စစ်စည်းမျဉ်းခန်းမမှ လူများ
Vol. 121 Ch. 1687
မူဟယ်ယွီသည် ထိုစကားများကို ကျန်းရီအား ကြည့်၍ ပြောလိုက်ခြင်းပင်။ သူ့မျက်ဝန်းများထဲတွင် ခနဲ့လိုသော အရိပ်အယောင်တစ်ခုရှိနေသည်။ မူဟယ်ယွီက သူမည်သူဖြစ်ကြောင်းကို အတိအကျ မသိသေးလျှင်ပင် အနည်းဆုံး ခုနစ်ဆယ်ရာခိုင်နှုန်း သေချာနေလိမ့်မည်ဖြစ်ကြောင်း ကျန်းရီ ခန့်မှန်းမိသည်။
ကျန်းရီ ယန်ကိုးပါးစစ်တပ်ထဲ ရောက်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ခေါင်းဆောင်က သူ့အကြောင်းကို သိနေပေပြီ။ ထို့ကြောင့် သတင်းက တပ်တွင်းမှ ပေါက်ကြားသွားခြင်း မဟုတ်ကြောင်း ထင်ရှားသည်။ အပြင်တွင် သူက ယန်ကိုးပါးတပ်ထဲ၌ ရှိနေကြောင်းကို သိထားသူ တစ်ယောက်ယောက် ရှိပေလိမ့်မည်။ တောက်မျိုးနွယ်က ခေါင်းဆောင်ကို ဖိအားပေးခဲ့ခြင်း ဖြစ်မည်။ မဟုတ်လျှင် ခေါင်းဆောင်သည် ဤကဲ့သို့ အသေးအဖွဲကိစ္စလေးများကို အရေးစိုက်လိမ့်မည် မဟုတ်ချေ။ သူ ယန်ကိုးပါးစစ်တပ်ထဲ ဝင်ခြင်းမှာ ဆိုးသောကိစ္စမဟုတ်ပေ။ ယန်ကိုးပါးစစ်တပ်၏ ခေါင်းဆောင်သည် အစွမ်းအစရှိကာ အားကိုးအားထားပြုနိုင်သော တပ်သားတစ်ယောက်ကို ရလိုက်၍ သဘောပင်ကျပေလိမ့်ဦးမည်။
‘ဟယ်နုန်ယင်းက ငါ့ကို သစ္စာဖောက်သွားတာလား’
ကျန်းရီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာသည်။ သို့သော် သူ ထိုသံသယကို ချက်ချင်း ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။ ဟယ်နုန်ယင်းကသာ သူ့ကို သစ္စာဖောက်လိုလျှင် ယခုအထိ စောင့်နေရန် မလိုပေ။ သူမသည် မိုးပြာဒေသ သို့မဟုတ် ချီလင်းမြို့ထဲမှကတည်းက သူ့ကို အလွယ်တကူ သတ်ပစ်နိုင်ခဲ့သည် မဟုတ်ပါလား။
တောက်မျိုးနွယ်ဝင်များက ဟယ်နုန်ယင်း၏ လုပ်ရပ်များနှင့် ချီလင်းမြို့ထဲရှိ သတင်းအရင်းအမြစ်များမှ ရသော သတင်းများကို အခြေခံ၍ ခန့်မှန်းခဲ့ခြင်းဖြစ်မည်။ သူတို့သည်လည်း ကျန်းရီက ယန်ကိုးပါးစစ်တပ်ထဲတွင် ရှိကြောင်း မသေချာလောက်ပေ။ ထို့ကြောင့် မူဟယ်ယွီတို့က ဆက်၍စုံစမ်းရခြင်းဖြစ်သည်။
အခြေအနေများက ဤအဆင့်သို့ ရောက်လာပြီဖြစ်သော်လည်း မူဟယ်ယွီက တိုက်ရိုက်မစွပ်စွဲသေးသဖြင့် ကျန်းရီ ရှေ့ထွက်စရာ မလိုသေးပေ။ ထို့ကြောင့် သူ မျက်နှာသေဖြင့်သာ ဆက်ရပ်နေလိုက်သည်.
