← Chapters

လောကကြီးက ကျဉ်းကျဉ်းလေးပဲ

Vol. 121 Ch. 1689

လောကကြီးက ကျဉ်းကျဉ်းလေးပဲ

Vol. 121 Ch. 1689

စစ်စည်းမျန်းခန်းမ၏ ရဲတိုက်က ဆန်းကြယ်နယ်မြေ အလယ်ရှိ ရင်ပြင်၏ ဘေးတစ်ဘက်တွင် တည်ရှိသည်။ ရင်ပြင်ပတ်တပ်လည်တွင် မြင့်မားသော ရဲတိုက်ကြီးများ ဆယ်လုံးကျော်ရှိနေသည်။ ၎င်းရဲတိုက်များက ကျန်းရီတို့နေသော ရဲတိုက်များနှင့် မတူပေ။ ဤရဲတိုက်များထဲမှ ဆယ်လုံးမှာ စစ်သေနာပတိဆယ်ယောက် ပိုင်သော ရဲတိုက်များဖြစ်သည်။ ကျန်သော ရဲတိုက်များမှာလည်း အထူးခန်းမများ၊ ဌာနများ၏ အလုပ်နေရာဖြစ်သည်။

ကျန်းရီသည် ဂူရှီချောင်တို့နောက်သို့ လိုက်၍ စစ်စည်းမျဉ်းခန်းမထဲ ဝင်လိုက်၏။ လူများစွာက သူတို့ကို လှမ်းကြည့်နေကြသည်။ စစ်စည်းမျဉ်းခန်းမက တပ်ထဲတွင် ကျော်ကြားသည် မဟုတ်ပါလား။ သာမန်တပ်သားများသည် ထိုခန်းမထဲ ဝင်ပြီးလျှင် ပြန်ထွက်မလာနိုင်တော့ပေ။ ထို့ပြင် ကျန်းရီက စစ်သူကြီးယွင်ပင်း၏တပ်မှ တပ်ဗိုလ်တစ်ယောက်ဖြစ်သည်။ လူများသည် ကျန်းရီထံတွင် ကွဲပြားသော အရှိန်အဝါတစ်ခုရှိကြောင်း ပြောနိုင်ပေသည်။

ငှက်တောင်ပျံတပ်က ယွင်မျိုးနွယ်၏တပ်ပင်။ စစ်သေနာပတိတော်တော်များများကလည်း ယွင်မျိုးနွယ်မှဖြစ်သည်။ ယွင်ပင်းကိုလည်း ယွင်မျိုးနွယ်၏ ဆက်ခံသူဟု သတ်မှတ်ထားကြသည်။ သို့ဖြစ်ရာ သူမ၏တပ်ကို မည်သူက ထိဝံ့ပါမည်နည်း။

ပုံမှန်ဆိုလျှင် တစ်စုံတစ်ယောက်က အမှန်တကယ် စစ်စည်းမျဉ်းများ ချိုးဖောက်ခဲ့လျှင်ပင် စစ်စည်းမျဉ်းခန်းအနေဖြင့် ယွင်ပင်းဆီ သတင်းပို့၍သာ ထိုကိစ္စကို သူမဘာသာ ကိုယ်တွယ်စေမည်ဖြစ်သည်။ ဂူရှီချောင်က ရူးသွားခြင်းမဟုတ်လျှင် အဘယ်ကြောင့် စွန့်စားကာ ယွင်ပင်းကို အပြစ်ပြုမည်နည်း။ သူက ငှက်တောင်ပျံတပ်တွင် ထိပ်ပိုင်းနေရာတစ်ခု မရလိုတော့သည်လော။

အထူးဆန်းဆုံးမှာ...

