← Chapters

ငါးစာ

Vol. 122 Ch. 1698

ငါးစာ

Vol. 122 Ch. 1698

ယွင်ပင်းသည် ကျန်းရီထံမှနေ၍ မည်သည့်သတင်းမှ နှိုက်မထုတ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူမ စိတ်ပျက်စွာ ပြန်သွားရသည်။ သူမသည် ကျန်းရီကို ယန်ကိုးပါးတောင်ကြားထဲမှ အမှန်တကယ် မောင်းမထုတ်ဝံ့ပါပေ။ သူမ၏ဖခင်ကိုယ်တိုင်က သူမအား ကျန်းရီကို ရန်သွားမစရန် မှာထားပေသည်။

ထို့ပြင် ကောင်းကင်ဘုရင်ယွင်သည် ငှက်တောင်ပျံတပ်ထဲမှ လူများကို သံသယဖြစ်စရာတစ်ခုခု ရှိလာသည်နှင့် သူ့အား ချက်ချင်း အကြောင်းကြားရန် ညွှန်ကြားထားသည်။ ယခုတွင် သာမန်လူများသည် ငှက်တောင်ပျံဆန်းကြယ်နယ်မြေထဲ ဝင်ခွင့်မရှိတော့ပေ။

ယွင်ပင်းထွက်သွားပြီးနောက် ကျန်းရီ ဆက်ကျင့်ကြံလိုက်၏။ သူ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲမှနေ၍ ခြေတစ်လှမ်းမှ မထွက်ပေ။ ထို့ကြောင့် တပ်ထဲရှိ သူလျှိုများအားလုံး အခက်ကြုံနေပေသည်။

သူလျှိုများသည် ကောင်းကင်စိတ်အာရုံထုတ်လွှတ်၍ ကျန်းရီကို မျက်ခြည်မပြတ် အာရုံခံနေကြသည်။ ကျန်းရီက ရုတ်တရက်ကြီး ထွက်သွားမည်ကို သူတို့ စိုးရိမ်ကြသည်။ သို့သော် ကျန်းရီက မည်မျှကြာအောင် ကျင့်ကြံနေမည်ကို မည်သူမှ မသိပေ။ သူတို့သည် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းများရှိရာ ရဲတိုက်ကို အချိန်အကန့်အသတ်မရှိ အာရုံခံနေ၍ မဖြစ်ချေ။ ထို့သိုလုပ်လိုက်လျှင် သူတို့က သူလျှိုများဟူ၍ ငှက်တောင်ပျံတပ်ကို အသိပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

သို့သော် မျိုးနွယ်ကြီးများမှ သူလျှိုများက အလွန်ဉာဏ်ကောင်းကြသည်။ နောက်ဆုံးတွင် သူတို့သည် သူတို့၏အဆက်အသွယ်များကို အသုံးချ၍ ရဲတိုက်အပြင်မှ အစောင့်များကို ကျန်းရီ ထွက်လာလျှင် သူတို့ထံ အကြောင်းကြားပေးရန် အကူအညီ‌တောင်းလိုက်ကြသည်။ ကျန်းရီက မည်မျှကြိုးစားပါစေ သူတို့မျက်စိအောက်မှ လွတ်ထွက်သွားနိုင်မည် မဟုတ်ပေ။

ကျန်းရီကလည်း ထွက်သွားလိုစိတ် မရှိချေ။ သူသည် ဤနေရာတွင် တစ်နှစ်ပြည့်အောင်နေမည်ဖြစ်သည်။ သူက အခြားမည်သည့်အရာကိုမှ အရေးမစိုက်ဘဲ ကျင့်ကြံခြင်းအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားသည်။

ထို့ကြောင့် တောက်မျိုးနွယ် မရိုးမရွဖြစ်လာသည်။ တစ်လကြာအောင် စောင့်ဆိုင်းပြီးသည်အထိ မည်သည်မှ ဖြစ်မလာသေးပေ။ လူများစွာလည်း ခေါင်းကိုက်လာသည်။ တောက်မျိုးနွယ်နှင့် အခြားမျိုးနွယ်ကြီးများသည် ကျန်းရီ ထွက်လာမည့်အချိန်ကို မျက်စိဒေါက်ထောက်၍ စောင့်ကြည့်နေကြသည်။ သူတို့အားလုံး ဓားသွေးထားကြသော်လည်း ယင်းက အကျိုးမရှိသလို ဖြစ်နေသည်။ ထို့ကြောင့် သူတို့ အလွန်မချင့်မရဲ ဖြစ်နေကြပေသည်။