ယွင်ပင်း၏ မျက်နှာထားကလည်း ရုတ်ခြည်း ပုံမှန်ပြန်ဖြစ်သွားသည်။ သူမသည် မူဟယ်ယွီကို အေးစက်စက် စိုက်ကြည့်၍ ပြောလိုက်သည်။
“ခေါင်းဆောင်ကလား... ဒီအမိန့်ကို ပေးတာ ရှင့်အဘိုးမဟုတ်လား။ မူဟယ်ယွီ.. ရှင်က ကျွန်မကို အမြဲမုန်းနေခဲ့တယ်ဆိုတာ ကျွန်မသိပါတယ်။ ရှင် ကျွန်မအပေါ် လက်စားချေချင်ရင်တောင် နောက်ကျ ဒီလိုလှည့်ကွက်မျိုး မသုံးပါနဲ့။ မဟုတ်ရင် ခေါင်းဆောင်ကို ဝင်ပါလာရအောင် လုပ်ရမယ်ဆိုရင်တောင် ကျွန်မ ရှင့်ကို ရှင်းပစ်မယ်”
ယွင်ပင်းသည် ပြောဆိုပြီးနောက် ရဲတိုက်ထဲမှနေ၍ ဒေါသတကြီး ထွက်သွားလိုက်သည်။ ကျန်းရီနှင့် အခြားသူများလည်း နောက်မှ လျင်မြန်စွာ လိုက်သွားလိုက်ရသည်။ သူတို့သည် အေးစက်စက် မျက်နှာထားဖြင့် သူတို့၏ ရဲတိုက်သို့ ပြန်သွားကြသည်။ ဤတစ်ကြိမ်တွင် ကျန်းရီသည် ယွင်ပင်း၏ အခေါ်ကိုပင် မစောင့်ဘဲ သူမနောက်သို့ တစ်လျှောက်လုံး လိုက်သွားလိုက်၏။ မည်သည့်ကိစ္စများ ဖြစ်ပျက်နေကြောင်း တိတိကျကျ မသိရလျှင် သူ စစ်စခန်းထဲတွင် စိတ်အေးအေးနှင့် နေနိုင်မည် မဟုတ်ချေ။ အကယ်၍ ယန်ကိုးပါးစစ်တပ်က သူ့ကို တောက်မျိုးနွယ်လက်ထဲ အမှန်တကယ် ထည့်လိုက်လိုနေလျှင် သူ့တွင် ရွေးချယ်စရာမရှိတော့ဘဲ ဤနေရာမှနေ၍ ထွက်သွားရမည်ဖြစ်သည်။
“အားလုံး ထွက်သွားကြ။ တပ်ဗိုလ်ကျန်းက နေခဲ့ပါ”
ယွင်ပင်းသည် လူစုကို တစ်ချက်ကြည့်၍ အမိန့်ပေးလိုက်သည်။ လူစုသည် လက်ဆုပ် အရိုအသေပေးကာ ထွက်သွားကြသည်။ ထိုစဉ် ယွင်ပင်းက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“တပ်ဗိုလ်ကျန်းအကြောင်းကို တစ်ခုတောင် မပေါက်ကြားပါစေနဲ့။ ရှင်တို့ သူ့ကို သစ္စာဖောက်ရင် ကျွန်မကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့’
လူစုသည် ထိုအမိန့်ကိုလည်း နာခံလိုက်ကြပြီး ထွက်သွားလေသည်။ ကျန်းရီ အတန်ငယ် ဦးညွှတ်ကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် စစ်သူကြီး။ ဒါပေမဲ့ အခု အဲ့လူတွေ သတင်းပေး၊ မပေးက အရေးမကြီးတော့ပါဘူး။ မူဟယ်ယွီက ကျွန်တော် ဘယ်သူဆိုတာကို ခန့်မှန်းပြီးပြီလို့ ကျွန်တော်ထင်တယ်”
“အဲ့တော့ ဘာဖြစ်လဲ”
ယွင်ပင်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီးနောက် ပြောလိုက်သည်။
“ကျန်းရီ... စိတ်မပူပဲ ငှက်တောင်ပျံတပ်ထဲမှာ ဆက်နေပါ။ ဒီငှက်တောင်ပျံတပ်က မူမျိုးနွယ်ပိုင်တဲ့တပ် မဟုတ်ပါဘူး။ ရှင် ဒီမှာနေရင် ဘယ်သူမှ ရှင့်ကို ထိရဲမှာ မဟုတ်ဘူး”
ကျန်းရီ ခါးသက်သက် ပြုံးလိုက်သည်။
“ခေါင်းဆောင်တွေက ကျွန်တော့်ကို ဖမ်းဖို့ အမိန့်ပေးလိုက်ရင် ဘယ်လိုလုပ်မလဲ။ အဲ့ကျရင် ကျွန်တော် အဖမ်းခံရပြီး တောက်မျိုးနွယ်ဆီ လွှဲပြောင်းပေးခံရမှာပဲ”
“ဟားဟား...”
