← Chapters

မိစ္ဆာနတ်ဘုရား (၁၂)ပါး

Vol. 77 Ch. 1086

မိစ္ဆာနတ်ဘုရား (၁၂)ပါး

Vol. 77 Ch. 1086

အခန်း (၁၀၈၆) မိစ္ဆာနတ်ဘုရား (၁၂)ပါး

“ယင်းရှီယန်...”

ရန်ကျောက်ကဲ ထိုနာမည်ကို ထပ်ပြီး ရေရွတ်လိုက်သည်။

လွှမ်းခြုံဧကရာဇ်က ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်သည်။ ကြယ်စင်ရောင်ပြန်ရေကန်တွင် ဘာဖြစ်ခဲ့သည်ကို တွေးတောပြီးနောက် သူ့တွင် ထပ်ပြီး စိုးရိမ်စရာ မရှိတော့ပေ။

“ဓားနတ်ဆိုး ယင်းရှီယန်က အမတခုံရုံးနယ်မြေက သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ဖူးတယ်”

“သူက အရမ်းအရည်အချင်းရှိတယ် ၊ သူ့ရဲ့ ဓားသိုင်းလမ်းစဉ် ပါရမီက ဒီကမ္ဘာမှာ ရှာမှရှားလို့ ပြောလို့ရတယ်”

“စိတ်မကောင်းစရာက သူက အမတခုံရုံးနယ်မြေမှာ ငယ်ငယ်ကတည်းကနေထိုင်ပြီး ကျင့်ကြံခဲ့တာ ၊ အတိုင်းအဆမဲ့‌ကောင်းကင်ဘုံအရှင်ကို ကိုးကွယ်တယ် ၊ နောက်ပိုင်း နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်ခဲ့ပေမယ့် သူနားလည်တဲ့ တာအိုတရားက အခြေခံအုတ်မြစ်မခိုင်မာတဲ့အတွက် တည်ငြိမ်မှု မရှိဘူး”

လွှမ်းခြုံဧကရာဇ်က ခေါင်းခါယမ်းရင်း...

“ပြောရရင်တော့... လမ်းမှန်တာအိုကိုသာလျှောက်လှမ်းခဲ့မယ်ဆိုရင် သူ့အနေနဲ့ နတ်ဘုရားတစ်ပါးဖြစ်တာ နောက်ကျကောင်းနောက်ကျနိုင်ပေမယ့် အောင်မြင်မှုတွေက အကန့်အသတ်ရှိနိုင်မှာ မဟုတ်ဘူး”

ထိုစကားများကိုပြောချိန်တွင် လွှမ်းခြုံဧကရာဇ်က မန်ဝမ်မကြားစေရန် အသံကို ထိန်းချုပ်ထားသည်။

အမတခုံရုံးနှင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အကြောင်း မန်ဝမ် အများကြီးသိရှိသွားပါက ပိုးသားဧကရာဇ်က ကြယ်စင်ရောင်ပြန်ရေကန်တွင် သူမ၏ဖြစ်တည်မှုကို ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိကြောင်း နားလည်သွားပေမည်။

ထိုသို့ဖြစ်ရခြင်းမှာ ပိုးသားဧကရာဇ် ကျင့်ကြံခြင်းသွေဖယ်သွားသောကြောင့်ဖြစ်လေရာ အခြားသူများကတော့ စိတ်ထဲထားမည် မဟုတ်ပေ။

သို့သော် မန်ဝမ်ကတော့ မတူညီပေ။

မန်ဝမ် အခြေအနေမှန်ကိုနားလည်သွားပါက ပိုးသားဧကရာဇ် မည်သို့တုံ့ပြန်လာမည်ကို ခန့်မှန်းရခက်သည်။

ထို့ကြောင့် လွှမ်းခြုံဧကရာဇ်က ဤအကြောင်းများ ရန်ကျောက်ကဲကိုပြောပြရန် စိုးရိမ်ခြင်းမရှိသည့်တိုင် မန်ဝမ်ကြားသွားမည်စိုးရိမ်သဖြင့် အသံပို့လွှတ်စနစ်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ပိုးသားဧကရာဇ်က သိမ်မွေ့စွာဖြင့်...

