စုံစမ်းခြင်း
Vol. 122 Ch. 1696
အထက်ဘုံ၊ မြစ်ဖြူမြို့...
ရဲတိုက်တစ်လုံးထဲတွင် အလင်းရောင် အဆက်မပြတ် လင်းလက်လာသဖြင့် ပိုင်မျိုးနွယ်ဝင်အားလုံး ရင်ထိတ်သွားကြ၏။ ထိုတည်နေရာပြောင်းရွှေ့အစီအရင် မလင်းလက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ရာ ၎င်းကို စောင့်ကြပ်နေသော အကြီးအကဲသည်ပင် လန့်သွားမိပြီး မျက်စိများမှားသလောဟု အကြိမ်ကြိမ် မျက်လုံးကို ပွတ်သပ်ကြည့်လိုက်သည်။ ထိုတည်နေရာပြောင်းရွှေ့အစီအရင်က ဟွင့်သွမ့်ပင်လယ်နှင့် ချိတ်ဆက်ထားသော အစီအရင်ဖြစ်ပေသည်။
အစီအရင်က အမှန်ကတယ် လင်းလက်နေကြောင်း အတည်ပြုပြီးသောအခါ ထိုအကြီးအကဲသည် မြစ်ဖြူဘုရင်ထံ သတင်းပို့ရန် လူတစ်ယောက်ကို ချက်ချင်းစေလွှတ်လိုက်သည်။ ပုံမှန်ဆိုလျှင် ဟွင့်သွမ့်ပင်လယ်က မည်သူကမှ အထက်ဘုံသို့ လာမည်မဟုတ်ပေ။ သို့ဖြစ်ရာ ကောင်းကင်ဘုံမှ အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ရောက်လာခြင်းသာဖြစ်မည်။
မြစ်ဖြူဘုရင်သည် ပိုင်မျိုးနွယ်အကြီးအကဲတစ်စုကို ခေါ်၍ တည်နေရာပြောင်းရွှေ့အစီအရင်အပြင်တွင် စောင့်နေကြ၏။ သူတို့ နာရီနှစ်ဆယ်ကျော် စောင့်ဆိုင်းနေပြီးနောက် အစီအရင်ထဲတွင် လူတစ်ယောက် ထွက်ပေါ်လာသည်။ ထိုလူ၏ အရှိန်အဝါက အားလုံးကို တုန်ယင်သွားစေသည်။
“သူက... ဧကရာဇ်တစ်ပိုင်းအဆင့်လား”
မြစ်ဖြူဘုရင်သည် နှုတ်ခမ်းတုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏။ ချက်ချင်းပင် သူ သူ့လူများကို ဦးဆောင်၍ ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
“အရှင့်ကို နှုတ်ခွန်းဆက်ပါတယ်”
ထွက်ပေါ်လာသူသည် စစ်ချပ်ဝတ်ကို မဝတ်ထားဘဲ အနက်ရောင်ဝတ်ရုံကို တစ်ကိုယ်လုံး လွှမ်းခြုံထား၏။ မြစ်ဖြူဘုရင်သည်ပင် သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူသည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲတွင် ခေတ္တမျှ ရပ်နေပြီးနောက် အေးစက်စွာ မေးလိုက်သည်။
“မင်းက မြစ်ဖြူဘုရင်လား”
မြစ်ဖြူဘုရင်သည် ထပ်မံဦးညွှတ်၍ ပြန်ဖြေလိုက်၏။
“အရှင့်ရဲ့အရှေ့မှာ ကျုပ်ကိုကျုပ် ဘုရင်လို့ မခေါ်ရဲပါဘူး။ အရှင် ကျုပ်ကို ပိုင်ဟယ်လို့ပဲ ခေါ်ပါ”
“သူတို့ကို ထွက်သွားခိုင်းလိုက်”
ဆန်းကြယ်သော ဝတ်ရုံနက်က လက်ဝှေ့ယမ်း၍ ပြောလိုက်ရာ မြစ်ဖြူဘုရင်သည် သူ့မျိုးနွယ်ဝင်များကို ထွက်သွားခိုင်းလိုက်သည်။ ထို့နောက်မှ ဝတ်ရုံနက်က ပြောသည်။
“ငါက တောက်လန်ပဲ။ မင်း ငါ့ကို ကြားဖူးလား”
“အရှင်တောက်လန်လား...”
