တောက်နူ
Vol. 121 Ch. 1691
ဝှစ်...ဝှစ်...
အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်က ချက်ချင်း ပျံသန်းလာပြီး ယွင်ပင်း၏လမ်းကို ပိတ်လိုက်ကြ၏။ ၎င်းနောက် သူတို့ အေးစက်စက်လေသံဖြင့် ပြောလိုက်ကြသည်။
“သခင်မလေးပင်း... ဒီဘက်ကို ကြွပါ”
ယွင်ပင်းသည် ကောင်းကင်ဘုရင်ယွင်ကို အေးစက်စက် လှမ်းကြည့်လိုက်၏။ သို့သော် မည်သို့မှတော့ ဆက်မပြောတော့ပေ။ ကောင်းကင်ဘုရင်ယွင် ထိုသို့လုပ်ခဲ့ခြင်းမှာ ဒေါသထွက်နေ၍ ဖြစ်နိုင်သည်။ ပုံမှန်ဆိုလျှင် ကောင်းကင်ဘုရင်ယွင်သည် ယွင်ပင်းကို ချစ်ခင်အလိုလိုက်သည်။ ယခုတွင်မူ သူက ဒေါသထွက်နေရာ ယွင်ပင်း သူ့အား ဖိအားပေးရန် မသင့်တော်ပေ။
“ဟူး...”
ယွင်ပင်း သက်ပြင်းချကာ ကျန်းရီကို လှမ်းကြည့်လိုက်ပြီး မည်းမှောင်သော မျက်နှာထားဖြင့် လှည့်ထွက်သွားလိုက်သည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် သူမ ကျန်းရီထံ အသံပို့လွှတ်လိုက်ပေသည်။
“ကျန်းရီ... အခြေအနေ ဆိုးလာရင် ရှင် တိုက်ခိုက်ပြီး ထွက်ပြေးပါ။ ဒီတစ်ခေါက် ကျွန်မ ရှင့်ကို စိတ်ပျက်စေခဲ့မိပြီ”
ဂူကျန်းရှန် ကျန်းရီ၏ ရဲတိုက်ရှေ့သို့ ရောက်လာကတည်းက ယွင်ပင်း ထိုအကြောင်းကို သတင်းရထားပြီးဖြစ်သည်။ သို့သော် စစ်စည်းမျဉ်းခန်းမက ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ချက်ချင်း မတုံ့ပြန်ရန် သူမ ဆုံးဖြတ်ခဲ့မိသည်။ သူမသည် တပ်မှူးချုပ်လျန်ထံသာ ဆက်သွယ်၍ စစ်စည်းမျဉ်းခန်းမမှလူများကို ကျန်းရီကို ယန်ကိုးပါးမြို့သို့ ခေါ်လာခွင့်ပြုလိုက်ရန် ညွှန်ကြားခဲ့မိသည်။
စစ်စည်းမျဉ်းခန်းမက ကျန်းရီကို ဖမ်းပိုင်ခွင့် မရှိပေ။ ယွင်ပင်းသည် ထိုကိစ္စကို နင်း၍ မူမျိုးနွယ်ကို အခက်တွေ့အောင် လုပ်လိုခဲ့ခြင်းဖြစ်သည်။ သို့သော် တောက်လန်က သူမထက် ခြေတစ်လှမ်းဦး၍ မြို့ထဲတွင် ပုန်းနေခဲ့လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့မိချေ။