“ယင်းရှီယန်က အမတခုံရုံးက ဒဏ္ဍာရီဆန်တဲ့ သူရဲကောင်းတစ်ယောက်ဆိုပေမယ့် တူညီတဲ့ကျင့်ကြံခြင်းအဆင့်မှာ ငါတို့လမ်းမှန်ကျင့်ကြံသူတွေကို ကောင်းကောင်းယှဉ်ပြိုင်နိုင်တယ် ၊ အတော်များများကို သူ့ဓားအောက်မှာ ဖိနှိပ်ထားနိုင်ခဲ့တယ်”

ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...

“ဒါက တကယ့်ကို အံ့သြစရာပဲ...”

“သူက မင်းရဲ့အဘိုး အကြီးအကဲ’ရန်’ နဲ့ ပထမဆုံးတိုက်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်သွားခဲ့တယ် ၊ သူ့ရဲ့အရည်အချင်းကို နှမျောတဲ့အတွက် မင်းရဲ့အဘိုးက သူ့ကို အသက်ချမ်းသသာပေးခဲ့တယ်”

လွှမ်းခြုံဧကရာဇ်က ဆက်ပြောသည်။

“သူက လက်မလျှော့ဘဲ နောက်တစ်ကြိမ်ထပ်ပြီး စိန်ခေါ်တယ် ၊ အဲဒီတော့လည်း နောက်တစ်ကြိမ် ရှုံးပြန်တာပဲ”

ထိုစကားကြားတော့ ရန်ကျောက်ကဲက လွှမ်းခြုံဧကရာဇ်ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။

လွှမ်းခြုံဧကရာဇ်က ခေါင်းညိတ်ရင်း....

“အမတခုံရုံးသိုင်းကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရတနာအလင်းတန်း ရှိနေပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ဆိုတဲ့ နာမည်ကလည်း သူတို့အတွေးတွေထဲမှာ အမြဲရှိနေတယ်”

“အမတခုံရုံးသိုင်းကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ရတနာအလင်းတန်းက သူတို့အတွက် တန်ခိုးစွမ်းအားကို ထုတ်ဖော်ပေးတာ ၊ အဲဒါက ချိုးဖျက်ဖို့ခက်ခဲတယ် ၊ ပြီးတော့ အတိုင်းအဆမဲကောင်းကင်ဘုံအရှင်နဲ့ပတ်သက်ပြီး သူတို့ရဲ့ အတွေးလေးတစ်ချက်ကတောင် သက်ရောက်မှုရှိတယ်”

“အမှန်တရားကို သိရှိပြီး လမ်းမှန်ကိုပြန်လျှောက်ချင်တယ်ဆိုရင်တောင် ယုံမှားတာကို ခံစားနေရဦးမှာပဲ”

“ဒါပေမဲ့ အရာအားလုံးမှာ အကြွင်းမဲ့ မရှိပါဘူး ၊ အမတခုံရုံးကျင့်ကြံသူတွေ ပြောင်းလဲချင်တယ်ဆိုရင် လုပ်လို့ရတဲ့အချက်နှစ်ချက်ကို ဒီ အဘိုးကြီး သတိထားခဲ့မိတယ် ၊ တစ်ခုကတော့ ဗုဒ္ဓဘာသာဘက်ကူးပြောင်းပြီး ယုံကြည်ကိုးကွယ်ရာ ပြောင်းလဲလိုက်ဖို့ပဲ”

ထိုစကားကြားတော့ ရန်ကျောက်ကဲက စဉ်းစားလိုက်ရင်း...

“ဒါဆို နောက်နည်းလမ်းတစ်ခုက အမှောင်ဘက်ခြမ်းကို အကျခံလိုက်ပြီး ငရဲကိုးထပ်က နတ်ဆိုးတစ်ပါး ဖြစ်လာဖို့ပဲ”

လွှမ်းခြုံဧကရာဇ်က...

