← Chapters

မိုးပြာမဟာဧကရာဇ်

Vol. 122 Ch. 1693

မိုးပြာမဟာဧကရာဇ်

Vol. 122 Ch. 1693

‘အခု ခင်ဗျား သွားလို့ရပြီ’

ထိုစကားက အလွန်နာကျင်စေသည်။ တောက်နူက ကောင်းကင်ဘုံတွင် အလွန်လေးစားခံရသော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပင်။ ကောင်းကင်ဘုရင်များက တောက်လန်၏ မျက်နှာကို မထောက်သည်မှာ ပြဿနာမရှိပေ။ သို့သော် တောက်နူ၏ မျက်နှာကို မထောက်ခြင်းမှာမူ တောက်မျိုးနွယ်တစ်ခုလုံးနှင့် မိုးပြာမဟာဧကရာဇ်ကိုပင် မလေးမစားလုပ်ခြင်းဖြစ်သည်။ ဤကိစ္စသာ ပေါက်ကြားသွားလျှင် မိုးပြာမဟာဧကရာဇ်သည် လူများ၏ ဟားခြင်းကို ခံရပေလိမ့်မည်။ ခွေးကိုရိုက်လိုလျှင်ပင် ခွေးရှင်၏မျက်နှာကို ကြည့်ရသည် မဟုတ်ပါလား။

ကျန်းရီ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။ သူ၏ ကောင်းကင်ဘုရင်ဝေအပေါ် လေးစားမှုကလည်း အဆများစွာ တိုးသွားသည်။ လူတိုင်းက ပမွှားလက်အောက်ငယ်သားလေးတစ်ယောက်အတွက်နှင့် အလွန်စွမ်းအားကြီးသူတစ်ယောက်ကို အပြစ်ပြုဝံ့သည် မဟုတ်ပေ။ ကောင်းကင်ဘုရင်ဝေ၏ အတွေးက မည်သို့ဖြစ်စေ အနည်းဆုံးတော့ သူက ကျန်းရီကို ရောင်းမစားခဲ့ပါပေ။

“ဟားဟားဟား...”

တောက်နူ ကျယ်လောင်စွာ ရယ်လိုက်၏။ သူ့ရယ်သံနှင့်အတူ သူ့အရှိန်အဝါလည်း ထွက်လာသည်။ တောက်လန်သည်လည်း သူ့ဓားကို ထုတ်လိုက်သည်။ အကယ်၍ တောက်နူက တိုက်ခိုက်မည်ဆိုလျှင် သူလည်း ဝင်တိုက်မည်ဖြစ်သည်။ ထိုနှစ်တွင် သူသည် ကောင်းကင်ဘုရင်ယွင်၏ သတ်ဖြတ်မှုကို ခံရလုနီးနီး ဖြစ်ခဲ့သည်။ သို့ဖြစ်ရာ ဤအခွင့်အရေးကို အသုံးချ၍ သူ လက်စားချေနိုင်ပေသည်။

ရွှီး...

ကောင်းကင်ခွင်းဓားက လင်းလက်လာပြီး အဖျက်အရှိန်အဝါတစ်ခု ထိုးထွက်လာ၏။ ကျန်းရီ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ထိုအခိုက်တွင် ၎င်းနတ်ဘုရားလက်နက်က မည်မျှစွမ်းအားကြီးကြောင်းကို သူ သိလိုက်ရသည်။ ၎င်းထံမှ စွမ်းအင်အနည်းငယ်ကပင် သူ့ကို ရုတ်ခြည်းသတ်ပစ်နိုင်လောက်သည်။

ကောင်းကင်ဘုရင်မူ၊ ကောင်းကင်ဘုရင်ယွင်နှင့် အခြားကောင်းကင်ဘုရင်လေးပါးစလုံး သူတို့၏ လက်နက်များကို ထုတ်လိုက်ကြ၏။ သို့သော် ကောင်းကင်ဘုရင်ဝေက မည်သို့မှ မလုပ်ပေ။ သူသည် ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ထိုင်နေပြီး တောက်နူကို အေးအေးချမ်းချမ်း ကြည့်နေသည်။ သူပုံစံက စိုးရိမ်နေသည့်ပုံ မပေါ်ချေ။

