← Chapters

ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူ

Vol. 122 Ch. 1694

ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူ

Vol. 122 Ch. 1694

ဟူး...

တောက်နူနှင့် တောက်လန်တို့ ထွက်သွားပြီးနောက် ကျန်းရီတစ်ကိုယ်လုံး ပျော့ခွေသွား၏။ ထိုခန်းမထဲတွင် အကြီးအကဲအချို့ ရှိမနေလျှင် ကျန်းရီ ကြမ်းပြင်ပေါ်တွင် ပစ်လှဲချလိုက်လောက်သည်။ အစောတွင် သူ အကြိမ်ကြိမ် သေမလို ဖြစ်ခဲ့သည်။ ယင်းက သူ၏စိတ်အပေါ် အလွန်သက်ရောက်မှုကြီးသည်။ ကောင်းကင်ဘုရင်ဝေက သူ့လက်သူဖြတ်၍ သူ့အသက်ကို ကယ်ခဲ့၍သာ တော်သေးပေသည်။

“အစ်ကိုကြီး...”

အားလုံးသည် ကောင်းကင်ဘုရင်ဝေကို ဝိုင်း၍ဖေးကူလိုက်ကြ၏။ ကောင်းကင်ဘုရင်ဝေသည် စွမ်းအင်အနည်းငယ် ထုတ်လွှတ်ကာ သူ၏ပြတ်သွားသောလက်ကို အမှုန့်ဖြစ်သွားစေလိုက်သည်။ ထို့နောက် သူ မျက်လုံးမှိတ်၍ ကိုယ်တွင်းတွင် စွမ်းအင်လှည့်ပတ်ကာ ပြောလိုက်သည်။

“ညီနှစ်နဲ့ ကျန်းရီက နေခဲ့။ ကျန်တဲ့သူတွေ သွားကြတော့”

ကောင်းကင်ဘုရင်မူသည် ကျန်းရီကို လှမ်းကြည့်လိုက်၏။ သို့သော် မည်သူ့စကားမှမပြောဘဲ အခြားကောင်းကင်ဘုရင်များကို ခေါ်၍ ထွက်သွားသည်။ ထို့နောက် ကောင်းကင်ဘုရင်ဝေက ခန်းမနှင့် ဆက်နေသော အခန်းငယ်တစ်ခန်းသို့ သွားလိုက်၏။ ကောင်းကင်ဘုရင်ယွင်သည် ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။

“အထဲမှာ သွားပြောကြမယ်”

ကျန်းရီသည် သူ့မျက်နှာပေါ်မှ ဇောချွေးများကို သတ်လိုက်ပြီး အနောက်မှ ခပ်သွက်သွက်လိုက်သွားသည်။ အခန်းလေးထဲသို့ ဝင်ပြီးနောက် ကောင်းကင်ဘုရင်ယွင်က အခန်း၏အကာအရံကို နှိုးလိုက်၏။ ကျန်းရီလည်း ဦးညွှတ်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။

“ကျွန်တော့်ကို ကယ်ပေးတဲ့အတွက် ကောင်းကင်ဘုရင်တို့ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျန်းရီ ကောင်းကင်ဘုရင်တို့ဆီမှာ အသက်ကြွေးတင်သွားပါပြီ”

“အဲ့ဒါတွေ ပြောမနေနဲ့ဦး...”

ကောင်းကင်ဘုရင်ယွင်က အေးစက်စက် ပြန်ပြောသည်။

“တကယ်လို့ မင်း အစောက ပြောခဲ့တာသာ အမှားဆိုရင် ဒီနေ့ မင်း ဒီနေရာမှာ သေရလိမ့်မယ်”

“ပြောပါ...”

ကောင်းကင်ဘုရင်ယွင်သည် ကျန်းရီ၏ အဖြေကိုပင် မစောင့်နိုင်ဘဲ ဆက်မေးလိုက်သည်။

“မင်း ကောင်းကင်ဧကရာဇ်ရဲ့ ဝိညာဉ်အစအနကို ဘယ်မှာတွေ့ခဲ့တာလဲ။ သူက ဘာညွှန်ကြားချက်တွေ ချန်ခဲ့လဲ။ အသေးစိတ်ပြောပါ”

“ကျွန်တော် မပြောနိုင်ဘူး...”