“အမှန်ပဲ...  ဒီနည်းလမ်းကတော့ ပြန်လမ်းမရှိတဲ့နည်းလမ်းဆိုပေမယ့်  ရွေးချယ်နိုင်တဲ့လမ်းတစ်ခုလို့ ပြောလို့ရတယ်”

သူက ဆက်‌ပြောသည်။

“နောက်ပိုင်းမှာ ယင်းရှီယန် ငရဲကိုးထပ်ဆီ ကျရောက်သွားပြီး ဒီလောကမှ ဓားနတ်ဆိုးအဖြစ် ပြန်လည် ထွက်ပေါ်လာခဲ့တယ်”

ပိုးသားဧကရာဇ်က...

“ယင်းရှီယန် နတ်ဆိုးဖြစ်လာပြီးတဲ့နောက် မိုးမြေတာအိုတရားရဲ့ အထွတ်ထိပ်အခြေခံမူတွေကိုနားလည်လာပြီး သူ့ရဲ့တန်ခိုးစွမ်းအား တဟုန်ထိုး မြင့်တက်လာတယ် ၊ သူ့ရဲ့အရည်အချင်းလည်း အလကား မဖြစ်တော့ဘူးပေါ့ ၊ ဒါပေမဲ့ အဆုံးသတ်မှာတော့ မင်းရဲ့အဘိုး ဓားနတ်ဘုရားကိုမယှဉ်နိုင်ဘဲ သုတ်သင်ခံလိုက်ရတယ်”

“နတ်ဆိုးတစ်ယောက်ကို ကရုဏာမထားဘဲ သုတ်သင်လိုက်ရပေမယ့် မင်းရဲ့အဘိုးက ယင်းရှီယန်ရဲ့ အရည်အချင်းတွေကို နှမျောနေတုန်းပဲလေ...”

ပိုးသားဧကရာဇ်က ဆက်ပြောသည်။

“ယင်းရှီယန်က စန်းချင်း (၃)ပါး လမ်းမှန်တာအို မကျင့်ကြံခဲ့တာ အရမ်းနှမျောစရာကောင်းတယ်လို့ ရွှေစင်ထက်ယံအရှင်သခင်က ပြောခဲ့ဖူးတယ် ၊ အဲဒီလိုသာဆိုရင် သူတို့ကြားမှာ အနိုင်အရှုံးက ခန့်မှန်းရခက်မှာပဲတဲ့”

ပိုးသားဧကရာဇ်က အဝေးဆီသို့လှမ်းကြည့်ရင်း...

“အဲဒီခေတ်တုန်းက မဟာကပ်ဘေးကြီးနောက်ပိုင်း ဓားသိုင်းကျင့်ကြံသူတွေထဲမှာ သူ့ရဲ့ဇနီး ဓားဧကရီ ‘တိချင်းလျန်’ ပြီးရင် မင်းအဘိုး ဒီလိုချီးကျူးတဲ့သူဆိုလို့ ‘ယင်းရှီယန်’ တစ်ယောက်ပဲ ရှိခဲ့ဖူးတယ်”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

ထို့နောက် မည်သည့်စကားမှမဆိုတော့ဘဲ သီးခြားနယ်မြေထဲ ရှေ့ဆက်လျှောက်သွားသည်။

သူက ရောယှက်နေသော ဓားဝိညာဉ်နှစ်ခုဆီသို့ ချဉ်းကပ်သွားသည်။

အနက်ရောင်ဓားဝိညာဉ်အား ထိတွေ့လိုက်သည့် တစ်ခဏတွင် သူ၏စိတ်အစဉ် တုန်လှုပ်သွားသည်ကို ခံစားရသည်။

ခါးသက်မှု ၊ အေးစက်မှု ၊ ထက်ရမှု ၊ မာကျောမှု ၊ လူမဆန်ရက်စက်မှုနှင့် အမျက်ဒေါသ...။

ပြင်းထန်သော ဓားဝိညာဉ်က ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားဝိညာဉ်’ အောက်တွင် လုံးဝအလျှော့မပေးဘဲ ဆက်လက်ရုန်းကန်နေခဲ့သည်။

