ငရဲကိုးထပ်တွင်ရှာဖွေခြင်း
Vol. 77 Ch. 1084
အခန်း (၁၀၈၄) ငရဲကိုးထပ်တွင်ရှာဖွေခြင်း
အတွင်းထဲသို့ နက်ရှိုင်းစွာ စွန့်စားဝင်ရောက်သွားလေ လူတစ်ယောက်၏စိတ်ကိုလှည့်စားနိုင်သော ငရဲကိုးထပ်၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကို ခံစားရလေ ဖြစ်သည်။
ရန်ကျောက်ကဲ ၊ ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်တို့ကတော့ ထိခိုက်မှုမရှိသည် အမှန်ပင်။
သို့သော် မန်ဝမ်၏ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင်တော့ ငရဲကိုးထပ်၏ အငွေ့အသက်များကို ခံနိုင်ရည်ရှိမည်မဟုတ်ဘဲ တဖြည်းဖြည်း သိစိတ်နှင့် ဆင်ခြင်တုံတရား ပျောက်ဆုံးသွားမည် ဖြစ်သည်။
သူမ မည်မျှ စိတ်ဓာတ်ခိုင်မာပါစေ ဤအငွေ့အသက်များ၏ သက်ရောက်မှု မလွဲမသွေ ခံရမည်ပင်။
ပိုးသားဧကရာဇ် သူမကိုပေးထားသော ကျောက်စိမ်းပြားလေးက သူမ၏စိတ်အစဉ် ကြည်လင်သန့်စင်ပြီး ရှေ့ဆက်ရမည့်အလမ်းအတွက် အာရုံစိုက်နိုင်စေရန် ကူညီပေးထားသည်။
ရန်ကျောက်ကဲတို့အားလုံးက နယ်ခံသားရဲများနှင့် တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိသဖြင့် ၎င်းတို့အား ခြိမ်းခြောက်ခြင်းမပြုဘဲ ကျော်ဖြတ်သွားခဲ့သည်။
ဖန်းယွင်ရှန်း ချန်ထားခဲ့သည့် သဲလွန်စများနောက် လိုက်ပါခြင်းက သူတို့အတွက် ပိုမိုထိရောက်သည် အမှန်ပင်။
ရက်အနည်းကြာ ခရီးနှင်လာပြီးနောက် ရန်ကျောက်ကဲတို့အုပ်စု ရုတ်တရက် အရှိန်လျှော့လိုက်ကြသည်။
သူတို့အရှေ့မှ ဗလာနယ်ကို အာရုံစိုက်လိုက်ပြီး အားလုံး၏မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားသည်။
သူတို့ ‘အေးစိမ့်စမ်းချောင်း’ နယ်မြေအစပ်သို့ ရောက်ရှိလာပြီဖြစ်ပြီး ရှေ့ဆက်သွားမည်ဆိုလျှင် ငရဲကိုးထပ်တိုက်စားခြင်းခံရသည့်နေရာနှင့် ငရဲကိုးထပ်အစစ်အမှန် ထိဆုံသည့် နယ်နိမိတ်သို့ ရောက်ရှိတော့မည်ပင်။
ကြည့်ရသည်မှာ ဖန်းယွင်ရှန်းက ဤနေရာအထိ ရောက်ရှိခဲ့ပြီး ရှေ့ဆက်သွားခဲ့ဟန် ရှိသည်။
ရန်ကျောက်ကဲ ပတ်ဝန်းကျင်တွင် ရှာဖွေကြည့်သော်လည်း မည်သည့်သဲလွန်စမှ မတွေ့ရပေ။
ကြည့်ရသည်မှာ သူတို့လည်း ရှေ့သို့ဆက်သွားရန် ရွေးချယ်ရပေမည်။
အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်က...
“ဒီ မိတ်ဆွေလေး’ဖန်း’ က ဝါဒတောင်ကထွက်သွားတော့ သူနဲ့အတူ ထူးကဲယင်သရဖူကို ယူသွားသေးလား”
ဖန်းယွင်ရှန်းက ဝါဒတောင်မှ ထူးကဲယင်သရဖူ ကိုင်ဆောင်သူဖြစ်ကြောင်း လွှမ်းခြုံဧကရာဇ် သိရှိထားပြီး ဖြစ်၏။
ရန်ကျောက်ကဲက...
