← Chapters

ယွင်ပင်းကိုဖမ်း

Vol. 121 Ch. 1690

ယွင်ပင်းကိုဖမ်း

Vol. 121 Ch. 1690

တောက်လန်ထွက်ပေါ်လာသည့်အခိုက်တွင် ကျန်းရီ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ သာမန်အုပ်ချုပ်သူအဆင့် သိုင်းသမားများဆိုလျှင် သူ အစွမ်းကုန်ထုတ်သုံးပါက အနိုင်ယူနိုင်လောက်သေးသည်။ သို့သော် တောက်လန်က ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်သည်။ တစ်ချက်မှားသည်နှင့် သူ ယနေ့ ဤနေရာတွင် သေရပေလိမ့်မည်။

ရွှီး...

ကျန်းရီ၏ ကိုယ်ပေါ်တွင် ကောင်းကင်လေပြေချပ်ဝတ် ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပဲ သူ၏ အလောင်းကြီးလည်း ထွက်ပေါ်လာသည်။ သူ အလောင်းကြီးထဲသို့ မိုးမြေစွမ်းအား လျင်မြန်စွာ ထည့်သွင်းကာ အလောင်းကြီးအား သူ့ကို လက်ဖြင့် ဆုပ်ကိုင်စေလိုက်သည်။ ထိုမှသာ သူ လုံခြုံမှုကို ခံစားရသည်။ အလောင်းကြီးရှိနေလျှင် တောက်လန်သည် သူ့ကို တစ်ချက်တည်းနှင့် သတ်ပစ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ့တွင် ရှင်သန်နိုင်မည့် အခွင့်အ‌ရေးတစ်ခု ရှိပေသေးသည်။

“ကျန်းရီ... ဘာမှ မလုပ်ပါနဲ့”

ကျန်းရီ၏ ခေါင်းထဲတွင် အသံပို့လွှတ်မှုတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံက ယွင်ပင်း၏အသံပင်။ ကျန်းရီ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အသံထွက်ပေါ်လာရာနေရာကို အာရုံခံလိုက်သည်။ ယွင်ပင်းက ရဲတိုက်တစ်လုံးထဲတွင် ရှိနေကြောင်း သူ တွေ့လိုက်ပေသည်။

ယန်ကိုးပါးမြို့က အလွန်ကြီးမားသည်။ တည်နေရာပြောင်းရွှေ့အစီအရင်များ ရှိနေသော မြို့ရင်ပြင်သည်ပင် အထက်ဘုံမှ မြို့တစ်မြို့လောက် ကြီးသည်။ ထိုအခိုက်တွင် မြို့ရင်ပြင်ထဲ၌ သိုင်းသမားများစွာ ရှိနေသည်။ ယန်ကိုးပါးစစ်တပ်၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော တပ်သားများလည်း အယောက်တစ်သိန်းလောက် ရှိနေပေသည်။

မြို့ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်နေ၏။ အားလုံး၏ မျက်ဝန်းများက လေထဲရှိ တောက်လန်နှင့် အလောင်းကြီး၏ လက်ထဲတွင် ကွယ်နေသော ကျန်းရီတို့အပေါ်တွင် ရှိနေကြသည်။ အလောင်းကြီးက အလွန်ကြီးမားရာ လူများစွာသည် အသက်ပင် မရှူဝံ့ကြချေ။

ကျန်းရီ၏အမည်က လူအုပ်ထဲရှိ လူများစွာကို တုန်လှုပ်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် မကြာသေးခင်က ကျန်းရီသည် မိုးပြာဒေသထဲတွင် အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့၍ပင်။ ထို့ကြောင့်လည်း ယန်ကိုးပါးမြို့ထဲရှိ အထက်ဘုံသို့သွားသော တည်နေရာပြောင်းရွှေ့အစီအရင်များကို ချိပ်ပိတ်ခဲ့ရသည်။ သို့ဖြစ်၍ လူများစွာသည် ကျန်းရီ၏အမည်ကို ရင်းနှီးကြပေသည်။