“လောင်ဝေ... ကျုပ် ခင်ဗျားကို နောက်ဆုံးတစ်ခေါက် မေးမယ်။ ခင်ဗျား သူ့ကို လွှဲပေးမှာလား”

တောက်နူက ကောင်းကင်ခွင်းဓားကို မြှောက်၍ တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။ ကောင်းကင်ဘုရင်ဝေက တည်ငြိမ်စွာ ပြန်ဖြေသည်။

“တောက်နူ... ဒီနေရာက ခင်ဗျား လာရှုပ်လို့ရတဲ့နေရာ မဟုတ်ဘူး။ ခင်ဗျား အခုချက်ချင်း မရပ်ရင် အကျိုးဆက်တွေကို ခံရလိမ့်မယ်”

“သေပေတော့...”

တောက်နူသည် ဆက်၍ တုံ့ဆိုင်းမနေတော့ဘဲ ကျန်းရီကို လှမ်းကြည့်လိုက်၏။ သူ၏ဓားက အလင်းတန်းတစ်သောင်းနှင့် လင်းလက်သွားသည်။ ရဲတိုက်၏ အကာအရံများလည်း အဆက်မပြတ် လင်းလက်လာ၏။ ထိုအခိုက်တွင် ကောင်းကင်ဘုရင်ဝေ၏ မျက်ဝန်းများက ခရမ်းရောင် တောက်လာသည်။ သူက စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခု ထုတ်လွှတ်တော့မည်ဖြစ်ကြောင်း ထင်ရှားပေည်။

“တောက်နူ...”

၎င်းအခိုက်၌ ခန်းမထဲတွင် အသံအို ခပ်ရေးရေးတစ်သံ ထွက်ပေါ်လာသည်။ တောက်နူ၏ ကောင်းကင်ခွင်းဓားက လေထဲတွင် ရပ်တန့်သွားသည်။ တောက်လန်သည် ထိုအသံကို ကြားလိုက်သောအခါ တုန်ယင်သွားပြီး ချက်ချင်း ဒူးထောက်ကာ နှုတ်ခွန်းဆက်လိုက်သည်။

“မိုးပြာမဟာဧကရာဇ်...”

တောက်နူ၏ အရှိန်အဝါကလည်း အတန်ငယ် အားနည်လာ၏။ ထို့နောက် သူ ဒူးထောက်ကာ နှုတ်ခွန်းဆက်လိုက်သည်။

“ဆရာ...”

ကောင်းကင်ဘုရင်ဝေ ထရပ်ကာ အခြားကောင်းကင်ဘုရင်များက သူတို့၏လက်နက်များကို သိမ်းလိုက်ကြသည်။ ပြီးမှ အားလုံး လက်ဆုပ်၍ ပြောလိုက်ကြသည်။

“မိုးပြာမဟာဧကရာဇ်...”

‘မိုးပြာမဟာဧကရာဇ်တဲ့လား’

ကျန်းရီ မှင်တက်နေ၏။ ယနေ့တွင် ကိစ္စများက ကြီးသည်ထက်ကြီးလာပုံပင်။ တောက်နူကိုယ်တိုင် ရောက်လာခဲ့ရုံသာမက ယခု မိုးပြာမဟာဧကရာဇ်ကလည်း အသံပို့လွှတ်နေသည်။ မိုးပြာမဟာဧကရာဇ်ဆိုသည်မှာ လက်ရှိကပ်လောကတစ်ခုလုံးတွင် နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သည်။

မိုးပြာမဟာဧကရာဇ်၏အသံက အလွန်ထူးဆန်းသည်။ သူ့အသံကို ခန်းမအပြင်ဘက်မှ အစောင့်များက မကြားနိုင်ပေ။ ခန်းမထဲမှ လူများကသာ ကြားနိုင်သည်။ သူ့အသံ ထပ်မံပေါ်လာသည်။

“ယန်ကိုးပါးမြို့က ကောင်းကင်ဧကရာဇ် တည်ခဲ့တာ။ မင်းက ဒီမှာ တိုက်ခိုက်ရဲတယ်လား။ မင်း ပြန်ရောက်ရင် မျိုးနွယ်စည်းမျဉ်းတွေအရ ကိုယ့်ဘာသာ အပြစ်ခံယူပါ”