“ကျွန်တော့်ဇနီးက ထူးကဲယင်သရဖူကို ထိန်းချုပ်တဲ့သူဆိုတော့ သူနဲ့အတူ အမြဲတမ်းယူဆောင်သွားပါတယ်”
ထိုစကားကြားသည့်တိုင် မန်ဝမ်၏အမူအရာက တည်ငြိမ်နေဆဲပင်။
ဖန်းယွင်ရှန်းကို ရှုံးနိမ့်ပြီး ထူးကဲယင်သရဖူကို ဆုံးရှုံးလိုက်ရသည်မှာ ကံတရားအတိုင်းပင်ဖြစ်သည်ဟု သူမ လက်ခံထားပြီးသားပင်။
လွှမ်းခြုံဧကရာဇ်က...
“မိတ်ဆွေလေး’ဖန်း’ က နတ်ဘုရားသိမြင်ခြင်းအဆင့်ကို ရောက်နေပြီလား”
လမ်းတစ်လျှောက်တွင် ဖန်းယင်ရှန်းနှင့်ပတ်သက်သည့် သဲလွန်စအချို့ ကျန်ရစ်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အသေးစိတ်အချက်အလက်များနှင့် ဖန်းယွင်ရှန်း၏ ကျင့်ကြံခြင်းအဆင့်ကို ခန့်မှန်းရန် ခက်ခဲနေဆဲ ဖြစ်သည်။
မန်ဝမ်က...
“တကယ်လို့ ဂိုဏ်းတူအစ်မ’ဖန်း’ သာ နတ်ဘုရားသိမြင်ခြင်းအဆင့်ကို ရောက်ခဲ့ရင် ထူးကဲယင်သရဖူကို စွမ်းအားပြည့် ထုတ်လွှတ်အသုံးပြုနိုင်မှာပဲ”
မန်ဝမ်က ထူးကဲယင်သရဖူကို နှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့သော ထူးကဲယင်မိန်းမပျိုဖြစ်လေရာ ဤအကြောင်းကို ရှင်းရှင်းလင်းလင်း သိရှိသည်။
လဝန်းထက်ယံအရှင်သခင်က ဤ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်ကို ပြုလုပ်စဉ်တွင် အခြားသောပစ္စည်းများနှင့်မတူညီအောင် မည်သို့ပြုလုပ်ခဲ့သည်လဲ မသိရှိနိုင်ပေ။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ကျွန်တော့်ဇနီးက အတွေ့အကြုံရှာဖို့ ခရီးထွက်သွားတယ်ဆိုပေမယ့် ငရဲကိုးထပ်ရဲ့ အန္တရယ်ကိုနားလည်ပြီး ဒီလိုအန္တရယ်ရှိတဲ့ အခြေအနေတွေကို ရှောင်တိမ်းသွားနိုင်မှာပါ”
လွှမ်းခြုံဧကရာဇ်၏ စိုးရိမ်စိတ်ကို ရန်ကျောက်ကဲက နားလည်သည်။
ဖန်းယွင်ရှန်းသာ ထူးကဲယင်သရဖူ၏တန်ခိုးစွမ်းအားကို အပြည့်အဝ အသုံးပြုနိုင်မည်ဆိုလျှင် ထိုသရဖူက ငရဲကိုးထပ်၏လှည့်စားမှုများမှ ကာကွယ်ပေးပြီး သူမ၏စိတ်ကို တည်ငြိမ်စေရန် ကူညီပေးမည် ဖြစ်၏။
ထူးကဲယင်သရဖူက ထူးကဲယန်စည်းတံဆိပ်နှင့် တူညီသောအဆင့်တွင်ရှိပြီး သေမျိုးလူသားလောကနယ်ပင်တွင် အလွန်တရာ အစွမ်းထက်လှသည်။
တာအိုဝါဒမှ နတ်ဘုရားအဆင့်နှင့်ညီမျှသော မဟာနတ်ဆိုးကြီးများကို မကြုံတွေ့ရပါက ထူးကဲယင်သရဖူကြောင့် ဖန်းယွင်ရှန်းအနေဖြင့် အတော်လေး အန္တရယ်ကင်းပေလိမ့်မည်။