ထိုအခိုက်တွင် လူများသည် အလောင်းကြီ၏ လက်ထဲ၌ ကွယ်နေသော ကျန်းရီကိုကြည့်၍ ကျန်းရီက သူ၏ဂုဏ်သတင်းနှင့် ထိုက်တန်ပါပေသည်ဟု တွေးမိနေကြသည်။ အလောင်းကြီးက ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်လွှတ်နေရာ တပ်မှူးချုပ်လျန်နှင့် ဂူရှီချောင်တို့ပင် ဖိနှိပ်ခံနေရသည်။ ဂူရှီချောင်သည် အစောက သူ မဆင်မခြင် မပြုမိသည့်အတွက် သူ့ကိုယ်သူ ကျေးဇူးတင်မိသွားသည်။ မဟုတ်လျှင် ယခုလောက်ဆို သူ သေနေလောက်ပေပြီ။ ထိုအလောင်းကြီးက သူ့ကို အလွယ်တကူ သတ်ပစ်နိုင်မည့်ပုံပေါ်ပေသည်။

“ဟွန်း... မင်းတို့က ဘာလုပ်နေကြတာလဲ”

အေးစက်စက်အသံတစ်သံက မြို့ရင်ပြင်ထဲရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်ရသော အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယေက်က တောက်လန်နှင့် ကျန်းရီတို့ကို ကြည့်ကာ ပြောလိုက်သည်။

“အေးစက်ဧကရာဇ်၊ ကျန်းရီ... မင်းတို့က ယန်ကိုးပါးမြို့ထဲမှာ တိုက်ခိုက်ဖို့ ကြံနေတာတော့ မဟုတ်ဘူးမလား”

ရွှီး...ရွှီး...

မြို့ရင်ပြင်ထဲရှိ ယန်ကိုးပါးတပ်သားများက သူတို့၏ လက်နက်များကို ထုတ်ကာ ရန်သူကို တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။ ယန်ကိုးပါးမြို့ကို ယန်ကိုးပါးကောင်းကင်ဧကရာဇ်က တည်ထောင်ခဲ့ခြင်းပင်။ ယန်ကိုးပါးမြို့ရှိ မြို့ရင်ပြင်အလယ်တွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဧရာမရုပ်တုကြီး ရှိနေသည်။ လူများသည် မြို့ထဲတွင် တိုက်ခိုက်ခွင့်မရှိပေ။ မြို့ထဲရှိ ယန်ကိုးပါးတပ်သားများက အမိန့်တစ်ခုကိုသာနာခံရသည်။ အကယ်၍ ယန်ကိုးပါးမြို့ထဲတွင် တိုက်ခိုက်သူ ရှိလာပါက ထိုသူမှာ မည်သူဖြစ်စေ ယန်ကိုးပါးတပ်သားများက ထိုသူကို တုံ့ဆိုင်းခြင်းမရှိ သတ်ပစ်ရမည်ဖြစ်သည်။

“စစ်သူကြီးကျန်း... ခင်ဗျား အထင်လွဲနေပါပြီ”

တောက်လန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ အားကောင်းသော အရှိန်အဝါက ရုတ်ခြည်း လွင့်ပြယ်သွား၏။ ထို့နောက် တောက်လန် ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။

“ကောင်းကင်ဧကရာဇ်ရဲ့ ရုပ်တုက မြို့ထဲမှာ ရှိနေတာကို ကျုပ်က ဘယ်လိုလုပ် မရိုမသေ ပြုရဲမှာလဲ။ ကျုပ် ဒီကိုလာခဲ့တာ ကျန်းရီကို ဖမ်းဖို့ပါ။ ခင်ဗျားတို့တပ်က အဲ့နတ်ဆိုးကောင်ကို ကျုပ်လက်ထဲ လွှဲပေးလိမ့်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်။ အဲ့လိုဆို တောက်မျိုးနွယ်က ခင်ဗျားတို့ကို ကျေးဇူးတင်နေမှာပါ”

“ဟင်းဟင်း...”

