← Chapters

တစ်ခုခုမှားနေတယ်

Vol. 122 Ch. 1695

တစ်ခုခုမှားနေတယ်

Vol. 122 Ch. 1695

“အစ်ကိုကြီး... ကျန်းရီက ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူလို့ အစ်ကိုကြီး သေချာရင် ဘာလို့ သူ့ကို ငှက်တောင်ပျံတပ်ကို ပြန်ခိုင်းလိုက်တာလဲ။ ဘာလို့ ယန်ကိုးပါးမြို့ထဲမှာ မနေခိုင်းတာလဲ။ ဒီမှာဆိုရင် ပိုလုံခြုံတယ်မဟုတ်လား”

ကောင်းကင်ဘုရင်ယွင်သည် ထပ်မံ၍ စိတ်လှုပ်ရှားလာ၏။ သူ ခေတ္တမျှ တွေးတောပြီးနောက် ဆက်ပြောသည်။

“ကျုပ်တို့ သူ့ကို ကျုပ်တို့ရဲ့ တပည့်အဖြစ် လက်ခံပြီး သေသေချာချာ ပျိုးထောင်ပေးကြမလား”

“မင်းက အမြဲတမ်း စိတ်လှုပ်ရှားနေတာပဲ”

ကောင်းကင်ဘုရင်ဝေသည် ကောင်းကင်ဘုရင်ယွင်ကို စိုက်ကြည့်လိုက်၏။ ကောင်းကင်ဘုရင်ယွင် နားလည်သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အဲ့ဒါက မှန်မှန်၊ မမှန်မှန် ကျန်းရီ ဘယ်သူဆိုတာ ပေါ်သွားလို့မဖြစ်ဘူး။ မဟုတ်ရင် သူ သေချာပေါက် သေရလိမ့်မယ်။ အစ်ကိုကြီးတွေးတာ မှန်ပါတယ်”

“ငါတို့နှစ်ယောက်ကလွဲပြီး ဒီအကြောင်းကို ဘယ်သူမှသိလို့ မဖြစ်ဘူး”

ကောင်းကင်ဘုရင်ဝေက အလေးအနက် ပြောလိုက်သည်။

“ငါ ညီသုံးနဲ့ တခြားသူတွေကို ပြောလိုက်ပါမယ်။ အစောက ဖြစ်ခဲ့တာတွေကို ဘယ်သူမှ သိလို့ မဖြစ်ဘူး။ ကျန်းရီကို ငှက်တောင်ပျံတပ်ထဲမှာ တစ်နှစ်ကျင့်ကြံပါစေ၊ သူ အုပ်ချုပ်သူအဆင့်ကို တက်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့။ သူ့ကို အရင်းအမြစ်တွေ အများကြီး ပေးပြီးတာတောင် သူ အုပ်ချုပ်သူအဆင့်ကို မတက်နိုင်ဘူးဆိုရင် ငါတို့ သူ့အပေါ် အထင်မှားတာပဲဖြစ်မယ်။ သူ အဆင့်တက်နိုင်သွားရင်တော့... အဲ့ကျမှ ပြောကြတာပေါ့”

“ဟုတ်ကဲ့ပါ”

ကောင်းကင်ဘုရင်ယွင်သည် ကောင်းကင်ဘုရင်ဝေ၏ ရည်ရွယ်ချက်ကို နားလည်၏။ ကျန်းရီ၏ စကားများနှင့် ပုံတူပန်းချီမျှလောက်နှင့် ကျန်းရီက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်ကြောင်း သက်သေမပြနိုင်သေးပေ။ ထိုအချိန်တစ်နှစ်မှာ စမ်းသပ်ချက်တစ်ခုဖြစ်သည်။ ကောင်းကင်ဘုရင်ဝေက ကျန်းရီကို စောင့်ကြည့်လိုခြင်းပင်။ အရင်းအမြစ်များစွာ ရပြီးနောက်မှာပင် အုပ်ချုပ်သူအဆင့်သို့ မတက်လှမ်းနိုင်လျှင် ကျန်းရီက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်နေလျှင်လည်း အရေးမကြီးတော့ပေ။ သူ လူသားမျိုးနွယ်၏ ကံကြမ္မာကို ပြောင်းလဲနိုင်မဟုတ်သလို တမလွန်ဘုံမျိုးနွယ်ကိုလည်း ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ချေ။

