← Chapters

မြေးသားမက်

Vol. 122 Ch. 1697

မြေးသားမက်

Vol. 122 Ch. 1697

ကျန်းရီသည် တောက်လန်က အထက်ဘုံသို့သွား၍ သူ့မျိုးရိုးအကြောင်း စုံစမ်းနေသည်ကို မသိပေ။ ငှက်တောင်ပျံတပ်တွင်းမှ သူလျှိုများစွာက သူ၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြောင်းကိုလည်း သူ မသိသေး။ ယခုတွင် ကောင်းကင်ဘုရင်ဝေ၏ အာမခံချက်ကြောင့် သူ အလွန်စိတ်အေးလက်အေး ရှိနေသည်။ ကောင်းကင်ဘုရင်ဝေက သူမည်သူဖြစ်ကြောင်းကို ခန့်မှန်းမိလောက်သည်ဟု သူ ခံစားရသည်။ မဟုတ်လျှင် ကောင်းကင်ဘုရင်ဝေက သူ့အား အမိန့်ပြားတစ်ပြားပေး၍ ငှက်တောင်ပျံတပ်ထဲတွင် တစ်နှစ်တိတိ တာဝန်မထမ်းဆောင်ဘဲ ကျင့်ကြံ၍သာနေရန် ပြောခဲ့လိမ့်မည် မဟုတ်ချေ။

ကျန်းရီသည်လည်း အပြင်သို့ထွက်၍ တာဝန်ထပ်မထမ်းဆောင်ဝံ့သေးပေ။ တောက်လန်နှင့် တောက်နူတို့ ထွက်မသွားခင်တွင် သူ့ကို ကြည့်ခဲ့သောအကြည့်ကို သူ ယခုအထိ မှတ်မိနေသေးသည်။ သူသာ အပြင်ထွက်လိုက်လျှင် ချက်ချင်း အလစ်ဝင်တိုက်ခိုက်ခံရမည်ဖြစ်ပြီး သူ မည်သို့သေသွားမှန်းပင် သိလိုက်ရမည် မဟုတ်ပေ။

ယွင်ပင်းက ယန်ကိုးပါးမြို့တွင် နေခဲ့ပြီး ကျန်းရီကို အုပ်ချုပ်သူအဆင့် ကိုယ်ရံတော်နှစ်ယောက်က ငှက်တောင်ပျံဆန်းကြယ်နယ်မြေဆီသို့ ပြန်ပို့ပေးခဲ့သည်။ ထို့ကြောင့် ကျန်းရီသည် ငှက်တောင်ပျံတပ်ထဲသို့ ဘေးကင်းလုံခြုံစွာ ပြန်ရောက်ခဲ့ပေသည်။

တပ်မှူးချုပ်လျန်က ချက်ချင်း အပြင်ထွက်လာပြီး ကျန်းရီအား အောင်ပွဲနှင့် ပြန်လာသော သူရဲကောင်းတစ်ယောက်ကို ကြိုဆိုသကဲ့သို့ ကြိုဆိုပေသည်။ ကျန့်တိနျန်တို့အားလုံးလည်း သူ့ကို ထွက်ကြိုကြသည်။

သို့သော် ကျန်းရီက များစွာရှင်းမပြလိုက်ပေ။ ဖြစ်ပျက်ခဲ့သည်များကို လျှို့ဝှက်ထားရမည် မဟုတ်ပါလား။ ထို့ကြောင့် ကျန်းရီသည် ထိုသူများကို ခေတ္တမျှ လက်ခံစကားပြောပြီးနောက် သူ့ရဲတိုက်သို့ ပြန်သွားလိုက်လေသည်။

ကျန်းရီ သူ့ရဲတိုက်ထဲတွင် နာရီပေါင်းများစွာ ထိုင်နေ၏။ သူ အထက်ဘုံသို့ မကြာခင်အချိန်အတွင်း ပြန်နိုင်လိမ့်ဦးမည် မဟုတ်ချေ။ သူ ပြန်နိုင်လျှင်ပင် မပြန်ဝံ့ပေ။

