ကိုယ့်ဒုက္ခကိုယ်ရှာခြင်း
Vol. 121 Ch. 1688
“စစ်စည်းမျဉ်းခန်းမလား”
ကျန်းရီသည် ထိုစကားကို ကြားလိုက်သောအခါ တစ်ယောက်ယောက်က သူ့ကို အကွက်ဆင်ပြီဖြစ်ကြောင်း ချက်ချင်း ကောက်ချက်ချလိုက်၏။ စစ်စည်းမျဉ်းခန်းမသည် စစ်စည်းမျဉ်း ချိုးဖောက်သူများကို စီရင်ရာနေရာဖြစ်သည်။ သူ ယန်ကိုးပါးစစ်တပ်ထဲ ဝင်ခဲ့သည်မှာ ရက်အနည်းငယ်သာရှိသေးပြီး မည်သည့် စစ်စည်းမျဉ်းကိုမှလည်း မချိုးဖောက်ထားပေ။ သို့ဖြစ်ရာ အဘယ်ကြောင့် စစ်စည်းမျဉ်းခန်းမကို သူ့ကို ခေါ်ရန် ဤနေရာသို့ ရောက်လာရပါသနည်း။
အကယ်၍ မူဟယ်ယွီက သူမည်သူဖြစ်ကြောင်း သေချာသွားပြီး သူ့ကို ဟယ်မျိုးနွယ်လက်ထဲ ထည့်လိုလျှင်ပင် ၎င်းကိစ္စအတွက် စစ်စည်းမျဉ်းခန်းမကို လုပ်ခိုင်းမည် မဟုတ်ပေ။ ထိုအစား စုံစမ်းရေးခန်းမကိုသာ သုံးပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကျန်းရီကို တောက်မျိုးနွယ်သို့ လွှဲပေးနိုင်မည့် တစ်ခုတည်းသောနည်းမှာ သူက မကောင်းသော အကြံဖြင့် ယန်ကိုးပါးစစ်တပ်ထဲ ဝင်လာသည့် သူလျှိုတစ်ယောက်ဖြစ်သည်ဟု အကွက်ဆင်ရန် ဖြစ်၍ပင်။ ဤမတိုင်ခင်က မူဟယ်ယွီသည် ကျန်းရီကို သူလျှိုတစ်ယောက်ဟု စွပ်စွဲခဲ့သည်။ သူ့အား သူလျှိုတစ်ယောက်ဟု သဘောထားကာ စုံစမ်းခဲ့သည်။ သူလျှိုများကို ကိုင်တွယ်ရသည့် ခန်းမမှာ စစ်စည်းမျဉ်းခန်းမ မဟုတ်ဘဲ စုံစမ်းရေးခန်းမဖြစ်သည်။
စုံစမ်းရေးခန်းမသည် တပ်တွင်းရှိ တပ်သားအားလုံးကို စုံစမ်းရန် တာဝန်ယူရသည်။ သူတို့၏ အလုပ်မှာ သူလျှိုများနှင့် သစ္စာဖောက်များကို ရှာရန်ဖြစ်သည်။ သို့ဖြစ်ရာ အဘယ်ကြောင့် စစ်စည်းမျဉ်းခန်းမမှ လူများက ကျန်းရီကို လာရှာနေရသနည်း။
ထိုအတွက် ရှင်းပြချက်တစ်ခုသာ ရှိသည်။ မူမျိုးနွယ်က ငှက်တောင်ပျံတပ်ထဲတွင် ဩဇာအာဏာမရှိသဖြင့် ကျန်းရီကိုခေါ်သွားရန် စစ်စည်းမျဉ်းခန်းမအပေါ်သာ မှီခိုနိုင်၍ဖြစ်မည်။ ယင်းမှာ ယွင်ပင်းက မှန်ကန်ကြောင်း သက်သေပြနေသည်။ ကျန်းရီကို လွှဲပေးလိုသူမှာ ခေါင်းဆောင်များမဟုတ်ဘဲ မူမျိုးနွယ်သာဖြစ်သည်။
ကျန်းရီသည် ထိုအကြောင်းကို ရှင်းသွားသည်နှင့် စိတ်သက်သာရာရသွား၏။ သူ့အနောက်လိုက်နေသူမှာ မူမျိုးနွယ်သာဆိုလျှင် သူ ရှင်သန်နိုင်ခြေ ပိုများပေလိမ့်မည်။ အကယ်၍ ယန်ကိုးပါးစစ်တပ်ကသာ သူ့ကို ဖမ်းလိုခြင်းဆိုလျှင် သူ ဤနေရာ၊ ဤအချိန်မှာပင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်သည်က ပိုကောင်းမည်ဖြစ်သည်။ သူ ဤဆန်းကြယ်နယ်မြေထဲမှနေ၍ မည်သို့မှ ထွက်သွားနိုင်မည် မဟုတ်ချေ။