တောက်နူ လုံးဝအတွန့်မတက်ဘဲ အ‌လေးအနက် ဦးညွှတ်လိုက်သည်။ ၎င်းနောက်မှ သူ ပြောလိုက်သည်။

“ဆရာပြောတာ မှန်ပါတယ်။ ကျုပ် ကျုပ်အမှားကို သိပါပြီ”

မိုးပြာမဟာဧကရာဇ်က ခေတ္တမျှ စကားရပ်ပြီးနောက် ဆက်ပြောသည်။

“ဝေပင်းပင်း... တောက်နူက မှားတယ်ဆိုပေမဲ့ သူ့လုပ်ရပ်မှာ အကြောင်းရှိတယ်။ ကျုပ် သူ့ကိုယ်စား တောင်းဆိုမယ်... အဲ့ဒါဆို အဆင်ပြေမလား”

‘သူ့ကိုယ်စား တောင်းဆိုမယ်တဲ့လား’

ကျန်းရီ၊ ကောင်းကင်ဘုရင်ယွင်နှင့် အခြားသူများအားလုံး မျက်နှာထား မည်းမှောင်သွားကြသည်။ မိုးပြာမဟာဧကရာဇ်ကိုယ်တိုင် ထိုသို့ပြောလိုက်ပြီဖြစ်ရာ သူတို့ သူ့မျက်နှာကို မထောက်ထားသေးလျှင် ယန်ကိုးပါးစစ်တပ်နှင့် မိုးပြာမဟာဧကရာဇ်စစ်တပ်တို့က စစ်ခင်းရပေလိမ့်မည်။

တောက်နူကို မျက်နှာသာမပေးခြင်းက မိုးပြာမဟာဧကရာဇ်ကို ကြိတ်၍ဒေါသထွက်သွားစေရုံသာ ရှိမည်။ သို့သော် သူကိုယ်တိုင် ပြောလိုက်ပါသော်လည်း သူ့မျက်နှာကို မထောက်ထားသေးလျှင် သူ ထိုဒေါသကို မည်သို့မျိုသိပ်နိုင်ပါမည်နည်း။

ကောင်းကင်ဘုရင်ဝေ နှုတ်ဆိတ်သွားသည်။ သို့သော် ကောင်းကင်ဘုရင်မူသည် စိတ်လှုပ်ရှားလာပြီး ကောင်းကင်ဘုရင်ဝေကို ကြည့်၍ လက်ဆုပ်ကာ ပြောလိုက်၏။

“အစ်ကိုကြီး...”

အခြားကောင်းကင်ဘုရင်တစ်ပါးကလည်း လက်ဆုပ်ကာ ပြောသည်။

“အစ်ကိုကြီး... ဒီကိစ္စကို မေ့လိုက်ကြရအောင်ပါ”

ကောင်းကင်ဘုံတွင် အင်အားကြီးအဖွဲ့အစည်း ခြောက်ခုရှိသည်။ ထိုအဖွဲ့အစည်းခြောက်ခုက လူသားမျိုးနွယ်၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။ အကယ်၍ ထိုအဖွဲ့အစည်းခြောက်ခု အကြားတွင် ပဋိပက္ခများ ဖြစ်ပွားလာပါက အကျိုးဆက်မှာ ကြီးမားပေလိမ့်မည်။ ကျန်းရီတစ်ယောက်အတွက်နှင့် ထိုသို့အဖြစ်ခံရန် တန်ပါသလော။ ကျန်းရီ ရှင်သန်နိုင်ရေးအတွက် မရေမတွက်နိုင်သော လူများကို အသေခံကာ လူသားမျိုးနွယ်ကို ပျက်သုဉ်းစေရမည်လော။

မိုးပြာမဟာဧကရာဇ်မှာ မာနကြီးပြီး မည်သူ့ကိုမှ အရေးစိုက်သူ မဟုတ်ပေ။ သူသည် အိမ်ထောင်လည်း မပြုဘဲ တာအိုတရားနောက်သို့သာ လိုက်ခဲ့သည်။ ယနေ့တွင် သူကိုယ်တိုင် ပြောလိုက်ပြီဖြစ်ရာ သူ့မျက်နှာကို မထောက်ထားလျှင် သူ့အကျင့်စရိုက်အရ သေချာပေါက် တိုက်ပွဲတစ်ပွဲ ဖြစ်ရပေလိမ့်မည်။

“ဟူး...”