ကျန်းရီ လက်ဆုပ်ကာ အံကြိတ်၍ ဆိုလိုက်၏။

“သူနဲ့ ပတ်သတ်တဲ့အကြောင်းတွေကို မဖော်ပါဘူးလို့ ကျွန်တော် ကောင်းကင်ဧကရာဇ်ကို ကတိပေးထားပါတယ်။ ဒါပေမဲ့ ကျွန်တော် သူ့ရဲ့ ဝိညာဉ်အစအနကို တွေ့ခဲ့တယ်ဆိုတာကိုတော့ ကျွန်တော် ကောင်းကင်ဧကရာဇ်သွေးသစ္စာ ဆိုရဲပါတယ်”

“သေချင်နေတာလား”

ကောင်းကင်ဘုရင်ယွင်က ဒေါသတကြီး အော်လိုက်သည်။

“မင်းက ငါတို့ကို လှည့်စားရဲတယ်ပေါ့လေ”

ကောင်းကင်ဘုရင်ဝေကမူ မျက်ခုံးပင့်လိုက်သည်။ ကျန်းရီက ဘာမှမပြောလျှင် သူ သူ့လက်သူ ဖြတ်ခဲ့ခြင်းက အလကားဖြစ်သွားပေလိမ့်မည်။ ကျန်းရီ၏ စကားသက်သက်နှင့် ကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အစအနက ရှိနေသေးကြောင်း သူတို့ ယုံကြည်ရပါမည်လော။ သူတို့က အရူးများမဟုတ်ပေ။

“ကျွန်တော် ကောင်းကင်ဘုရင်နှစ်ပါးကို မလိမ်ဝံ့ပါဘူး”

ကျန်းရီ အတန်ငယ် စိတ်လှုပ်ရှားလာသည်။ ကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အစအနက အမှန်တကယ် ရှိနေသေးကြောင်း သက်သေမပြနိုင်လျှင် ကောင်းကင်ဘုရင်ယွင်က သူ့ကို ဤနေရာမှာပင် သတ်ပစ်နိုင်သည်။

သို့သော် ကျန်းရီ မီးနဂါးဓားကို ထုတ်မပြဝံ့သေးပေ။ ကောင်းကင်ဧကရာဇ်က သူ့အား အမည်မဲ့ကျင့်စဉ် ပေးခဲ့ကြောင်းကိုလည်း မပြောဝံ့ချေ။ အကယ်၍ ထိုကောင်းကင်ဘုရင်နှစ်ပါးက ထင်ရသလို သစ္စာမရှိလျှင် သူ သေရမည်သာ။ ထို့ပြင် သူသည် သူ့ကိုယ်သူကာကွယ်ရန် အစွမ်းအစ မရှိသေးသ၍ ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နှင့် ကောင်းကင်ဧကရာဇ်နှင့် ပတ်သတ်သော အကြောင်းများကို မထုတ်ဖော်ရန် ကျိန်ဆိုထားပြီးဖြစ်သည်။

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် အကြံတစ်ခုရလိုက်သည်။ ထို့ကြောင့် သူ လက်ဆုပ်ကာ ပြောလိုက်လေသည်။

“ကောင်းကင်ဘုရင်နှစ်ပါးခင်ဗျာ... ကျွန်တော် ကောင်းကင်ဧကရာဇ်ရဲ့ ဝိညာဉ်အစအနကို အမှန်တကယ် တွေ့ခဲ့တယ်ဆိုတာ သက်သေပြနိုင်ပါတယ်။ ခဏလောက်စောင့်ပါ”

ကျန်းရီ သူ့လက်စွပ်ထဲမှ စက္ကူတစ်ရွက်နှင့် မင်ကို ထုတ်လိုက်၏။ ထို့နောက် စားပွဲခုံဆီသို့ ခပ်သွပ်သွက် လျှောက်သွားကာ စတင် ရေးဆွဲလိုက်သည်။ သူ၏ ပန်းချီစွမ်းရည်မှာ ထူးကဲသည်။ မကြာခင်မှာပင် စက္ကူပေါ်၌ အဘိုးအိုတစ်ယောက်၏ ပုံတူက အသက်ဝင်စွာ ထွက်ပေါ်လာလေတော့သည်။