“ကောင်းပါပြီ အစ်ကိုကြီး၊ ကောင်းကောင်းအနားယူလိုက်ပါဦး”

ကောင်းကင်ဘုရင်ယွင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကျုပ် ကျန်းရီရဲ့ လုံခြုံရေးအတွက် စီစဉ်စရာရှိတာတွေ သွားစီစဉ်လိုက်ပါမယ်။ စိတ်မပူပါနဲ့.. ကျုပ် သိသာအောင် မလုပ်ပါဘူး”

ကောင်းကင်ဘုရင်ဝေက သူ၏ ကျန်နေသေးသောလက်ကို ဝှေ့ယမ်းပြလိုက်သည်။ ထိုအခါ ကောင်းကင်ဘုရင်ယွင် အခန်းအပြင်သို့ ထွက်သွားလေသည်။ ၎င်းနောက် ကောင်းကင်ဘုရင်ဝေသည် ချက်ချင်း အနားမယူသေးဘဲ အတော်ကြာအောင် တွေဝေစွာ ထိုင်နေလိုက်သည်။ ပြီးမှ သူ သက်ပြင်းချကာ ရေရွတ်လိုက်သည်။

“နောက်ဆုံးတော့ ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူ ထွက်ပေါ်လာပြီးပေါ့။ သူက ငါတို့ကို ကူညီပြီး အခြေအနေကို ပြောင်းပြန်လှန်ပေးနိုင်မလား”

***

မိုးပြာမဟာဧကရာဇ်တောင်ထွတ်၏ အနောက်ဘက် ကီလိုမီတာနှစ်သန်းခွဲအကွာတွင် ဆန်းကြယ်‌တောင်ထွတ်ရှိသည်။ တောင်ထွတ်က အလွန်မမြင့်မားသော်လည်း အလွန်ထူးခြားသည်။

ထိုတောင်ပေါ်တွင် ကျောက်ဝင်္ကပါတောအုပ်ရှိသည်။ ၎င်းတောအုပ်က မိုးပြာဒေသထဲတွင် ကျော်ကြားသည်။ ထိုဝင်္ကပါတောအုပ်ထဲ ဝင်သွားသည့် သာမန်သိုင်းသမားတိုင်း လမ်းပျောက်ကာ စမှတ်သို့ ပြန်ရောက်လာမည်ဖြစ်သည်။

ဝှစ်...

ထိုအခိုက်တွင် လူတစ်ယောက်သည် အရှေ့ဘက်မှနေ၍ လျင်မြန်စွာ ပျံသန်းလာနေသည်။ သူ၏ အမြန်နှုန်းက အလွန်လျင်မြန်ရာ သူ့မျက်နှာကို မမြင်ရပေ။ ထိုလူ၏ ခါးမှာမူ ပုစွန်ထုပ်တစ်ကောင်ကဲ့သို့ ကိုင်းနေပေသည်။

ထိုလူမှာ တောက်နူပင်။ သူသည် တည်နေရာပြောင်းရွှေ့ခဲ့ပြီးနောက် မိုးပြာမဟာဧကရာဇ်တောင်ထွတ်မှနေ၍ ဤနေရာသို့ ချက်ချင်း ပျံသန်းလာခဲ့ခြင်းပင်။ သူ ဆန်းကြယ်တောင်ထွတ်ပေါ်သို့ တန်းတန်းမတ်မတ်ပျံသန်းသွားသည်။ အတော်ကြာအောင် ဘယ်ညာလှည့်ပတ်၍ ပျံသန်းပြီးနောက် သူ ကျောက်ဝင်္ကပါတောအုပ်၏ အလယ်သို့ ရောက်ရှိသွားလေသည်။