အချိန်များစွာကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် ဓားဝိညာဉ်များက ပုံရိပ်ယောင်ပမာဖြစ်လာပြီး အကြွင်းအကျန်သဲလွန်စပမာ ဖြစ်နေလေရာ ထိုဓားဝိညာဉ်များအတွင်းမှ ဓားပညာအယူအဆကို နားလည်ရန် မဖြစ်နိုင်တော့ပေ။

သို့တိုင် ဓားသိုင်းအနှစ်သာရမှတစ်ဆင့် တိုက်ပွဲအခြေအနေကို ခံစားသိရှိနိုင်သေးသည်။

ရန်ကျောက်ကဲစိတ်ထဲ မြင်ကွင်းများစွာ ပေါ်လာသည်။

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို ကိုးကွယ်ဆည်းကပ်ပြီး အမတခုံရုံးနယ်မြေတွင် အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာကာ တာအိုတရားကို ရိုသေကိုင်းရှိုင်းသူ ‘ယင်းရှီယန်’ သည် ကြေကွဖွယ်ရာအရှုံးတရားနှင့်ရင်ဆိုင်ရပြီးနောက် သူ၏ယုံကြည်မှုနှင့် စိတ်အားထက်သန်မှုတို့က မှားယွင်းနေကြောင်း သိရှိခဲ့ရသည်။

ခရမ်းရောင်ဝတ်လူငယ်နှင့် သူ့လက်ထဲမှဓားသွားက ယင်းရှီယန်အတွက် တစ်ဘဝစာ အိပ်မက်ဆိုးနှင့် ပစ်မှတ်ဖြစ်လာခဲ့သည်။

ထိုအရာက ဘယ်သောအခါမှ ပြောင်းလဲသွားမည်မဟုတ်သလို ရုန်းမထွက်နိုင်သည့်ကိစ္စလည်း ဖြစ်လာခဲ့သည်။

“ရန်... ရှင်း... ထန်...”

ယင်းရှီယန်၏ ဒေါသတကြီး အော်ဟစ်ကြုံးဝါးသံက ခေတ်အဆက်ဆက်ကိုဖြတ်ကျော်ကာ ရန်ကျောက်ကဲနားထဲ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

ထပ်ခါတလဲလဲ တိုက်ပွဲများနှင့် ထပ်ခါတလဲလဲ ရှုံးနိမ့်မှုများစွာ...။

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို နက်နက်ရှိုင်းရှိုင်းယုံကြည်ခဲ့သော အမတခုံရုံးမှ ကျင့်ကြံသူတစ်ယောက်သည် အဆုံးသတ်မှာတော့ မိမိကိုယ်ကိုစတေးပြီး နတ်ဆိုးတစ်ယောက်ဖြစ်လာရန် ရွေးချယ်ခဲ့သည်။

မည်သည့်နည်းလမ်းဖြစ်ပါစေ ၊ မည်သည့်အရာ ပေးဆပ်ရပါစေ ၊ ဘယ်နှစ်ကြိမ် ရှုံးနိမ့်ပါစေ ၊ ရှေ့ဆက်ရမည့်လမ်းက မည်မျှပင် ခက်ခဲပါစေ...

သူ လုံးဝအရှုံးမပေးဘဲ “ရန်ရှင်းထန်” ကို အနိုင်ယူမည် ဖြစ်သည်။

ဤ ကြီးမားသောစိတ်ဆန္ဒက သူ၏ဓားတာအိုအား နတ်ဆိုးဓားအဖြစ်ပြောင်းလဲသွားစေကာ ကမ္ဘာ့ထိပ်တန်း မိစ္ဆာဓားသိုင်းတစ်ခု မွေးဖွားလာစေခဲ့သည်။

သူက သေသည်အထိ ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း’ နှင့် ယှဉ်ပြိုင်မည်ပင်။