ကျန်းရီသည် ပုံတူကို ရေးဆွဲပြီးနောက် ၎င်းအား ကောင်းကင်ဘုရင်ဝေထံ ပေးကာ ပြောလိုက်သည်။

“ကောင်းကင်ဘုရင်နှစ်ပါးခင်ဗျာ... အဲ့ပန်းချီကားကို ကြည့်လိုက်ပါ။ အဲ့ပန်းချီကို တွေ့ရင် ကျွန်တော် အမှန်အတိုင်းပြောနေတယ်ဆိုတာကို သိသွားပါလိမ့်မယ်”

ကောင်းကင်ဘုရင်ယွင်သည် ပန်းချီကားကို လှမ်းကြည့်လိုက်၏။ သို့သော် သူ့မျက်ဝန်းများက အေးစက်လာပေသည်။

“ကျန်းရီ... မင်းက ငါတို့ကို အရူးတွေလို့ထင်နေလား။ ဒီလောကထဲမှာ ကောင်းကင်ဧကရာဇ်ရဲ့ ပုံတူပန်းချီကား တစ်ချပ်မှ မရှိဘူး။ မင်း ရုပ်တုရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရလား။ မမြင်ရဘူး မဟုတ်လား။ မင်းက ကြုံရာအဘိုးကြီးတစ်ယောက်ရဲ့ မျက်နှာကို ဆွဲပြီး အဲ့အဘိုးကြီးက ကောင်းကင်ဧကရာဇ်ပါလို့ ငါတို့ကို ယုံစေချင်နေတာလား”

“အာ...”

ကျန်းရီ တုန်လှုပ်သွား၏။ မည်သူကမှ ကောင်းကင်ဧကရာဇ်၏ မျက်နှာကို မမြင်ဖူးကြောင်း သူ မေ့သွားခဲ့ခြင်းပင်။ ယခု မည်သို့ဆက်လုပ်ရမည်ကို သူ မသိတော့ချေ။

“မဟုတ်ဘူး...”

ကောင်းကင်ဘုရင်ဝေက ရုတ်တရက် ပြောလိုက်၏။

“တကယ်တော့ ကောင်းကင်ဧကရာဇ်စံအိမ်ထဲမှာ ကောင်းကင်ဧကရာဇ်ရဲ့ ပုံတူပန်းချီကားတစ်ချပ်ရှိတယ်။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်စံအိမ်ကို ထပ်မဖွင့်ခဲ့တာ နှစ်ပေါင်းသုံးထောင်ကျော်ခဲ့ပြီ။ ကျန်းရီ... တကယ်လို့ အဲ့က ပန်းချီကားက မင်းရဲ့ပန်းချီကားနဲ့ မတူရင် မင်းကိုယ်မင်း သတ်သေလိုက်ပါ”

“ကောင်းကင်ဧကရာဇ်စံအိမ်လား”

ကောင်းကင်ဘုရင်ယွင်သည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံပေါ်၏။ ကောင်းကင်ဘုရင်ဝေက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ညီနှစ်.. အဲ့ပန်းချီကားကို သွားယူခဲ့ပါ။ အဲ့ဒါက ကောင်းကင်ဧကရာဇ်ရဲ့ အိပ်ခန်းထဲက ဒုတိယသေတ္တာထဲမှာ ရှိတယ်”

ဝှစ်...

ကောင်းကင်ဘုရင်ယွင်သည် အခန်းထဲမှ လှစ်ခနဲ ပျံထွက်သွား၏။ ယခုတွင် ကျန်းရီ အတန်ငယ် စိတ်မသက်မသာ ဖြစ်လာပေပြီ။ အကယ်၍ ပန်းချီနှစ်ချပ်က မတူလျှင် ကောင်းကင်ဘုရင်ယွင်က သူ့ကို ချက်ချင်း သတ်ပစ်ပေလိမ့်မည်။

ကောင်းကင်ဘုရင်ဝေသည် မျက်လုံးများမှိတ်ကာ လက်ဒဏ်ရာကို ကုသနေသည်။ ကျန်းရီလည်း တိတ်တဆိတ်စောင့်ဆိုင်နေသည်။ ခေတ္တကြာပြီးနောက် ကောင်းကင်ဘုရင်ယွင်က ကျောက်စိမ်းသေတ္တာတစ်လုံးနှင့် ပြန်ရောက်လာ၏။

