← Chapters

ကျုပ် ခင်ဗျားမျက်နှာကို မထောက်ထားနိုင်ဘူး

Vol. 122 Ch. 1692

ကျုပ် ခင်ဗျားမျက်နှာကို မထောက်ထားနိုင်ဘူး

Vol. 122 Ch. 1692

တောက်နူ၏ အဆင့်အတန်းက အတော်လေးမြင့်သည်။ သူ မိုးပြာမဟာဧကရာဇ်နှင့်အတူ ရှိခဲ့သည်မှာ နှစ်ထောင်ကျော် ကြာခဲ့ပြီဖြစ်သည်။ သူက မိုးပြာမဟာဧကရာဇ်၏ ပြောရေးဆိုခွင့်ရသူ တစ်ယောက်ကဲ့သို့ပင်။ မိုးပြာမဟာဧကရာဇ်မှာ လက်မထပ်ထားသလို ကလေးလည်း မရှိပေ။ ထို့ကြောင့် သူက အထီးကျန်‌သော ဘဝတွင် နေထိုင်သည်ဟု ဆိုနိုင်သည်။ သူရင်းနှီးသူဟူ၍ နှစ်ယောက်သာရှိသည်။ တစ်ယောက်မှာ သေသွားပြီးဖြစ်ပြီး ကျန်တစ်ယောက်မှာ တောက်နူပင်။ ထို့ကြောင့်လည်း တောက်မျိုးနွယ်က မိုးပြာမဟာဧကရာဇ်စစ်တပ်ကို စီမံခန့်ခွဲခွင့် ရထားခြင်းဖြစ်သည်။

မိုးပြာမဟာဧကရာဇ်က မဟာဧကရာဇ်လေးပါးထဲတွင် ပထမဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည်။ သူ၏တိုက်ရည်၊ ခိုက်ရည်က စွမ်းအားအကြီးဆုံးဖြစ်ပြီး စွမ်းရည်အရာတွင်လည်း ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် အနီးစပ်ဆုံးဖြစ်သည်။ မိုးပြာမဟာဧကရာဇ်၏ ပြောရေးဆိုခွင့်ရသူဖြစ်သော တောက်နူမှာလည်း အလွန်လေးစားခံရပေသည်။ သူသည် မိုးပြာမဟာဧကရာဇ်၏ဘေးမှ ထွက်လာခဲသည်။ သို့သော် ဤတစ်ခေါက်တွင်မူ ကျန်းရီအတွက်နှင့် ယန်ကိုးပါးမြို့သို့ သူကိုယ်တိုင် လာခဲ့ပေပြီ။

“အစ်ကိုတောက်နူ”

ကောင်းကင်ဘုရင်မူက ထရပ်ကာ လက်ဆုပ်၍ နှုတ်ဆက်လိုက်၏။ အခြားကောင်းကင်ဘုရင်များလည်း ထို့အတူ လိုက်လုပ်လိုက်ကြသည်။ တောက်နူက သူတို့၏မျိုးဆက်အတွင်းမှ ဖြစ်သော်လည်း သူတို့ ကောင်းကင်ဘုရင် မဖြစ်ခင်ကတည်းက ကျော်ကြားခဲ့သူဖြစ်သည်။ တောက်နူ စတင်ကျော်ကြားခဲ့စဉ်တွင် ကောင်းကင်ဘုရင်ယွင်သည်ပင် ယွင်မျိုးနွယ်၏ ဒုတိယသခင်လေးသာ ဖြစ်သေးသည်။ ထို့ကြောင့် တောက်နူက ကောင်းကင်ဘုရင်ယွင်ကို ‘ယွင်မျိုးနွယ်၏ နံပါတ်နှစ်’ဟု ခေါ်ခဲ့ခြင်းဖြစ်သည်။

ကောင်းကင်ဘုရင်ယွင်သည် မျက်နှာသေဖြင့် ထရပ်လိုက်သည်။

“ခင်ဗျားရောက်လာလည်း အကြောင်းတော့ သိပ်မထူးပါဘူး”