ယွင်ပင်းက လှောင်ရယ်ရယ်လိုက်၏။
“ကျန်းရီ... ရှင်က မျိုးနွယ်ခေါင်းဆောင် သုံးဆယ့်ခြောက်ယောက်ကို လျှော့တွက်နေတာပဲ။ မူဟယ်ယွီက ရှင့်ကို ရှာရုံရှာနေတာပါ။ ခေါင်းဆောင်တွေက ဘယ်လိုလုပ် အဲ့လိုအမိန့်ကို ပေးမှာလဲ။ တောက်မျိုးနွယ်က မူမျိုးနွယ်ကို အကူအညီတောင်းခဲ့ပေမဲ့ ဒီကိစ္စကို မူမျိုးနွယ်ခေါင်းဆောင် သိပုံမရဘူး။ မူမျိုးနွယ်က ဒီကိစ္စကို လျှို့ဝှက်စုံစမ်းနေတာပါ”
“ခင်ဗျား သေချာရဲ့လား”
ကျန်းရီ မျက်ခုံးပင့်လိုက်၏။ ယွင်ပင်း၏ စကားသာ မှန်လျှင် လောလောဆယ်တွင် သူ ငှက်တောင်ပျံတပ်၌ ဆက်နေရန် လုံခြုံပေလိမ့်မည်။ ငှက်တောင်ပျံတပ်မှာ ယွင်မျိုးနွယ်ပိုင်သော တပ်ပင်။ မူမျိုးနွယ်ပိုင်သောတပ် မဟုတ်ပေ။
ကျန်းရီ အတော်ကြာအောင် နှုတ်ဆိတ်နေပြီး အံကြိတ်ကာ ပြောလိုက်သည်။
“စစ်သူကြီးသာ ယုံကြည်မှုရှိမယ်ဆိုရင် ကျွန်တော် ဒီမှာပဲ ဆက်နေပြီး ကျွန်တော့်ကံကြမ္မာကို ကောင်းကင်ဆီပဲ ပုံအပ်ထားလိုက်ပါမယ်”
“အင်း...”