ကောင်းကင်ဘုရင်ဝေ မျက်လုံးဖွင့်လိုက်ပြီး ကောင်းကင်ဘုရင်ယွင်က သေတ္တာကို ခပ်သွက်သွက်ဖွင့်ကာ အထဲမှ ပန်းချီကားလိပ်တစ်လိပ်ကို ထုတ်လိုက်သည်။ ထို့နောက် ပန်းချီကားလိပ်ကို ဖြည်းဖြည်းချင်း ဖြေလိုက်လေသည်။

ထိုပန်းချီကားက အပြည့်ပြေသွားသောအခါ အားလုံး၏ မျက်ဝန်းများ အရောင်လက်သွားသည်။ ကျန်းရီ၏ ရင်ထဲမှ အလုံးကြီးလည်း ကျသွားသည်။ ထိုပန်းချီကားထဲမှ ကောင်းကင်ဧကရာဇ်က ကျန်းရီဆွဲထားသော ပုံထဲကထက် များစွာပို၍ အရှိန်အဝါကြီးပြီး ငယ်ရွယ်သော်လည်း ရုပ်သွင်မှာမူ တစ်ဦးတည်းကဲ့သို့ အလွန်တူပေသည်။

ဟူး...

ဤတစ်ကြိမ်တွင် ကောင်းကင်ဘုရင်ဝေနှင့်‌ ကောင်းကင်ဘုရင်ယွင်တို့ စိတ်လှုပ်ရှားသွားကြသည်။ ကောင်းကင်ဘုရင်ဝေသည် ကောင်းကင်ဘုရင်ယွင် မပြောနိုင်သေးခင်မှာပင် ခပ်သွက်သွက် မေးလိုက်သည်။

“ကျန်းရီ... ဒီလောကထဲမှာ တကယ်ပဲ ကောင်းကင်ဧကရာဇ်ရဲ့ ဝိညာဉ်အစအန ကျန်နေသေးတာလား။ အဲ့ဝိညာဉ်အစအနက အခု ဘယ်မှာလဲ။ သူ့ရဲ့ ညွှန်ကြားချက်တွေကို နားထောင်ရအောင် မင်း ငါတို့ကို သူ့ဆီ ခေါ်သွားပေးနိုင်မလား”

“ကျွန်တော် စိတ်မကောင်းပါဘူး”

ကျန်းရီ အလွန်ခိုင်မာစွာ ပြန်ပြောလိုက်သည်။

“သူ့ရဲ့ အကြောင်းကို မဖော်ပါဘူးလို့ ကျွန်တော် ကောင်းကင်ဧကရာဇ်ကို ကတိပေးထားပါတယ်။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်ရဲ့ ဝိညာဉ်အစအနက အချိန်တိုအတွင်း ပျောက်ကွယ်သွားဦးမှာ မဟုတ်တာကိုတော့ ကောင်းကင်ဘုရင်တို့ စိတ်ချနိုင်ပါတယ်။ သူ မကြာခင် ပြန်ထွက်ပေါ်လာပါလိမ့်မယ်”

“အဲ့ဒါဆို...အဲ့ဒါဆို...”

ကောင်းကင်ဘုရင်ယွင်က စိတ်လှုပ်ရှားစွာ မေး၏။

“ကောင်းကင်ဧကရာဇ်ရဲ့ ဝိညာဉ်အစအန ရှိနေသေးတယ်ဆိုရင်.. ဘာလို့ သူက ရှေ့ထွက်လာပြီး လောကကြီးရဲ့ အခြေအနေကို မထိန်းသိမ်းခဲ့ရတာလဲ”

“ကျွန်တော်လည်း သေချာမသိပါဘူး”

“ကောင်းကင်ဧကရာဇ်ရဲ့ ဝိညာဉ်အစအနက အထက်ဘုံမှာလား ဒါမှမဟုတ် ရုပ်လောကဘုံမှာလား။ ဒါမှမဟုတ် ဆန်းကြယ်နယ်မြေတစ်ခုထဲမှာလား”

“ကျွန်တော် မပြောနိုင်ပါဘူး..”