တောက်နူသည် ခါးကိုင်းနေသော်လည်း ဦးမော့ထားသေးရာ သူ့ပုံစံမှာ အကြည့်ရဆိုးနေသည်။ သို့သော် သူ၏ မျက်ဝန်းများကတော့ ကြည်လင်နေပေသည်။ သူသည် ကောင်းကင်ဘုရင်ယွင်ကို စိုက်ကြည့်ကာ ပြောလိုက်၏။

“ကျုပ် ဒီနေ့ ဒီကိုလာခဲ့တာ ကျုပ်မြေးအတွက်ပဲ။ ယွင်မျိုးနွယ်ရဲ့ နံပါတ်နှစ် ဒီတစ်ခေါက် ခင်ဗျား ကျုပ်ရဲ့မျက်နှာကို ထောက်မှာလား။ မဟုတ်ရင်တော့ ကျုပ်ကို ဒေါသူပုန်ထတယ်ဆိုပြီး အပြစ်မတင်နဲ့”

“ဒေါသူပုန်ထမှာတဲ့လား”

ကောင်းကင်ဘုရင်ယွင်၏ မျက်နှာထားက တဖြည်းဖြည်းတင်းမာသွားသည်။

“ခင်ဗျားတစ်ယောက်တည်းနဲ့ ယန်ကိုးပါးမြို့ထဲမှာ ဒေါသူပုန်ထနိုင်မယ်လို့ ထင်လို့လား။ ခင်ဗျားရဲ့ဆရာ ရောက်လာရင်တော့ အဲ့လို လုပ်နိုင်လောက်တယ်။ ဒါပေမဲ့... ခင်ဗျားက‌တော့ အရည်အချင်းမမီသေးဘူး”

ကောင်းကင်ဘုရင်မူသည် တစ်ခုခု မူမမှန်ကြောင်း သတိပြုမိလိုက်၍ ကြားမှ ခပ်သွက်သွက် ဝင်ပြောလိုက်၏။

“အစ်ကိုနူ၊ အစ်ကိုယွင်... စိတ်လျှော့ကြပါ။ ကျုပ်တို့တွေက ဒီအသက်ဒီအရွယ်တွေလည်း ရောက်နေကြပြီ။ ဒီလို အသေးအဖွဲ့ကိစ္စလေးအတွက် ဒေါသမထွက်ပဲ နေကြတာပေါ့။ ကျုပ်တို့အချင်းချင်း ပဋိပက္ခဖြစ်ရင် လူသားမျိုးနွယ်ကို ထိခိုက်စေလိမ့်မယ်။ အဲ့လိုဆို တမလွန်ဘုံမျိုးနွယ်ကို ကူညီပေးသလို ဖြစ်သွားမှာ”

တောက်နူသည် ကောင်းကင်ဘုရင်ယွင်ဆီမှ အကြည့်လွှဲလိုက်ပြီး ကျန်းရီကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ ထို့နောက် ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။

“ဒီနေ့ ကျုပ် ဒီကောင်လေးကို ခေါ်သွားရမယ်။ ခင်ဗျားတို့ ကျုပ်ကိုတားဖို့ ကြိုးစားမယ်ဆိုရင် ကျုပ် ရွေးချယ်စရာမရှိတော့ဘဲ ခင်ဗျားတို့ကို အပြစ်ပြုရလိမ့်မယ်”

“ရမယ်ထင်ရင် ကြိုးစားကြည့်လေ”

ကောင်းကင်ဘုရင်ယွင်သည် လှစ်ခနဲ ပျံဆင်းလာပြီး ကျန်းရီအရှေ့တွင် ပိတ်ရပ်လိုက်သည်။ အခြား ကောင်းကင်ဘုရင်လေးပါးလည်း ပျံသန်းလာကာ ကောင်းကင်ဘုရင်ယွင်၏ ဘေးတွင် ရပ်လိုက်ကြသည်။ အကယ်၍ တောက်နူက ယန်ကိုးပါးမြို့ထဲတွင် တိုက်ခိုက်မည်ဆိုလျှင် သူတို့ ရပ်ကြည့်မနေနိုင်ပေ။

ရွှီး...