အချိန်ပိုကြာလာသောအခါ မျိုးနွယ်အချို့မှ မျိုးနွယ်ခေါင်းဆောင်များသည် ထိုကိစ္စကို ဆက်အရေးမစိုက်တော့ရန် ဆုံးဖြတ်လိုက်ကြသည်။ ကျန်းရီက တပ်ထဲတွင် ဆယ်နှစ်ကြာအောင် နေနေလျှင် သူတို့လည်း ဆယ်နှစ်ကြာအောင် စောင့်ကြည့်နေရမည်လော။ မည်သို့ပင်ဖြစ်စေ သူလျှိုများက သူ့ကို အနီးကပ်စောင့်ကြည့်နေကြသည်။ အခွင့်အရေးတစ်ခု ပေါ်လာမှ သူတို့ ပြန်စုဝေးကာ လှုပ်ရှားနိုင်ပေသည်။

တောက်နုသည်လည်း စိတ်မရှည်နိုင်ဖြစ်လာသည်။ အစတွင် သူသည် ကျန်းရီ၏လှုပ်ရှားမှုများကို နေ့စဉ် မေးခဲ့သည်။ ထို့နောက် ငါးရက်မှ တစ်ကြိမ်သာ မေးတော့သည်။ ယခုတွင်မူ သူ မေးပင်မမေးတော့ချေ။ ထိုသို့မေးခြင်းက သူ့ကို ပို၍သာ မချင့်မရဲဖြစ်စေသည်။

တောက်လန်က တစ်လပြည့်ပြီးနောက် ပြန်လာခဲ့၍သာ တော်သေးသည်။ မြစ်ဖြူဘုရင်က သူ့ကို စိတ်မပျက်စေခဲ့ပေ။ သူတို့သည် ကျန်းရီ၏အကြောင်းများကို တစ်ခုမကျန် လျှို့ဝှက်စုံစမ်းခဲ့သည်။ ကောင်းကင်တောင်ပံမြို့ထဲတွင် ကျန်းမျိုးနွယ်ဝင်များစွာ ရှိနေကြောင်းကိုပင် သူတို့ သိခဲ့ရသည်။ အရေးအကြီးဆုံးမှာ သူတို့ ထိုသို့စုံစမ်းခဲ့ကြောင်းကို မည်သူမှ မသိခြင်းပင်။ တိရှအရှင်က အနည်းငယ် သံသယဝင်ခဲ့သေးသော်လည်း နောက်ဆုံးတွင် မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ပေ။

တောက်နုသည် တောက်လန်ကိုခေါ်၍ တောက်နူဆီသို့ ချက်ချင်းသွားလိုက်၏။ ထို့နောက် တောက်နူက တောက်လန်ကို မိုးပြာမဟာဧကရာဇ်၏ ကျောက်ဝင်္ကပါတောဆီသို့ ခေါ်သွားပြီး မိုးပြာမဟာဧကရာဇ်နှင့် တွေ့စေလိုက်သည်။

ရွှီး...

ချောမွေ့သော ကျောက်ထွတ်ကမ်းပါးအရှေ့တွင် မိုးပြာမဟာဧကရာဇ်၏ မျက်လုံးတစ်စုံ ထွက်ပေါ်လာ၏။ တောက်လန်ရော တောက်နူပါ ထိုမျက်လုံးများကို မကြည့်ဝံ့ကြပေ။ မိုးပြာမဟာဧကရာဇ်က အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

“အခု အခြေအနေက ဘယ်လိုလဲ”