ဤကိစ္စက မိုးပြာမဟာဧကရာဇ်ကိုယ်တိုင် အသံပို့လွှတ်ရလောက်အောင်ပင် ကြီးကျယ်သွားခဲ့သည်။ အကယ်၍ ကျန်းရီက အထက်ဘုံသို့ ပြန်သွားပြီး တောက်မျိုးနွယ်က အထက်ဘုံအတွင်း အတင်းဝင်ရောက်လာမည်ဆိုလျှင် မဟာဧကရာဇ်လေးပါးက တောက်မျိုးနွယ်ကို အမှန်တကယ် အပြစ်ပေးပါမည်လော။ ကျန်းရီကဲ့သို့သော ပမွှားလေးတစ်ယောက်အတွက် မဟာဧကရာဇ်လေးပါးက တောက်မျိုးနွယ်ကို ပြဿနာရှာပါမည်လော။ ပြဿနာရှာခဲ့လျှင်ပင် ဘာဆက်ဖြစ်မည်နည်း။ မိုးပြာမဟာဧကရာဇ်က တောက်မျိုးနွယ်ကို ကာကွယ်ပေးနေသ၍ တောက်မျိုးနွယ်က ဘေးကင်းလုံခြုံနေဦးမည်သာ။

ထို့ပြင် ကျန်းရီသာ ယခု ပြန်သွားလိုက်လျှင် သူ့ဘေးမှလူများကိုပါ ပြဿနာထဲ ဆွဲထည့်သလို ဖြစ်သွားပေလိမ့်မည်။ သူ ကောင်းကင်ဘုံတွင် ဆက်နေနေလျှင်မူ တောက်မျိုးနွယ်က အထက်ဘုံရှိ ရီချန်၊ ယဉ်ရို့ပင်း၊ စုလောရွှယ်နှင့် အခြားသူများကို သွား၍ပြဿနာမရှာလောက်ပေ။ ထိုသို့လုပ်လိုက်လျှင် သူတို့ အရှက်မဲ့သလို ဖြစ်သွားမည် မဟုတ်ပါလား။

“ကျင့်ကြံရမယ်၊ ကျင့်ကြံရမယ်”

ကျန်းရီသည် သူ၏ လက်ရှိရန်သူများက အလွန်အင်အားကြီးကြောင်း သဘောပေါက်သည်။ သူတို့ကို ပြန်တိုက်ခိုက်နိုင်သောအင်အား မရှိလျှင် သူသည် အခွံထဲတွင် ပုန်းနေသော လိပ်တစ်ကောင်ကဲ့သို့ တစ်သက်လုံး ကောင်းကင်ဘုံတွင်သာ ဆက်နေရပေလိမ့်မည်။ သူ့အိမ်ကိုပင် ပြန်သွားဝံ့လိမ့်မည် မဟုတ်ချေ။ ရီချန်တို့က မင်ရည်တောင်ပံဆန်းကြယ်နယ်မြေထဲတွင်သာ ရှိနေသေးပြီး ရီဖျောင်ဖျောင်ကလည်း သူတော်စင်ဝိညာဉ်တောင်၏ အောက်ခြေတွင် ရှိနေသေးသည်။ ကျန်းရီသည် ထိုအကြောင်းများကို တွေးမိရုံဖြင့်ပင် ရင်နာမိပေသည်။

“ဟူး...”