တောက်နူ၏ လက်စွပ်က လင်းလက်လာပြီး သူ့လက်ထဲတွင် ခြောက်မီတာမျှရှည်သော အစိမ်းရောင် ဓားရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ ၎င်းဓားက အလွန်ထက်ရှပြီး ၎င်း၏အရှိန်အဝါကလည်း ကြောက်မက်ဖွယ်ကောင်းသည်။ ကျန်းရီသည် ဓားပတ်ပတ်လည်တွင် အစိမ်းရောင်အလင်း ခပ်ရေးရေး လင်းလက်နေသည်ကို မြင်ရသည်။ ဓားရိုးပေါ်တွင်လည်း ဆန်းကြယ်သော ပုံသဏ္ဌာန်များ ရှိပေသေးသည်။ တောက်နူ၏ လက်ထဲတွင် ထိုဓားထွက်ပေါ်လာသည်နှင့် ခန်းမထဲရှိ လေထုက ရပ်တန့်သွားသည်။

“ကောင်းကင်ခွင်းဓား”

ကောင်းကင်ဘုရင်ယွင်နှင့် အခြားကောင်းကင်ဘုရင်များ ရုတ်ခြည်း မျက်နှာပျက်သွားကြ၏။ ထိုဓားမှာ မိုးပြာမဟာဧကရာဇ်၏ဓားပင်။ မိုးပြာမဟာဧကရာဇ်သည် ထိုဓားကို နှစ်ထောင်ချီ၍ အသုံးပြုခဲ့သည်။ ၎င်းထဲတွင် သူ သိမြင်နားလည်ထားသော ကောင်းကင်တာအိုများ၊ အနှစ်သာရများနှင့် စည်းမျဉ်းများ ပါဝင်သည်။ လက်ရှိတွင် ၎င်းဓားသည် ထိပ်တန်းနတ်ဘုရားလက်နက်ဆယ်ခုထဲတွင် ဒုတိယအဆင့်ချိတ်သည်။ ပထမမှာ ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်ပင်။

တောက်နူသည် သူ၏ဓားကို ဖြည်းဖြည်းချင်း မြှောက်၍ ကောင်းကင်ဘုရင်များကို ချိန်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

“ယွင်မျိုးနွယ်ရဲ့ နံပါတ်နှစ်... အဲ့ကောင်စုတ်လေးအတွက်နဲ့ ခင်ဗျား ကျုပ်နဲ့ တိုက်ခိုက်ချင်တာ သေချာလား။ ခင်ဗျား ကျုပ်ကို အဲ့ကောင်လေးကို သတ်ခွင့်မပေးဘူးဆိုရင်... ခင်ဗျားက ကျုပ်ရဲ့ မျက်နှာကို မထောက်ရုံတင်မကဘူး ကျုပ်ဆရာ မိုးပြာမဟာဧကရာဇ်ရဲ့ မျက်နှာကိုလည်း မထောက်ထားသလို ဖြစ်သွားလိမ့်မယ်။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်သင့်လဲဆိုတာ ခင်ဗျား သိသင့်ပါတယ်”

ခန်းမတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ ကျန်းရီသည် ကောင်းကင်ဘုရင်ယွင်နှင့် အခြားကောင်းကင်ဘုရင်များနောက်တွင် ရပ်နေသော်လည်း ဓာအရှိန်အဝါ၏ ဖိနှိပ်မှုကို ခံနေရသည်။ သူ့ကိုယ်ထဲရှိ အရိုးအားလုံး တဖျစ်ဖျစ်မြည်လာသည်။ သူ့အနေဖြင့် စကားပြောရန် မဆိုထားနှင့် တစ်လက်မမျှ လှုပ်ရန်ပင် ခက်ခဲနေပေသည်။

ထိုအသက်နှစ်ထောင်ချီနေသော အဘိုးအိုက အမှန်ပင် စွမ်းအားကြီးလှပေသည်။

ကျန်းရီတစ်ယောက် ထပ်မံ၍ မာန်စွယ်ချိုးခံလိုက်ရပေပြီ။ သူသည် အလောင်းကြီးကို အသုံးပြု၍ တောက်လန်၏ တိုက်ခိုက်မှုတစ်ချက်ကို ခုခံခဲ့သည်။ အလောင်းကြီးက အပေါ်ယံဒဏ်ရာလောက်သာ ရခဲ့ပြီး ယခုတွင် ထိုဒဏ်ရာက ပျောက်သွားပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများကို အမှန်တကယ် မကြောက်ရွံ့ခဲ့ပေ။

သို့သော် ယခုတွင်မူ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို ကျန်းရီ နားလည်သွားပေပြီ။ တောက်နူက တိုက်ပင် မတိုက်ခိုက်ရသေးသော်လည်း သူသည် သေလုမြောပါး ခံစားနေရပေသည်။

သို့သော်...