တောက်လန်က ကျောက်စိမ်းပေလိပ်များစွာ ထည့်ထားသော ဧရာမသေတ္တာတစ်လုံးကို ယူလာခဲ့၏။ ၎င်းကျောက်စိမ်းပေလိပ်များပေါ်တွင် ကျန်းရီ၏ ဘိုးဘေးမျိုးဆက်ဆယ့်ရှစ်ဆက်အကြောင်းကို အသေးစိတ် မှတ်တမ်းတင်ထားသည်။ တောက်လန်က လေးလေးစားစား တင်ပြလိုက်၏။

“မိုးပြာမဟာဧကရာဇ်... ဒါက ကျန်းရီနဲ့ပတ်သတ်တဲ့ သတင်းအကုန်ပါပဲ။ ကျုပ်တို့ အကုန်လုံးကို အ‌သေးစိတ် စုံစမ်းပြီးပါပြီ။ ပြီးတော့ ကျုပ်တို့ စုံစမ်းခဲ့တာကို ဘယ်သူမှ မသိပါဘူး”

ဝှစ်...

သိမ်မွေ့သော လေပြေတစ်ချက်က တောက်လန်တို့ကို လျင်မြန်စွာ ပွတ်သပ်တိုက်ခတ်သွား၏။ ထို့နောက် မိုးပြာမဟာဧကရာဇ်၏ ခံစားချက်ကင်းမဲ့သောအသံက ထပ်မံထွက်ပေါ်လာသည်။

“မင်း ဖတ်ပြီးသွားပြီလား။ ဖတ်ပြီး ငါ့ကို အသေးစိတ်ပြောပြပါ”

တောက်လန်သည် သတင်းအချက်အလက်အားလုံးကို ဖတ်ပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် သူ ပြန်ပြောလိုက်သည်။

“ကျန်းရီက ကောင်းကင်ကြယ်တာရာနယ်နမိတ်လို့ အမည်ရတဲ့ ရုပ်လောကဘုံတစ်ခုမှာ မွေးခဲ့တာပါ။ အဲ့ဘုံက အရမ်းသေးပါတယ်။ ကျန်းရီရဲ့ မျိုးနွယ်ကလည်း သေးပါတယ်။ သူ့ရဲ့ ဘိုးဘေးမျိုးဆက်ဆယ့်ရှစ်ဆက်လုံးက ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာပဲ နေခဲ့တာပါ။ သူတို့နဲ့ပတ်သတ်ပြီး ထူးခြားတာ မရှိပါဘူး။ သူအဖေကလည်း သာမန်ပါပဲ။ ဒါပေမဲ့ သူ့အမေက မြေဘုံ(အထက်ဘုံ)က ဒေသခံမျိုးနွယ်တစ်ခုဖြစ်တဲ့ ဝိညာဉ်မျိုးနွယ်က သခင်မလေးတစ်ယောက်ပါ။ မိုးပြာမဟာဧကရာဇ်... ဧကရာဇ် အဲ့မျိုးနွယ်အကြောင်းကို ကြားဖူးပါသလား။ ကောင်းကင်ဘုံက စစ်တပ်တချို့ရဲ့ ထောက်လှမ်းရေးတွေက ဝိညာဉ်မျိုးနွယ်ကပါ”

“အင်း... ဆက်ပြော”

မိုးပြာမဟာဧကရာဇ်က သူ ဝိညာဉ်မျိုးနွယ်အကြောင်းကို သိကြောင်း ဖော်ပြလိုက်သည်။ တောက်လန် ဆက်ပြောသည်။

“ကျန်းရီက တရားမဝင် မွေးခဲ့တာပါ။ သူ ငယ်ငယ်ကတည်းက သူ့အမေက သူ့ကို ကျန်းမျိုးနွယ်ရဲ့ အိမ်တော်ခွဲလေးတစ်ခုကို ခေါ်သွားပြီး ပျိုးထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်တော့ သူ့အမေကို ဝိညာဉ်မျိုးနွယ်ဝင်တွေက ဖမ်းမိသွားကြပါတယ်။ အခု သူ့အမေက သူတော်စင်ဝိညာဉ်တောက်အောက်မှ အဖိခံထားရပါတယ်။ သူက ငယ်ငယ်တုန်းက လုံးဝပါရမီမရှိခဲ့ပါဘူး။ ပြောရရင် သုံးစားမရတဲ့ အမှိုက်တစ်စသာသာပါပဲ။ ဒါပေမဲ့ သူ ဆယ့်ခြောက်နှစ်ပြည့်တော့ သူ့ရဲ့စွမ်းအားက ရုတ်တရက်ကြီး တိုးလာခဲ့ပါတယ်...”