တောက်လန်နေရာတွင် တောက်မျိုးနွယ်မှ အခြားအကြီးအကဲတစ်ယောက်ဆိုလျှင် ယွင်ပင်း ဤသို့ အခက်တွေ့ရမည် မဟုတ်ချေ။ သူမ ယုံကြည်မှုရှိရှိဖြင့် ကျန်းရီကို ကာကွယ်ပေးနိုင်သည်။ သို့သော် တောက်လန်ကိုယ်တိုင် ဤသို့ ရောက်လာပြီဖြစ်ရာ ကောင်းကင်ဘုရင်များပါ ဝင်ပါလာသည်။ ဤအဆင့်တွင် သူမ လုံးဝဝင်ပြောခွင့် မရှိတော့ပေ။ သူမ စကားနှစ်ခွန်းပြည့်အောင် မပြည့်နိုင်သေးခင်မှာပင် ကောင်းကင်ဘုရင်ယွင်က သူမကို မောင်းထုတ်လိုက်ပေပြီ။
ယွင်ပင်း ထွက်သွားပြီးနောက် ကျန်းရီတစ်ယောက် စကားတစ်ခွန်းမှ မပြောဘဲ နေရာတွင်သာ မလှုပ်မယှက် ရပ်နေသည်။ သို့သော် သူသည် အချိန်မရွေး တိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားပေသည်။ သူက သေရန်ထိုင်စောင့်နေမည့် လူစားမျိုး မဟုတ်ပေ။ သူ သေရမည်ဆိုလျှင်ပင် တိုက်ခိုက်ရင်းသာ အသေခံပေမည်။
ကောင်းကင်ဘုရင်ယွင်ကလည်း မည်သို့မှ ဆက်မပြောတော့ပေ။ ကောင်းကင်ဘုရင်မူကလည်း မည်သည့်အမြင်မှ ဝင်မပေးလိုသည့်ပုံစံဖြင့် နှုတ်ဆိတ်နေသည်။
သို့ဖြစ်၍ အခြေအနေက ပို၍ အိုးတိုးအမ်းတမ်းဖြစ်လာပေသည်။ ထိုစဉ် ဘေးဘက်တွင် ထိုင်နေသော ကောင်းကင်ဘုရင်တစ်ပါးက ပြောလိုက်၏။
“အေးစက်ဧကရာဇ်... ခင်ဗျားရဲ့ ခံစားချက်ကို ကျုပ်နားလည်ပါတယ်။ သခင်လေးတောက်ဖုန့် သေသွားတဲ့အတွက်လည်း ကျုပ်တို့အကုန်လုံး စိတ်မကောင်းပါဘူး။ တကယ်လို့ ကျန်းရီက ယန်ကိုးပါးစစ်တပ်ထဲ မဝင်ခဲ့ဘူးဆိုရင် ကျုပ်တို့ ဘာမှ ဝင်ပြောနေမှာ မဟုတ်ပါဘူး။ ခင်ဗျားကို သူ့ကို ခေါ်သွားခွင့်ပေးလိုက်မှာပါ...”
“ဒါပေမဲ့... အခု ကျန်းရီက ယန်ကိုးပါးစစ်တပ်ထဲကို ဝင်ထားပြီ၊ ပြီးတော့ တပ်ဗိုလ်တစ်ယောက်လည်း ဖြစ်နေပြီ။ ကျုပ်တို့သာ ခင်ဗျားကို သူ့ကို ခေါ်သွားခွင့်ပေးလိုက်မယ်ဆိုရင် ယန်ကိုးပါးစစ်တပ်ထဲက သန်းချီတဲ့တပ်သားတွေကို ကျုပ်တို့ ဘယ်လို ဖြေရှင်းချက် ပေးရမှာလဲ။ နောက်ကျရင် ဘယ်သူက ကျုပ်တို့ စစ်တပ်ထဲကို ဝင်ချင်ဦးမှာလဲ”
ထိုကောင်းကင်ဘုရင်က စကားကို တဲ့မပြောသော်လည်း သူ၏ဆိုလိုရင်းမှာ ရှင်းပေသည်။ သူ့ဘက်က အကျိုးအကြောင်းညီသည်။ သူတို့ ကျန်းရီကို အပြင်လူတစ်ယောက်လက်ထဲသို့ အလွယ်တကူ ထည့်ပေးလိုက်လျှင် ယန်ကိုးပါးစစ်တပ်၏ ဂုဏ်သိက္ခာ ကျဆင်းရပေလိမ့်မည်။