ကျယ်လောင်စူးရှသော ရယ်သံတစ်သံက မြို့ရင်ပြင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွား၏။ ယွင်ပင်းက လေထဲသို့ ပျံတက်လာ၏။ သူမ၏ လှပသော မျက်နှာလေးက ရေခဲတမျှ အေးစက်နေသည်။ သူမသည် လေထဲ ရောက်သည်နှင့် တောက်လန်ကို မျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။

“အေးစက်ဧကရာဇ်... ကျန်းရီက ကျွန်မရဲ့တပ်က တပ်ဗိုလ်ပဲ။ ရှင် တစ်ခွန်းပြောလိုက်တာနဲ့ ကျွန်မတို့ကို သူ့ကို ရှင်လက်ထဲ လွှဲပေးရမယ်ဆိုတာ ရယ်ချင်စရာပဲ”

“သခင်မလေးယွင်ပင်းပါလား”

တောက်လန်၏ မျက်နှာထားက ပြောင်းလဲမသွားသေးပေ။ ယွင်ပင်း၏စကားကြောင့်လည်း သူ ဒေါသထွက်မသွားချေ။ ထိုအစား သူ အရေးမစိုက်သလိုသာ ပြုံး၍ ပြန်ပြောလိုက်သည်။

“ကျုပ်တို့ ဒီနေရာမှာ စကားပြောနေရတာ မကောင်းပါဘူး။ စစ်ဌာနချုပ်မှာ သွားပြောကြရင် ဘယ်လိုလဲ။ ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါး ရှိပါသလား။ တောက်လန် သူတို့ကို တွေ့ချင်ပါတယ်”

“အားလုံး ဝင်လာခဲ့ကြပါ။ အပြင်မှာ ဘာတွေလုပ်နေကြတာလဲ”

အသံအိုတစ်သံ ထွက်ပေါ်လာသောအခါ ယန်ကိုးပါးတပ်သားတစ်သိန်းသည် ချက်ချင်း ဒူးတစ်ဘက်ထောက်၍ ညီညီညာညာ ပြောလိုက်ကြသည်။

“ကောင်းကင်ဘုရင်မူကို နှုတ်ခွန်းဆက်ပါတယ်”

“ကျေးဇူးတင်ပါတယ် ကောင်းကင်ဘုရင်မူ”

တောက်လန်က လက်ဆုပ်ကာ မြောက်ဘက်ရှိ အကြီးဆုံးရဲတိုက်ဆီသို့ ပျံသန်းသွားလိုက်သည်။ ယွင်ပင်းသည် ကျန်းရီကို တစ်ချက်ကြည့်လိုက်ပြီး နှစ်စက္ကန့်မျှ တုံ့ဆိုင်းနေပြီးမှ သူ့ထံ အသံပို့လွှတ်လိုက်၏။

“ကျန်းရီ... အရင်ဆုံး စစ်ဌာနချုပ်ကိုသွားကြစို့။ တောက်လန်က မြို့ထဲမှာ ပုန်းနေတယ်ဆိုတာကို ကျွန်မ မသိခဲ့ဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့။ တောက်လန် ရှင့်ကို လွယ်လွယ်ခေါ်သွားနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မ ရှင့်ကို ကူညီမှာပါ။ မြို့ထဲမှာ ဘာမှ အလျင်စလို မလုပ်ပါနဲ့။ မဟုတ်ရင် ဘယ်သူမှ ရှင့်ကို ကူညီနိုင်တော့မှာ မဟုတ်ဘူး”

ကျန်းရီ၏ မျက်နှာထားက လွန်စွာမည်းမှောင်သွားသည်။ သူ ထပ်မံ၍ တွေဝေသွားပြန်သည်။ အစောက ပြောလိုက်သူမှာ ကောင်းကင်ဘုရင်ယွင် မဟုတ်ဘဲ ကောင်းကင်ဘုရင်မူပင်။ မူမျိုးနွယ်က တောက်မျိုးနွယ်နှင့် အပေးအယူလုပ်ထားကြောင်း ထင်ရှားသည်။ မဟုတ်လျှင် မူဟယ်ယွီက သူ့အကြောင်းကို စုံစမ်းခဲ့မည် မဟုတ်ပေ။ သူ စစ်ဌာနချုပ်ထဲသို့ သွားလိုက်လျှင် သေချာပေါက် ပြဿနာတက်ပေလိမ့်မည်။

သို့သော် သူ ထိုအမိန့်ကို မနာခံလျှင်လည်း ယန်ကိုးပါးမြို့ထဲမှနေ၍ အင်အားသုံးကာ ထွက်ပြေးရမည်ဖြစ်သည်။ သို့ဆိုလျှင် သူ တောက်လန်ကိုသာမက ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးကိုပါ တိုက်ခိုက်ရပေမည်။ ယန်ကိုးပါးမြို့ထဲတွင် တိုက်ခိုက်ခြင်းက ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကို မလေးမစားလုပ်ခြင်းပင် မဟုတ်ပါလော။

နောက်ဆုံးတွင်...