တပ်သားများစွာသည် တစ်စုံတစ်ခု မူမမှန်ကြောင်း သတိပြုမိကြသည်။ ယနေ့တွင် စစ်သေနာပတိဆယ်ယောက်စလုံး ငှက်တောင်ပျံတပ်ထဲ၌ ရှိမနေပေ။ သူတို့အားလုံး ယန်ကိုးပါးစစ်တပ်၏ စစ်ဌာနချုပ်သို့ သွားကြသည်။ သာမန်တပ်မှူးချုပ်များနှင့် စစ်သူကြီးများသည် စစ်စည်းမျဉ်းခန်းမ၏ အလုပ်တွင် ဝင်မရှုပ်ဝံ့ကြပေ။ ယင်းအပြင် စစ်သူကြီးယွင်၏တပ်မှ လူများပင် ပေါ်မလာရာ မည်သူကမှ ကြားမှဝင်မပြောရဲကြချေ။

ယနေ့ကို မကောင်းသောနေ့ဟု ဖော်ပြနိုင်သည်။ နေရာတိုင်းတွင် မကောင်းသော အငွေ့အသက်များ ကြီးစိုးနေသည်။ ယနေ့ကိစ္စ၏ နောက်ကွယ်တွင် မျိုးနွယ်ကြီးများ ရှိကြောင်းကို ခန့်မှန်းနေရန်ပင် မလိုပေ။ မျိုးနွယ်ကြီးများက ကန့်လန့်ကာနောက်ကွယ်တွင် အာဏာလုနေခြင်း ဖြစ်နိုင်သည်။ ဤကစားပွဲတစ်ခုလုံးတွင် တပ်ဗိုလ်လေးသာဖြစ်သော ကျန်းရီမှာ နယ်ရုပ်တစ်ရုပ်သာ။

စစ်စည်းမျဉ်းခန်းမထဲမှ အခြေအနေက ပို၍ပင် ထူးဆန်းနေသည်။

ဂူရှီချောင်သည် စားပွဲတွင် ထိုင်၍ ကျန်းရီကို အတော်ကြာအောင် ငေးကြည့်နေ၏။ နောက်ဆုံးမှ သူ အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

“ကျန်းဝူမင်... မင်း အပြစ်ဝန်ခံလား”

ကျန်းရီ နားမလည်နိုင်ဖြစ်သွားပြီး တည်ငြိမ်စွာ မေးလိုက်သည်။

“ကျွန်တော်က ဘာအပြစ်ကို ကျူးလွန်ခဲ့လို့ပါလဲ”

ဂူရှီချောင် လေသံတိုးတိုးဖြင့် ပြန်ဖြေသည်။

“မင်းရဲ့နာမည်နဲ့ ဇာစ်မြစ်က အတုလို့ တစ်ယောက်ယောက်က တိုင်ခဲ့တယ်။ မင်းရဲ့နာမည်အစစ်က ကျန်းရီ၊ မင်းက နတ်ဆိုးတစ်ကောင်၊ ပြင်ဆင်လို့မရအောင် ဆိုးသွမ်းနေတဲ့သူတဲ့။ မင်းက ယန်ကိုးပါးစစ်တပ်ထဲကို ခိုးဝင်လာပြီး ဒီမှာ ပဋိပက္ခတွေဖြစ်အောင် လုပ်ဖို့ ကြံနေတာတဲ့။ အဲ့ဒါ ဟုတ်လား”

“ဟင်းဟင်း...”

ကျန်းရီ ခပ်လှောင်လှောင် ရယ်လိုက်၏။ ထို့နောက် သူ ဂူရှီချောင်ကို နားမလည်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“တပ်မှူးချုပ်ဂူ... ဒီကိစ္စက တစ်ခုခု မှားမနေဘူးလား။ တပ်မှူးချုပ်ပြောသလို ကျွန်တော်က ကျန်းရီပဲထားဦး... ဒီကိစ္စကို စုံစမ်းရေးခန်းမက ကိုင်တွယ်သင့်တာ မဟုတ်ဘူးလား။ တပ်မှူးချုပ်တို့က ကိုယ်နဲ့မဆိုင်တဲ့ အလုပ်ကို လုပ်နေပုံပဲ။ စစ်စည်းမျဉ်းခန်းက စစ်စည်းမျဉ်းတွေကို ထိန်းသိမ်းဖို့ပဲ လုပ်သင့်တယ်။ တပ်မှူးချုပ်ဂူ... ကျွန်တော်က ဘယ်စစ်စည်းမျဉ်းကို ချိုးဖောက်ခဲ့ပါသလဲ”