ဤတစ်ခေါက်တွင် သူတို့ ကျန်းရီကို လက်လွှဲပေးလိုက်လျှင် နောက်အခေါက်များ၌ စစ်သူကြီးများကိုပင် လက်လွှဲပေးရနိုင်သည်။ တောက်မျိုးနွယ်ကလည်း သူတို့ ဖမ်းလိုသူတိုင်းကို လာတောင်းနေပေလိမ့်မည်။ ထို့ပြင် ကျန်းရီက တပ်ဗိုလ်တစ်ယောက်ဖြစ်သည်။ ယန်ကိုးပါးစစ်တပ်က တပ်ဗိုလ်တစ်ယောက်ကိုပင် မကာကွယ်ပေးနိုင်လျှင် သာမန်တပ်သားများသည် ယန်ကိုးပါးစစ်တပ်ထဲ၌ မည်သို့ စိတ်အေးလက်အေးနှင့် နေနိုင်ပါတော့မည်နည်း။
ထိုကောင်းကင်ဘုရင်၏ စကားများကို ကြားသောအခါ ကျန်းရီ အတန်ငယ် စိတ်သက်သာရာရသွားသည်။ သို့သော် တောက်လန် ပြန်ပြောလိုက်သော စကားက သူ့တစ်ကိုယ်လုံးကို တောင့်တင်းသွားစေပေသည်။
“ကောင်းကင်ဘုရင်ပြောတာ မှန်ပါတယ်။ ဒီကိစ္စမှာ ကောင်းကင်ဘုရင်တွေအတွက်လည်း အခက်အခဲရှိတယ်ဆိတုာ အမှန်ပါပဲ။ ဒါပေမဲ့ ကျုပ်တို့ ဒီကိစ္စကို တစ်ချက်ချင်းစီထုတ်ပြီး ကြည့်ကြတာပေါ့။ ကျန်းရီက သွေးဆာနေတဲ့အရူးတစ်ယောက်ဆိုပြီး အထက်ဘုံမှာလည်း ကျော်ကြားပါတယ်။ သူက တကယ့်ကို နတ်ဆိုးတစ်ကောင်ပါ။ ကောင်းကင်ဘုရင်တွေ ဖတ်ကြည့်နိုင်ဖို့ ကျုပ် သူ့အချက်အလက်တွေကို စုဆောင်းလာခဲ့ပါတယ်။ အဲ့အချက်အလက်တွေ အကုန်လုံးက အမှန်တွေပါ။ ချဲ့ကားရေးထားတာ တစ်ခုမှ မပါပါဘူး”
တောက်လန်၏ လက်စွပ်က လင်းလက်လာ၏။ ထို့နောက် သူ့လက်ထဲတွင် ပေလိပ်အနည်းငယ် ထွက်ပေါ်လာသည်။ သူသည် ပေလိပ်များကို ကောင်းကင်ဘုရင်တစ်ပါးစီအား ဝေပေးလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။
“ကျန်းရီ တက်လှမ်းလာခဲ့တာ မကြာသေးပါဘူး။ ဒါပေမဲ့ သူ့လက်ချက်နဲ့ သေခဲ့ရသူတွေက သန်းဆယ်ချီနေပါပြီ။ ကောင်းကင်ယန်မျိုးနွယ်အကြောင်းကို ကောင်းကင်ဘုရင်တွေလည်း သိတယ်မဟုတ်လား။ အဲ့မျိုးနွယ်က ကျန်းရီကြောင့် မျိုးပြုတ်လုနီးပါး ဖြစ်သွားခဲ့ပါတယ်...”
“တက်လှမ်းလာတာ တစ်နှစ်တောင် မပြည့်သေးတဲ့သူတစ်ယောက်က အဲ့လိုမျိုး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်နေပြီ။ ပြီးတော့ ကျန်းရီက ကျုပ်ရဲ့ အဆင့်အတန်းမြင့်ပြီး ရိုးသားတဲ့တူ တောက်ဖုန့်ကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့တာပါ။ အခု ကျန်းရီဝတ်ထားတဲ့ ကောင်းကင်လေပြေချပ်ဝတ်က ကျုပ်တူပိုင်တဲ့ ချပ်ဝတ်ပါ...”