မြင်ကွင်းများအားလုံးက ‘ရန်ရှင်းထန်၏ ၏ ပုံရိပ်ထက်တွင် ငြိမ်သက်သွားခဲ့သည်။

ရန်ရှင်းထန်၏ အသံ ထွက်ပေါ်လာသည်။

“မင်းက ဓားတာအို ပြီးမြောက်အောင်မြင်သွားပေမယ့် ဓားသိုင်းရဲ့ နက်နဲမှုအနှစ်သာရ ကင်းမဲ့နေသေးတယ် ၊ မင်းက ငါ့ရန်သူမဟုတ်ဘူး ၊ မင်းသာ လူသားတစ်ယောက်ဆိုရင် ကြီးကြီးမားမား အောင်မြင်မှုတွေရလာတဲ့တစ်ချိန်အထိ ငါ စောင့်မျှော်နေမိမှာပဲ ၊ ဒါမှ ငါတို့ကြားက အနိုင်အရှုံးကို တကယ်ဆုံးဖြတ်နိုင်မှာ”

“ဒါပေမဲ့ အခု မင်းက နတ်ဆိုးတစ်ယောက်ဖြစ်လာတယ် ၊ မိစ္ဆာနတ်ဘုရား (၁၂)ပါးထဲက တစ်ယောက်ဖြစ်လာတဲ့အတွက် ငါ့အနေနဲ့ မင်းကို ကရုဏာမထားနိုင်တော့ဘူး”

ရန်ရှင်းထန်က လေးနက်စွာ ဆက်ပြောလိုက်သည်။

“မင်း... အမတခုံရုံးနယ်မြေမှာ မွေးဖွားလာခဲ့တာ စိတ်မကောင်းစရာပဲ”

သူက တကယ်လည်း စိတ်မကောင်း ဖြစ်နေဟန်ပင်။

အတိတ်ပြကွက်များကိုကြည့်ရင်း ရန်ကျောက်ကဲခံစားချက်များ အတော်လေး ရှုတ်ထွေးသွားသည်။

သူ၏အဘိုးဖြစ်သော ဓားနတ်ဘုရား ‘ရန်ရှင်းထန်’သည် မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ဓားတာအိုတွင် အကြီးမြတ်ဆုံးပုဂ္ဂိုလ်အဖြစ် လူသိများခဲ့သည်။

သူက အထွတ်ထိပ်အဆင့်တွင် ဓားနတ်ဆိုး ‘ယင်းရှီယန်’ ကို တိုက်ခိုက်ပြီး အောင်နိုင်သူအစစ်အမှန်ကို ဆုံးဖြတ်နိုင်ခဲ့ခြင်းမရှိသဖြင့် အမြဲတမ်းနောင်တရနေခဲ့သည်။

တိချင်းလျန်ကတော့ သူ၏ချစ်ရပါသော ဇနီးသည်ဖြစ်သဖြင့် အံတုဖက်ပြိုင်ရန် စိတ်မဝင်စားခဲ့ပေ။

“အဘိုးနဲ့ ဓားနတ်ဆိုးတိုက်ခိုက်ခဲ့တဲ့ ဒီပုံရိပ်တွေကို ပြန်ကြည့်ရတာ...”

ရန်ကျောက်ကဲ စိတ်များရှုတ်ထွေးနေသည့်တိုင် အခြားနေရာသို့ အာရုံပြောင်းလိုက်သည်။

“ဒါပေမဲ့... ဒီနေရာက သူတို့တိုက်ခိုက်ခဲ့တဲ့နေရာ မဟုတ်သလို ဓားနတ်ဆိုး နောက်ဆုံး အနားယူချုပ်ငြိမ်းသွားတဲ့နေရာလည်း မဟုတ်ဘူး”

လွှမ်းခြုံဧကရာဇ်က...

“အမှန်ပဲ...”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

“ဓားနတ်ဆိုး...”