ကျန်းရီသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အပြင်မှ အခြေအနေကို စူးစမ်းလိုက်၏။ သူ ယွင်ပင်း၏ ရဲတိုက်ကိုလည်း လျှို့ဝှက်စွာ အာရုံခံလိုက်၏။ သို့သော် ယွင်ပင်း ရှိမနေပေ။ ထို့ပြင် တပ်မှူးချုပ်နှစ်ယောက်ကိုလည်း မတွေ့ရ။ ထိုရဲတိုက်ထဲတွင် ကိုယ်ရံတော်တစ်ယောက်သာ ရှိနေပေသည်။
“တစ်ယောက်ယောက်က ကျွန်တော့်ကို ဖမ်းချင်နေတယ်။ တပ်မှူးချုပ်လျန်နဲ့ စစ်သူကြီးယွင်ဆီကို သတင်းပို့ပေးပါ”
ကျန်းရီ ထိုကိုယ်ရံတော်ထံသို့ အသံပို့လွှတ်လိုက်၏။ ကိုယ်ရံတော်က ချက်ချင်း အသံပြန်ပို့လွှတ်သည်။
“ကျန်းရီ... ငါ သူတို့ဆီ သတင်းပို့ပြီးပြီ။ တပ်မှူးချုပ်လျန်က မကြာခင် ရောက်လာလိမ့်မယ်။ ဒါပေမဲ့ စစ်သူကြီးက ယန်ကိုးပါးမြို့ကိုသွားတာ။ သူက ပြန်မပြောသေးဘူး”
ကျန်းရီ ရင်တုန်သွား၏။ ယွင်ပင်းက ဤနေရာတွင် မရှိသည်လော။ သူမ မရှိလျှင် စစ်စည်းမျဉ်းခန်းမမှ လူများကို ပြန်လွှတ်ရန် သူ တပ်မှူးချုပ်လျန်အပေါ်တွင် မှီခိုနိုင်ပါမည်လော။
ကျန်းရီ တုံ့ဆိုင်းနေစဉ်မှာပင် အပြင်ဘက်၌ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာသည်။ ထို့နောက် မောက်မာသော ရယ်သံကျယ်ကြီးတစ်သံကို ကြားလိုက်ရသည်။
“မင်းတို့က ပုန်ကန်နေတာလား။ စစ်စည်းမျဉ်းခန်းမက လူတွေကို ဝိုင်းပြီး တိုက်ခိုက်ရဲလား။ ချက်ချင်း ထွက်သွားကြ... မဟုတ်ရင် မင်းတို့ကိုလည်း သစ္စာဖောက်တွေလို့ သဘောထားပြီး သတ်ပစ်မယ်”
ကျန်းရီ အခန်းထဲတွင် ဆက်ထိုင်မနေနိုင်တော့ပေ။ သူ အခန်းတံခါးကို ဖွင့်လိုက်ရာ သူ့တံခါးကို ကာထားသော ကျန့်တိနျန်တို့ကို တွေ့လိုက်ရသည်။ ချက်ချင်းပင် သူ ပြောလိုက်သည်။
“အားလုံး ဘေးဖယ်ပါ”
တပ်ဖွဲ့ထဲတွင် ကျန်းရီ၏ အဆင့်အတန်းက အတော်လေးမြင့်သည်။ ကျန့်တိနျန်သည် ကျန်းရီကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းရီ၏ ပြတ်သားနေသော မျက်နှာထားကို တွေ့သောအခါ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“အားလုံး ဘေးဖယ်ကြ”