“အားလုံးပဲ... ကျုပ်တို့ရဲ့ လူသားမျိုးနွယ်က ဘာဖြစ်လာပါပြီလဲ။ တမလွန်ဘုံမျိုးနွယ်က ကျုပ်တို့ကို ချောင်ပိတ်ထားပါတယ်။ ကျုပ်တို့က ပျက်သုဉ်းရတော့မဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအချိန်က ကျုပ်တို့ လောကကြီးထဲက ပါရမီအရှိဆုံး လူသားတွေကို လိုအပ်နေတဲ့ အချိန်ပါ။ ကျန်းရီက ပါရမီရှင်တစ်ယောက်ဆိုတာကို မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ ခက်ထန်တဲ့အကျင့်စရိုက်မျိုး၊ မျိုးနွယ်တစ်ခုလုံးကိုတောင် သတ်ပစ်ရလောက်အောင် သွေးဆာနေတဲ့စိတ်ဓာတ်မျိုး ရှိနေတဲ့သူတစ်ယောက်ကို ကျုပ်တို့ အသက်ရှင်ခွင့်ပေးထားလို့ ရပါ့မလား...”
“သူ့ကို အသက်ရှင်ခွင့်ပေးထားတာက ကျုပ်တို့လူသားမျိုးနွယ်ကို ပျက်သုဉ်းမှုပဲ ဖြစ်စေပါလိမ့်မယ်။ လူသားမျိုးနွယ်တစ်ခုလုံး ပရမ်းပတာ ဖြစ်လာပါလိမ့်မယ်။ မကြာသေးခင်က သူ မိုးပြာဒေသထဲမှာ ပရမ်းပတာ ဖြစ်စေခဲ့တယ်။ တကယ်လို့သာ တမလွန်ဘုံမျိုးနွယ်က အဲ့အချိန်ကို အခွင့်ကောင်းယူပြီး ကျုပ်တို့ကို လုပ်ကြံခဲ့မယ်ဆိုရင် ဘယ်လိုအကျိုးဆက်မျိုး ဖြစ်လာမလဲဆိုတာကို စဉ်းစားကြည့်ကြပါ...”
“ကျန်းရီက မိစ္ဆာသတ်ဖြတ်နန်းတော်ထဲမှာ ကျုပ်တူတင် မကဘူး၊ တခြားမျိုးနွယ်ကြီးတွေက စွမ်းအားကြီး သိုင်းသမားတွေ အများကြီးကိုလည်း သတ်ပစ်ခဲ့ပါတယ်။ ကုန်းယန်မျိုးနွယ်၊ လျန်မျိုးနွယ်၊ ဟန်မျိုးနွယ်နဲ့ လီမျိုးနွယ်က မျိုးနွယ်ဝင်တွေ ကျန်းရီရဲ့ လက်ချက်နဲ့ သေခဲ့ရတယ်။ ကောင်းကင်ဘုရင်တို့ လူတစ်ယောက်ကို လွှဲပေးလိုက်တာက မျိုးနွယ်အများကြီးကို နှစ်သိမ့်ပေးလိုက်တာပါပဲ။ ကျုပ်တိုအားလုံးက ကောင်းကင်ဘုရင်တို့ကို ကျေးဇူးတင်နေမှာပါ...”