မြစ်ဖြူဘုရင် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ရုတ်ခြည်း ဒူးထောက်ချကာ ခံစားချက်များ ပြည့်နှက်နေသော လေသံဖြင့် ပြောလိုက်လေသည်။
“အေးစက်ဧကရာဇ်... ကျုပ် ဧကရာဇ်ကို မမှတ်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ကျုပ်ကို အပြစ်ပေးပါ”
တောက်လန်နေရာတွင် အခြားတစ်ယောက်ဆိုလျှင် မြစ်ဖြူဘုရင် ဒူးထောက်မည် မဟုတ်ပေ။ သို့သော် တောက်လန်၏အမည်က အလွန်ကျော်ကြားသည်။ ထို့ပြင် သူက ကောင်းကင်ဘုံ၏ မျိုးနွယ်ကြီးတစ်ခုဖြစ်သော တောက်မျိုးနွယ်မှ တတိယ စွမ်းအားအကြီးဆုံးသူလည်း ဖြစ်သေးသည်။
အရေးအကြီးဆုံးမှာ အထက်ပါအကြောင်းများ မဟုတ်သေး။ လက်ရှိတွင် ပိုင်မျိုးနွယ်မှ အကြီးအကဲတစ်ယောက်က မိုးပြာမဟာဧကရာဇ်စစ်တပ်ထဲ၌ စစ်သူကြီးတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေခြင်းကသာ အရေးအကြီးဆုံးဖြစ်သည်။ မိုးပြာမဟာဧကရာဇ်စစ်တပ်၏ ခေါင်းဆောင်မှာ တောက်နုဖြစ်သည်။ သို့ဖြစ်ရာ ပိုင်မျိုးနွယ်က တောက်မျိုးနွယ်ဟု လက်အောက်ခံမျိုးနွယ်ဟု ဆိုနိုင်သည်။ ထို့ကြောင့် မြစ်ဖြူဘုရင် ဒူးထောက်လိုက်ခြင်းဖြစ်သည်။
“ထပါ”
တောက်လန်သည် မြစ်ဖြူဘုရင်၏ ပြုမူတတ်မှုကို အလွန်ကျေနပ်သွား၏။ ထို့ကြောင့် သူ နူးညံ့စွာ ပြောလိုက်သည်။
“တိတ်ဆိတ်တဲ့ လျှို့ဝှက်အခန်းတစ်ခန်း ရှာလိုက်ပါ။ ပြီးတော့ ငါ အထက်ဘုံကို ရောက်လာတာကို တခြားသူတွေ သိသွားလို့ မဖြစ်ဘူး။ မဟုတ်ရင်တော့... ဟွန်း...”
“ကျုပ် နားလည်ပါတယ်၊ အေးစက်ဧကရာဇ် ကြွပါ”
မြစ်ဖြူဘုရင်သည် အေးစက်ဧကရာဇ်ကို ရဲတိုက်၏ အနောက်ခြံဝန်းဆီသို့ ခပ်သွက်သွက် ခေါ်ဆောင်သွားလိုက်၏။ လမ်းတစ်လျှောက်တွင် သူသည် အနောက်ခြံဝန်းထဲရှိ လူအားလုံးဆီ အသံပို့လွှတ်၍ တိတ်တဆိတ် ပုန်းအောင်းနေကြရန်နှင့် ကောင်းကင်စိတ်အာရုံ မထုတ်လွှတ်ရန် မှာလိုက်သည်။
