသာသာပင် ရှိသေးသည်။
သို့ဖြစ်ရာ ပြင်းထန်သောရန်ငြိုးများရှိနေသည့် ချင်းယွမ်ဧကရာဇ်ကဲ့သို့ အခြေအနေမျိုးမှလွဲပြီး အခြားသောဧကရာဇ်များက သူတို့၏သိက္ခာအကျခံပြီး ‘အမတကူးပြောင်းခြင်းအဆင့်’ သိုင်းသူတော်စင်တစ်ယောက်ကို အခက်တွေ့အောင် တိုက်ခိုက်မည် မဟုတ်ပေ။
သို့သော် ပြဿနာရှိသည်က လက်ရှိအချိန်တွင် ပိုးသားဧကရာဇ်က ပုံမှန်အခြေအနေ မဟုတ်ပေ။
သူသာ ခံစားချက်ကင်းမဲ့သည့်လမ်းသို့ အမှန်တကယ် လျှောက်လှမ်းတော့မည်ဆိုလျှင် အကျိုးအမြတ်ကိုသာ ကြည့်ရှုမည်ဖြစ်သလို အနာဂတ်တွင် အတားအဆီးဖြစ်လာနိုင်သူများကို ဖယ်ရှားပစ်မည်ဖြစ်သည်။ မျက်နှာပျက်ရခြင်း ၊ ဂုဏ်သိက္ခာထိပါးခြင်းများကို ထည့်သွင်းစဉ်းစားတော့မည် မဟုတ်ပေ။
ထိုသို့သောပုဂ္ဂိုလ်တစ်ယောက်နှင့် အတူတူ ခရီးထွက်ရခြင်းက ဖြစ်လာမည့် အဆိုးဆုံးအရာကို တွက်ဆထားရန်မှတပါး ရန်ကျောက်ကဲအတွက် ရွေးချယ်စရာ မရှိပေ။
ကြီးမားသောပြဿနာများ မဖြစ်ပေါ်စေရန်နှင့် ပိုးသားဧကရာဇ်အား စောင့်ကြည့်ရန် လွှမ်းခြုံဧကရာဇ်ကလည်း ဤခရီးစဉ်တွင် လိုက်ပါလာခြင်း ဖြစ်၏။
သို့သော် လွှမ်းခြုံဧကရာဖ္က မန်ဝမ်နှင့် ဖုထင်အပေါ် မည်သို့သဘောထားကြောင်း ခန့်မှန်းရ ခက်လှသည်။
သာမန်စံနှုန်းများဖြင့် တိုင်းတာမရသော အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ မှလွဲပြီး အခြားသော ထိပ်တန်း တန်ခိုးစွမ်းအားရှင်များကတော့ ပိုးသားဧကရာဇ် ပြန်လည်ကောင်းမွန်လာစေရန် ဆန္ဒရှိကြပေလိမ့်မည်။
ပြီးတော့ သူ ပြန်ကောင်းလာနိုင်သည့် နည်းလမ်းနှင့်ပတ်သက်၍လည်း မတူကွဲပြားသော အတွေးအမြင်များ ရှိကြပေမည်။
ရန်ကျောက်ကဲ တွေးတောနေစဉ်မှာပင် မန်ဝမ်က သူ့ကိုရုတ်တရက် လှမ်းကြည့်လာသည်။
သူမ၏ ကြည်လင်ရှင်းလင်းပြီး ထက်မြက်ဟန်ရှိသော မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှုနှင့် နားမလည်နိုင်ခြင်းများကို တွေ့လိုက်ရသည်။
“တကယ့်ကို ထက်မြက်တဲ့မိန်းကလေးပဲ...”