ယွင်ပင်းက ခေါင်းညိတ်ကာ ပြောသည်။
“စိတ်အေးအေးနေပါ။ ကျွန်မ ဒီကိစ္စကို တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်မယ်။ ခေါင်းဆောင်တွေက တကယ်ပဲ ရှင့်ကို ဖမ်းဖို့ အမိန့်ပေးထားတယ်ဆိုရင် ကျွန်မကိုယ်တိုင် ရှင့်ကို ယန်ကိုးပါးတောင်ကြားအပြင်ရောက်အောင် လိုက်ပို့ပေးမယ်”
“ကျေးဇူးတင်ပါတယ် သခင်မလေးယွင်”
ကျန်းရီသည် ပထမဆုံးအကြိမ်အနေဖြင့် ထိုသခင်မလေးကို သဘောကျမိသွားသည်။ ယွင်းပင်းက သူ့ကို အမှန်တကယ် ကူညီလိုသည်ဖြစ်စေ သို့မဟုတ် မူဟယ်ယွီ အခက်တွေ့အောင် လုပ်လိုနေခြင်းဖြစ်စေ ကျေးဇူးမှာ ကျေးဇူးပင်။ သူ ယွင်ပင်းကို စိတ်ရင်းဖြင့်ကြည့်ကာ ပြောလိုက်သည်။
“ကျွန်တော် ငှက်တောင်ပျံတပ်ကို ဆက်ကူညီနိုင်နိုင်၊ မကူညီနိုင်နိုင် အခုကစပြီး ခင်ဗျားကို ကျုပ်ရဲ့မိတ်ဆွေတစ်ယောက်လို့ မှတ်ယူပါမယ်”
ယွင်ပင်း၏ နှုတ်ခမ်းစွန်းလေးများ တွန့်တက်သွား၏။ ထို့နောက် သူမ နှုတ်ခမ်းစူကာ ပြောလိုက်သည်။
“ရှင့်ရဲ့ အကျင့်စရိုက်က မဆိုးပါဘူး။ ဒါပေမဲ့ ရှင်က အရမ်းရုပ်ဆိုးလွန်းတယ်။ ကျွန်မက... ရုပ်ဆိုးတဲ့မိတ်ဆွေတွေကို သဘောမကျဘူး”
“ဟားဟားဟား...”
ကျန်းရီ ရယ်လိုက်ပြီးနောက် ရဲတိုက်အပြင်သို့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်ထွက်သွားလေသည်။ သူ တံခါးဝသို့ ရောက်သောအခါ နောက်လှည့်ကြည့်၍ ပြောလိုက်သည်။
“စစ်သူကြီး... ကျွန်တော် ဒီတပ်ထဲမှာ ဆက်ပုန်းနေစရာ မလိုတော့ဘူးဆိုရင် ကျွန်တော့်ရဲ့ ရုပ်အမှန်ကို ပြပါမယ်။ အဲ့ကျရင် ခင်ဗျား ကျွန်တော့်ကို ရုပ်ဆိုးတယ်လို့ ပြောတော့မှာ မဟုတ်ဘူး”
“ဟားဟား...”
ယွင်ပင်းသည် ရဲတိုက်ထဲမှ ထွက်သွားသော ကျန်းရီကို ငေးကြည့်နေမိ၏။ သူမ အလိုလိုပြုံးမိကာ ရေရွတ်လိုက်သည်။
“ရှင်က ရွံစရာကောင်းလောက်အောင် ရုပ်ဆိုးနေပြီ။ ရှင့်ရဲ့ ရုပ်အမှန်ကို ပြန်ရရင်တောင် ဘယ်လောက် ချောမောခံ့ညားနိုင်မှာမို့လို့လဲ”
“တပ်မှူးချုပ်လျန်...”