ထို့ကြောင့် တောက်လန်သည် လမ်းတစ်လျှောက်တွင် လူတစ်ယောက်ကိုမှ မတွေ့ခဲ့ရပေ။ နောက်ဆုံးတွင် သူတို့ အခြားရဲတိုက်တစ်လုံး၏ လျှို့ဝှက်အခန်းထဲသို့ ဝင်လိုက်ကြ၏။ တောက်လန်က ကျေကျေနပ်နပ် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ပိုင်ဟယ်... မင်းက ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ တော်တော်လေး တော်တာပဲ။ ပိုင်မောင်က မင်းအကြောင်းကို ငါ့ကို ပြောဖူးတယ်။ မင်းက တကယ့်ကို ပျိုးထောင်ပေးဖို့ ထိုက်တန်တဲ့ လူတစ်ယောက်တဲ့”
“အေးစက်ဧကရာဇ်က ချီးကျူးလွန်းနေပါပြီ”
မြစ်ဖြူဘုရင်၏ ရင်ထဲတွင် ဝမ်းသာသွား၏။ တောက်လန်က ဤသို့ တိုက်ရိုက်လာခဲ့ခြင်းမှာ ပိုင်မောင်ကို အရင်ဆုံး သွားရှာခဲ့၍ပင်။ တောက်လန်ထံတွင် အထက်ဘုံ၌လုပ်ဆောင်ရမည့် အရေးကြီးကိစ္စအချို့ ရှိပုံပင်။ အကယ်၍ မြစ်ဖြူဘုရင်သာ ပြောင်ပြောင်မြောက်မြောက် အမှုတော်ထမ်းနိုင်လိုက်လျှင် ပိုင်မျိုးနွယ်နှင့် ပိုင်မောင်သည် ယခုမှစ၍ ကြီးပွားပေလိမ့်မည်။
မြစ်ဖြူဘုရင်သည် တောက်လန်အတွက် အကောင်းဆုံးလက်ဖက်ခြောက် ခပ်ထားသည့် လက်ဖက်ရည်တစ်ခွက်ကို ကိုယ်တိုင်ငှဲ့ပေးလိုက်ပြီး တောက်လန်အရှေ့တွင် ရိုရိုကျိုးကျိုး ရပ်နေလိုက်သည်။ တစ်ခဏမျှနေမှ မြစ်ဖြူဘုရင် မေးလိုက်သည်။
“ဒီတစ်ခေါက် အေးစက်ဧကရာဇ်က ဘာလို့ အထက်ဘုံကို လာခဲ့တာလဲဆိုတာ ကျုပ် မေးလို့ရမလား။ တကယ်လို့ ကျုပ် ကူညီနိုင်တာ တစ်ခုခုရှိရင် ပြောသာပြောလိုက်ပါ”
“အင်း...”
တောက်လန်သည် လက်ဖက်ရည်မသောက်ဘဲ သူ့ထိုင်ခုံ၏လက်တင်ကိုသာ လက်ချောင်းများဖြင့် ခေါက်နေ၏။ သူက ဆက်မပြောဘဲ လက်တင်ကိုသာ ခေါက်နေရာ မြစ်ဖြူဘုရင် ရင်ခုန်မြန်လာပေသည်။ ငါးမိနစ်ကြာပြီးမှ အေးစက်ဧကရာဇ်က ပြောလိုက်သည်။
“မင်း ကျန်းရီလို့ခေါ်တဲ့ ကောင်လေးကို ဘယ်လိုထင်လဲ”
“ကျန်းရီလား...”