တောက်လန်သည် အမှန်ပင် အရာအားလုံးကို အသေးစိတ်စုံစမ်းခဲ့ပေသည်။ သူသည် ကောင်းကင်ကြယ်တာရာနယ်မြေထဲတွင် ဖြစ်ပျက်ခဲ့သော ကျန်းရီ၏ အကြောင်းများကို အသေးစိတ် ရှင်းပြလိုက်၏။ ထို့နောက် ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်၊ အပြစ်သားကျွန်း၊ နှင်းဒေသနှင့် အခြားနေရာများသို့ ရောက်သွားသည့်အကြောင်းများကို ဆက်ပြောပြသည်။ တောက်လန်သည် ကျန်းရီ လက်ထပ်ခဲ့သည့် မိန်းမအရေအတွက်ကိုပင် ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်သည်။

ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ လူများက အလွန်အားနည်းကြသည်။ မြစ်ဖြူဘုရင်သည် ထိုသို့ နတ်ဘုရားဘုရင် တစ်ယောက်နှင့် နတ်ဘုရားဧကရာဇ်တစ်ယောက်ကို စေလွှတ်ခဲ့သည်။ သို့သော် ၎င်းနှစ်ယောက်သည်ပင် ထိုမှ လူများစွာ၏ မှတ်ဉာဏ်များကို ကြည့်နိုင်ခဲ့သည်။ ထိုသို့လုပ်ရာတွင်လည်း မည်သူ့ကိုမှ သတိမပြုမိစေခဲ့ချေ။

တောက်လန်သည် ကျန်းရီ မြေဘုံသို့ ရောက်လာပြီးနောက် ဖြစ်ပျက်ခဲ့သည်များကို ပို၍ပင်ရှင်းလင်းစွာ ပြောပြနိုင်သည်။ တစ်နာရီကြာပြီးနောက် ကျန်းရီအကြောင်း အကုန်လုံးကို ရှင်းပြ၍ ပြီးသွားသည်။ တောက်လန်သည် အကြောင်းအရာတစ်ခုကိုမှ မချန်ခဲ့ပေ။ သို့သော် တောက်လန်က အပြင်လူများ မသိသည့်အကြောင်းများကိုတော့ မသိနိုင်ပါပေ။

တောက်လန်၏စကား ဆုံးသွားသောအခါ မိုးပြာမဟာဧကရာဇ် တိတ်ဆိတ်သွားသည်။ သူသည် သတင်းအချက်အလက်အားလုံးကို သုံးသပ်နေပုံပင်။ ငါးမိနစ်ကြာပြီးမှ သူ မေးလိုက်သည်။

“သူ တမလွန်ဘုံစစ်သူကြီးကို သတ်ဖို့ သုံးခဲ့တဲ့ဓားကို မီးနဂါးဓားလို့ ခေါ်တာလား။ အဲ့ဓားထဲမှာ အရမ်းစွမ်းအားကြီးပြီး ဆန်းကြယ်တဲ့ အဘိုးအိုတစ်ယောက် ရှိတာလား။ မင်းဆီမှာ အဲ့ဓားရဲ့ ပုံတူပန်းချီရှိလား။ အဲ့အဘိုးကြီးရဲ့ ပုံတူပန်းချီရောရှိလား”

“ကျုပ်တို့ဆီမှာ ဓားရဲ့ပုံတူပန်းချီ ရှိပါတယ်။ အဘိုးကြီးရဲ့ပုံတူပန်းချီတော့ မရှိပါဘူး။ ဘယ်သူမှ သူ့ကို မမှတ်မိကြပါဘူး။ သူက မီးနဂါးဓားရဲ့ ဓားဝိညာဉ်ပဲ ဖြစ်လောက်ပါတယ်”

တောက်လန်သည် မီးနဂါးဓား၏ ပုံတူပန်းချီကို ထုတ်ပြလိုက်၏။ မိုးပြာမဟာဧကရာဇ်က ၎င်းကို သူ၏ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်သည်။ ထို့နောက် နားမလည်နိုင်သောလေသံဖြင့် မေးလိုက်လေ၏။

“ဘာလို့ အဲ့အဘိုးကြီးကို ဘယ်သူကမှ မမှတ်မိရတာလဲ။ အဲ့တိုက်ပွဲမှာပါတဲ့သူတိုင်း သေသွားလို့လား”

“မဟုတ်ပါဘူး...”