ကျန်းရီ သက်ပြင်းလေးလေးတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူ့ခေါင်းထဲမှ အတွေးများကို အတင်းမောင်းထုတ်လိုက်ကာ အခန်းအောင်း၍ ကျင့်ကြံရန် ဟန်ပြင်လိုက်သည်။ လောလောဆယ်တွင် သူ မည်သည့်အကြောင်းကိုမှ မတွေးလိုသေးပေ။ အရင်ဆုံး တစ်နှစ်ပြည့်အောင် ကျင့်ကြံရပေမည်။ သူ အုပ်ချုပ်သူအဆင့်ကို တက်လှမ်းနိုင်ပြီးမှ မည်သို့ဆက်လုပ်ရမည်ကို စီစဉ်ရမည်ဖြစ်သည်။

‘ဟုတ်သား... အခု ငါ့မှာ အမိန့်ပြား ရှိနေပြီပဲ။ ငါ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းကိုသွားပြီး ကျင့်ကြံလို့ရတယ်။ အဲ့လိုဆို ကောင်းကင်စွမ်းအား တိုးတက်နှုန်းနဲ့ ငါ့ရဲ့သိမြင်နားလည်နိုင်စွမ်းက ပိုတိုးလာလိမ့်မယ်’

ရဲတိုက်ထဲမှ ကျင့်ကြံနှုန်းက မဆိုးသော်လည်း လျှို့ဝှက်ကျင့်ကြံခြင်းအခန်းတွင် ကျင့်ကြံနိုင်ပြီဖြစ်ရာ ကျန်းရီသည် အဘယ်ကြောင့် ရဲတိုက်ထဲ၌ ဆက်ကျင့်ကြံရပါမည်နည်း။ သူ ထရပ်ကာ အပြင်ထွက်လိုက်ပြီး မေးခွန်းအချို့မေးရန် တပ်မှူးချုပ်လျန်ကို ရှာလိုက်သည်။ ၎င်းနောက် ငှက်တောင်ပျံဆန်းကြယ်နယ်မြေထဲ၌ အဆတစ်သောင်း လျှို့ဝှက်ကျင့်ကြံခြင်းအခန်းတစ်ခန်း ရှိကြောင်း သူ သိလိုက်ရသည်။

“အဆတစ်သောင်းလား...”

ထိုကဲ့သို့သော အခန်းတစ်ခန်းထဲမှ ကျင့်ကြံနှုန်းက မည်မျှလျင်မြန်မည်ကို ကျန်းရီ တွေးပင်မကြည့်နိုင်ချေ။ ကောင်းကင်ဘုံ၏ မိုးမြေဝိညာဉ်စွမ်းအင်က အထက်ဘုံမှ မိုးမြေဝိညာဉ်စွမ်းအင်ထက် အဆတစ်သောင်း ပိုသိပ်သည်းနေပြီးဖြစ်သည်။ အကယ်၍ သူသာ အဆတစ်သောင်း လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲ ဝင်လိုက်မည်ဆိုလျှင် သူ၏ ကောင်းကင်စွမ်းအားက အလွန်လျင်မြန်စွာ တိုးတက်လာပေလိမ့်မည်။

‘ဟုတ်ပြီ’

ကျန်းရီသည် ယန်ကိုးပါးမြို့သို့ပင် မသွားလိုတော့ပေ။ ငှက်တောင်ပျံတပ်ထဲတွင် ကောင်းကင်ဘုရင်ယွင်၏ လူများနှင့် ပြည့်နှက်နေရာ ဤနေရာတွင် မည်သူမှ သူ့ကို ထိရဲမည် မဟုတ်ချေ။ ဂူရှီချောင် မဆိုထားနှင့် စစ်စည်းမျဉ်းခန်းမခေါင်းဆောင်ပင် သူ့ကို ထိဝံ့တော့မည် မဟုတ်ပေ။

“တပ်မှူးချုပ်လျန်... ကျွန်တော့်ကို လျှို့ဝှက်ကျင့်ကြံခြင်းအခန်းဆီ လိုက်ပို့ပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းပေးလို့ရမလား။ ကျွန်တော် ခဏလောက် ကျင့်ကြံချင်တယ်”

ကျန်းရီ မေးလိုက်၏။ သို့သော် တပ်မှူးချုပ်လျန်သည် သူနားကြားမှားသွားသည်ဟုထင်ကာ မျက်တောင်ပုတ်ခတ်၍ ပြန်မေးလိုက်သည်။

“အာ.. တပ်ဗိုလ်ကျန်း.. အဲ့လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲ ဝင်နိုင်ဖို့ တိုက်ပွဲအမှတ်တွေ အများကြီးလိုတယ်နော်။ မင်းရဲ့ လက်ရှိတိုက်ပွဲအမှတ်တွေက လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲ တစ်ရက်ဝင်ဖို့တောင် မလောက်သေးဘူး။ နေ့တစ်ဝက်လောက်နဲ့ဆို တိုက်ပွဲအမှတ်တွေကို ဖြုန်းတီးပစ်သလို ဖြစ်မနေဘူးလား”

“ဟင်းဟင်း...”