အတော်ကြာ ထိုင်နေပြီးနောက် ယွင်ပင်းသည် ရုတ်တရက် အော်ခေါ်လိုက်၏။ တပ်မှူးချုပ်လျန်သည် ယွင်ပင်းက သူ့အား ဆင့်ခေါ်မည်ကို သိထားသည့်အလား ချက်ချင်း ရောက်လာပြီး လက်ဆုပ်ကာ ပြောလိုက်သည်။
“ကျုပ် ရှိပါတယ်”
“ကျွန်မ ယန်ကိုးပါးမြို့ကို သွားချင်တယ်”
ယွင်ပင်း ထရပ်ကာ ဆိုသည်။
“ကျွန်မ မရှိတုန်း ဒီတပ်ကို ရှင်ပဲ ကြီးကြပ်ထားပါ။ တကယ်လို့ ကိစ္စကြီး တစ်ခုခု ဖြစ်လာရင် ကျွန်မကို ချက်ချင်း အကြောင်းကြားပါ။ တကယ်လို့... မူဟယ်ယွီက စည်းကျော်လာရင် သူ့ကို ကျွန်မ ပြန်ရောက်တဲ့အထိ ထိန်းထားပေးပါ”
“ဟုတ်ကဲ့ပါ”
တပ်မှူးလျန်က ဦးညွှတ်ကာ အမိန့်နာခံလိုက်သည်။
“စစ်သူကြီး... ဒီတစ်ခေါက်က ကျုပ်ရဲ့အမှားပါ။ ကျုပ်ကို အပြစ်ပေးပါ”
“အဲ့ဒါက ရှင်နဲ့ ဘာမှမဆိုင်ပါဘူး”
ယွင်ပင်း လက်ဝှေ့ယမ်းလိုက်၏။
“ဒီတစ်ခေါက် မူဟယ်ယွီက ကျွန်မတို့ကို တမင် အန္တရာယ်ကြုံအောင် လုပ်ခဲ့တယ်ဆိုတာ အသိသာကြီးပဲ။ သူတို့က ကျွန်မတို့ အန္တရာယ်ကြုံပြီးမှ တစ္ဆေမျက်လုံးသားရဲဘုရင်အကြောင်းကို ကျောက်စိမ်းအဆောင်ထဲ ထပ်ဖြည့်ခဲ့တာ နေမှာပေါ့။ အရင်တုန်းက ကျွန်မတို့ သူ့ကို ယန်ကိုးပါးမြို့ထဲမှာ သင်းကွပ်ပစ်ခဲ့လို့ သူ့ဂုဏ်သတင်းက မြောင်းထဲရောက်သွားတာ မဟုတ်လား။ သူက ကျွန်မတို့ကို လက်စားချေဖို့ ဒီလိုလုပ်တာနေမှာ။ မဟုတ်ရင် ဘာလို့ သူက ငှက်တောင်ပျံတပ်ထဲကို ဝင်မှာလဲ”
တပ်မှူးလျန် နှုတ်ဆိတ်သွားသည်။ ယွင်ပင်းသည် ငှက်တောင်ပျံတပ်ထဲတွင်သာမက ကမ္ဘာဦးကောင်းကင်ဘုံတစ်ခွင်လုံးတွင် ကျော်ကြားသူဖြစ်သည်။ ယခင်တွင် သူမသည် မူဟယ်ယွီကို အမှန်ပင် သင်းကွပ်ပစ်ခဲ့သည်။ အခြားမျိုးနွယ်ကြီးများမှ သခင်လေးအချို့သည်လည်း သူမ၏ ရိုက်နှက်မှုကို ပြင်းပြင်းထန်ထန်ခံရကာ သေလုမြောပါး ဖြစ်ခဲ့ကြဖူးသည်။ ယန်ကိုးပါးမြို့မှ သခင်လေး မဆိုထားနှင့် မည်သည့်သခင်လေးကမှ သူမကို လာမရှုပ်ဝံ့ပေ။
ယွင်ပင်းသည် သူမ၏ကိုယ်ရံတော်များကို ခေါ်၍ အပြင်ထွက်သွား၏။ တပ်ကိုမူ တပ်မှူးချုပ်လျန်ကသာ ကြီးကြပ်ရတော့သည်။ ယွင်ပင်းရှိမနေလျှင် သူသည် တာဝန်များကို လက်မခံဝံ့ပေ။ ထို့ကြောင့် တစ်တပ်လုံး အနားယူ ကျင့်ကြံခွင့် ရနေပေသည်။