မြစ်ဖြူဘုရင် အတန်ငယ် ခေါင်းရှုပ်သွား၏။ အေးစက်ဧကရာဇ်၏ ဆိုလိုရင်းကို သူ မသိပေ။ ဟွင့်သွမ့်ပင်လယ်မှ သတင်းများကို ချိပ်ပိတ်ထားပြီး ကောင်းကင်ဘုံမှ တည်နေရာပြောင်းရွှေ့အစီအရင်များကိုလည်း ပိတ်ဆို့ထားရာ အထက်ဘုံမှ လူများသည် ကျန်းရီ ဟွင့်သွမ့်ပင်လယ်သို့ ရောက်ပြီးနောက် မည်သို့ဆက်ဖြစ်သည်ကို မသိကြပေ။ ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့က ပြန်ရောက်လာကြပြီဖြစ်သော်လည်း သူမတို့နှစ်ယောက်စလုံးသည် ကျန်းရီနှင့် ပတ်သတ်သော သတင်းများကို ဖုံးကွယ်ထားကြပေသည်။
မြစ်ဖြူဘုရင်သည် ကျန်းရီက လျန်မျိုးနွယ်မှ သခင်လေးတစ်ယောက်ကို သတ်ပြီးနောက် မိစ္ဆာသတ်ဖြတ်နန်းတော်ထဲ ဝင်သွားသည်အထိသာ သိထား၏။ ထို့နောက်တွင် ဟွင့်သွမ့်ပင်လယ်မှ တည်နေရာပြောင်းရွှေ့အစီအရင်က ချိပ်ပိတ်သွားသဖြင့် နောက်ပိုင်း၌ မည်သည့်ကိစ္စများ ဆက်ဖြစ်သည်ကို မသိတော့ပေ။
မြစ်ဖြူဘုရင်၏ မျက်ဝန်းများ ဂနာမငြိမ် ဖြစ်နေ၏။ အေးစက်ဧကရာဇ်က မည်သည်ကို ဆိုလိုကြောင်း မသိသဖြင့် သူ စကားကို သောင်မတင်ရေမကျသာ ပြောလိုက်ပေသည်။
“အဲ့ကောင်လေးက ပါရမီရှင်တစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့ အကျင့်စရိုက်က တော်တော်ဆိုးပါတယ်။ သူက အထက်ဘုံမှာ ပြဿနာတွေ ရှာခဲ့ပါတယ်၊ ကောင်းကင်ဘုရင်ယိုကိုတောင် သတ်ပစ်ခဲ့ပါတယ်။ အေးစက်ဧကရာဇ်... ဧကရာဇ်က သူ့ကို သိမ်းသွင်းချင်လို့ပါလား”
“ဘာလို့သိမ်းသွင်းရမှာလဲ”
တောက်လန် ကြိမ်းမောင်းလိုက်၏။ မြစ်ဖြူဘုရင် ချက်ချင်း နားလည်သွားသည်။ ကျန်းရီက တောက်မျိုးနွယ်ကို အပြစ်ပြုမိခဲ့သည့်ပုံပင်။ သူ ခပ်သွက်သွက် ဆက်ပြောလိုက်သည်။
“ဟုတ်ပါတယ်... အဲ့ကောင်လေးက တကယ့်ကို ထိန်းမနိုင်သိမ်းမရလေးပါ။ သူက လူတွေကို မျက်တောင်တစ်ချက်မခတ်ဘဲ သတ်နိုင်တယ်။ ဒီအထက်ဘုံမှာ သူ့ဂုဏ်သတင်းက တော်တော်ဆိုးပါတယ်။ သူက ကျုပ်မျိုးနွယ်က လူတချို့ကိုလည်း သတ်ပစ်ခဲ့ပါတယ်။ ကျုပ်တို့ သူ့ကို သေချာပေါက် သိမ်းသွင်းလို့ မဖြစ်ပါဘူး”
“မင်းတို့မျိုးနွယ်ဝင်တွေလည်း အသတ်ခံခဲ့ရတာလား”
တောက်လန်၏ လေသံက ချက်ချင်းပြောင်းသွား၏။ သူ စိတ်ဝင်တစား မေးလိုက်သည်။
“အသေးစိတ် ရှင်းပြစမ်း”
“ကျုပ်ရဲ့ အကြီးဆုံးသားလည်း အသတ်ခံခဲ့ရပါတယ်...”
မြစ်ဖြူဘုရင်သည် ဇာတ်ကြောင်းပြန်ပြောရင်း မျက်လုံးများပင် နီရဲလာ၏။ ငါးမိနစ်ကြာအောင် ပြောပြီးနောက် တောက်လန် စိတ်မရှည်ဖြစ်လာပြီး စကားဖြတ်ကာ ဝင်ပြောလိုက်လေသည်။
“ကဲ..ကဲ... ပိုင်ဟယ်... ငါ့ဆီမှာ မင်းအတွက် တာဝန်တစ်ခုရှိတယ်။ မင်း ကောင်းကောင်းလုပ်နိုင်ရင် ဆုချီးမြှင့်ခံရမယ်”
“ကျုပ် ဆုလက်မခံဝံ့ပါဘူး”
မြစ်ဖြူဘုရင်သည် ခပ်သွက်သွက် ဦးညွှတ်ကာ လေးလေးနက်နက် ပြောလိုက်သည်။
“အရှင်လန်အတွက် အမှုတော်ထမ်းပေးရတာနဲ့တင် ကျုပ်အတွက် ဂုဏ်ယူနေရပါပြီ။ ကျုပ် ဆုလာဘ်တွေ မတောင်းဝံ့ပါဘူး”
“စုံစမ်းပါ”
တောက်လန်က အေးစက်စက်လေသံဖြင့် အမိန့်ပေးလိုက်သည်။
“ကျန်းရီအကြောင်း စုံစမ်းဖို့ လူတွေစေလွှတ်လိုက်၊ သူ့ဘိုးဘေးတွေအကြောင်း၊ သူ့မျိုးနွယ်ဝင်တွေ၊ သူ့ဆွေးမျိုတွေ၊ သူ့မိတ်ဆွေတွေနဲ့ သူ့မိန်းမတွေအကြောင်းကိုလည်း သိချင်တယ်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် ငါ သူ့အကြောင်းအကုန်လုံးကို သိချင်တယ်”
“အာ...”