တောက်လန်က အလွန်စိတ်အားထက်သန်စွာနှင့် နှိမ့်နှိမ့်ချချ ပြောလိုက်သည်။ တောက်မျိုးနွယ်၏ တတိယစွမ်းအားအကြီးဆုံးသူက ထိုသို့ နှိမ့်ချသောလေသံဖြင့် ပြောနေခြင်းမှာ ကောင်းကင်ဘုရင်များကို လေစားသမှုပြခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ကောင်းကင်ဘုရင်များသည်လည်း တောက်လန် ပေးသော အချက်အလက်များကို ဖတ်ရှုပြီးနောက် နှုတ်ဆိတ်သွားကြသည်။
ခေတ္တကြာပြီးနောက် ကောင်းကင်ဘုရင်မူ စကားစလာသည်။ သူသည် သူ့လက်ထဲရှိ ပေလိပ်ကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့်ကြည့်ကာ ကျန်းရီကို မေးလိုက်သည်။
“ကျန်းရီ... ဒီထဲမှာ ရေးထားတာ မင်းက မိစ္ဆာချေဖျက်စစ်တပ်ရဲ့ ကောင်းကင်ဘုရင်ယိုကို သတ်ခဲ့တယ်တဲ့။ အဲ့ဒါ အမှန်ပဲလား”
ကျန်းရီ စက္ကန့်အနည်းငယ် တွေးတောပြီးနောက် ရှင်းပြမနေတော့ဘဲ ခေါင်းညိတ်၍သာ ပြောလိုက်သည်။
“အမှန်ပါပဲ”
ကောင်းကင်ဘုရင်မူ ဆက်ပြောသည်။
“မင်းက ကောင်းကင်ယန်မျိုးနွယ်က သန်းချီတဲ့မျိုးနွယ်ဝင်တွေကိုလည်း သတ်ခဲ့တယ်တဲ့။ ဟုတ်သလား”
“ဟုတ်ပါတယ်”
“အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲမှာလည်း မျိုးနွယ်အသီးသီးက ပါရမီရှင် သခင်လေး၊ သခင်မလေးတွေကို သတ်ခဲ့တယ်တဲ့။ အဲ့ဒါကရော အမှန်ပဲလား”
“မှန်ပါတယ်”
“ဟွင့်သွမ့်ပင်လယ်ထဲမှာ လျန်မျိုးနွယ်က အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်နဲ့ တခြားမျိုးနွယ်ကြီးတွေက မျိုးနွယ်ဝင်နှစ်ထောင်ကျော်ကို မီးရှို့သတ်ခဲ့တယ်... အဲ့ဒါကရော...”
“အဲ့ဒါလည်း အမှန်ပါပဲ”
“မင်းက မိစ္ဆာသတ်ဖြတ်နန်းတော်ထဲမှာ တောက်ဖုန်နဲ့ မျိုးနွယ်ကြီးတွေက ကိုယ်ရံတော်တွေကို သတ်ပစ်ခဲ့တယ်။ အဲ့ဒါ မှန်သလား”
“မှန်ပါတယ်”
“ကောင်းကင်ဝိညာဉ်ကျွန်းမှာ အုပ်ချုပ်သူအဆင့် သိုင်းသမား တချို့ကို သတ်ပစ်ခဲ့တယ်ဆိုတာကရော....”
“အမှန်ပါ”
“မင်း တောက်ဖုန့်ရဲ့ နတ်ဘုရားရှောင်တိမ်းအဆောင်ကို သုံးပြီး ကောင်းကင်ဘုံကို တက်လာခဲ့တယ်။ နောက်တော့ မင်း မိုးပြာဒေသထဲမှာ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်၊ တပ်သားတွေ အများကြီးကိုလည်း သတ်ခဲ့တယ်။ အဲ့ဒါ ဟုတ်သလား”
“ဟုတ်ပါတယ်...”
ကောင်းကင်ဘုရင်မူသည် ထိုနေရာတွင် ရပ်လိုက်ပြီး ကျန်းရီကို လှမ်းကြည့်လိုက်သည်။
“အဲ့ဒါဆို မင်းက ဘာလို့ ယန်ကိုးပါစစ်တပ်ထဲ ဝင်ခဲ့တာလဲ။ မင်းက လိုက်ဖမ်းခံနေရတာကို ရှောင်ဖို့ စစ်တပ်ကို အသုံးချချင်တာလား”
“ဟုတ်ပါတယ်”
ကျန်းရီ ခေါင်းညိတ်၍ ရိုးသားစွာ ဖြေလိုက်သည်။