ဆယ်ချီသောလူများက အခန်းဘေးသို့ ချက်ချင်းဖယ်လိုက်ကြသည်။ ထို့နောက် ကျန်းရီသည် တံခါးအရှေ့ရှိ အသက်လတ်ပိုင်းအရွယ် တပ်မှူးကို ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“ကျွန်တော်က ကျန်းဝူမင်ပဲ။ ခင်ဗျားက ဘယ်သူလဲ”
“မင်း တံဆိပ်ကို မကြည့်တတ်ဘူးလား”
တပ်မှူးသည် သူ့ရင်ဘတ်တွင် ချိတ်ဆွဲထားသည့် တံဆိပ်ကို ညွှန်ပြ၍ ခြောက်ကပ်ကပ် ရယ်လိုက်၏။
“ငါက စစ်စည်းမျဉ်းခန်းမက တပ်မှူးဂူကျန်းရှန်ပဲ။ မင်း ငါနဲ့လိုက်ခဲ့ပါ”
“ခင်ဗျားနဲ့ လိုက်ခဲ့ရမှာလား”
ကျန်းရီ မျက်နှာရှုံ့လိုက်ပြီး နားမလည်ဟန်ဖြင့် မေးလိုက်သည်။
“ကျွန်တော်က ဘာလို့ ခင်ဗျားနဲ့ လိုက်ခဲ့ရမှာလဲ။ ကျွန်တော်က စစ်သူကြီးယွင်ရဲ့တပ်က တပ်ဗိုလ်ပဲ။ ခင်ဗျားရဲ့ ရာထူးက ကျွန်တော့်ထက် မမြင့်ဘူး။ အဲ့တော့ ကျွန်တော့်ကို လိုက်ခဲ့လို့ ပြောနိုင်လောက်အောင် ခင်ဗျားမှာ အာဏာမရှိဘူး”
“အန်...”
ဂူကျန်းရှန်နှင့် သူ့လက်အောက်ငယ်သား ဆယ်ယောက်ကျော်တို့၏ မျက်နှာများ မည်းမှောင်သွား၏။ တပ်များအကြားတွင် စစ်စည်းမျဉ်းခန်းမက အထူးနေရာတစ်ခု၌ ရှိသည်။ ထိုခန်းမမှ တပ်မှူးတစ်ယောက် မဆိုထားနှင့် သာမန်တပ်သားများပင် လေးလေးစားစား ဆက်ခံရပေသည်။
စစ်စည်းမျဉ်းခန်းသည် ခေါင်းဆောင်များထံ တိုက်ရိုက်အစီအရင်ခံပြီး စစ်စည်းမျဉ်းများကို ထိန်းသိမ်းရန် တာဝန်ယူရသည်။ ကျန်းရီမှာ တပ်ဗိုလ်လေးတစ်ယောက်သာဖြစ်ရာ စစ်စည်မျဉ်းခန်းမ၏ မျက်လုံးထဲတွင် သူက အရေးမပါပေ။ သူက တပ်မှူးချုပ်တစ်ယောက် ဖြစ်နေပါစေ အင်အားကြီးသော ကျောထောက်နောက်ခံ မရှိလျှင် ဂူကျန်းရှန်ကို ဆန့်ကျင်နိုင်မည် မဟုတ်ချေ။
ဂူကျန်းရှန်သည် မည်းမှောင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“မင်းက ငါ့အမိန့်ကို ဆန့်ကျင်ရဲတယ်ပေါ့လေ။ စစ်စည်းမျဉ်းခန်းမကို ဆန့်ကျင်ရင် ဘယ်လိုအပြစ်ပေးခံရတယ်ဆိုတာကို မင်းသိလား။ မင်းကို သေဒဏ်ပေးလို့ရတယ်ကွ။ ငါကိုယ်တိုင် မင်းကို သတ်ပစ်မယ်”
“ခင်ဗျားမှာ အဲ့လိုလုပ်ပိုင်ခွင့်ရှိတာ သေချာရဲ့လား”
ကျန်းရီ ပြုံးလိုက်သည်။ သူသည် စစ်စည်းမျဉ်းများကို သေချာမသိသေးသော်လည်း တပ်မှူးများတွင်သာ ထိုကဲ့သို့သော အာဏာမျိုး ရှိနေလျှင် ယန်ကိုးပါးစစ်တပ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် ပရမ်းပတာ ဖြစ်နေလောက်ပြီဖြစ်ကြောင်းတော့ သိပေသည်။ သူ ကောင်းကင်စိတ်အာရုံထုတ်လွှတ်၍ အစောမှ ကိုယ်ရံတော်ထံ အသံပို့လွှတ်လိုက်သည်။