သို့သော် နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ မရောက်ရှိသေးဘဲ ထူးကဲယင်သရဖူ၏စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်ခြင်းမရှိပါက ဖန်းယွင်ရှန်းအနေဖြင့် မိစ္ဆာအငွေ့အသက်များကို တစ်စိတ်တစ်ပိုင်းသာ တွန်းလှန်နိုင်ပြီး ငရဲကိုးထပ်အတွင်း ဝင်ရောက်ပါက အန္တရယ်ကင်းပါမည်လား ပြောရခက်သည်။
ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ဆိုလျှင် သူမအနေဖြင့် ငရဲကိုးထပ်၏လှည့်စားခြင်းကို ခံရကာ အတွင်းထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားပေလိမ့်မည်။
ထိုသို့ဆိုလျှင် ဖန်းယွင်ရှန်းအား ရှာဖွေမှုကို သေချာပြန်လည်စဉ်းစားရပေလိမ့်မည်။
သို့တိုင် ဤနေရာအထိ ရောက်လာပြီးမှတော့ ရန်ကျောက်ကဲက ဤအတိုင်း လက်မလွှတ်လိုက်နိုင်ပေ။
ပိုးသားဧကရာဖ်က...
“ငါတို့တွေ ခဏလောက်ဝင်ပြီး ရှာဖွေကြည့်ကြတာပေါ့ ၊ အခုချိန် ‘ဖန်း’ မိန်းကလေးက ငါတို့အကူအညီလိုနေတာလည်း ဖြစ်နိုင်တယ်”
လွှမ်းခြုံဧကရာဇ်က ခေါင်းညိတ်ရင်း...
“ကောင်းပြီ ၊ ဒါဖြင့် သွားကြရအောင်”
သူတို့ရှေ့ဆက်လျှောက်လာစဉ် နားကွဲလုမတတ်ကျယ်လောင်လှသော တုန်လှုပ်ဖွယ်ရာအသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
သူတို့ရှေ့မှ မှေးမှိန်သောအလင်းရောင် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ လေထုတစ်ခုလုံး အနက်ရောင်မြူခိုးများ ပြည့်လျှံနေပြီး ကြောက်မက်ဖွယ်ရာ သွေးနီရောင်အလင်းတန်းများ ဖျတ်ခနဲ ဖျတ်ခနဲ လင်းလက်သွားသည်ကို တွေ့မြင်ရ၏။
ဤသည်က အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ ချောက်နက်ကြီးအတွင်းမှ ငရဲကိုးထပ်တံခါးအက်ကွဲကြောင်းနှင့်မတူညီဘဲ အဆုံးမရှိသော ဒုက္ခပင်လယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရသည့်အလား ခံစားရစေသည်။
“ဒီနေရာက အတော်လေးထူးဆန်းတယ် ၊ ငရဲကိုးထပ်က မိစ္ဆာချီတွေက ဗလာနယ်ကိုတိုက်စားထားပေမယ့် ချောမွေ့တဲ့ဖြစ်စဉ်တစ်ခု မဟုတ်သလိုပဲ”
ပိုးသားဧကရာဇ်က ဟိုဟိုဒီဒီ အကဲခတ်လိုက်ရင်း.
“ဒီနေရာမှာ ငရဲကိုးထပ်တိုက်စားမှုကို တားဆီးဟန့်တားထားတဲ့အရာအချို့ ရှိနေသလိုပဲ”
လွှမ်းခြုံဧကရာဇ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ရင်း...
“ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးစွမ်းအားနဲ့ ဆက်စပ်နေပေမယ့်... အဲဒါတစ်ခုတည်းတော့ ဟုတ်ပုံမရဘူး”
သူတို့လမ်းဆက်လျှောက်လာကြရင်း နောက်ဆုံးမှာတော့ ထူထပ်သောအနက်ရောင်မြူခိုးများအတွင်း လုံးလုံးလျားလျား ဝင်ရောက်သွားကြသည်။
သို့သော် ရှေ့ဆက်လာရင်းဖြင့်ပင် သူတို့ရှေ့မှ ကမ္ဘာလောကကြီးက ချက်ချင်းပြောင်းလဲသွားသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ သမုဒ္ဒရာကမ္ဘာ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာနှင့် အထက်ဘုံကမ္ဘာသို့ သွားရောက်ရသော ခံစားချက်များသည်ပင် ဤသို့ မဟုတ်ခဲ့ပေ။
ယခု သူတို့အားလုံး ဘဝပြောင်းသွားသည့်ပမာ ခံစားကြရသည်။
ရုပ်ခန္ဓာသေဆုံးပြီး ဝိညာဉ်က တစ္ဆေအဖြစ်ပြောင်းလဲသွားသော ပုံစံမျိုးနှင့် ခပ်ဆင်ဆင် တူညီသည်။
ပတ်ဝန်းကျင်တစ်ခုလုံးက ခြောက်သွေ့အထီးကျန်လွန်းလှသည်။
ငရဲကိုးထပ် တိုက်စားထားသည့်နယ်မြေအတွင်းဝင်ရောက်မိသည်နှင့် မန်ဝမ်မပြောနှင့် ရန်ကျောက်ကဲသည်ပင် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
ရန်ကျောက်ကဲအနေဖြင့် အရင်ကလည်း ငရဲကိုးထပ်မိစ္ဆာချီများ၏ တိုက်ခိုက်မှုကို ခံစားခဲ့ဖူးသည်။ ထို မိစ္ဆာချီများက လူတစ်ယောက်၏စိတ်ကို လှည့်စားနိုင်စွမ်းရှိသော်လည်း ယခု ဤနေရာမှ မိစ္ဆာချီများကတော့ အရင်က ကြုံတွေ့ဖူးသည့်အရာထက် အဆတစ်ရာမျှ သာလွန်သည်။
ရန်ကျောက်ကဲ တစ်ခါမှ မကျင့်ကြံခဲ့ဖူးသော ‘သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာ’ က ရန်ကျောက်ကဲစိတ်ထဲ အလိုလိုထွက်ပေါ်လာသည်။
ငရဲကိုးထပ်မှ မိစ္ဆာချီများ၏စွမ်းအားဖြင့် ရန်ကျောက်ကဲမှတ်ဉာဏ်ထဲမှ ‘သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာ’ စာသားများက သူ၏ခန္ဓာကိုယ်ထဲတွင် မျိုးစေ့တစ်ခုပမာ ယောင်ဝါးဝါး ဖြစ်တည်လာသည်။
နောက်ဆုံးတွင် ဖွဲ့ဖြိုးကြီးထွားလာပြီး ထိုတန်ခိုးစွမ်းအားက ရန်ကျောက်ကဲကို ဝါးမျိုသိမ်းပိုက်မည် ဖြစ်သည်။
သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာ အပြင် မိစ္ဆာချီစွမ်းအားများဖြင့် အလိုအလျောက် ကျင့်ကြံနိုင်သော ငရဲကိုးထပ်ျကမ်းစာများ များစွာ ရှိနေသေးသည်။
သို့သော် ထိုကျမ်းစာများအားလုံးက ‘သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာ’ လောက် ပြင်းထန်ခြင်း မရှိပေ။
“ငရဲကိုးထပ်က တကယ့်ကိုထူးခြားတာပဲ ၊ အခုချိန် ယွင်ရှန်း ဘယ်လိုများနေလဲ မသိဘူး”