ကျန်းရီခန့်မှန်းခဲ့သမျှ အရာအားလုံးက မှန်နေပေသည်။ ဤကိစ္စကို နောက်ကွယ်မှ ကြိုးကိုင်သူက မူမျိုးနွယ်ပင်။ သို့သော် ဤနေရာက ငှက်တောင်ပျံတပ်ဖြစ်၍ မူမျိုးနွယ်ထံတွင် အာဏာမရှိပေ။ မူဟယ်ယွီက စုံစမ်းရေးခန်းမကို အသုံးမချနိုင်ချေ။ ထို့ကြောင့် ဂူရှီချောင်ကို ဖိအားပေး၍ ဝင်ပါခိုင်းခဲ့ခြင်းသာဖြစ်မည်။

ဂူရှီချောင်က မျက်နှာသေဖြင့် အေးစက်စက် ပြောလိုက်သည်။

“ငါက မင်းကို မေးခွန်းမေးနေတာ။ မင်းလုပ်ရမှာက ရိုးရိုးသားသား ပြန်ဖြေဖို့ပဲ။ မင်းက ကျန်းရီလား။ မင်း ပေါက်ကရ‌တွေ ထပ်ပြောနေဦးမယ်ဆိုရင် ငါ မင်းကို အထက်အရာရှိကို သတင်းထိမ်ချန်မှုနဲ့ အရေးယူလို့ရတယ်”

“ဟုတ်ကဲ့ပါ”

အခြေအနေများက ဤအဆင့်အထိ ရောက်လာပြီဖြစ်၍ ကျန်းရီသည် သူမည်သူဖြစ်ကြောင်း ဆက်ဖုံးကွယ်ထားလျှင်လည်း အကျိုးမရှိတော့ဟု မြင်သည်။ ငှက်တောင်ပျံတပ်ထဲမှ အ‌ရေးကြီးပုဂ္ဂိုလ်တော်တော်များများက သူမည်သူဖြစ်ကြောင်း သိနေလောက်ပေပြီ။ ထို့ကြောင့် သူ ဝန်ခံလိုက်တော့သည်။

“ဟုတ်ပါတယ်၊ ကျွန်တော်က ကျန်းရီပါ။ ဒါပေမဲ့ ကျွန်တော်က နတ်ဆိုးတစ်ကောင် မဟုတ်သလို ပြင်ဆင်မရတော့လောက်အောင် ဆိုးသွမ်းနေတဲ့သူလည်း မဟုတ်ပါဘူး။ ကျွန်တော် ယန်ကိုးပါးစစ်တပ်ထဲ ဝင်ခဲ့တာ တမလွန်ဘုံမိစ္ဆာတွေကို သတ်ဖို့ပါ။ ကျွန်တော် ဘယ်တုန်းက ဒီစစ်တပ်ကို အ‌ကောက်ကြံခဲ့ဖူးလို့လဲ”

“အာ...”

စစ်စည်းမျဉ်းခန်းမထဲတွင် လူဆယ်ချီ ရှိနေသည်။ သူတို့အားလုံးသည် ကျန်းရီ၏ စကားကို ကြားသောအခါ အံ့အားသင့်သွားကြသည်။ အပြင်ဘက်မှ နားစွံ့နေကြသူများလည်း ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ကျန်းဝူမင်က ကျော်ကြားသော ကျန်းရီ ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ထားပေ။ ကျန်းရီမှာ တောက်ဖုန့်ကိုပင် သတ်ခဲ့သည် ရက်စက်သူတစ်ယောက်ဖြစ်ပေသည်။

“အရမ်းကောင်းတယ်...”

ဂူရှီချောင်၏ မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ပွင့် ပေါ်လာသည်။ ရုတ်တရက် သူ အော်ပြောလိုက်သည်။

“လူတွေ... ကျန်းရီကို ဖမ်းပြီး ယန်ကိုးပါးမြို့က စစ်စည်းမျဉ်းခန်းမချုပ်ကို ပို့လိုက်။ သူ့ကို အရှင်ချန်ကိုယ်တိုင် စီရင်လိမ့်မယ်”

“ဟင်းဟင်း...”