“သူတို့ ကျွန်တော့်ကို ခေါ်သွားဖို့ ခွင့်ပြုချက် ဒါမှမဟုတ် တံဆိပ်ပြား လိုသေလား”
ကိုယ်ရံတော်သည် ခေတ္တမျှ တွေးတောပြီးနောက် အသံပြန်ပို့လွှတ်သည်။
“တပ်ဗိုလ်ကျန်း... ခင်ဗျားရဲ့ ရာထူးအရ ခင်ဗျားကို ဖမ်းခေါ်သွားချင်ရင် တပ်မှူးချုပ်ရာထူးရှိမှရမယ်။ အဲ့လိုမှမဟုတ်ရင် စစ်စည်းမျဉ်းခန်းမအရှင်ရဲ့ တံဆိပ်ပြားလိုအပ်တယ်”
ကျန်းရီ ထိုအကြောင်းကို နားလည်သည်။ ထို့ကြောင့် သူ ဂူကျန်းရှန်ကိုကြည့်ကာ မေးလိုက်သည်။
“ခင်ဗျားတို့ ခန်းမအရှင်ရဲ့ တံဆိပ်ပြား ဘယ်မှာလဲ။ ခင်ဗျား အဲ့တံဆိပ်ပြားပြရင် ကျွန်တော် ချက်ချင်း လိုက်ခဲ့မယ်။ မဟုတ်ရင်တော့... ခင်ဗျား လာခဲ့တဲ့ဆီကို ပြန်သွားလိုက်တော့။ ကျွန်တော့်မှာ လုပ်စရာတွေ အများကြီးရှိတယ်။ ခင်ဗျားကို ဧည့်ထောက်ခံနေဖို့ အချိန်မရှိဘူး။ ဒါပေမဲ့ ခင်ဗျားမှာ ကျွန်တော့်ကို အခုချက်ချင်း သတ်ပစ်နိုင်တဲ့ အစွမ်းအစရှိတယ်လို့ ထင်ရင်လည်း ခင်ဗျား ကြိုးစားကြည့်နိုင်ပါတယ်”
“ဟင်းဟင်း...”
ဂူကျန်းရှန်က ကျန်းရီကို ကြိမ်းမောင်းရန် ဟန်ပြင်လိုက်ချိန်တွင် ပတ်ဝန်းကျင်တစ်ခွင်လုံး၌ အေးစက်စက်ရယ်သံတစ်သံ ပဲ့တင်ထပ်လာ၏။ မုတ်ဆိတ်ရှည်နှင့် အဘိုးအိုတစ်ယောက်က လူဆယ်ယောက်ကျော်ကို ဦးဆောင်၍ ရဲတိုက်ထဲဝင်လာ၏။ ၎င်းနောက် သူ ခြောက်ကပ်ကပ်ရယ်ကာ ပြောလိုက်သည်။
“တပ်ဗိုလ်လေးတစ်ယောက်က ကြီးကြီးကျယ်ကျယ်တွေ ပြောနေတာပါလား။ မင်းက တကယ်ပဲ ငါ့ကို ကိုယ်တိုင်လာစေချင်တာလား။ မင်းတို့တပ်က ပုန်ကန်ဖို့ ကြံနေတာလား။ စစ်သူကြီးယွင်ပင်း ဘယ်မှာလဲ။ သူ့ကို ငါ့ကို ထွက်တွေ့ခိုင်းလိုက်”
တပ်သားအချို့သည် ထိုအဘိုးအိုကိုတွေ့သောအခါ ရုတ်ခြည်း မျက်လုံးများ ပြူးကျယ်သွားကြ၏။ သူတို့အားလုံး ထိုအဘိုးအိုကို သိကြသည်။ ၎င်းမှာ ငှက်တောင်ပျံတပ်ထဲတွင် အလွန်ကျော်ကြားပြီး ‘တရားသူကြီး’ဟု အမည်ပေးခံရသော ဂူရှီချောင်ဖြစ်သည်။ စစ်စည်းမျဉ်းခန်းမ၏ တပ်မှူးချုပ်တစ်ယောက်လည်းဖြစ်သည်။ စစ်စည်းမျဉ်းခန်းမအရှင်က သူ၏တာဝန်များကို ကောင်းစွာလုပ်ဆောင်ခဲသည်။ စစ်စည်မျဉ်းများကို ထိန်းသိမ်းရန်အတွက် ဂူရှီချောင်ကသာ ဆောင်ရွက်ခဲ့ရသည်။