ထိုနေရာတွင် ဧရာမကျောက်ထွတ်ကြီးတစ်ခု ရှိနေသည်။ တောက်နူသည် ၎င်းကျောက်ထွတ်ဆီသို့ ဦးတည်သွားလိုက်သည်။ ၎င်းကျောက်ထွတ်အောက်မှ ရှုခင်းက အလွန်သာယာသည်။ မြစ်ကလေးတစ်စင်းနှင့် ကျောက်တဲကလေးတစ်လုံး ရှိနေသည်။

တောက်နူသည် ထိုကျောက်တဲဆီသို့ မသွားလိုက်ဘဲ အလွန်ချောသော ကျောက်ထွတ်ကမ်းပါးစွန်းတွင် ဒူးထောက်ကာ ပြောလိုက်သည်။

“ဆရာ... ကျုပ် ပြန်ရောက်ပါပြီ။ ဒီတစ်ခေါက် ကျုပ် အလျင်လိုသွားပါတယ်။ ကျုပ်ကို အပြစ်ပေးပါ”

ရွှီး...

ကျောက်ထွတ်ကမ်းပါးစွန်း အရှေ့တွင် မျက်လုံးတစ်စုံ ထွက်ပေါ်လာ၏။ ထိုမျက်လုံးများက မည်သို့သော မျက်လုံးများနည်း။ အကယ်၍ သာမန်လူတစ်ယောက်က ထိုမျက်လုံးများကို ကြည့်မည်ဆိုလျှင် ရုတ်ခြည်း လိပ်ပြာလွင့်သွားပေလိမ့်မည်။ တောက်နူပင်လျှင် ၎င်းမျက်လုံးများကို တိုက်ရိုက်မကြည့်ဝံ့ပေ။ ၎င်းမျက်လုံးများတွင် လူတစ်ယောက်ကို လိပ်ပြာလွင့်လောက်အောင် ကြောက်ရွံ့သွားစေနိုင်‌သော မိစ္ဆာစွမ်းအားတစ်မျိုး ရှိနေသည်ဟု ထင်ရပေသည်။

“ကိုယ့်ခြေထောက်ကိုယ် ဖြတ်ပစ်လိုက်။ မင်းရဲ့ စွမ်းအားနဲ့ ပြန်ကုသခွင့်မရှိဘူး”

အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာ၏။ တောက်နူသည် တစ်စက္ကန့်ပင် မတုံ့ဆိုင်းဘဲ ဓားတစ်ချောင်းထုတ်ကာ သူ့ခြေထောက်များကို ဖြတ်ပစ်လိုက်၏။ ထို့နောက် သူသည် အသံတစ်ချက်ပင် မပြုဝံ့ဘဲ ကမ်းပါးစွန်းတွင် လှဲနေလိုက်သည်။

တောက်နူသည် မိုးပြာမဟာဧကရာဇ်‌နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သူဖြစ်၍ ယခုတစ်ခေါက်တွင် မိုးပြာမဟာဧကရာဇ်က အလွန်သက်ညှာပေးထားခြင်းဖြစ်ကြောင်း သိပေသည်။ မိုးပြာမဟာဧကရာဇ်က သူ့အား သူ့အရိုးအားလုံးကို ချိုးပစ်ရန် အမိန့်ပေးလျှင်ပင် သူ အတွန့်တက်မည် မဟုတ်ပေ။

“ကျန်းရီနဲ့ ပတ်သတ်ပြီး တစ်ခုခု မှားနေတယ်”