ကျန်းရီ ခနဲ့တဲ့တဲ့ ရယ်လိုက်၏။ ဂူရှီချောင်က သူ၏အပြစ်ကိုပင် မပြောဘဲ သူ့အား တောက်မျိုးနွယ်ထံ တန်းလွှဲပေးရန် လုပ်နေသည်လော။ သို့သော် သူ မလှုပ်သလို ဂူရှီချောင်ကိုလည်း မတိုက်ခိုက်ပေ။ ထိုအစား နေရာမှာပင် တည်ငြိမ်စွာ ရပ်နေပြီး တပ်မှူးချုပ်လျန် သူထံသို့ အသံပို့လွှတ်မည်ကို စောင့်ဆိုင်းနေသည်။

တပ်မှူးချုပ်လျန်က အမှန်ပင် အသံပို့လွှတ်လာသည်။

“သူတို့နဲ့ လိုက်သွားလိုက်ပါ။ မစိုးရိမ်ပါနဲ့... ကျုပ် မင်းနောက်ကို လိုက်လာမှာပါ။ သခင်မလေးက ယန်ကိုးပါးမြို့ထဲမှာ။ မင်း ဘာမှ ကြီးကြီးမားမားဖြစ်မှာ မဟုတ်ပါဘူး”

ကျန်းရီ ရင်ထဲတွင် အေးသွား၏။ ယွင်ပင်းက ဤကိစ္စကို သိပြီးလောက်ပြီဖြစ်ပြီး ယန်ကိုးပါးမြို့ထဲတွင် ပြင်ဆင်စရာရှိသည်များကို ကြိုပြင်ဆင်နေခြင်းဖြစ်မည်။ သူမ ယခုအထိ ထွက်မလာသေးခြင်းမှာ ဤကိစ္စ ကြီးကျယ်သွားမည်ကို စိုး၍ ဖြစ်နိုင်သည်။

‘မဟုတ်သေးဘူး... နေပါဦး...’

ကျန်းရီသည် ထိုအကြောင်းကို တွေးတောရင်းဖြင့် သံသယဝင်လာ၏။ အကယ်၍ ယွင်မျိုးနွယ်နှင့် မူမျိုးနွယ်က အားပြိုင်နေခြင်းဖြစ်ပြီး သူ့အသက်ကို စတေးလိုက်လျှင် မည်သို့ လုပ်မည်နည်း။ မျိုးနွယ်ကြီးများသည် အချင်းချင်း အားပြိုင်ရာတွင် သူတို့မျိုးနွယ်ဝင်များကိုပင် ချကျွေးတတ်သည်ဖြစ်ရာ အဘယ်ကြောင့် သူ့ကဲ့သို့ အပြင်လူတစ်ယောက်ကို စတေးရန် တုံ့ဆိုင်းနေပါမည်နည်း။

“သွားကြစို့...”

နောက်ဆုံးတွင် ကျန်းရီသည် ယန်ကိုးပါးမြို့သို့သွားရန် ဆုံးဖြတ်လိုက်သည်။ ဤအချိန်တွင် သူ စစ်စည်းမျဉ်းခန်းမကို ဆန့်ကျင်လိုက်လျှင် သူ့အမှား ဖြစ်သွားကာ ဂူရှီချောင်တို့အတွက် သူ့ကို သတ်ရန် အကြောင်းပြချက်တစ်ခု ရသွားမည်ဖြစ်သည်။ သူ အပြင်ကို ရောက်သွားလျှင်မူ တစ်စုံတစ်ခု ဖြစ်လာလျှင်ပင် ထွက်ပြေးရန် ကြိုးစားနိုင်သေးသည်။

ဘွဲ့ထူးရနတ်ဘုရားဧကရာဇ် နှစ်ယောက်သည် ကျန်းရီထံ လျှောက်လာပြီး ကျန်းရီ၏ နတ်ဘုရားအမြုတေကို ချိပ်ပိတ်ရန် ဟန်ပြင်လိုက်ကြ၏။ ထိုစဉ် ကျန်းရီက ရုတ်တရက် အော်ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားတို့နဲ့ ယန်ကိုးပါးမြို့ကို လိုက်ခဲ့နိုင်တယ်၊ ဒါပေမဲ့ ကိုယ့်ဘာကိုယ် သွားမယ်။ တပ်မှူးချုပ်ဂူ... ခင်ဗျား ဒီနှစ်ယောက်ကို ကျွန်တော့်ကို ဖမ်းခေါ်သွားခိုင်းရင် ကျွန်တော် သိက္ခာကျရလိမ့်မယ်။ ခင်ဗျားက ကျွန်တော်က ကျန်းရီဆိုတာ သိပြီးပြီဆိုတော့ ကျွန်တော့်ရဲ့ အကျင့်စရိုက်ကိုလည်း သိမှာပေါ့။ တရားလွန် မလုပ်ပါနဲ့၊ မဟုတ်ရင် အကုန်လုံးအတွက် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး...”