ယွင်ပင်း၏ ကတိပေးချက်ကြောင့် ကျန်းရီသည် ငှက်တောင်ပျံတပ်ထဲတွင် စိတ်အေးလက်အေးဖြင့် ဆက်နေလိုက်သည်။ သို့သော် သူ ထွက်သွားလိုလျှင်လည်း ထွက်သွားနိုင်မည့် နည်းလမ်းမရှိခြင်းမှာ ပြဿနာပင်။ ယွင်ပင်းက သူ့ကို ထွက်သွားခွင့် မပြုသ၍ သူ ထွက်သွားနိုင်မည် မဟုတ်ပေ။ သူ ထွက်မသွားနိုင်ရာ ထိုအကြောင်းကို များစွာတွေးတောနေလျှင်လည်း အကျိုးမရှိချေ။ ထို့ကြောင့် သူ့ကံကြမ္မာကို ကောင်းကင်ထံတွင်သာ ပုံအပ်ထားရတော့မည်ဖြစ်သည်။
ကျန်းရီသည် သူ၏ကိုယ်ပိုင်အခန်းထဲဝင်၍ အခန်းအောင်းကျင့်ကြံလိုက်၏။ သူ မဟာနတ်ဘုရားအတတ်အစစ်အမှန်ကို သိမြင်နားလည်နိုင်အောင် ကြိုးစားနေသည်။ ဆန်းကြယ်သော ပုံသဏ္ဌာန်များကို မည်သို့ဖန်တီးရမည်ကို သူ သိလိုနေသည်။ ကျန်းရီသည် အလောင်းကြီးကို ထုတ်၍ ၎င်း၏ သွေးကြောမှတ်များထဲမှ ဆန်းကြယ်သော ပုံသဏ္ဌာန်များကို လေ့လာလိုက်သည်။ လက်ထဲတွင် နတ်ဘုရားသစ်ရွက်ကို ကိုင်ထားရာ သူ၏ သိမြင်နားလည်နိုင်စွမ်းက အတော်လေး မြန်နေပေသည်။
ကျန်းရီသည် သူ အချိန်မည်မျှကြာအောင် ကျင့်ကြံခဲ့ကြောင်း မသိပေ။ အခန်း၏ အကာအရံများ မလင်းလက်လာမချင်း သူ အရေးစိုက်မည် မဟုတ်ချေ။ တစ်ရက်နှင့် နေ့တစ်ပိုင်းကြာပြီးနောက် မဟာနတ်ဘုရားအတတ်နှင့် ပတ်သတ်သည့် ဆန်းကြယ်မှုအချို့ကို သူ နားလည်သွားသည်။
‘ငါ ကျင့်ကြံတဲ့ မဟာနတ်ဘုရားအတတ်က တကယ်ကို မပြည့်စုံဘူးပဲ။ တကယ့်အတတ်အစစ်အမှန်ကို ပိုရိုးရှင်းအောင် အကျဉ်းချုပ်ထားတဲ့ အတတ်တစ်ခုပဲ။ ဒါပေမဲ့ အတတ်ကို ရိုးရှင်းအောင် လုပ်ခဲ့တဲ့သူက သွေးကြောမှတ်တစ်ရာ့ရှစ်မှတ်နောက်ကွယ်က ဆန်းကြယ်မှုကို ခံတော့ခံစားမိခဲ့လိမ့်မယ်။ အဲ့သွေးကြောမှတ်တွေထဲက ဆန်းကြယ်တဲ့ ပုံသဏ္ဌာန်တွေက မဟာနတ်ဘုရားမျိုးနွယ်ရဲ့ စွမ်းအားအရင်းအမြစ်ဆိုတာလည်း သိခဲ့လောက်တယ်...’
‘ဒါပေမဲ့ သူက အဲ့အတတ်အစစ်အမှန်ကို မကျင့်ကြံနိုင်တော့ ဒုတိယအကောင်းဆုံးနဲ့ပဲ ကျေနပ်ပြီး တူညီတဲ့ စွမ်းအားတစ်ခုကို ကျင့်ကြံခဲ့တာဖြစ်မယ်၊ မိုးမြေစွမ်းအား...’