ကျန်းရီ ရှင်းပြမနေတော့ပေ။ ထို့ပြင် ကောင်းကင်ဘုရင်ဝေ၏ အမိန့်ပြားကိုလည်း ထုတ်မပြဘဲ ဆန်းကြယ်စွာ ပြုံး၍သာ ပြန်ပြောလိုက်သည်။

“ကျွန်တော့်ကို အဲ့ကိုလိုက်ပို့ပေးမဲ့ လူတစ်ယောက်ကိုသာ ရှာပေးပါ”

တပ်မှူးချုပ်လျန်သည် ထပ်မေးမနေ‌တော့ဘဲ လူတစ်ယောက်ကို ရှာပေး၏။ ထိုလူက ကျန်းရီကို ရင်ပြင်အလယ်ရှိ ရဲတိုက်တစ်လုံးဆီသို့ ခေါ်သွားသည်။ ကျန်းရီ ရဲတိုက်ထဲ ဝင်မည်လုပ်သောအခါ တပ်မှူးတစ်ယောက်က သူ့ကို တားလိုက်လေသည်။

“ဝင်ခွင့်ပါလား”

ကျန်းရီ၏ လက်ထဲတွင် အနက်ရောင်အမိန့်ပြားတစ်ပြား ထွက်ပေါ်လာ၏။ ထိုအခါ ၎င်းတပ်မှူးသည် မျက်မှောင်ကြုတ်၍ အမိန့်ပြားကို အသေးစိတ် စစ်ဆေးလိုက်၏။ ထို့နောက် သူ ချက်ချင်း ခါးမတ်မတ်ရပ်ကာ ဦးညွှတ်၍ ပြောလိုက်သည်။

“အရှင် ကြွပါ”

“အာ...”

ကျန်းရီကို ခေါ်လာပေးသော တပ်သားသည် အမိန့်ပြားကို ရှင်းရှင်းလင်းလင်း မမြင်လိုက်သဖြင့် ကျန်းရီကို အံ့ဩတကြီး ကြည့်လိုက်၏။ မည်သည့်ကိစ္စ ဖြစ်သွားကြောင်းကို သူ မသိပေ။ အဘယ်ကြောင့် ထိုတပ်မှူးက ကျန်းရီကို ‘အရှင်’ဟု ခေါ်ရပါသနည်း။

ရဲတိုက်ထဲတွင် အခန်းငယ်လေးများ မရေမတွက်နိုင်‌အောင်ရှိ၏။ ကျန်းရီသည် ကြုံရာအခန်းတစ်ခန်းထဲ ဝင်လိုက်ပြီး အခန်း၏ အကာအရံများကို နှိုးလိုက်၏။ အခန်းထဲရှိ မိုးမြေဝိညာဉ်စွမ်းအင်ကို ခံစားလိုက်ရသောအခါ သူ့တစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်သွားပေသည်။

ဤနေရာတွင် အမှန်ပင် စွမ်းအားကြီး ဝိညာဉ်စုဝေးအစီအရင်တစ်ခု ရှိပေသည်။ အဆတစ်သောင်းကျင့်ကြံနှုန်းအောက်တွင် ကျန်းရီ၏ ကောင်းကင်စွမ်းအားက အလွန်ဆုံးနှစ်ဝက်အတွင်းမှာပင် အုပ်ချုပ်သူအဆင့်သို့ ရောက်သွားနိုင်လေသည်။