ဂူရှီချောင်သည် ကျန်းရီ၏ ပြတ်သားသော မျက်ဝန်းများကို ကြည့်၍ ချီတုံချတုံ ဖြစ်သွား၏။ အမှန်တွင် သူ ယနေ့အခြေသို့ ရောက်နေရခြင်းမှာ ဖိအားပေးခံခဲ့ရ၍ဖြစ်သည်။ သူက မည်သို့ ယွင်ပင်းကို ဆန့်ကျင်ဝံ့ပါမည်နည်း။ ထို့ပြင် ကျန်းရီက ရက်စက်သူဟု ‌ကျော်ကြားသည်။ သူ ကျန်းရီကို တရားလွန်ဖိအားပေးမိလျှင် ကျန်းရီက ဒေါသနှင့် ပြန်တုံ့ပြန်ပေလိမ့်မည်။ ထိုအခါ သူ ကျန်းရီ၏ဒေါသကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်မှု မရှိပေ။

ဂူရှီချောင်သည် ခေတ္တမျှ တွေးတောနေပြီးနောက် အံကြိတ်ကာ ပြန်ပြောလိုက်သည်။

“ကျန်းရီ... ယန်ကိုးပါးမြို့ကို အေးအေးဆေးဆေးသွားပါ။ အဲ့ဒါဆို ငါတို့အကုန်လုံး အဆင်ပြေလိမ့်မယ်။ ငါ့အလုပ်ကို အရမ်းခက်အောင် မလုပ်ပါနဲ့”

“ရပါတယ်...”

ကျန်းရီ ပခုံးတွန့်ကာ ပြန်ပြောသည်။

“ခင်ဗျား ကျွန်တော့်ကို လေးစားမှုပြရင် ကျွန်တော်ကလည်း လေးစားမှုပြန်ပြမှာပါ။ ခင်ဗျားက အမိန့်အတိုင်း လုပ်နေရတာပါ။ ကျွန်တော် လက်စားပြန်ချေမယ်ဆိုရင်တောင် ခင်ဗျားကို ဆွဲမထည့်ပါဘူး။ သွားကြစို့”

“ဘယ်လိုတောင် ယောက်ျားပီသလိုက်လဲ”

ဂူရှီချောင် ခေါင်းညိတ်လိုက်ပြီး ကျန်းရီကို စစ်စည်းမျဉ်းခန်းမအပြင်သို့ ‌ခေါ်၍ တည်နေရာပြောင်းရွှေ့အစီအရင်ဆီ သွားလိုက်သည်။ သူတို့ တည်နေရာပြောင်းရွှေ့အစီအရင်သို့ ရောက်ချိန်တွင် တပ်မှူးချုပ်လျန်နှင့် အခြားတပ်မှူးချုပ်က သူတို့ထံသို့ ပျံသန်းလာ၏။ တပ်မှူးချုပ်လျန်သည် သူတို့ကိုကြည့်၍ ပြုံးကာ ပြောလိုက်သည်။

“တပ်မှူးချုပ်တို့က အပြင်သွားမလို့လား။ ကျုပ်တို့လည်း တာဝန်တစ်ခုနဲ့ ယန်ကိုးပါးမြို့ကို သွားမလို့။ အတူတူ တည်နေရာပြောင်းရွှေ့ကြတာပေါ့”

တပ်မှူးချုပ်လျန်နှင့် အခြားတပ်မှူးချုပ်က ကျန်းရီကို ကာကွယ်ပေးရန် ရောက်လာခြင်းဖြစ်ကြောင်း ဂူရှီချောင်သိသည်။ သို့သော် သူ မည်သို့မှ မပြောလိုက်ပေ။ သူရထားသောအမိန့်မှာ ကျန်းရီကို ယန်ကိုးပါးမြို့ရှိ စစ်စည်းမျဉ်းခန်းမချုပ်သို့ ပို့ပေးရန်သာဖြစ်သည်။ သူ့အနေဖြင့် အခြားကိစ္စများတွင် ဝင်ပါစရာ မလိုချေ။ ယခု ကျန်းရီက ပူးပေါင်းဆောင်ရွက်နေရာ သူ ပြဿနာကို ရှောင်နိုင်သမျှ ရှောင်လိုပေသည်။