ရန်ကျောက်ကဲ တွေးလိုက်မိ၏။
ပိုးသားဧကရာဇ်နှင့် သူမကိုယ်တိုင် ကြုံတွေ့နေရသော အခက်အခဲများကို လုံလောက်စွာ နားလည်နိုင်ခြင်း မရှိသော်လည်း တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ခံစားမိသဖြင့် မန်ဝမ် စိတ်မသက်မသာ ဖြစ်မိသည်။
သူမ ဝူထုန်တောင်စောင်းတွင် အကျဉ်းချခံထားရပြီး မထင်မှတ်စွာ ဖခင်အရင်းနှင့် ပြန်လည်ဆုံတွေ့ခဲ့သည်။
ပိုးသားဧကရာဇ်က မည်သည့်မူမမှန်မှုမှ အပေါ်ယံတွင် မပြသဘဲ သူမကို ခေါဆောင်ကာ ပြင်ပဗလာနယ်သို့ ခရီးထွက်ခဲ့ပြီး ထိုနေ့ရက်များသည်လည်း ကောင်းမွန်သော နေ့ရက်များ ဖြစ်ခဲ့သည်ပင်။
အဖြစ်အပျက်များက တစ်ခုပြီးတစ်ခု ဖြစ်ပျက်လာခဲ့သည်။
ဖခင်ဖြစ်သူက မိခင်ဖြစ်သူကို လွမ်းဆွတ်တမ်းတနေသူပမာ သူမ၏အုတ်ဂူကို ကြယ်စင်ရောင်ပြန်ရေကန်သို့ ရွှေ့ပြောင်းခဲပြီး ဖန်းယွင်ရှန်းကိုလည်း လိုက်လံရှာဖေးပေးသည်ဖြစ်ရာ မန်ဝမ်အနေဖြင့် ဤလုပ်ရပ်များမှတစ်ဆင့် ဖခင်တစ်ယောက်၏ နွေးထွေးမှုကို ခံစားနိုင်သည်။
သို့ပေသိ ယခင်က ဖြစ်ပျက်ခဲ့သမျှ ပြန်ပြောင်းတွေးတောကြည့်သည့်အခါ တစ်နေရာတွင် တစ်ခုခု ထူးဆန်းစွာမှားယွင်းနေကြောင်း မန်ဝမ် ခံစားမိသည်။
ပိုးသားဧကရာဇ်ရှိနေသဖြင့် ရန်ကျောက်ကဲမှာလည်း သူမထံသို့ အသံပို့လွှတ်စနစ်ဖြင့်ပင် သတိမပေးနိုင်သဖြင့် ဘာမှရှင်းပြနိုင်ခြင်း မရှိပေ။
မန်ဝမ်၏အကြည့်ကို ရန်ကျောက်ကဲက မတုံ့ပြန်ဘဲ မမြင်ချင်ယောင်ဆောင်လိုက်သည်။
ဒါကိုမြင်တော့ မန်ဝမ် အကြည့်များကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး သူမစိတ်ထဲ အဖြေကိုသိလိုက်ရသည်။ ရန်ကျောက်ကဲ တိတ်ဆိတ်နေမှုက တကယ့်ကို ကျယ်ပြန့်သည့်အဓိပ္ပါယ်ဆောင်သည် မဟုတ်ပါလား။
ရန်ကျောက်ကဲက သူမနားမလည်သော ပဟေဠိတစ်ပုဒ်ကို အခြားသောနည်းလမ်းဖြင့် အဖြေရှာပေးသည့်အလား ခံစားလိုက်သည်။
ရန်ကျောက်ကဲ မည်သည့်တုံ့ပြန်မှုမှမပြုလုပ်ခြင်းက သူမ သိချင်သည့်မေးခွန်းကို ရှင်းရှင်းလင်းလင်းသဘောပေါက်ပြီး သူမ၏ခန့်မှန်းချက်များကို သွယ်ဝိုက်အတည်ပြုပေးလိုက်ခြင်းပင်။
နဂိုကပင် မန်ဝမ်က အများကြီး မျှော်လင့်မထားခဲ့ပေ။
လက်ရှိမှာတော့ မည်သို့မှမတတ်နိုင်စွာပင် မန်ဝမ်သည် အကောင်းဆုံးကိုမျှော်လင့်ပြီး အဆိုးဆုံးအတွက်ပြင်ဆင်ရန် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခဲ့သည်။
သူတို့အုပ်စု မှိန်ဖျော့ဖျော့အလင်းရောင်သာ တောက်ပနေသော အဆုံးမဲ့အမှောင်ထုကို ဖြတ်ကျော်လာကြသည်။
ထိုအချိန် သူတို့ရှေ့မှ မြင်ကွင်းများ ရုတ်တရက် ပြောင်းလဲသွား၏။
ကမ္ဘာဖြတ်လမ်းကြောင်းများအကြား ခရီးသွားလာခြင်းမှာ ရန်ကျောက်ကဲအတွက် ပထမဆုံးအကြိမ်မဟုတ်ပေ။ သို့သော် သူ့အရှေ့မှ မြင်ကွင်းများက ပုံမှန်မဟုတ်ကြောင်း နားလည်လိုက်၏။