ရန်ကျောက်ကဲ တိတ်တဆိတ်တွေးတောရင်း သူ၏ တန်ခိုးစွမ်းအားကို ဖြန့်ကျက်ကာ ခန္ဓာကိုယ်တွင်၌ ပေါက်ဖွားလာသည့် နတ်ဆိုးစွမ်းအားကို သုတ်သင်ပစ်လိုက်သည်။
ထို့နောက် သူ့ဘေးနားမှ ပိုးသားဧကရာဇ်၏ အခြေအနေကို အကဲခတ်လိုက်၏။
လက်ရှိတွင် ပိုးသားဧကရာဇ်၏အတွေးများ မည်သို့ရှိပါသနည်း။ ငရဲကိုးထပ်သို့ရောက်ရှိနေသည့်အခွင့်အရေးကို အသုံးချကာ သူ့ကိုသုတ်သင်ပစ်ရန် အလွန်လွယ်ကူသည်ဟု ဆိုနိုင်မည်။
ယခုအချိန်တွင် ပိုးသားဧကရာဇ်က ရုပ်ပိုင်းဆိုင်ရာ နှစ်ခြမ်းကွဲနေခြင်းမရှိသော်လည်း စိတ်ဝိညာဉ်ကတော့သေချာပေါက် နှစ်ခြမ်းကွဲနေသည့် အနေအထား ဖြစ်သည်။
လွှမ်းခြုံဧကရာဇ်နှင့် ရန်ကျောက်ကဲတို့၏အတွေးများက တူညီကြပြီး သူတို့ ဤခရီးစဉ် လိုက်ပါလာကြရသည်မှာလည်း ပိုးသားဧကရာဇ်၏ လျှို့ဝှက်အန္တရယ်အား ကာကွယ်ရန် ဖြစ်သည်။
ပိုးသားဧကရာဇ်ကတော့ ပုံမှန်အတိုင်းပင် လုပ်စရာရှိသည်များကို လုပ်ဆောင်နေပြီး ရန်ကျောက်ကဲနှင့် လွှမ်းခြုံဧကရာဇ်တို့ သူ့အား အာရုံစိုက်နေသည်ကို သတိထားမိဟန် မရှိပေ။
သူက မန်ဝမ်အဆင်ပြေရဲ့လား ဂရုစိုက်ပေးရင်း ဖန်းယွင်ရှန်း ကျန်ရစ်ခဲ့သည့် သဲလွန်စများကို ရှာဖွေနေသည်။
မတူညီသောအတွေးများနှင့်လူတစ်စုသည် လူသားများ မနေထိုင်အပ်သော လောကတစ်ခုတွင် ရှေ့ဆက်လျှောက်လှမ်းနေကြလေသည်။
သက်ရှိလူသားများ၏ ဝိညာဉ်အလင်းဓာတ်က နတ်ဆိုးများစွာ၏ စိတ်အာရုံကို ဆွဲငင်နိုင်စွမ်း ရှိသည်။
သို့သော် အနားသို့ကပ်လာသော နတ်ဆိုးများမှာ သာမန် သိုင်းသူတော်စင်အဆင့်မျှသာရှိသဖြင့် ရန်ကျောက်ကဲတို့အုပ်စုအား ဒုက္ခပေးနိုင်ခြင်း မရှိကြပေ။
သူတို့ အထဲသို့ဝင်လာပြီး သိပ်မကြာမီ မိစ္ဆာချီများ တဖြည်းဖြည်း လျော့ပါးသွားကြောင်း သိသိသာသာ ခံစားလိုက်ရသည်။
သူတို့ (၃)ယောက် အကြည့်ချင်းဖလှယ်လိုက်ကြရင်း...
“ငရဲကိုးထပ် တိုက်စားထားတဲ့နယ်မြေမှာ ဒီပတ်ဝန်းကျင်ကို ကာကွယ်ပေးထားတဲ့ အရာတချို့ ရှိနေတယ်”
ရန်ကျောက်ကဲတို့အုပ်စု ထိုလမ်းကြောင်းကို ချက်ချင်းဖော်ထုတ်ပြီး မိစ္ဆာချီများအားနည်းသွားသည့်နေရာသို့ ဆက်လက်ထွက်ခွာသွားကြသည်။
သူတို့အုပ်စုချဉ်းကပ်လာသည်နှင့်အမျှ မိစ္ဆာချီများသည်လည်း အမှန်တကယ်ပင် အားပျော့သွားသည်။
သို့သော် ခါးသက်အေးစိမ့်သည့်ခံစားချက်တစ်ခုက ပိုမိုအားကောင်းလာသည်။
ရန်ကျောက်ကဲ ၊ လွှမ်းခြုံဧကရာဇ်နှင့် ပိုးသားဧကရာဇ်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း တပြိုင်တည်း ရေရွတ်လိုက်ကြသည်။
“ဓားဝိညာဉ်တစ်ခုပဲ...”