ကောင်းကင်ဘုရင်ဝေသည် အခြေအနေကို ကောင်းစွာသိ၏။ သူ ကျန်းရီကို ရီမှိုင်းသောမျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။

‘အာ..သွားပြီ’

ကျန်းရီသည် ကောင်းကင်ဘုရင်ဝေ၏ အကြည့်ကို မြင်သောအခါ စိတ်ဓာတ်ကျသွား၏။ သူ သူ့ကိုယ်သူ ကာကွယ်ရန် တစ်ခုခု မလုပ်သေးလျှင် သေချာပေါက် သေတော့မည် ဖြစ်ကြောင်းလည်း သိသွားသည်။ ကောင်းကင်ဘုရင်ဝေက သူ့အား မိုးပြာမဟာဧကရာဇ်လက်ထဲ ထည့်လိုက်ရန် ဆုံးဖြတ်ပြီးသွားပေပြီ။ မိုးပြာမဟာဧကရာဇ်ကလည်း သူ့ကို တောက်နူလက်ထဲ ထည့်လိုက်မည်ဖြစ်သည်။

သူ့ကိုယ်သူ ကယ်ရမည်လော။

မည်သို့နည်း။

ကျန်းရီအတွက် ဤအခြေအနေမှ ဖောက်ထွက်နိုင်ရန် မဖြစ်နိုင်ပေ။ သူသည် ရဲတိုက်ထဲရှိ စွမ်းအားကြီး သိုင်းသမားများစွာ၏ လက်ထဲမှ မဆိုထားနှင့် တောက်လန်လက်မှလွတ်အောင်ပင် ပြေးနိုင်မည် မဟုတ်ချေ။ သူ မီးနဂါးဓားကို ထုတ်ပြလိုက်လျှင်လည်း ကိုယ့်သေတွင်းကိုယ်တူးသလိုသာ ဖြစ်ပေလိမ့်မည်။ အကယ်၍ မိုးပြာမဟာဧကရာဇ်က သူ့လက်ထဲတွင် ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက် ရှိနေကြောင်း သိသွားလျှင် သေချာပေါက် ဤသို့ ကိုယ်တိုင်ရောက်လာပြီး မီးနဂါးဓားကို မည်သည့်နည်းနှင့်မဆို ရ‌အောင်ယူလောက်ပေသည်။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အစအနက အိပ်စက်နေသေးခြင်းမှာ ကံဆိုးခြင်းပင်။ မဟုတ်လျှင် ကျန်းရီသည် ကောင်းကင်ဧကရာဇ်ကို ကောင်းကင်ဘုရင်ဝေထံ အသံပို့လွှတ်ပေးဖို့ အကူအညီတောင်းနိုင်သည်။ ထိုအခါ အရာအားလုံး အဆင်ပြေသွားပေလိမ့်မည်။ ကျန်းရီ အသည်းအသန် တွေးတောလိုက်၏။ နောက်ဆုံးတွင် သူ ကောင်းကင်ဘုရင်ယွင်ကို ကြည့်ကာ အသံပို့လွှတ်လိုက်သည်။

“ကောင်းကင်ဘုရင်ယွင်.. ကောင်းကင်ဧကရာဇ်ရဲ့ ဝိညာဉ်အစအနက ရှိနေပါသေးတယ်။ ကျွန်တော် သူ့ရဲ့ ဝိညာဉ်အစအနကို တွေ့ခဲ့ဖူးပါတယ်...”

“ဟမ်...”