ကျန်းရီသည် မြို့ရင်ပြင်အလယ်ရှိ မျက်နှာမထင်ရှားသော ဧရာမရုပ်တုကြီးကို လှမ်းကြည့်လိုက်သည်။ ရုပ်တု၏ မျက်ဝန်းများထဲတွင် ချစ်ခင်ကြင်နာမှုနှင့် ဉာဏ်အမြော်အမြင် ပြည့်နှက်နေကြောင်း သူ တွေ့လိုက်ရသည်။ သို့ဖြင့် သူ မတိုက်ခိုက်ရန် ရွေးချယ်လိုက်လေတော့သည်။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က လူသားမျိုးနွယ်၏ ကောင်းကင်အရှင်ပင်။ သူက ကျန်းရီ၏ ဆရာသခင်လည်းဖြစ်သည်။ ယန်ကိုးပါးမြို့ထဲတွင် တိုက်ခိုက်ခြင်းက သူ့ကို မလေးမစားပြုရာ ကျပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီသည် လုံးဝရွေးချယ်စရာမရှိတော့သော အခြေအနေသို့ မရောက်သေးသ၍ မတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ကျန်းရီသည် အလောင်းကြီးကို ပြန်သိမ်းလိုက်ပြီး မြောက်ဘက်ရှိ အကြီးဆုံးရဲတိုက်ကြီးဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်၏။ တပ်မှူးချုပ်လျန်နှင့် ဂူရှီချောင်တို့လည်း သူ့အနောက်မှ လိုက်လာကြသည်။ သူ့အရှေ့မှ လူများသည် သူ့အတွက် ချက်ချင်း လမ်းဖယ်ပေးကြလိုက်ပြီး သူ စစ်ဌာနချုပ်သို့ တစ်လှမ်းချင်း လျှောက်သွားသည်ကို ကြည့်နေကြသည်။

စစ်ဌာနချုပ်အပြင်တွင် တပ်သားတစ်ထောင်ရှိနေသည်။ သူတို့အားလုံးက ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များပင်။ သူတို့သည် ကျန်းရီလျှောက်လာသည်ကို စိုက်ကြည့်နေကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် နွေးထွေးမှုနှင့် လေးစားမှုတို့ ရှိနေပေသည်။ ကျန်းရီက ယန်ကိုးပါစစ်တပ်ထဲမှ မဟုတ်ပါလား။ ထိုအခိုက်တွင် သူသည် ခြင်္သေ့ဂူထဲသို့ တစ်ယောက်တည်း လျှောက်ဝင်နေသည်။ သူ၏သတ္တိမှာ သူတို့၏ လေးစားမှုနှင့် ထိုက်တန်ပေသည်။

ယွင်ပင်းက ရဲတိုက်အပြင်တွင် စောင့်နေ၏။ ကျန်းရီ ရောက်လာသောအခါ သူမ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ကျန်းရီ... ကျွန်မနဲ့အတူ ဝင်ပါ။ ကျန်တဲ့သူတွေက အပြင်မှာ စောင့်နေပါ”

ကျန်းရီသည် ယွင်ပင်းနောက်လိုက်၍ စစ်ဌာနချုပ်ထဲဝင်လိုက်၏။ အထဲရောက်သောအခါ စင်္ကြံလမ်းတစ်လမ်းကို တွေ့လိုက်ရသည်။ သူတို့ စင်္ကြံလမ်းအတိုင်း လျှောက်သွားရာ ခန်းမကျယ်ကြီးတစ်ခုထဲသို့ ရောက်သွားပေသည်။ ခန်းမက အလွန်ကျယ်သည်။ ခန်းမအရှေ့ဆုံးတွင် ထိုင်ခုံဆယ်ခုံရှိသည်။ ဘေးတစ်ဘက်စီတွင်မူ ထိုင်ခုံဆယ့်သုံးခုရှိသည်။ ထိုင်ခုံစုစုပေါင်းမှာ သုံးဆယ့်ခြောက်ခုံပင်။