“တောက်မျိုးနွယ်က အရမ်းဩဇာအာဏာကြီးလို့ ကျွန်တော် ယန်ကိုးပါးစစ်တပ်ထဲကိုမှ မဝင်ရင် ရှင်သန်နိုင်မှာ မဟုတ်ဘူးလို့ တစ်ယောက်ယောက်က ပြောခဲ့လို့ပါ။ အဲ့ဒါကြောင့် ကျွန်တော် ယန်ကိုးပါးစစ်တပ်ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အဲ့တစ်ယောက်ပြောသေးတယ်... ယန်ကိုးပါးစစ်တပ်က လောကထဲမှ အင်အားအကြီးဆုံးစစ်တပ်ပဲတဲ့။ ပြီးတော့ ကောင်းကင်ဧကရာဇ်နဲ့ အရင်းနှီးဆုံး စစ်တပ်လည်းဖြစ်သလို ကိုယ့်တပ်က တပ်သားတွေကို အကောင်းဆုံး ကာကွယ်ပေးတယ်တဲ့။ အဲ့ဒါကြောင့် ကျွန်တော် စစ်တပ်ထဲ ဝင်ခဲ့တာပါ”
ကျန်းရီ၏ နောက်ဆုံးစကားက ကောင်းကင်ဘုရင်များ၏ မျက်လုံးများကို အရောင်လက်သွားစေ၏။ သို့သော် ကောင်းကင်ဘုရင်မူက မျက်နှာသေဖြင့်သာ ဆက်ရှိနေသည်။ သူ အခြားကောင်းကင်ဘုရင်များကို ဝေ့ဝဲကြည့်ကာ မေးလိုက်သည်။
“ခင်ဗျားတို့ ဒီကိစ္စကို ဘယ်လိုထင်လဲ။ ဒီမှာ ကျုပ်တို့ပဲ ရှိနေတော့ ဒီကိစ္စကို ကျုပ်တို့ပဲ ဖြေရှင်းရမှာပဲ။ ကျုပ် ခင်ဗျားတို့အကုန်လုံးရဲ့ အမြင်တွေကို ကြားချင်ပါတယ်”
အစောတွင် ပထမဆုံး ပြောခဲ့သော ကောင်းကင်ဘုရင်က ခေါင်းခါ၍ ပြောလိုက်သည်။
“ကျုပ်တို့ သူ့ကို လွှဲပေးသင့်တယ်လို့ ကျုပ်မထင်ဘူး”
သူ့ဘေးတွင် ထိုင်နေသော ကောင်းကင်ဘုရင်က ဝင်ပြောသည်။
“ဒါပေမဲ့ ဒီအချက်အလက်တွေသာ အမှန်ဆိုရင် ကျန်းရီက ယန်ကိုးပါးစစ်တပ်ထဲမှာ ဆက်ရှိနေဖို့ မသင့်တော်ဘူး”
“သူ့ကို လွှဲပေးလိုက်”
အခြားကောင်းကင်ဘုရင်က ပြောသည်။ သို့သော် သူတို့ထဲက နောက်ဆုံးတစ်ယောက်က ခေါင်းခါကာ ပြောလိုက်သည်။
“ကျုပ်မှာ ဘာအမြင်မှ မရှိပါဘူး”
ကောင်းကင်ဘုရင်လေးပါး ပြောပြီးသွားပေပြီ။ ကောင်းကင်ဘုရင်မူသည် ကောင်းကင်ဘုရင်ယွင်ဘက် လှည့်ကာ မေးလိုက်သည်။
“အစ်ကိုယွင်... အစ်ကိုရော ဘယ်လိုထင်ပါသလဲ”
“သူ့ကို ဘာလို့ လွှဲပေးရမှာလဲ”
ကောင်းကင်ဘုရင်ယွင်က ခြောက်ကပ်ကပ်ရယ်၍ တောက်လန်ကို ကြည့်လိုက်၏။
“တောက်လန်... ကျုပ်က မင်းကို မျက်နှာသာမပေးဘူးလို့ မတွေနဲ့။ ကျန်းရီက အရင်တုန်းက ဘာတွေလုပ်ခဲ့လုပ်ခဲ့၊ တောက်မျိုးနွယ်နဲ့ ဘယ်လိုရန်ငြိုးတွေပဲ ရှိခဲ့ရှိခဲ့ အခု သူက ကျုပ်တို့ ယန်ကိုးပါးစစ်တပ်ထဲ ဝင်လိုက်ပြီ။ အဲ့တော့ သူက ကျုပ်တို့ရဲ့ ရဲဘော်ရဲဘက်ဖြစ်သွားပြီ။ မင်းက သူ့ကို ခေါ်သွားချင်တာလား။ အဲ့ဒါကို မေ့လိုက်တော့။ မင်း မပြောနဲ့... တောက်နုကိုယ်တိုင် ရောက်လာမယ်ဆိုရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး။ လာကြစမ်း... ဧည့်သည်ကို ပြန်ပို့လိုက်”
“အာ...”