ကျန်းရီသည် ထိုအဘိုးအိုက စစ်စည်းမျဉ်းခန်းမ၏ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း သိရန် လိုက်လံမေးမြန်းနေစရာမလိုပေ။ သူ လက်ဆုပ်ကာ ပြောလိုက်သည်။
“တပ်မှူးချုပ်... ကျွန်တော်က ဘာအပြစ်ကို ကျူးလွန်မိလို့ပါလဲ။ ဘာလို့ စစ်စည်းမျဉ်းခန်းမက ကျွန်တော့်ကို လာဖမ်းရတာပါလဲ။ ကျွန်တော့်မှာ အပြစ်ရှိရင် ကျွန်တော် အဖမ်းခံမှာပါ။ စစ်စည်းမျဉ်းတွေအရ သေဒဏ်ပေးမယ်ဆိုလည်း ငြင်းမှာ မဟုတ်ပါဘူး”
ဂူရှီချောင်၏ ပိန်းပါး၊ စူးရှသော မျက်နှာက မည်းမှောင်သွား၏။ သူ ကျန်းရီကို စိုက်ကြည့်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“မင်း ဘာအပြစ်ကို ကျူးလွန်ခဲ့လဲဆိုတာ စစ်စည်းမျဉ်းခန်းကိုရောက်ရင် သိရမှာပေါ့။ လာကြစမ်း... သူ့ကို ဖမ်းခေါ်သွားလိုက်”
ဂူကျန်းရှန်က လက်ဝှေ့ယမ်းလိုက်ရာ လူခုနစ်ယောက်၊ ရှစ်ယောက်လောက်သည် ချက်ချင်းအရှေ့တက်၍ ကျန်းရီကို ဖမ်းရန် ဟန်ပြင်လိုက်ကြသည်။ ကျန်းရီ မည်သို့လုပ်ရမည်ကို ဝေခွဲမရဖြစ်နေ၏။ သူ ထိုသူများ ဖမ်းသည်ကို ခံလိုက်လျှင် စစ်စည်းမျဉ်းခန်းမသို့ ရောက်သည်နှင့် သူ့ကံကြမ္မာကို သူ ထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။ စစ်စည်းမျဉ်းခန်းက စကားတစ်ခွန်းပြောလိုက်သည်နှင့် သူ ချက်ချင်း ကွပ်မျက်ခံရနိုင်သည်။
သို့သော် သူ ဖမ်းဆီးမှုကို ခုခံလိုက်လျှင်လည်း စစ်စည်မျဉ်းများကို အမှန်တကယ် ဆန့်ကျင်လိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထိုအခါ ဂူရှီချောင်သည် သူ့ကို နေရာမှာပင် သတ်ပစ်ပိုင်ခွင့်ရှိပေသည်။
ဂူရှီချောင်က အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် ဖြစ်သည်။ သို့သော် ဤကဲ့သို့ နီးနီးကပ်ကပ် အနေအထားတွင် သူ့ကို သတ်ပစ်နိုင်လိမ့်မည်ဟု ကျန်းရီ ယုံကြည်မှု ရှိသည်။ ပြဿနာမှာ ဂူရှီချောင်ကို သတ်ပြီးနောက်တွင် သူ ထွက်မပြေးနိုင်ခြင်းပင်။ ဤဆန်းကြယ်နယ်မြေထဲတွင် အုပ်ချုပ်သူအဆင့် သိုင်သမားများစွာ ရှိသည်။ ထို့ပြင် သူ ဆန်းကြယ်နယ်မြေထဲမှနေ၍ ယန်ကိုးပါးတောင်ကြားသို့ ပြန်သွားနိုင်မည် ဆိုလျှင်ပင် ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးက သူ့အနောက် လိုက်လာပေလိမ့်မည်။
“ဟားဟားဟား...”