မိုးပြာမဟာဧကရာဇ်သည် ခေတ္တမျှ နှုတ်ဆိတ်နေပြီးနောက် ဆက်ပြောသည်။

“ကျန်းရီနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို ထပ်ပြီးစုံစမ်းလိုက်။ ပုံမှန်ဆိုရင် ဝေပင်းပင်းက ငါ့မျက်နှာကို မထောက်ဘဲနေမှာ မဟုတ်ဘူး။ အဲ့တော့ ဖြစ်နိုင်တာက တစ်ခုပဲရှိတယ်။ ကျန်းရီက သူတို့အတွက် အရမ်းအရေးပါလို့ပဲ။ သူက အရမ်းအရေးပါလို့ ဝေပင်းပင်းက ငါ့မျက်နှာကိုတောင် မထောက်နိုင်တော့တာပဲ”

“အဲ့ဒါက...”

တောက်နူ မျက်ခုံးပင့်ကာ မေးလိုက်သည်။

“ကျန်းရီက စွမ်းအားကြီး နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလို့လား။ ကောင်းကင်ဘုရင်ဝေက ကျန်းရီကို သုံးပြီး ဧကရာဇ်အဆင့်ကို တက်လှမ်းချင်တာလား။ ဒါမှမဟုတ် သူ့ရဲ့ နောက်မျိုးဆက်အတွက်များလား”

“အဲ့ဒါကြောင့် မဟုတ်နိုင်ဘူး”

မိုးပြာမဟာဧကရာဇ် သက်ပြင်းချကာ ဆက်ပြောသည်။

“ငါ အတိအကျ မခန့်မှန်းနိုင်ဘူးဖြစ်နေတယ်။ ဒီကိစ္စကို သေသေချာချာစုံစမ်းဖို့ လူတွေ စေလွှတ်လိုက်ပါ”

“နားလည်ပါပြီ”

တောက်နူ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ၏ မျက်ဝန်းများက အေးစက်သွားသည်။

“ဆရာ... တကယ်လို့ အခွင့်အရေးရရင် ကျုပ် သူ့ကို သတ်ပစ်လို့ရမလား”

“မင်း ယန်ကိုးပါးမြို့ထဲမှာ မလုပ်သ၍ ငါ အဲ့အကြောင်းကို မသိချင်ယောင်ဆောင်ထားပေးမယ်။ ဒါပေမဲ့ မင်းတို့ ဝေပင်းပင်းနဲ့ တခြားကောင်းကင်ဘုရင်တွေ သတ်တာကို ခံရရင်လည်း ငါ ဝင်ကူညီမှာ မဟုတ်ဘူး”

မိုးပြာမဟာဧကရာဇ်က အေးစက်စက် ပြန်ပြောလိုက်သည်။ ထို့နောက် မျက်လုံးတစ်စုံက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထိုအခါမှ တောက်နူသည် ကမ်းပါးစွန်းကို လက်ဝါးဖြင့် ရိုက်ကာ အားယူ၍ ကောင်းကင်ထက်သို့ ပျံတက်လိုက်ပြီး မိုးပြာမဟာဧကရာဇ်တောင်ထွတ်ဆီသို့ ဦးတည်ပျံသန်းသွားလိုက်လေသည်။

မိုးပြာမဟာဧကရာဇ်က ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်သဖြင့် တောက်နူသည် ကျန်းရီကို သတ်ရန် ဆုံးဖြတ်ချက်ချလိုက်ပေပြီ။ ကောင်းကင်ဘုရင်ဝေက သူ့မျက်နှာကို လုံးဝမထောက်ထားခဲ့ချေ။ သို့ဖြစ်ရာ တောက်နူ၏ အကျင့်စရိုက်အရ သူ သေချာပေါက် လက်စားပြန်ချေမည်ဖြစ်သည်။

တောက်နူသည် မိုးပြာမဟာဧကရာဇ်တောင်ထွတ်သို့ ရောက်သောအခါ မိုးပြာမဟာဧကရာဇ်ခန်းမသို့ တန်းသွားလိုက်၏။ မိုးပြာမဟာဧကရာဇ်ခန်းမထဲတွင် တောက်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများ စုဝေးနေကြသည်။ သူတို့သည် ‌တောက်နူပြန်ရောက်လာမည်ကို စောင့်ဆိုင်းနေကြခြင်းပင်။

“ခမည်းတော်...”