ကျန်းရီသည် အနှစ်သာရ၏ ကနဦးအဆင့်ကို နားလည်နေပြီဖြစ်သည်။ နတ်ဘုရားသစ်ရွက်၏ အကူအညီနှင့်ဆိုလျှင် သူ၏သိမြင်နားလည်နိုင်စွမ်းအက ပိုမြန်လာပေလိမ့်မည်။ ထို့ပြင် သူသည် ရှေးဦးဆန်းကြယ်နယ်မြေနှင့် တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲသို့ သုံးကြိမ် အလကားဝင်နိုင်သေးသည်။ သို့ဖြစ်ရာ သူ့အတွက် အုပ်ချုပ်သူအဆင့်သို့ တက်လှမ်းရန် မခက်ခဲတော့ပေ။

‘အင်း... ငါ ဘယ်သူဆိုတာ ပေါ်သွားပြီဆိုတော့ ဆက်ပြီး ရုပ်ဖျက်ထားဖို့ မလိုတော့ဘူး။ ငါ့ရဲ့ မူရင်းပုံစံကို ပြန်ပြောင်းလို့ရပြီ’

ကျန်းရီသည် ခေတ္တမျှ တွေးလိုက်ပြီးနောက် မီးတောက်အနည်းငယ်ကို ထုတ်လိုက်၏။ သို့သော် သူက မီးဝိညာဉ်ပုလဲကို မထုတ်လိုက်သဖြင့် သူ့တစ်ကိုယ်လုံး စတင်မီးလောင်ကျွမ်းလာလေသည်။ ၎င်းနောက် သူ နတ်ဘုရားသစ်ရွက်ကို လျင်မြန်စွာ ထုတ်၍ သူ့ဒဏ်ရာများကို ကုသလိုက်သည်။ သူ့ဒဏ်ရာများက ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် ပြန်ကောင်းလာသည်။ သူ၏ မီးကျွမ်းထားသော အရေပြားကလည်း စတင်ကောင်းလာပြီး သူ့အမာရွတ်များ တစ်ဖတ်ပြီး တစ်ဖတ်ကွာကျကုန်သည်။ နောက်ဆုံးတွင် သူ့အရေပြားက မွေးကင်းစကလေးတစ်ယောက်၏ အရေပြားကဲ့သို့ ပြန်ဖြစ်သွားလေသည်။

“ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ပစ္စည်းလဲ”

တစ်ကိုယ်လုံးရှိ နာကျင်မှုများ ပျောက်ကွယ်သွားသောအခါ ကျန်းရီသည် နတ်ဘုရားသစ်ရွက်ကို ပွတ်သပ်ကာ ရေရွတ်လိုက်၏။ သူ အဝတ်အစားအသစ်တစ်ထည် ဝတ်လိုက်ပြီး သူ၏ ပြောင်နေသောခေါင်းကို စမ်းလိုက်သည်။ သူ့ဆံပင်နှင့် ခန္ဓာကိုယ်က မီးလောင်ခဲ့ရာ ဆံပင်ပြန်ပေါက်လာရန် အချိန်အနည်းငယ် လိုပေလိမ့်မည်။

‘ကျင့်ကြံရမယ်’

ကျန်းရီ တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်စွမ်းအားကို ကျင့်ကြံရင်း အနှစ်သာရကို ‌‌လေ့လာလိုက်သည်။ သူ သွေးကြောမှတ်များနှင့် ဆန်းကြယ်သော ပုံသဏ္ဌာန်များကို မလေ့လာသေးပေ။ ၎င်းတို့ကို ဆက်မလေ့လာခင် အရင်ဆုံး သူ အုပ်ချုပ်သူအဆင့်သို့ တက်လှမ်းလိုနေသည်။ သူက တစ်နှစ်ကြာအောင် အခန်းအောင်းကျင့်ကြံမည်ဖြစ်ရာ သူ့အတွင် အချိန်များစွာ ရှိပေသည်။