တောက်လန်က ခေါင်းခါ၍ ပြန်ဖြေ၏။

“ဘယ်သူက အဲ့တိုက်ပွဲမှာပါတဲ့သူတိုင်းရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်လိုက်လဲတော့ ကျုပ် မသိပါဘူး။ ကျုပ်တို့ အဲ့အဘိုးကြီးအကြောင်းကို ကောလာဟလတွေကနေတဆင့်ပဲ သိခဲ့ရတာပါ။ အဲ့ဒါကြောင့် အဲ့ဆန်းကြယ်တဲ့အဘိုးကြီးက တကယ်ရှိ၊ မရှိတောင် မသေချာပါဘူး”

“အဲ့ဒါက တိုက်ဆိုင်မှုတစ်ခုလား”

မိုးပြာမဟာဧကရာဇ်သည် သူ့ဘာသာ ရေရွတ်လိုက်၏။ သူ အတော်ကြာအောင် နှုတ်ဆိတ်သွားပြီးမှ အမိန့်ပေးလိုက်သည်။

“ကျန်းရီကိုသတ်ဖို့ နည်းလမ်းတစ်ခုရှာပါ၊ ပြီးရင် သူ့ဓားကို ငါ့ဆီ ယူလာခဲ့”

တောက်နူနှင့် တောက်လန်တို့သည် ထိုအမိန့်ကြောင့် တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်ကြ၏။ တောက်နူက မေးလိုက်သည်။

“ဆရာ... အဲ့ဓားက တစ်ခုခု မှားနေလို့လား။ တောက်လန်က အဲ့ဓားကို အရင်က တွေ့ဖူးပါတယ်။ ဓားက သာမန် တာအိုကောင်းကင်ဝိညာဉ်ရတနာတစ်ခုလိုပါပဲ”

“မင်းတို့ သိဖို့မလိုတာတွေကို မမေးနဲ့”

မိုးပြာမဟာဧကရာဇ်က အေးစက်စက် ပြန်ပြော၏။

“ကျန်းရီကိုသတ်ဖို့သာ နည်းလမ်းရှာပါ။ ဒါပေမဲ့ မင်းတို့ လျှို့ဝှက်ပြီးတော့ လုပ်ရမယ်။ ဝေပင်းပင်း မင်းတို့ကို သံသယမဝင်စေနဲ့။ သွားကြတော့”

တောက်နူနှင့် တောက်လန်တို့ ထွက်သွားကြသည်။ ထို့နောက် မျက်လုံးကြီးများလည်း ပျောက်ကွယ်သွားသည်။ ခေတ္တကြာပြီးနောက်တွင် နားမလည်နိုင်စွာ ရေရွတ်လိုက်သံတစ်သံ ထပ်မံထွက်ပေါ်လာပေသည်။

“မီးနဂါးဓားတဲ့လား။ အဲ့ဓားက တကယ်ပဲ ကောင်းကင်ဧကရာဇ်ရဲ့ဓား ဖြစ်နေမလား။ ကောင်းကင်ဧကရာဇ်ရဲ့ နတ်ဘုရားလက်နက်က တမလွန်ဘုံဧကရာဇ်ရဲ့လက်ထဲ ရောက်သွားတာ မဟုတ်ဘူးလား။ အဲ့ဓားက ကောင်းကင်ဧကရာဇ်ရဲ့ဓား မဟုတ်ဘူးဆိုရင် ဘာလို့ ဝေပင်းပင်းက ကျန်းရီကို ဒီလောက်အထင်ကြီးနေရတာလဲ”