တောက်နုနှင့် တောက်လန်တို့သည် တောက်နူက ခြေနှစ်ဘက်စလုံးပြတ်လာသည်ကို တွေ့လိုက်သောအခါ မျက်နှာပျက်သွားကြ၏။ သို့သော် တောက်နူက သူတို့ကို ဆက်ပြောခွင့်မပေးဘဲ အေးစက်စက် ပြောလိုက်သည်။

“တောက်နု... ကျန်းရီကို စောင့်ကြည့်ဖို့ ချက်ချင်း လူစေလွှတ်လိုက်ပါ။ ဘယ်နည်းနဲ့ဖြစ်ဖြစ် ငါတို့ သူ့ကို စောင့်ကြည့်ထားရမယ်။ အခွင့်အရေးရလာရင် ငါတို့ ထောင်ချောက်ဆင်ပြီး သူ့ကို သတ်မယ်...”

“တောက်လန်... မင်းက အထက်ဘုံကိုသွားပြီး ကျန်းရီနဲ့ ပတ်သတ်တဲ့အကြောင်းကို ထပ်စုံစမ်းခဲ့။ ငါ သူ့အကြောင်းတွေကို တစ်ခုမကျန် သိချင်တယ်။ ဒါပေမဲ့ သတိနဲ့ လှုပ်ရှားပါ။ ငါတို့လုပ်နေတာတွေကို တခြားသူတွေ သိသွားလို့ မဖြစ်ဘူး။ တကယ်လို့ မိုးပြာမဟာဧကရာဇ်က ငါတို့ကို အပြစ်တင်ရင် ငါတို့ အကျိုးဆက်တွေကို ခံနိုင်မှာ မဟုတ်ဘူး”

“နားလည်ပါပြီ”

တောက်နုနှင့် တောက်လန်တို့သည် အမိန့်နာခံလိုက်ကြ၏။ ထို့နောက် တောက်နူ၏ ခန္ဓာကိုယ်က လင်းလက်လာကာ ပျောက်ကွယ်သွားသည်။ သူ ပျောက်ကွယ်မသွားခင်လေးတွင် ညွှန်ကြားချက်အချို့ ချန်ခဲ့ပေသည်။

“ငါ မိုးပြာမဟာဧကရာဇ်တောင်ထွတ်မှာ ခဏလောက်နေမယ်။ တောက်နု... အမြန်ဆုံး အခွင့်အရေးတစ်ခုရှာပါ။ ဒီကိစ္စက ကြာလေလေ၊ မိုးပြာမဟာဧကရာဇ်နဲ့ ငါ မျက်နှာပျက်ရလေလေပဲ”

တောက်နူ၏ အမိန့်များအတိုင်း တောက်မျိုးနွယ်တစ်ခုလုံး စတင် လှုပ်ရှားကြသည်။ တောက်လန်က အထက်ဘုံသို့ လျှို့ဝှက်၍ သွားလိုက်သည်။ သူသည် ယန်ကိုးပါးမြို့မှနေ၍ သွားခြင်းမဟုတ်ပေ။ ထိုမြို့ရှိ တည်နေရာပြောင်းရွှေ့အစီအရင်ကို သူတို့မျိုးနွယ်ကပင် ချိပ်ပိတ်ထားခြင်းဖြစ်သည်။ ယခုမှ ချိပ်ပိတ်ထားသည်ကို ပြန်သွားဖွင့်လျှင် သူက မကောင်းသောအကြံဖြင့် အထက်ဘုံသို့ သွားပြီဟု တစ်လောကလုံးကို ကြေညာလိုက်သလို ဖြစ်သွားပေလိမ့်မည်။