ကောင်းကင်ဘုရင်ယွင်သည် ကျန်းရီကို စူးရှစွာ လှည့်ကြည့်လိုက်၏။ ထို့နောက် သူ တုန်ယင်သောအသံဖြင့် အသံပြန်ပို့လွှတ်လိုက်သည်။

“မင်း... မင်း သေချာလား”

“ကျွန်တော် နည်းနည်းတောင် လိမ်မပြောရဲပါဘူး။ ကျွန်တော် လိမ်ပြောတာဆိုရင် ကောင်းကင်ဘုရင် ကျွန်တော့်ကို ချက်ချင်း သတ်ပစ်လိုက်ပါ”

ကျန်းရီ ပြတ်သားစွာ ပြန်ပြောလိုက်၏။

“ဒါပေမဲ့.. အဲ့ကိစ္စကို လျှို့ဝှက်ထားဖို့ ကျွန်တော် ကောင်းကင်ဘုရင်ယွင်ကို တောင်းဆိုချင်ပါတယ်။ အဲ့ကိစ္စက ပေါက်ကြားသွားလို့ မဖြစ်ပါဘူး။ အသေးစိတ်ကို ကျွန်တော် နောက်မှ ရှင်းပြပါမယ်”

ကျန်းရီက ကောင်းကင်ဘုရင်ဝေထံ မဟုတ်ဘဲ ကောင်းကင်ဘုရင်ယွင်ထံ အသံပို့လွှတ်လိုက်ခြင်းမှာ ကောင်းကင်ဘုရင်အားလုံးထဲတွင် ကောင်းကင်ဘုရင်ယွင်က သစ္စာအရှိဆုံးဟု ခံစားမိ၍ပင်။ မဟုတ်လျှင် ယွင်ပင်းသည် ယခုယွင်ပင်း ဖြစ်နေမည် မဟုတ်ပေ။

ကျန်းရီသည် အသေးစိတ်ကို မပြောဝံ့၍ ကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အစအနက ရှိနေသေးကြောင်းသာ ပြောလိုက်သည်။ ဤကိစ္စက မည်သို့ဆက်ဖြစ်လာမည်ကိုမူ ကျန်းရီ ကောင်းကင်အပေါ်တွင်သာ ပုံအပ်ထားရပေတော့မည်။

ကောင်းကင်ဘုရင်ယွင်သည် ကျန်းရီကို စူးစူးဝါးဝါး စိုက်ကြည့်နေ၏။ သူက ကျန်းရီ၏ စိတ်ဝိညာဉ်ကို စူးစမ်းလိုခြင်းဖြစ်မည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ ကောင်းကင်ဘုရင်ဝေကို လှမ်းကြည့်လိုက်ပြီး အလွန်ပြတ်သားသောလေသံဖြင့် အသံပို့လွှတ်လိုက်သည်။

“အစ်ကိုကြီး... ကျုပ်တို့ ကျန်းရီကို လွှဲပေးလို့ မရပါဘူး။ သူက... ကောင်းကင်ဧကရာဇ်ရဲ့ ဝိညာဉ်အစအန ရှိနေတဲ့ နေရာကို သိထားပါတယ်”

ကောင်းကင်ဘုရင်ဝေသည် မိုးပြာမဟာဧကရာဇ်ကို ပြန်ပြောရန် ဟန်ပြင်နေပြီဖြစ်သည်။ သို့သော် ကောင်းကင်ဘုရင်ယွင်၏ စကားများကို ကြားလိုက်သောအခါ သူ၏မျက်ခုံးဖြူများက မြင့်တက်သွားပြီး သူ့မျက်လုံးများ အရောင်လက်သွားသည်။ ထို့နောက် သူ ကျန်းရီကို တစ်ခေါက်ထပ်မံ၍ ကြည့်လိုက်ပြီး နှုတ်ဆိတ်သွားလေသည်။

ဝှစ်...

စက္ကန့်ဝက်မျှ ကြာပြီးနောက် ကောင်းကင်ဘုရင်ဝေ၏ လက်စွပ်က လင်းလက်လာ၏။ သူသည် ဓားမြှောင်တစ်ချောင်းကို ထုတ်ကာ သူ့ဘယ်ဘက်လက်ကို ဖြတ်ပစ်လိုက်သည်။ ထို့နောက် တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“မိုးပြာမဟာဧကရာဇ်... ဧကရာဇ်ရဲ့ ဆန္ဒအတိုင်း လိုက်မလုပ်နိုင်တာ ကျုပ် စိတ်မ‌ကောင်းပါဘူး။ ဒီလက်က ကျုပ် ဧကရာဇ်ကို အလျော်ပေးတာပါ”

“အစ်ကိုကြီး...”