ကျန်းရီ တုံ့ဆိုင်းနေစဉ်တွင် အပြင်ဘက်မှ ထွက်ပေါ်လာသော ရယ်သံကို ကြားလိုက်ရ၏။ တပ်မှူးချုပ်လျန်သည် စစ်စည်းမျဉ်းခန်းမမှ လူများကို ဖြတ်ကျော်၍ ကျန်းရီထံ ခြေလှမ်းကျဲကြီးများနှင့် လျှောက်လာသည်။ ကျန်းရီကိုဖမ်းရန် ဟန်ပြင်နေကြသော စစ်စည်းမျဉ်းခန်းမမှ တပ်သားများလည်း ရုတ်တရက် ရပ်တန့်သွားသည်။ တပ်မှူးချုပ်သည် လျှောက်ဝင်လာပြီးနောက် လှည့်ပတ်ကြည့်၍ လက်ဆုပ်ကာ ပြောလိုက်သည်။
“တပ်မှူးချုပ်ဂူကိုး... ဘာလို့ လူတွေအများကြီးခေါ်ပြီး ဒီကို ရောက်လာရတာပါလဲ”
“သူ့ကို ဖမ်းဖို့...”
ဂူရှီချောင်သည် တပ်မှူးချုပ်လျန်ကို မျက်နှာသေဖြင့်ကြည့်ကာ ပြောလိုက်သည်။
“တပ်မှူးချုပ်လျန်... ကျုပ်က ကျုပ်ရဲ့တာဝန်ကို ထမ်းဆောင်နေတာ။ ခင်ဗျားက ကျုပ်ကိုတားဖို့ ကြိုးစားနေတာလား”
“တပ်မှူးချုပ်ဂူ... အထင်မလွဲပါနဲ့”
တပ်မှူးချုပ်လျန်က သိမ်မွေ့စွာပြုံး၍ ကျန်းရီကို ကြည့်လိုက်၏။ ရုတ်တရက် သူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“တပ်မှူးချုပ်ဂူ... ခင်ဗျားက ဉာဏ်ကောင်းတဲ့သူတစ်ယောက်ပါ။ တပ်ဗိုလ်ကျန်းရဲ့ကိစ္စကို ကိုင်တွယ်ဖို့ ခင်ဗျား နည်းနည်းလောက် အားစိုက်ထုတ်ရမယ် ဆိုပေမဲ့ တရားလွန်တော့ လုပ်စရာမလိုပါဘူး။ အဲ့လိုလုပ်ရင် ခင်ဗျားအတွက် အကျိုးမရှိနိုင်တဲ့အပြင် ခင်ဗျား ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်သွားလိမ့်မယ်”
ဂူရှီချောင် တွေးတောလိုက်ပြီး ခေတ္တမျှ နှုတ်ဆိတ်သွား၏။ ထို့နောက် သူ ကျန်းရီကို လှမ်းကြည့်ကာ ပြောလိုက်သည်။
“တပ်ဗိုလ်ကျန်း... ငါနဲ့အတူ လမ်းလျှောက်လိုက်ခဲ့ပါ”
ဤတစ်ကြိမ်တွင် ဂူရှီချောင်သည် ကျန်းရီကို ဖမ်းခေါ်သွားမည်ဟု မဆိုတော့ပေ။ သူ၏ လေသံမှာလည်း အတော်လေး ပိုနူးညံ့လာသည်။ ကျန်းရီ တပ်မှူးချုပ်လျန်ကို ကြည့်လိုက်ရာ တပ်မှူးချုပ်လျန်က ခေါင်းညိတ်ကာ အဓိပ္ပာယ်ပါပါပြုံးပြ၏။ ကျန်းရီ နားလည်သွားပြီး ခေါင်းပြန်ညိတ်ပြကာ ပြောလိုက်သည်။
“အဲ့လိုဆိုလည်း စစ်စည်းမျဉ်းခန်းမကို တစ်ခေါက်လောက် သွားကြတာပေါ့။ တပ်မှူးချုပ်ဂူ ကြွပါ...”
ဂူရှီချောင်သည် သူ့လူများကို ဦးဆောင်၍ အပြင်သို့ ထွက်သွား၏။ ကျန်းရီက သူ့အနောက်မှ ကပ်လိုက်သွားလိုက်သည်။ သူတို့ ရဲတိုက်အပြင်သို့ ရောက်သောအခါ တပ်မှူးချုပ်လျန်က ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။
“တပ်ဗိုလ်ကျန်း... စိတ်အေးအေးနဲ့သာ လိုက်သွားပါ။ အလျင်စလို မလုပ်ပါနဲ့။ အကုန်လုံးကို ကျုပ်တို့လက်ထဲ ထည့်ထားလိုက်ပါ”