ကျန်းရီသည် ရီချန်၊ ရီဖျောင်ဖျောင်နှင့် အခြားသူများအကြောင်းကို မတွေးမိအောင် သူ့ကိုယ်သူ ဖိအားပေးထားပြီး ကျင့်ကြံခြင်းအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားလိုက်သည်။ သူ၏ကျင့်ကြံနှုန်းက အမှန်ပင် လျင်မြန်နေရာ သူ့တစ်ကိုယ်လုံး တဖြည်းဖြည်း သန်မာလာသည်။ မိုးမြေဝိညာဉ်စွမ်းအင်များကလည်း သူ့အား လွှမ်းခြုံထားသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏စိတ်ဝိညာဉ်ကို အားဖြည့်ရန် ဝိညာဉ်ဆေးပင်များကို အသုံးပြုနေလေသည်။

ကျန်းရီက နတ်ဘုရားသစ်ရွက်ကိုလည်း ကိုင်ထားရာ သူ၏ လက်ရှိသိမြင်နားလည်နိုင်စွမ်းက တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲမှ သိမြင်နိုင်စွမ်းနှင့်ပင် ယှဉ်နိုင်နေသည်။ သို့သော် အနှစ်သာရက သိမြင်နားလည်နိုင်ရန် အလွန်ခက်သည်။ ထို့ကြောင့် ကျန်းရီသည် တစ်ဆင့်ခြင်း သိမြင်နားလည်လာအောင်သာ ကြိုးစားနေရသည်။

မသိလိုက်ခင်မှာပင် ဆယ်ရက်ကုန်ဆုံးသွားသည်။

ကျန်းရီ၏ မီးလောင်သွားသော ဆံပင်များက ပြန်ပေါက်နေပြီဖြစ်သည်။ ယခုတွင် သူ့တစ်ခေါင်းလုံး၌ ယခင်ကကဲ့သို့ ဆံပင်နီများ ရှိနေပေပြီ။ ထိုအခိုက်တွင် အခန်း၏ အကာအရံများက ရုတ်တရက် လင်းလက်လာ၏။ သူ အကာအရံများကို ပိတ်လိုက်ပြီး အပြင်သို့ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်လိုက်ရာ မိန်းမလှတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုမိန်းမလှလေးသည် ကျန်းရီ တံခါးဖွင့်ပေးသည်ကိုပင် မစောင့်တော့ဘဲ သူမဘာသာ တံခါးကို တွန်းဖွင့်၍ အခန်းထဲ ဝင်လာ၏။ သူမမှာ ယွင်ပင်းပင်။ သူမသည် ကျန်းရီကို မြင်လိုက်သောအခါ အခန်းမှားဝင်မိပြီဟု တွေးမိလိုက်၏။ သို့သော် သူမ သေချာကြည့်လိုက်ပြီးနောက် အံ့ဩတကြီးနှင့် မေးလိုက်သည်။

“အာ... ရှင်က ကျန်းရီလား။ ရှင် ဘယ်တုန်းက ဒီလောက်ခံ့ညားသွားတာလဲ”

ကျန်းရီသည် အစကတည်းက ရုပ်ဆိုးသူ မဟုတ်ပေ။ သူသည် နဂါးညှိုးရော်မြက်ပင်၏ သန့်စင်ပေးမှုကို ခံထားရသဖြင့် အလွန်ချောမောပေသည်။ ထို့ပြင် သူ၏အငွေ့အသက်ကလည်း ဆွဲဆောင်မှုတစ်ခုရှိသည်။ သို့သော် ယွင်ပင်းက သူ၏ မီးလောင်ဒဏ်ရာများနှင့် ရုပ်ကိုသာ မြင်ဖူးထားသူဖြစ်ရာ ယခုကဲ့သို့ သူ့ရုပ်အစစ်အမှန်ကို မြင်လိုက်သောအခါ အံ့ဩသွားခြင်းမှာ ပုံမှန်သာဖြစ်ပေသည်။

“ဟင်းဟင်း...”