ထိုသို့ခံစားနေရခြင်းမှာ ကောင်းကင်ခွင်းဓားကြောင့်လည်း ဖြစ်ကြောင်းကို ကျန်းရီသိသည်။ ထိုဓားမှာ မိုးပြာမဟာဧကရာဇ်၏ဓားပင်။ မည်သည့်ကြောင့်ရယ်မသိ ကျန်းရီ၏ ရင်ထဲတွင် အားကောင်းသော ခံစားချက်တစ်ခုကို ခံစားနေရသည်။ မိုးပြာမဟာဧကရာဇ်၏ နတ်ဘုရားလက်နက်ကပင် ထိုမျှ စွမ်းအားကြီးနေပြီဖြစ်သည်။ အကယ်၍ သူသာ မီးနဂါးဓား၏ ကျန်သောအပိုင်းများနှင့် အသုံးအ‌ဆောင်ဝိညာဉ်ကို ရှာနိုင်လိုက်လျှင် မီးနဂါးဓားက မည်မျှပို၍ စွမ်းအားကြီးလာမည်နည်း။

ထိုအခိုက်တွင် ကျန်းရီသည် မီးနဂါးဓား၏ လျှို့ဝှက်ချက်ကို ထုတ်ပြရန် တွေးပင်မတွေးမိပေ။ ယခု သူ ထုတ်ပြလိုက်လျှင် ပိုစောစော သေရပေလိမ့်မည်။ ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးက တစ်စိတ်တစ်ဝမ်းတည်း မဟုတ်ကြောင်း ထင်ရှားသည်။ အစောက မဲခွဲသည့်ဖြစ်စဉ်က သူ့အား ထိုအချက်ကို သက်သေပြလိုက်ပြီးဖြစ်သည်။

ကောင်းကင်ဘုရင်ယွင်သည် သူ့လုပ်ရပ်များ၏ အကျိုးအပြစ်ကို ချိန်ဆနေသည့်အလား တုံ့ဆိုင်းနေ၏။ ကျန်းရီတစ်ယောက်အတွက်နှင့် တောက်နူကို တိုက်ခိုက်ရန်မှာ တန်ပါသလော။

တောက်နူက ဤအဆင့်အထိ ပြုမူနေပေပြီ။ ထို့ပြင် မိုးပြာမဟာဧကရာဇ်၏ ဓားကိုလည်း ထုတ်ပြထားသည်။ ယင်းမှာ သူ့လုပ်ရပ်ကို မိုးပြာမဟာဧကရာဇ်က ခွင့်ပြုကြောင်း ပြသရန် ဖြစ်ကြောင်း ထင်ရှားသည်။ မဟုတ်လျှင် တောက်နူက အဘယ်ကြောင့် ထိုဓားကို ထုတ်ပြဝံ့ပါမည်နည်း။

အကယ်၍ ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးက အင်အားပူးပေါင်းပြီး ကောင်းကင်ဧကရာဇ် ချန်ခဲ့သော တိုက်ကွက်အစီအရင်ကို သုံးလိုက်လျှင် သူတို့ မိုးပြာမဟာဧကရာဇ်ကို ကြောက်ရန် မလိုလောက်ပေ။ သို့သော် ကိစ္စတစ်ခုကိုလုပ်လျှင် အခြေအနေကိုလည်း ကြည့်ရပေမည်။ သူတို့ အသေးအဖွဲကိစ္စလေးအတွက် မိုးပြာမဟာဧကရာဇ်နှင့် တိုက်ခိုက်မည်ဆိုလျှင် တန်မည် မဟုတ်ပေ။