အခြားကောင်းကင်ဘုရင်များ မျက်နှာပျက်သွားကြပြီး အော်ခေါ်လိုက်ကြ၏။ ကောင်းကင်ဘုရင်ယွင်၏ မျက်ဝန်းများလည်း အေးစက်သွားသည်။ သူတို့၏ကျင့်ကြံခြင်းအဆင့်တွင် လက်တစ်ဘက် ပြတ်သွားခြင်းမှာ မပြောပလောက်သော်လည်း ကောင်းကင်ဘုရင်ဝေမှာ သူတို့၏ခေါင်းဆောင်ဖြစ်သည်။ ဤကိစ္စသာ သတင်းပျံ့သွားလျှင် သူ၏ဂုဏ်သတင်းက ညစ်နွမ်းသွားပေလိမ့်မည်။

တောက်နူနှင့် တောက်လန်တို့လည်း အံ့အားသင့်သွားကြ၏။ ကောင်းကင်ဘုရင်ဝေက ထိုသို့လုပ်လိမ့်မည်ဟု သူတို့ လုံးဝမျှော်လင့်မထားကြပေ။ ကောင်းကင်ဘုရင်ဝေသည် ကျန်းရီကို ကာကွယ်ရန်အတွက်နှင့် သူ့လက်သူ ဖြတ်ပစ်ခဲ့သည်လော။

ကျန်းရီ၏ မျက်နှာထားလည်း အတန်ငယ် ရှုပ်ထွေးသွားသည်။ သို့သော် ထိုအခိုက်တွင် ကောင်းကင်ဘုရင်ဝေကို အကြွင်းမဲ့အားကိုး၍ရကြောင်း ကျန်းရီ သေချာသွားသည်။ ကောင်းကင်ဘုရင်ဝေသည် ကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အစအနက ရှိနေသေးကြောင်း ကြားလိုက်သည်နှင့် သူ့လက်သူ ဖြစ်ပစ်ခဲ့သည်။ သူက ကောင်းကင်ဧကရာဇ်အပေါ် အကြွင်းမဲ့သစ္စာရှိပေသည်။

“ဟင်းဟင်း...”

မိုးပြာဧကရာဇ်က ခပ်သဲ့သဲ့ ရယ်လိုက်၏။ သူက ပျော်၍ရယ်သည်လော၊ ဒေါသထွက်၍ရယ်သည်လောကိုမူ မသိရပေ။ ၎င်းနောက် သူ့အသံ ထွက်ပေါ်လာသည်။

“ဝေပင်းပင်း... အဲ့ဒါက လိုအပ်လို့လား။ မင်းက အဲ့ကောင်လေးကို ဒီလောက်တန်ဖိုးထားမှတော့ သူ့ကို မင်းပဲ ဆက်ခေါ်ထားလိုက်ပါ။ တောက်နူ... ပြန်လာခဲ့တော့။ ဒီကိစ္စက ဒီမှာပဲ ပြီးပြီ။ မင်း ဒီကိစ္စကို ထပ်ပြီး အစပြန်ဖော်ခွင့်မရှိဘူး။ မဟုတ်ရင်တော့ ငါ မင်းကို သက်ညှာမှာ မဟုတ်ဘူး”

ထိုစကားပြောပြီးနောက် မိုးပြာမဟာဧကရာဇ်၏ အရှိန်အဝါက ပျောက်ကွယ်သွား၏။ တောက်နူနှင့် တောက်လန်တို့သည် ကျန်းရီကို တစ်ချက်ကြည့်လိုက်ကြပြီး မည်သည့်စကားမှ မဆိုတော့ဘဲ ပျံထွက်သွားကြသည်။ သို့သော် သူတို့၏ မျက်နှာထားများအရ မိုးပြာမဟာဧကရာဇ်က ဤကိစ္စပြီးပြီဟု ဆိုခဲ့သော်လည်း တောက်မျိုးနွယ်က ဤကိစ္စကို လက်လျှော့ဦးမည်မဟုတ်ကြောင်း ထင်ရှားပေသည်။

All Chapters