တည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်သွားပြီး ကျန်းရီတို့အုပ်စု ယန်ကိုးပါး‌တောင်ကြားထဲတွင် ပြန်ပေါ်လာသည်။ ကျန်းရီနှင့် တပ်မှူးချုပ်လျန်တို့သည် ချက်ချင်း ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ပတ်ဝန်းကျင်တွင် ရန်သူများ ရှိ၊ မရှိ အာရုံခံလိုက်သည်။ စွမ်းအားကြီး သိုင်းသမားများက သူတို့ကို အလစ်ဝင်တိုက်ရန် ပုန်းအောင်းနေမည်ကို သူတို့ စိုးရိမ်ကြပုံပင်။

ယန်ကိုးပါးတောင်ကြားထဲတွင် အလွန်တိတ်ဆိတ်နေသည်။ သို့ဖြင့် သူတို့အုပ်စုသည် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုထဲ ထပ်ဝင်ကာ ယန်ကိုးပါးမြို့သို့ တည်နေရာပြောင်းရွှေ့လိုက်ကြသည်။

ရွှီး...

ယန်ကိုးပါးမြို့ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်လာ၏။ ကျန်းရီတို့အုပ်စု တည်နေရာပြောင်းရွှေ့အစီအရင်ထဲတွင် ပေါ်လာသည်။

ကျန်းရီတို့ ထွက်ပေါ်လာသည့်အခိုက်တွင် အားကောင်းသော ကောင်းကင်စိတ်အာရုံ ဆယ်ခုလောက်က ကျန်းရီအပေါ် ကျရောက်လာ၏။ ကျန်းရီ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရုတ်ခြည်း မျက်နှာထားတင်းမာသွားသည်။ သူ မျက်မှန်းတမ်းမိသူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုသူမှာ တောက်မျိုးနွယ်၏ ခြင်္သေ့နဂါးတပ်၏ ခေါင်းဆောင်ပင်။ သူက သူ၏ကျိုင်းမှနေ၍ သန်းဆယ်ချီသော ကြိမ်ပင်များကို ပစ်လွှတ်နိုင်သည့် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ပင်။

“ဟားဟားဟား...”

ခြင်္သေ့နဂါးတပ်၏ ခေါင်းဆောင်က ကျယ်လောင်စွာရယ်လိုက်ပြီး ကျန်းရီနှင့် မျက်လုံးချင်းဆုံကာ ကြည့်လိုက်၏။ ထို့နောက် အဝေးမှနေ၍ သူ လှမ်း‌အော်ပြောသည်။

“လောကကြီးပဲ ကျဉ်းကျဉ်းလေပဲ...ကျန်းရီ၊ အရင်တုန်းက မင်းက တစ်ယောက်ယောက်ရဲ့ အကူအညီနဲ့ မိုးပြာဒေသထဲကနေ လွတ်မြောက်သွားခဲ့တယ်။ ဒီနေ့ မင်း ဘယ်ကို ပြေးဖို့ ကြံထားလဲ”

“တကယ်ကို လောကကြီးက ကျဉ်းကျဉ်းလေးပဲ”

ရဲတိုက်တစ်ခုအတွင်းမှနေ၍ အေးစက်စက်အသံတစ်သံ ထွက်လာ၏။ ထို့နောက် လူတစ်ယောက်က ကောင်းကင်ထက်သို့ မြားတစ်စင်းအလား ပျံတက်သွားသည်။ တောင်တစ်လုံးကဲ့သို့ ဖိအားကောင်းသော အရှိန်အဝါတစ်ခုက ကျန်းရီကို လွှမ်းခြုံသွားသည်။

ခံ့ညားသော အသက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်က ကျန်းရီကို လှမ်းကြည့်၍ ခြောက်ကပ်ကပ်ရယ်ကာ ပြောလိုက်သည်။

“ကျန်းရီ... ငါတို့ ထပ်တွေ့ကြပြန်ပြီ”

ယန်ကိုးပါးမြို့ထဲတွင် တောက်လန်လည်း ရှိနေပေသည်။

All Chapters