မိုးပြာမဟာဧကရာဇ်အတွက် ကောင်းကင်ဘုရင်များကို တစ်ပါးချင်းသတ်ပစ်ရန်မှာ အလွန်လွယ်ကူသည်။ ကောင်းကင်ဘုရင်များက အမြဲတမ်း တပူးပူးတတွဲတွဲ ရှိနေနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ မိုးပြာမဟာဧကရာဇ်အနေဖြင့် သူတို့ကို တစ်‌‌‌ယောက်ချင်း လိုက်သတ်ရုံသာ။ သူတို့အားလုံး အတူရှိမနေလျှင် တိုက်ကွက်အစီအရင်က ပေါ်မည် မဟုတ်ချေ။ ကောင်းကင်ဘုရင်အားလုံးကို သတ်ပြီးလျှင် မိုးပြာမဟာဧကရာဇ်သည် ယန်ကိုးပါးစစ်တပ်ကို သိမ်းပိုက်နိုင်လိုက်မည်ဖြစ်သည်။

လူသားမျိုးနွယ်က ပျက်သုဉ်းလုလု ဖြစ်နေသည်။ မကြာခင်တွင် သူတို့ တမလွန်ဘုံမျိုးနွယ်၏ ရှင်းပစ်မှုကို ခံရနိုင်သည်။ ယခုကဲ့သို့သော အချိန်မျိုးတွင် အသေးအဖွဲကိစ္စတစ်ခုအတွက် အချင်းချင်း ပြန်တိုက်ခိုက်ရန်မှာ တန်ပါသလော။ မည်သည့်ဘက်ကမှ အချင်းချင်းကြားတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်လာမည်ကို မြင်လိုမည်မဟုတ်ပေ။ သို့ဖြစ်ရာ တစ်ဘက်ဘက်မှ လျှော့ပေးရပေလိမ့်မည်။

ရှပ်...ရှပ်...ရှပ်...

ထိုအခိုက်တွင် ခန်းမအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏။ ခြေသံများက ပေါ့ပါးဖြည်းညင်းသော်လည်း အားလုံး၏ နားထဲတွင် ကျယ်လောင်စွာ ကြားနေရသည်။ ထို့ပြင် ခြေသံများက ထူးဆန်းသော စည်းချက်တစ်ခုကို ဖန်တီးနေသည်။ ထိုခြေသံများကို ကြားလိုက်ရသောအခိုက်တွင် ခန်းမထဲမှ ရန်လိုမှုက ပျောက်ကွယ်သွားပေသည်။

“အန်...”

တောက်နူ ခေါင်းလှည့်လိုက်ပြီး သူ၏ ဝံပုလွေမျက်လုံးများနှင့် ခန်းမအပြင်ဘက်ရှိ စင်္ကြံလမ်းကို ကြည့်လိုက်၏။ ကောင်းကင်ဘုရင်ယွင်နှင့် အခြားကောင်းကင်ဘုရင်များ ချက်ချင်း ဝမ်းသာသွားကြသည်။ ကျန်းရီလည်း နောက်လှည့်ကာ ကြည့်လိုက်၏။ သူ ရင်တုန်သွားပေသည်။

တံခါးတွင် ပိန်ပါးသော အဘိုးအိုတစ်ယောက် ရပ်နေသည်။ သူသည် ခြေညှပ်ဖိနပ်ကို စီးထားပြီး ဝတ်စုံဖြူကို ဝတ်ဆင်ထားသည်။ သူ့ခေါင်းတွင် ဆံပင်မရှိသော်လည်း သူ့မျက်ခုံးမွေးများက အလွန်ရှည်လျားကာ ရင်ဘတ်အထိ တွဲကျနေသည်။ ထိုအဘိုးအို၏ အကြည့်က အလွန်တည်ငြိမ်သည်။ သို့သော် ကျန်းရီ သူနှင့်မျက်လုံးချင်းဆုံသောအခါ အကန့်အသတ်မဲ့သော ဟင်းလင်းပြင်ကြီးကို မြင်လိုက်ရသလို ခံစားလိုက်ရလေသည်။

‘စိတ်ဝိညာဉ်သိုင်းသမား’