မြစ်ဖြူဘုရင်သည် တောက်လန်၏ လေသံကြောင့် ကျောစိမ့်သွား၏။ တောက်လန် ထိုမျှဒေါသထွက်နေရအောင် ကျန်းရီက မည်သည့်အရာကို လုပ်ခဲ့ခြင်းနည်း။ တောက်လန်သည် အံကြိတ်၍ပင် ပြောခဲ့ပေသည်။
မြစ်ဖြူဘုရင်က မျက်မှောင်ကြုတ်ကာ ခေတ္တမျှ တွေးတောပြီးနောက် မေးလိုက်သည်။
“အရှင်လန်... ဒီကိစ္စကို ပေါ်ပေါ်ထင်ထင် လုပ်ရမလား၊ လျှို့လျှို့ဝှက်ဝှက် လုပ်ရမလား”
“ပေါက်ကရတွေ...”
တောက်လန် အော်လိုက်၏။
“လျှို့လျှို့ဝှက်ဝှက် လုပ်ရမှာပေါ့ကွ။ မဟုတ်ရင် ငါက ဘာလို့ လျှို့လျှို့ဝှက်ဝှက် လာခဲ့မှာလဲ။ ဘယ်သူမှ ဒီကိစ္စကို သိလို့မဖြစ်ဘူး”
မိုးပြာမဟာဧကရာဇ်က ကောင်းကင်ဘုရင်ဝေကို ထိုကိစ္စအဆုံးသတ်ပြီဖြစ်ကြောင်း ပြောခဲ့သည်။ အကယ်၍ တောက်လန်က အထက်ဘုံသို့ ဆင်း၍ ကျန်းရီအကြောင်းကို စုံစမ်းနေသည်ဆိုသော သတင်းသာ ပေါက်ကြားသွားလျှင် မိုးပြာမဟာဧကရာဇ် မျက်နှာပျက်ရပေလိမ့်မည်။ ထို့ပြင် မိုးပြာမဟာဧကရာဇ်သည်လည်း ဤကိစ္စကို လျှို့လျှို့ဝှက်ဝှက်သာလုပ်ရန် ညွှန်ကြားထားသည်။
“လျှို့ဝှက်စုံစမ်းရမှာလား...”
မြစ်ဖြူဘုရင် အတန်ငယ် ချီတုံချတုံ ဖြစ်သွား၏။
“ကျန်းရီက တိရှဘုံရဲ့ လက်အောက်မှာရှိတဲ့ ဘုံအသေးလေးတစ်ခုကနေ တက်လှမ်းလာခဲ့တာပါ။ ကျုပ်တို့ အဲ့ဘုံကို သွားချင်ရင် တိရှဘုံကနေသွားမှ ရပါလိမ့်မယ်။ ဒါပေမဲ့ တိရှအရှင်နဲ့ ကျန်းရီက တစ်ဘက်တည်းပါ”
“ငါ အဲ့ဒါတွေကို မကြားချင်ဘူး”
တောက်လန် လက်ဝှေ့ယမ်း၍ ခပ်ဆတ်ဆတ် ပြောလိုက်သည်။
“ငါ မင်းကို တစ်ခုပဲ မေးမယ်။ မင်း လုပ်နိုင်လား”
“လုပ်နိုင်ပါတယ်”
မြစ်ဖြူဘုရင်က အံကြိတ်၍ ပြန်ဖြေလိုက်သည်။
“ကျုပ်ကို အချိန်နည်းနည်းတော့ပေးပါ။ ကျုပ် သေချာပေါက် သေမျိုးဘုံဆီ လူတွေ လျှို့ဝှက်စေလွှတ်ပြီး ကျန်းရီ၏ မျိုးရိုးတစ်ခုလုံးကို စုံစမ်းခိုင်းလိုက်ပါမယ်”
“ကောင်းပြီ...”