သို့သော် ထိုထိုင်ခုံ သုံးဆယ့်ခြောက်ခုံ၌ ထိုင်နေသူ များများစား မရှိပေ။ ခြောက်ယောက်ကိုသာ တွေ့ရသည်။ ဘေးနှစ်ဘက်တွင် နှစ်ယောက်စီ ထိုင်နေပြီး အရှေ့တွင် နှစ်ယောက်ထိုင်နေသည်။ သူတို့အားလုံးက ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများနှင့် ဖြစ်သည်။

‘အရှေ့မှာ ထိုင်နေတဲ့ နှစ်ယောက်က ကောင်းကင်ဘုရင်တွေထဲမှာ ဒုတိယနဲ့ တတိယဖြစ်တဲ့ ကောင်းကင်ဘုရင်ယွင်နဲ့ ကောင်းကင်ဘုရင်မူလား’

ကျန်းရီသည် အရှေ့ရှိ ဒုတိယနှင့် တတိယထိုင်ခုံတွင် ထိုင်နေသော အဘိုးအိုနှစ်ယောက်ကို ကြည့်လိုက်၏။ ထိုင်ခုံက သုံးဆယ့်ခြောက်ခုံရှိရာ ထိုင်ခုံနေရာများမှာ အဆင့်အလိုက် ရှိပေလိမ့်မည်။ ကောင်းကင်ဘုရင်များက သူတို့၏ အဆင့်အလိုက် ထိုင်ရခြင်းဖြစ်မည်ဟု ကျန်းရီ ခန့်မှန်းသည်။

“နှုတ်ခွန်းဆက်ပါတယ် ကောင်းကင်ဘုရင်ယွင်၊ ကောင်းကင်ဘုရင်မူ၊ ကောင်းကင်ဘုရင်ဟယ်၊ ကောင်းကင်ဘုရင်ချင်...”

ယွင်ပင်းသည် ထိုခန်းမထဲ ရောက်သည်နှင့် ဦးညွှတ်လိုက်၏။ ကျန်းရီလည်း လိုက်၍ ဦးညွှတ်ရသည်။ သူသည် လူခြောက်ယောက်၏ အရှိန်အဝါကို ခပ်ရေးရေး ခံစားနေရသဖြင့် အတန်ငယ် စိတ်လှုပ်ရှားသွားသည်။ ထိုကောင်းကင်ဘုရင်ခြောက်ပါးက အမှန်ပင် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်သမားများ ဖြစ်ကြသည်။ ဘေးနှစ်ဘက်တွင် ထိုင်နေသော ကောင်ကင်ဘုရင်လေးပါး၏ အရှိန်အဝါများက တောက်လန်၏ အရှိန်အဝါနှင့် ဆင်တူသည်။ ကောင်းကင်ဘုရင်ယွင်နှင့် ကောင်းကင်ဘုရင်မူတို့၏ အရှိန်အဝါများမှာမူ တောက်လန်၏ အရှိန်အဝါထက် များစွာပို၍ အားကောင်းသည်။

တောက်လန်သည် ခန်းမဘယ်ဘက်ခြမ်းရှိ ပထမဆုံး ဧည့်သည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။ ယွင်ပင်းနှင့်ကျန်းရီတို့ အရိုအသေပေးပြီးနောက် သူ စကားစလိုက်သည်။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကို ကောင်းကင်ဘုရင်တို့ သိလိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်။ ကျန်းရီက ကျုပ်ရဲ့တူ တောက်ဖုန့်ကို သတ်ခဲ့တယ်၊ မိုးပြာဒေသထဲက သောင်းချီတဲ့ လူတွေကို သတ်ဖြတ်ခဲ့တယ်။ ပြီးတော့ သူက ဟွင့်သွမ့်ပင်လယ်ထဲမှာ မျိုးနွယ်ကြီးတွေက မျိုးနွယ်ဝင်‌တွေ အများကြီးကိုလည်း သတ်ခဲ့ပါသေးတယ်...”