ကျန်းရီ ခပ်ရေးရေးပြုံးကာ ပြန်ပြောလိုက်၏။

“စစ်သူကြီး... ကျွန်တော်က ရုပ်ဆိုးကောင်ပါပဲ။ ဒါပေမဲ့ အခု လူသားမျက်နှာဖုံးကို ဝတ်ထားတာလေ”

“လူလိမ်...”

ယွင်ပင်းသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ကာ ကျန်းရီကို အာရုံခံလိုက်၏။ ထို့နောက် သူမသည် ကျန်းရီကို လှည့်ပတ်ကြည့်လျက် စိတ်ဝင်တစား မေးလိုက်သည်။

“ကျန်းရီ... အမှန်အတိုင်းပြောပါ။ ရှင်က ဘယ်သူလဲ။ ရှင်က ဘာတွေ ဒီလောက်ထူးခြားနေတာလဲ။ ဘာလို့ အဘိုးဝေနဲ့ ကျွန်မရဲ့အဘိုးက ရှင့်ကို ဒီလောက်အထင်ကြီးနေရတာလဲ။ အဘိုးဝေက ရှင့်ကို သူ့ရဲ့ကိုယ်ပိုင်အမိန့်ပြားကိုတောင် ပေးလိုက်သေးတယ်။ ကျွန်မတောင် အဲ့အမိန့်ပြားကို မရနိုင်ဘူး”

“စစ်သူကြီးက ဘာလို့ ကျွန်တော့်ကို လာမေးနေတာလဲ။ ကောင်းကင်ဘုရင်နှစ်ပါးကို တိုက်ရိုက်မေးလိုက်ပေါ့”

ကျန်းရီသည် ယွင်ပင်းကို မည်သည့်အရာမှ ပြောမပြနိုင်ပေ။ ကောင်းကင်ဘုရင်နှစ်ပါးက သူ့ထံမှ သတင်းနှိုက်ရန် သူမကို စေလွှတ်လိုက်ခြင်း ဖြစ်နိုင်သည်။

ယွင်ပင်း မျက်လုံးပြူးသွားပြီး ဒေါသသံဖြင့် ပြန်ပြောလိုက်၏။

“ကောင်းပြီ... ကျန်းရီ.. ရှင်က အခု ကိုယ့်ဘာသာ ရှင်သန်နိုင်ပြီလို့ ယုံကြည်ချက်ရှိနေပြီပေါ့လေ။ အခု ရှင်က ကျွန်မကို ဘာမှ မပြောချင်တော့ဘူးပေါ့လေ။ ကျွန်မရဲ့လူတွေကို ရှင့်ကို ယန်ကိုးပါးတောင်ကြားထဲက မောင်းထုတ်လိုက်ဖို့ ကျွန်မ စေခိုင်းလိုက်နိုင်တယ်ဆိုတာ ရှင်သိလား။ အဲ့ကျရင် ရှင် တောက်မျိုးနွယ်ရဲ့ တစ်စစီလုပ်တာကို ခံရမှာပဲ”

“မလုပ်ပါနဲ့...”

ကျန်းရီသည် ထိုစိတ်ဆတ်သောသခင်မလေးကို အပြစ်မပြုနိုင်ပေ။ သူ ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ရှက်ရွံ့ဟန်ဖြင့် နှာခေါင်းကုတ်ကာ ပြောလိုက်သည်။

“ကျွန်တော်ထင်တာကတော့... အဲ့အဘိုးကြီးနှစ်ယောက်က ကျွန်တော့်ကို အတော်လေးပါရမီပါတယ်ဆိုပြီး သူတို့ရဲ့ ဆက်ခံသူအဖြစ် ပျိုးထောင်ပေးချင်တာ နေမှာပေါ့။ အဲ့ဒါမှ မဟုတ်ရင်လည်း စစ်သူကြီးရဲ့အဘိုးက ကျွန်တော့်ကို မြေးသားမက်တော်ချင်နေတာဖြစ်မယ်။ အွန်း... အဲ့ဒါ ဖြစ်နိုင်တယ်”

“ထွက်သွား...”

All Chapters