ကျန်းရီသည် ထိုအကြောင်းကို အလွန်သေချာ၏။ သူ၏ မိုးမြေစွမ်းအားကို အလောင်းကြီးထဲ ထည့်လိုက်ပြီး ကောင်းကင်စိတ်အာရုံနှင့် လိုက်လံအာရုံခံကြည့်မည်ဆိုလျှင် ဆန်းကြယ်သော ပုံသဏ္ဌာန်များက ထိုစွမ်းအားကို စုပ်ယူသွားကြောင်း သိရပေလိမ့်မည်။ ဆန်းကြယ်သော ပုံသဏ္ဌာန်များသည် မိုးမြေစွမ်းအားကို စုပ်ယူပြီးနောက်တွင် တောက်ပစွာ လင်းလက်လာပြီး ဖြည်းညင်းစွာ လှည့်ပတ်ရွေ့လျားလာကြသည်။ သွေးကြောမှတ်တစ်ရာ့ရှစ်မှတ်စလုံးမှ ဆန်းကြယ်သော ပုံသဏ္ဌာန်များ နိုးထလာလျှင် အလောင်းကြီးက အလွန်စွမ်းအားကြီးသွားသည်။ မဟာနတ်ဘုရားမျိုးနွယ်သည် ထိုနည်းဖြင့် ကြီးမားသော စွမ်းအားအရင်းအမြစ်ကို ရထားခြင်းပင်။
“ကြယ်တာရာစွမ်းအား၊ ဒီဆန်းကြယ်တဲ့ ပုံသဏ္ဌာန်တွေကို ဖန်တီးဖို့ ကြယ်တာရာစွမ်းအားကို သုံးရမဲ့ပုံပဲ’
ကျန်းရီ စိတ်လှုပ်ရှားလာသည်။ နောက်ဆုံးတွင် သူ နည်းလမ်းတစ်ခုကို ရှာတွေ့ပေပြီ။ ထိုနည်းလမ်းက နည်းလမ်းမှန် ဟုတ်သည်၊ မဟုတ်သည်ကိုတော့ သူ မသိပေ။ ထို ဆန်းကြယ်သော ပုံသဏ္ဌာန်များကို တုပဖန်တီးနိုင်လိုက်လျှင် သူ့ခန္ဓာကိုယ်က မဟာနတ်ဘုရားမျိုးနွယ်ဝင်များ၏ ခန္ဓာကိုယ်လောက် အင်အားကြီးလာနိုင်မည်၊ မနိုင်မည်ကိုလည်း သူ မသိချေ။ သို့သော် အနည်းဆုံးတော့ သူ့တွင် နည်းလမ်းတစ်ခု ရှိပြီဖြစ်သည်။ သူသည် ဦးတည်ချက်မရှိဘဲ လှည့်ပတ်နေရသော ခေါင်းမဲ့ယင်ကောင်တစ်ကောင်ကဲ့သို့ ဖြစ်နေတော့မည် မဟုတ်ပေ။
ရွှီး...
ကျန်းရီ ထိုနည်းလမ်းကို စမ်းကြည့်ရန် ဟန်ပြင်လိုက်ချိန်တွင် အခန်းပတ်ပတ်လည်မှ အကာအရံများက အဆက်မပြတ် လင်းလက်လာ၏။ သူ အကာအရံများကို ပိတ်လိုက်ပြီး ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ကာ အာရုံခံကြည့်လိုက်သည်။ သူ့ရဲတိုက်ထဲတွင် လူများ ပြည့်နှက်နေပေသည်။
ကျန့်တိနျန်တို့က သူ့အခန်းကို ဝန်းရံထားပြီး ရန်သူများကို ခုခံရန် ကြိုးစားနေကြ၏။ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ထိုမြင်ကွင်းကို အာရုံခံမိသည်နှင့် သူ ကျန့်တိနျန်၏ အသံပို့လွှတ်မှုကိုလည်း လက်ခံရလိုက်သည်။
“တပ်ဗိုလ်... ပြဿနာတက်ပြီ။ စစ်စည်းမျဉ်းခန်းမက တပ်မှူးတစ်ယောက် ရောက်နေတယ်။ သူက တပ်ဗိုလ်ကို ခေါ်သွားချင်နေတာ”