“သူက မိုးပြာဒေသထဲက ထွက်သွားပြီးတော့ နာမည်တုတစ်ခုကို သုံးပြီး ယန်ကိုးပါးစစ်တပ်ထဲ ဝင်ခဲ့တာပါ။ သူ့ရဲ့ ရည်ရွယ်ချက်ကို ပြောနေဖို့တောင် မလိုပါဘူး။ ကျုပ်တို့ရဲ့ မျိုးနွယ်ခေါင်းဆောင်က ကျန်းရီကိုသတ်ဖို့ ကျိန်ဆိုထားတယ်ဆိုတာကို ကောင်းကင်ဘုရင်တို့လည်း သိမှာပါ။ မိုးပြာမဟာဧကရာဇ်ကလည်း ဘာမှ ဝင်မပြောခဲ့ပါဘူး... အဲ့ဒါက ခွင့်ပြုတဲ့သဘောပါပဲ။ ကောင်းကင်ဘုရင်တို့ ဒီကိစ္စမှာ တောက်မျိုးနွယ်ကို မျက်နှာသာပေးလိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်”

“မရဘူး...”

တောက်လန်က မိုးပြာမဟာဧကရာဇ်၏ အမည်ကိုပင် ထည့်ပြောလိုက်သဖြင့် ယွင်ပင်း စိတ်လှုပ်ရှားသွားသည်။ ထို့ကြောင့် သူမ လက်ဆုပ်ကာ ဝင်ပြောလိုက်သည်။

“ကျန်းရီက ကျွန်မရဲ့တပ်က တပ်ဗိုလ်ပါ။ အပြင်လူတစ်ယောက်ရဲ့ စကားကြောင့် ကျွန်မတို့ သူ့ကို လက်လွှဲပေးလိုက်မယ်ဆိုရင် ယန်ကိုးပါးစစ်တပ်က လူအများရဲ့ရှေ့မှာ ခေါင်းမော့နိုင်ပါဦးမလား။ ယန်ကိုးပါးစစ်တပ်က အမြဲတမ်း အရှိန်အဝါအပြည့်နဲ့ ရပ်တည်ခဲ့တာ...”

“ပါးစပ်ပိတ်ထား”

အေးစက်စက်အသံတစ်သံက အော်ပြောလိုက်၏။ အော်ပြောလိုက်သူမှာ ကောင်းကင်ဘုရင်မူ မဟုတ်ဘဲ ကောင်းကင်ဘုရင်ယွင်ပင်။ သူသည် ယွင်ပင်းကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

“ဒီမှာ မင်း ဝင်ပြောခွင့် မရှိဘူး။ ထွက်သွားပါ”

“ကောင်းကင်ဘုရင်ယွင်...”

ယွင်ပင်းသည် ထပ်ပြောလို၏။ သို့သော် ကောင်းကင်ဘုရင်ယွင်က ရုတ်တရက် လက်ဝှေ့ယမ်းလိုက်ရာ သူမတို့ထံသို့ လေပြေတစ်ချက် တိုက်ခတ်လာသည်။ ယွင်ပင်းမှာ လေ၏ သယ်ဆောင်သွားမှုကို ခံလိုက်ရပြီး ခန်းမအပြင်သို့ ရောက်သွဦးသည်။ ထို့နောက် ကောင်းကင်ဘုရင်ယွင်က ထပ်မံအော်ပြောလိုက်သည်။

“လာကြစမ်း... ယွင်ပင်းကို ဖမ်းလိုက်ကြ”

‘ချီးပဲ...’

ကျန်းရီ ရုတ်ခြည်း မျက်နှာပျက်သွားသည်။ ကောင်းကင်ဘုရင်ယွင်ကပင် ထိုသို့ပြုမူနေရာ ယနေ့အခြေအနေက သူသေကိုယ်သေတိုက်ပွဲနှင့်သာ အဆုံးသတ်ရ‌တော့မည့်ပုံပင်။

All Chapters