တောက်လန်သည် အထူးလမ်းကြောင်းတစ်ခုမှ သွားလိုက်ခြင်းပင်။ အထက်ဘုံသို့သွားရန် ယန်ကိုးပါးမြို့ရှိ တည်နေရာပြောင်းရွှေ့အစီအရင်မှ သွားခြင်းအပြင် အခြားနည်းလမ်းတစ်ခုရှိသေးသည်။ ထိုနည်းလမ်းကိုသိသူ အနည်းငယ်သာရှိသည်။ သို့သော် ထိုနည်းလမ်းက အတော်လေး အန္တရာယ်များသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားမဟုတ်လျှင် သေချာပေါက် သေသွားနိုင်သည်။ သို့သော် တောက်လန်ကဲ့သို့သော သူမျိုးအတွက်မှာမူ ပြဿနာမရှိပါပေ။

တစ်ဘက်တွင် တောက်နုကလည်း မျိုးနွယ်ကြီးများဆီသို့ လူများစေလွှတ်၍ ၎င်းတို့၏ အရင်းအမြစ်များကို သုံးကာ ယန်ကိုးပါးစစ်တပ်ထဲမှ အဖြစ်အပျက်များကို စောင့်ကြည့်ပေးထားဖို့ အကူအညီတောင်းလိုက်သည်။ မည်သည့်စစ်တပ်ကမှ တစ်စိတ်တစ်ဝမ်းတည်း ညီညွတ်နေသည်ဟူ၍ မရှိပေ။ ယင်းအပြင် ယန်ကိုးပါးစစ်တပ်၌ ကောင်းကင်ဘုရင်က သုံးဆယ့်ခြောက်ပါးပင် ရှိပေသည်။

လူသားမျိုးနွယ်၏ ကြောက်စရာအကောင်းဆုံးအရာမှာ ဉာဏ်နီဉာဏ်နက်များခြင်း ဖြစ်သည်။ စစ်တပ်အသီးသီးတွင် မျိုးနွယ်အသီးသီးမှ လူများ ရှိနေသည်။ မိုးပြာမဟာဧကရာဇ်စစ်တပ်ထဲတွင်ပင် မျိုးနွယ်ကြီးတစ်ခုစီမှ သူလျှိုအနည်းငယ်စီ ရှိပေသည်။ ထို့ကြောင့် တောက်နုသည် မျိုးနွယ်ကြီးများကို ဆက်သွယ်၍ ယန်ကိုးပါးစစ်တပ်ထဲရှိ ၎င်းတို့၏ လူများအား ကျန်းရီ၏ တည်နေရာကို စုံစမ်းဖို့ ခိုင်းစေပေးရန် အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။

တောက်မျိုးနွယ်က စတင်လှုပ်ရှားသည်နှင့် မရေမတွက်နိုင်သော အင်အားစုများလည်း လှုပ်ရှားလာကြသည်။ ယန်ကိုးပါးစစ်တပ်၏ အထက်တွင် သဏ္ဌာန်မဲ့ကာ တိတ်ဆိတ်သော ပိုက်ကွန်ကြီးတစ်ခု ဖြစ်တည်လာသလိုမျိုးပင်။ ကျန်းရီ ယန်ကိုးပါးစစ်တပ်ထဲမှနေ၍ အပြင်ထွက်သည်နှင့် သို့မဟုတ် သင့်တော်သော အခွင့်အရေးတစ်ခု ပေါ်ပေါက်လာသည်နှင့် တောက်မျိုးနွယ်သည် ချက်ချင်းလှုပ်ရှား၍ ကျန်းရီကို အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲပစ်လိုက်တော့မည် ဖြစ်ပေသည်။

All Chapters