ကျန်းရီသည် ထိုအဘိုးအိုက စိတ်ဝိညာဉ်ကို ကျင့်ကြံသော စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်ကြောင်း ချက်ချင်သိလိုက်၏။ ထို့ပြင် သူ၏စိတ်ဝိညာဉ်အဆင့်က အလွန်မြင့်ကြောင့် သံသယဖြစ်ရာမရှိပေ။ ထိုအဘိုးအိုမှာ ကျန်းရီ မြင်ဖူးသမျှလူများထဲတွင် ကြောက်စရာအကောင်းဆုံးလူ ဖြစ်သည်။ သူ့ကို ကြည့်မိရုံနှင့်ပင် ကျန်းရီ အကြည့်လွှဲကာ နောက်ထပ် ထပ်မကြည့်လိုစိတ် ပေါက်သွားပေသည်။

ပိန်ပါးသော အဘိုးအိုသည် ခန်းမထဲသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်လာ၏။ သူသည် ခန်းမထဲရှိ မည်သူ့ကိုမှ အရေးမစိုက်ဘဲ ပထမဆုံးထိုင်ခုံသို့ လျှောက်သွားကာ ထိုင်လိုက်သည်။ ထို့နောက်မှ လူအုပ်ကိုဝေ့ဝဲကြည့်၍ စကားဆို၏။

“တောက်နူ... ခင်ဗျားက ဒီမှာ ဘာလုပ်နေတာလဲ။ လာပြီး ရန်ရှာတာလား”

တောက်နူ မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းပြောင်နှင့် အဘိုးအိုကို စိုက်ကြည့်ကာ ခပ်ဖြည်းဖြည်း ပြန်ပြောလိုက်သည်။

“ခေါင်းဆောင်ဝေ... ကျုပ်က လူတစ်ယောက်ကို လာခေါ်တာပါ၊ ဒါပေမဲ့ ယွင်မျိုးနွယ်ရဲ့ နံပါတ်နှစ်က ကျုပ်ရဲ့မျက်နှာကို မထောက်ဘူး ဖြစ်နေတယ်။ အဲ့တော့ ကျုပ် ရွေးချယ်စရာ မရှိတော့ဘဲ သူတို့ကို အင်အားနဲ့ ခြိမ်းခြောက်ရတော့တာပေါ့။ ခေါင်းဆောင်ဝေပဲ ကျုပ်တို့ကိစ္စကို ဆုံးဖြတ်ပေးပါ။ ခင်ဗျား ကျုပ်ကို သူ့ကိုခေါ်သွားခွင့် ပြုမယ်ဆိုရင် ကျုပ် နောက်ကျ ယန်ကိုးပါးစစ်တပ် အန္တရာယ်ကြုံနေတာကို တွေ့ရင် ကူညီပေးပါမယ်”

‘ခေါင်းဆောင်ဝေတဲ့လား’

ကျန်းရီ မသိမသာ ခေါင်းဆတ်လိုက်၏။ ကြည့်ရသည်မှာ ထိုအဘိုးအိုက ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးထဲမှ ခေါင်းဆောင် ကောင်းကင်ဘုရင်ဝေ ဖြစ်ရမည်။ လူအများက သူ့ကို ပေးထားသောအမည်မှာမူ ‘နတ်ဆိုးငို’ဖြစ်သည်။

ကောင်းကင်ဘုရင်ဝေ နှုတ်ဆိတ်သွား၏။ သူ မျက်မှောင်ကြုတ်ကာ မျက်လုံးများ မှိတ်လိုက်သည်။ သူ့ပုံစံက တရားထိုင်နေသော အရှင်တစ်ပါးကဲ့သို့ပင်။ ထိုနေရာရှိ လူအားလုံး၏ အကြည့်များက သူ့အပေါ်သို့ ရောက်နေပသည်။ ကျန်းရီလည်း ထပ်မံ၍ စိတ်လှုပ်ရှားလာသည်။ သုံးမိနစ်ကြာပြီးနောက် ကောင်းကင်ဘုရင်ဝေက မျက်လုံးများ ပြန်ဖွင့်၍ ပြောလိုက်သည်။

“ကျုပ်စိတ်မကောင်းပါဘူး တောက်နူ။ ဒီနေ့ ကျုပ် ခင်ဗျားရဲ့ မျက်နှာကို မထောက်ထားနိုင်ဘူး။ အခု ခင်ဗျား... သွားလို့ရပါပြီ”

All Chapters