မှောင်မှိုင်းသောဗလာနယ်ထဲတွင် အလင်းရောင်တစ်ချက်မရှိဘဲ မှေးမှိန်သောအလင်းရောင်သာ ရှိနေသည့်တိုင် ယခုတော့ ညစ်ညမ်းသည့် အငွေ့အသက်များ စတင်ထွက်ပေါ်လာသည်ကို ခံစားရသည်။
“ဒီနေရာက တကယ့်ကို အေးစိမ့်စမ်းချောင်းနယ်မြေပဲ”
ရန်ကျောက်ကဲ ခေါင်းညိတ်ရင်း ရေရွတ်လိုက်၏။
ယခင်က ဤသို့သောနေရာမျိုးအကြောင်းကို စာအုပ်များထဲတွင်သာ ဖတ်ရှုဖူးပြီး ယခု ပထမဆုံးအကြိမ် ရောက်ရှိဖူးခြင်း ဖြစ်သည်။
ဤနေရာက ငရဲကိုးထပ်မဟုတ်ပေ။
လူသားကမ္ဘာများနှင့်ဆင်တူသည့်တိုင် လူသားကမ္ဘာများလည်း မဟုတ်ပေ။
အေးစိမ့်စမ်းချောင်းနယ်မြေများက အရွယ်အစားများစွာ ရှိသော်လည်း ယခု ရန်ကျောက်ကဲတို့အုပ်စု ရောက်နေသည့်နေရာက အတော်လေး ကျယ်ဝန်းသည်ဟု ဆိုရမည်။
ဖန်းယွင်ရှန်း၏ သဲလွန်စကို ရှာဖွေရန်ကြိုးစားရင်း သူတို့အုပ်စု အေးစိမ့်စမ်းချောင်းနယ်မြေ အတွင်းဘက်သို့ ဆက်လက်ခရီးနှင်ခဲ့ကြသည်။
အေးစိမ့်စမ်းချောင်းနယ်မြေများတွင် ထူးဆန်းသော မိစ္ဆာသားရဲများစွာ ကျက်စားကျက်စားကြသဖြင့် ပတ်ဝန်းကျင်က အလွန်အန္တရယ်များသည်။ သားရဲများက ငရဲကိုးထပ်မှ နတ်ဆိုးများနှင့်ဆင်တူပြီး ရက်စက်ကြမ်းတမ်းကြသလို သူတို့ထဲတွင် တန်ခိုးစွမ်းအားရှိသူများပင် ပါဝင်သည်။
ဤနေရာတွင် တိုက်ပွဲအတွေ့အကြုံရှာမည်လားဆိုသည်ကတော့ ဖန်းယွင်ရှန်းအတွေးစိတ်ကူးနှင့်သာ သက်ဆိုင်သည်။
သူမ ဤနေရာသို့ ဝင်ရောက်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ရာ ရန်ကျောက်ကဲတို့အုပ်စုအနေဖြင့် သူမကို ခပ်မြန်မြန်ရှာတွေ့မည်ဟု တွေးထင်ထားဘဲ သဲလွန်စများကိုသာ ရှာဖွေရန် ကြိုးစားနေသည်။
ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်က လမ်းကို ဦးဆောင်လာပြီး သူတို့နှစ်ယောက်၏ အာရုံခံစွမ်းရည်က သာမန်စံနှုန်းကို ကျော်လွန်သည်ဖြစ်ရာ အေးစိမ့်စမ်းချောင်းနယ်မြေတွင် သောင်းကျမ်းနေသော သားရဲများကို ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ကြပေ။
ထို့ကြောင့် သူတို့အားလုံး အရှိန်အဟုန်ဖြင့် ရှေ့ဆက်လာနိုင်ခဲ့ကြပြီး ဖန်းယွင်ရှန်းကို မမောမပန်းပင် ရှာဖွေကြသည်။ အချိန်များစွာ ကုန်လွန်ခဲ့သဖြင့် ဖန်းယွင်ရှန်းချန်ထားခဲ့သည့် သဲလွန်စများ ပျောက်ကွယ်သွားကြပေမည်။
လဝက်ခန့်ရှာဖွေပြီးနောက်မှ သူမ၏ခြေရာအချို့ကို တိုက်ဆိုင်စွာ ဖမ်းဆုပ်နိုင်ခဲ့ကြသည်။
သူတို့ အတွင်းထဲသို့ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာလေ ဖန်းယွင်ရှန်း၏ခြေရာများကို ပိုပြီးတွေ့ရှိရလေ ဖြစ်သည်။
သို့သော် သူတို့မျက်နှာအမူအရာများက တည်ကြည်လေးနက်လာကြသည်။
အတွင်းပိုင်းသို့ရောက်ရှိလာသည်နှင့် ကြောက်မက်ဖွယ်ရာ ငရဲကိုးထပ်နှင့် ပိုမိုနီးကပ်လာကြောင်း အာရုံခံမိကြသည်။
သို့တိုင် ဖန်းယွင်ရှန်းကို မည်သည့်နေရာတွင်မှ မတွေ့ရသေးပေ။