“ကောင်းကင်ဧကရာဇ်က ကောင်းကင်ဘုံရဲ့အခြေအနေကို သိလား”

“အဲ့ဒါကိုလည်း ကျွန်တော် မသေချာပါဘူး”

“ကောင်းကင်ဧကရာဇ်က မင်းကို ရတနာတွေ ပေးခဲ့သေးလား။ ဒါမှမဟုတ် လမ်းညွှန်ခက်တစ်ခုခုပေါ့”

“ဟင့်အင်း... အဲ့တုန်းက ကျွန်တော်က သေမလိုဖြစ်ခဲ့တာပါ။ ကောင်းကင်ဧကရာဇ်က ကျွန်တော့်အသက်ကို ကယ်ခဲ့တာ”

“မင်း သူ့ကို ထပ်သွားတွေ့ပြီး ငါတို့ပြောချင်တဲ့စကားတွေကို ကိုယ်စားပြောပေးလို့ရမလား”

“မရပါဘူး။ ကျွန်တော် ဧကရာဇ်တစ်ပိုင်းအဆင့်ကို မရောက်မချင်း သူ့ကို ပြန်လာမရှာနဲ့လို့ ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ်။ အခု ကျွန်တော် သူ့ကို သွားရှာရင်တောင် တွေ့ခွင့်ရမှာ မဟုတ်ပါဘူး”

“...”

ကောင်းကင်ဘုရင်ယွင်က မေးခွန်းများစွာ မေးခဲ့သည်။ သို့သော် ကျန်းရီက တစ်ခုကိုမှ ပြောမပြခဲ့ပေ။ ကျန်းရီသည် မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည့် အစွမ်းအစ မရှိသေးဘဲနှင့် ထိုအကြောင်းများကို ထုတ်ပြောရအောင် အရူးတစ်ယောက် မဟုတ်ပေ။ အခြားတစ်ယောက်က မည်သို့တွေးနေသည်ကို မသိနိုင်ချေ။ ယခု သူ့တွင် လျှို့ဝှက်ချက်များ ပိုရှိနေလျှင် သူ၏ရှင်သန်နိုင်ခြေက ပိုမြင့်လေပင်။

“ကောင်းပြီ... ညီနှစ်...”

ကောင်းကင်ဘုရင်ဝေက ရုတ်တရက် ဝင်ပြောလိုက်၏။

“ကျန်းရီ... အရင်ဆုံး ငှက်တောင်ပျံတပ်ကို ပြန်သွားလိုက်ပါ။ နောက်တစ်နှစ်အတွင်း ဘာတာဝန်မှ မထမ်းဆောင်ပါနဲ့ဦး။ တောက်မျိုးနွယ်က သေချာပေါက် ဒီကိစ္စကို ဒီအတိုင်း အပြီးခံမှာ မဟုတ်ဘူး။ အခု မင်း အပြင်ထွက်ပြီး တာဝန်ထမ်းဆောင်လိုက်ရင် အလစ်တိုက်ခိုက်ခံရနိုင်တယ်”

ရွှီး...

ကောင်းကင်ဘုရင်ဝေသည် အမိန့်ပြားတစ်ပြားကို ထုတ်၍ ဆက်ပြော၏။

“ဒါက ငါ့ရဲ့ ကိုယ်ပိုင်အမိန့်ပြားပဲ။ ဒါကိုသုံးရင် မင်း ယန်ကိုးပါးမြို့ထဲက ကြိုက်တဲ့ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲကို ဝင်ခွင့်ရလိမ့်မယ်။ ရှေးဦးဆန်းကြယ်နယ်မြေနဲ့ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲကိုလည်း သုံးကြိမ်ဝင်ခွင့်ရလိမ့်မယ်။ အဲ့တစ်နှစ်အတွင်း ကြိုးစားကျင့်ကြံပါ။ မင်း ဒီမှာရှိနေရင် ဘယ်သူမှ မင်းကို မထိနိုင်ပါဘူး”

“ကျေးဇူးအများကြီးတင်ပါတယ် ကောင်းကင်ဘုရင်”

ကျန်းရီသည် အမိန့်ပြားကို ကျေးဇူးတင်စွာ ယူလိုက်ပြီး ဦးညွှတ်၍ ထွက်သွားသည်။ ကောင်းကင်ဘုရင်ယွင်သည် ကျန်းရီ ထွက်သွားသည်ကို မှင်တက်စွာ ကြည့်နေ၏။ ကျန်းရီ အခန်းအပြင်ကို ရောက်သွားမှ သူ ချက်ချင်း မေးလိုက်သည်။

“အစ်ကိုကြီး... ဘာလို့...”