ကျန်းရီ အံ့အားသင့်သွား၏။ အစတွင် သူသည် သူသေကိုယ်သေ တိုက်ခိုက်ရတော့မည်ဟု တွက်ထားသည်။ သို့သော် ကောင်းကင်ဘုရင်ယွင်က သူ့ကို ကာကွယ်ပေးနေပေသည်။ ကောင်းကင်ဘုရင်ယွင်သည် မည်သူ့ကိုမှ အရေးမစိုက်ပုံပင်။ ယွင်ပင်း၏ ထီမထင်သော အကျင့်စရိုက်က သူ့ထံမှ ရခဲ့ခြင်းဖြစ်မည်။ ထို့ကြောင့်လည်း သူမက အလွန်မောက်မာနေခြင်းဖြစ်ပေလိမ့်မည်။
တောက်လန်လည်း မှင်တက်သွား၏။ သူသည် သူ့ကိုယ်သူ နှိမ့်ချ၍ စကားအရှည်ကြီး ပြောခဲ့ရသည်။ ကောင်းကင်ဘုရင်မူကလည်း မေးခွန်းများစွာ မေးခဲ့ပြီ။ ယခုတွင်မူ ထိုအရာအားလုံး သဲထဲရေသွန် ဖြစ်သွားပေပြီ။ ကောင်းကင်ဘုရင်ယွင်၏ စကားတစ်ခွန်းက ထိုအရာအားလုံးကို အချည်းနှီးဖြစ်သွားစေသည်။
“ခင်ဗျား...”
တောက်လန် ထရပ်လိုက်၏။ သို့သော် မည်သို့ ပြောရမည်ကို မသိပေ။ သူ ထိုသို့အခက်ကြုံနေစဉ်တွင် အပြင်ဘက်မှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာ၏။ ခါးကုန်းကုန်း အဘိုးအိုတစ်ယောက်က တစ္ဆေတစ်ကောင်အလား ခန်းမထဲသို့ လွင့်မျောလာသည်။ အပြင်ဘက်မှ အစောင့်များသည် သူ့ကို ရှင်းရှင်းလင်းလင်းပင် မမြင်လိုက်ရချေ။ တဒင်္ဂအတွင်းမှာပင် သူ ခန်းမထဲ ရောက်လာပြီး ကောင်းကင်ဘုရင်ယွင်ကို စိုက်ကြည့်၍ ခြောက်ကပ်ကပ်ရယ်လိုက်သည်။
“ယွင်မျိုးနွယ်ရဲ့ နံပါတ်နှစ်၊ မင်းက ဒီကို တောက်နုရောက်လာရင်တောင် အသုံးဝင်မှာ မဟုတ်ဘူးလို့ ပြောတယ်မဟုတ်လား။ ဒါပေမဲ့ ငါ ရောက်လာရင်ရော ဘယ်လိုလဲ”
ကောင်းကင်ဘုရင်မူနှင့် အခြားကောင်းကင်ဘုရင်များ မျက်လုံးပြူးသွားကြ၏။ တောက်လန်သည်လည်း တစ်ကိုယ်လုံး တောင့်တင်းသွား၏။ အတန်ကြာမှ သူ ဦးညွှတ်ကာ ပြောလိုက်သည်။
“အဖေ... နောက်ဆုံးတော့ အဖေရောက်လာပြီပေါ့”
‘အဖေတဲ့လား...’
ကျန်းရီ ခါးမတ်လိုက်ပြီး ထိုခါးကုန်းကုန်းအဘိုးအိုကို လှမ်းကြည့်လိုက်သည်။ တောက်လန်၏ အဖေမှာ မိုးပြာမဟာဧကရာဇ်၏ ဓားတော်ကိုင် တောက်နူ မဟုတ်လော။