“ယင်းရှီယန်က နတ်ဆိုးဖြစ်လာပြီး တန်ခိုးစွမ်းအားတွေအများကြီး မြင့်မားလာခဲ့တယ် ၊ ဒါပေမဲ့ သူက သာမန်နတ်ဆိုး မဟုတ်ဘူး ၊ အတိတ်တစ်ချိန်က လွင့်ကြွေသွားတဲ့ မဟာနတ်ဆိုးကြီးတွေထဲက တစ်ယောက်နဲ့ ပေါင်းစပ်သွားတာ ဖြစ်ရမယ်”

“မိစ္ဆာနတ်ဘုရား (၁၂)ပါးမှာ... ဓားနတ်ဆိုး ... ဓားနတ်ဆိုးက ဒြပ်စင်ငါးပါးထဲက သတ္တုနေရာကို ကိုယ်စားပြုတဲ့ ထိပ်တန်းမဟာနတ်ဆိုး (၆)ပါးထဲက တစ်ယောက်နဲ့ ပေါင်းစပ်သွားတာ ဖြစ်လောက်တယ်”

ပိုးသားဧကရာဇ်က ရန်ကျောက်ကဲကို ကြည့်ရင်း...

“မင်းက သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာအကြောင်း သိရှိတယ်လို့ ကြာပန်းနီလေး ငါ့ကိုပြောပြဖူးတယ် ၊ ဒီတော့ ငရဲကိုးထပ်အကြောင်း မင်းအတော်လေးသိထားပုံပဲ ၊ မိစ္ဆာနတ်ဘုရား (၁၂)ပါးအကြောင်းကို ဝမ်ဖူ နဲ့ချောင်ကျယ်တို့ဆီက သိရတာတော့ မဟုတ်ဘူးလား”

ရန်ကျောက်ကဲက ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောသည်။

“ကျွန်တော့်ရဲ့ အသိပညာက အကန့်အသတ်ရှိပေမယ့် သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာကိုတော့ သိထားတာ အမှန်ပါပဲ ၊ ဒါပေမဲ့ မိစ္ဆာနတ်ဘုရား (၁၂)ပါးအကြောင်းကိုတော့ နည်းနည်းပဲ သိတာပါ”

သူက အဘိုးဖြစ်သူ၏ ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားဝိညာဉ်’ နှင့် ယင်းရှီယန်၏ ‘မိစ္ဆာကောင်းကင်ဓားဝိညာဉ်’ ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

“မိစ္ဆာနတ်ဘုရား (၁၂)ပါးက ဒီလောကမှာ အထွတ်ထိပ်နတ်ဆိုးတွေ မဟုတ်လား ၊ မိစ္ဆာတာအိုရဲ့ ခေါင်းဆောင်တွေဖြစ်သလို နတ်ဆိုးပေါင်းများစွာရဲ့ ဧကရာဇ်တွေလည်း ဖြစ်တယ်”

“မိစ္ဆာနတ်ဘုရား (၁၂)ပါးကို ဘိုးဘေးမဟာနတ်ဆိုး (၆)ပါးနဲ့ ထိပ်တန်းမဟာနတ်ဆိုး (၆)ပါးဆိုပြီး ခွဲခြားထားတယ် ၊ ဘိုးဘေးမဟာနတ်ဆိုး (၆)ပါးက နတ်ဆိုးအားလုံးရဲ့ ဘိုးဘေးတွေဖြစ်တယ် ၊ ယွမ်စီကောင်းကင်နတ်ဆိုး ‘ယွမ်စီထျန်းမော်’ ကနေ အစပြုဆင်းသက်လာကြတဲ့သူတွေပဲ ၊ ယွမ်စီကောင်းကင်နတ်ဆိုးဆိုတာက ယွိချင်အဆက်အနွယ်တည်ထောင်သူ ယွမ်စီထျန်းကျွင်းနဲ့ “မူလဖန်ဆင်းရှင်’ နေရာအတွက် တစ်ချိန်က ယှဉ်ပြိုင်တိုက်ခဲ့ဖူးတယ် မဟုတ်လား”

All Chapters