“ဘာတွေ လောနေတာလဲ”

ကောင်းကင်ဘုရင်ဝေသည် လက်တစ်ဘက် ဆုံးရှုံးထား၍ အတော်လေး ဖြူဖျော့နေသည်။ သူ ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။

“ကျန်းရီက ဒီမှာ ရှိနေမှတော့ အနှေးနဲ့အမြန်ဆိုသလို ငါတို့ ကောင်းကင်ဧကရာဇ်ကို တွေ့ရမှာပဲ”

“အစ်ကိုကြီး... အစ်ကိုကြီး တကယ်ပဲ ကျန်းရီကို ယုံသလား”

ကောင်းကင်ဘုရင်ယွင်က သံသယဖြစ်နေဆဲပင်။

“အဲ့ကောင်လေးက ဉာဏ်နီဉာဏ်နက်များတယ်။ သူ့ဆီမှာ လျှို့ဝှက်ချက်‌တွေ အများကြီးရှိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်”

“သူက ဉာဏ်နီဉာဏ်နက်များတာ မဟုတ်ဘူး။ ဉာဏ်ကောင်းတာ။ သူ များများဖော်လေ၊ မြန်မြန်သေလေပဲ”

ကောင်းကင်ဘုရင်ဝေက ပြုံး၍ ဆိုသည်။

“ငါ မှန်းတာ မမှားဘူးဆိုရင် အဲ့ကောင်လေးက ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူ ဖြစ်လိမ့်မယ်”

“ဗျာ...”

ကောင်းကင်ဘုရင်ယွင် လုံးဝမှင်တက်သွား၏။ ကောင်းကင်ဘုရင်ဝေသည် သူ၏လက်စွပ်ထဲမှ ပေလိပ်တစ်လိပ်ကိုထုတ်၍ ကောင်းကင်ဘုရင်ယွင်အား ပေးကာ ပြုံး၍ ပြောလိုက်သည်။

“ဒါက ကျန်းရီရဲ့ ကိုယ်ရေးအချက်အလက်တွေပဲ။ ဒါက တောက်လန် မင်းကို ပေးတဲ့အချက်အလက်တွေထက် ပိုပြီးအသေးစိတ်တယ်။ သေချာဖတ်ကြည့်လိုက်ပါ။ သူသာ ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူ မဟုတ်ဘူးဆိုရင် ရုပ်လောကဘုံက သေမျိုးလေးတစ်ယောက်က အချိန်တိုအတွင်း ဒီလောက်သန်မာလာအောင် ကျင့်ကြံနိုင်လိမ့်မယ်လို့ မင်းထင်လား။ တောက်ဖုန့်က အားနည်းတဲ့သူ မဟုတ်ဘူး...”

ကောင်းကင်ဘုရင်ယွင်သည် ပေလိပ်ကို ဖတ်ရင်း မျက်လုံးများ တောက်ပလာ၏။ ထို့နောက် သူ မျက်ရည်များဝဲတက်လာပြီး ရေရွတ်လိုက်သည်။

“ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူလား။ ဧကရာဇ်က ကျုပ်တို့ကို စွန့်ပစ်မသွားသေးဘူး။ လူသားမျိုးနွယ်ကို ကယ်နိုင်ပြီ။ လူသားမျိုးကို ကယ်တင်နိုင်ပြီ”

ကောင်းကင်ဘုရင်ဝေ၏ရင်ထဲတွင်လည်း ခံစားချက်များ လျှံတက်လာသည်။ သူ သက်ပြင်းချကာ ဆိုလိုက်သည်။

“ငါတို့က အခုအထိ ဘေးမကင်းသေးဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ မျှော်လင့်ချက်ရောင်ခြည်တစ်ခု ရှိလာပြီပေါ့”

All Chapters