တောက်လန် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ထိုစဉ် မြစ်ဖြူဘုရင်သည် တစ်စုံတစ်ခုကို အမှတ်ရသွား၍ မေးလိုက်လေသည်။
“အရှင်လန်... ကျန်းရီရဲ့ ညီနောင်နှစ်ယောက်ကလည်း အထက်ဘုံကို တက်လှမ်းလာတဲ့ပုံပါပဲ။ အခု သူတို့က တိရှဘုံထဲမှာ ရှိနေကြပါတယ်။ ကျုပ် သူတို့ကို လျှို့ဝှက်ပြီး ပြန်ပေးဆွဲလိုက်ရမလား။ ကျုပ်တို့ အနိမ့်ဘုံဆီ လူစေလွှတ်ရင်လည်း သူ့ရဲ့ဆွေမျိုးတွေကို ပြန်ပေးဆွဲလို့ရပါတယ်”
“မလုပ်နဲ့...”
တောက်လန် ဒေါသထွက်သွားပြီး အေးစက်စက် ပြောလိုက်၏။
“သူ့အပြစ်တွေက သူ့မိသားစုနဲ့ မဆိုင်ဘူး။ မင်းကလည်း ဘုံတစ်ခုရဲ့ အုပ်စိုးသူပဲ။ ဘယ်လိုလုပ် အဲ့လောက် အောက်တန်းကျတဲ့အတွေးမျိုးကို တွေးမိရတာလဲ။ ဒီကိစ္စက ကြီးကျယ်သွားရင် ဒါမှမဟုတ် ဒီသတင်းပျံ့သွားရင် ဘယ်လိုလုပ်မလဲ။ ငါက မင်းကို စုံစမ်းဖို့ပဲ ခိုင်းတာ။ ဘာကိုမှ မဆင်မခြင် မလုပ်နဲ့။ မှတ်ထားပါ... ဘာဆူဆူပူပူမှ ဖြစ်လို့ မဖြစ်ဘူး။ တကယ်လို့ တစ်ခုခု မှားသွားရင် မင်း အပြည့်အဝ တာဝန်ခံရလိမ့်မယ်”
“နားလည်ပါပြီ။ စိတ်မပူပါနဲ့ အရှင်လန်။ ကျုပ်ကို အချိန်တစ်လပဲပေးပါ။ ကျုပ် သေချာပေါက် ဒီတာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ပေးပါမယ်”
မြစ်ဖြူဘုရင်သည် ဦးညွှတ်၍ ထွက်သွားလိုက်ပြီး အစီအစဉ်များ စတင်ရေးဆွဲလိုက်သည်။ သူသည် သူ့လက်ထဲရှိ အရင်းအမြစ်အားလုံးကို အသုံးချ၍ ကျန်းရီအကြောင်းကို စတင်စုံစမ်းသည်။ တစ်ချိန်တည်းမှာလည်း သေမျိုးဘုံသို့ လူများစေလွှတ်ရန် စီစဉ်လိုက်သည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ သွားရန် တိရှဘုံမှ တည်နေရာပြောင်းရွှေ့သွားလျှင်သွား သို့မဟုတ် အာကာသကို အတင်းဖြတ်သွားရန်သာရှိသည်။ သို့သော် မြစ်ဖြူဘုရင်၏ လက်အောက်တွင် ဝိညာဉ်မျိုးနွယ်မှ သစ္စာဖောက်အချို့ ရှိသည်။ ထို့ကြောင့် ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ လူများစေလွှတ်ရန်မှာ သူ့အတွက် ပြဿနာမဟုတ်ပေ။