တောက်နူနှင့် တောက်လန်တို့သည် မိုးပြာမဟာဧကရာဇ်တောင်ထွတ်သို့ ပြန်ရောက်သောအခါ မိုးပြာမဟာဧကရာဇ်၏ အမိန့်အတိုင်း ထမ်းဆောင်ရန် လုပ်ဆောင်လိုက်ကြ၏။ သို့သော် အခက်အခဲတစ်ခု ရှိနေသည်။ ကျန်းရီကို သတ်ရန်မှာ လွယ်သည်။ သို့ရာတွင် ယင်းကို လျှို့ဝှက်ထားရန်မှာမူ ခက်ခဲပေသည်။ ထို့ပြင် ဝေပင်းပင်းကို သံသယအဝင်မခံစေနှင့်ဟုလည်း မိုးပြာမဟာဧကရာဇ်က ညွှန်ကြားထားသည်။ အကယ်၍ ကျန်းရီက ယန်ကိုးပါးတောင်ကြားထဲတွင် အခွံထဲဝင်နေသည့် လိပ်တစ်ကောင်ကဲ့သို့ ပုန်းနေဦးမည်ဆိုလျှင် သူတို့ သူ့ကို မည်သို့ သတ်ရပါမည်နည်း။

တောက်နူသည် နည်းလမ်းတစ်ခုကို စဉ်းစားရန် တောက်မျိုးနွယ်မှ အကြီးအကဲအားလုံးကို စုဝေးလိုက်သည်။ အားလုံး ပြောဆိုဆွေးနွေးပြီးနောက် သူတို့ နောက်ဆုံးနည်းလမ်းကိုသုံးရန် ဆုံးဖြတ်လိုက်ကြသည်။ မြွေကို တွင်းထဲမှ မျှားထုတ်ရပေမည်။ သူတို့ ကျန်းရီကို သူ့ဘာသာထွက်လာအောင် လုပ်ရမည်။

တောက်မျိုးနွယ်သည် အထက်ဘုံနှင့် ချိတ်ဆက်ထားသော တည်နေရာပြောင်းရွှေ့အစီအရင်ကို ပြန်ဖွင့်ရန် ဆုံးဖြတ်လိုက်၏။ ထိုမှ အထက်ဘုံမှလူများက ကောင်းကင်ဘုံသို့ တက်လာနိုင်မည်ဖြစ်သည်။ ထို့နောက် သူတို့သည် အထက်ဘုံသို့ ပြန်သွား၍ ကျန်းရီက အန္တရာယ်ကြုံနေပြီဆိုသော သတင်းများကို ဖြန့်လိုက်ပေမည်။ ထိုအခါ ကျန်းရီ၏ မိတ်ဆွေများက သူ့ကို ကယ်ရန် ကောင်းကင်ဘုံသို့ တက်လာကြပေလိမ့်မည်။ သူတို့ ကောင်းကင်ဘုံသို့ ရောက်သည်နှင့် တောက်မျိုးနွယ်က သူတို့ကို နေရာတစ်ခုတွင် ချုပ်ထားနိုင်သည်။ ထိုသတင်းကိုသာ သူလျှိုတစ်ယောက်မှတဆင့် ကျန်းရီထံ ပို့လိုက်လျှင် ကျန်းရီသည် သူ့မိတ်ဆွေများကို ကယ်တင်ရန် ယန်ကိုးပါးတောင်ကြားထဲမှ ထွက်လာလောက်သည်။

တောက်မျိုးနွယ်သည် ကျန်းရီ၏ အရင်းနှီးဆုံး မိတ်ဆွေများနှင့် မိသားစုဝင်များကိုတော့ ဓားစာခံမလုပ်နိုင်ပေ။ ထိုသို့လုပ်လိုက်လျှင် အလွန်အောက်တန်းကျသလို ဖြစ်သွားပေလိမ့်မည်။ ထို့ပြင် သူတို့သည် ဝေပင်းပင်းက သူတို့အပေါ် သံသယဝင်လာမည်ကိုလည်း မလိုလားပေ။ ထို့ကြောင့် သူတို့သည် သာမန်ငါးစာသာချ၍ ငါးကြီးကျန်းရီ ငါးစာအား လာဟပ်မည်ကိုသာ စောင့်နေရမည်ဖြစ်ပေသည်။

All Chapters