မတန်ဘူး
Vol. 122 Ch. 1699
ယန်ကိုးပါးမြို့ထဲရှိ အထက်ဘုံနှင့် ချိတ်ဆက်ထားသော တည်နေရာပြောင်းရွှေ့အစီအရင်ကို ပြန်ဖွင့်လိုက်၏။ ထိုတည်နေရာပြောင်းရွှေ့အစီအရင်မှာ တောက်မျိုးနွယ်က ချိပ်ပိတ်ခဲ့သော အစီအရင်ဖြစ်သည်။ ယခုတွင်မူ တောက်မျိုးနွယ်သည် ၎င်းကို ချိပ်ပြန်ဖွင့်ရန် ညွှန်ကြားနေသည်။ ထို့ကြောင့် ယန်ကိုးပါးမြို့ရှိ တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်နေသူများသည် အစီအရင်ကို ပြန်ဖွင့်လိုက်ရလေသည်။
ကောင်းကင်ဘုံတွင် အထက်ဘုံမှ ရောက်လာသူများ များစွာရှိသည်။ ထို့ပြင် အထက်ဘုံနှင့် ဟွင့်သွမ့်ပင်လယ်မှလူများသည် စစ်တပ်အသီးသီးထဲ ဝင်ရန် ကောင်းကင်ဘုံသို့ အဆက်မပြတ် တည်နေရာပြောင်းရွှေ့လာနေကြသည်။
ကောင်းကင်ဘုရင်ဝေနှင့် အခြားကောင်းကင်ဘုရင်များသည် တည်နေရာပြောင်းရွှေ့အစီအရင်ကို ပြန်ဖွင့်ခြင်းနှင့်ပတ်သတ်၍ များစွာမစိုးရိမ်ကြပေ။ အချိန်လည်း အတော်ကြာသွားခဲ့ပြီ မဟုတ်ပါလား။ တောက်မျိုးနွယ်က သူတို့၏လုပ်ရပ်များအတွက် ရှက်လာခြင်း ဖြစ်ပေမည်။ ထို့ပြင် တည်နေရာပြောင်းရွှေ့အစီအရင်ကို ကြာရှည်ချိပ်ပိတ်ထားခြင်းက လူများစွာကို မကျေမနပ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် တောက်မျိုးနွယ်က အစီအရင်ကို ပြန်ဖွင့်ခြင်းဖြစ်ရမည်ဟု ကောင်းကင်ဘုရင်များက ခန့်မှန်းကြသည်။ တောက်မျိုးနွယ်က အစီအရင်ကို ပြန်မဖွင့်လျှင်လည်း မကြာခင်တွင် သူတို့က ပြန်ဖွင့်ပေးတော့မည်ဖြစ်သည်။
တောက်မျိုးနွယ်ဝင်များသည် အလျင်စလို မပြုမူကြပေ။ အခြားမျိုးနွယ်များမှ လူများသည်ပင် ငှက်တောင်ပျံတပ်ကို အာရုံစိုက်မနေကြတော့ပေ။ သူတို့သည် သူတို့၏သူလျှိုများကိုလည်း အလျင်စလိုမလုပ်ရန် ပြောထားကြသည်။ ထိုမှ ကောင်းကင်ဘုရင်ဝေနှင့် အခြားကောင်းကင်ဘုရင်များက သတိလျော့လာမည်ဖြစ်သည်။
တစ်လကြာပြီးနောက် တောက်လန်သည် မြစ်ဖြူဘုရင်အား လှမ်းဆက်သွယ်၍ ကျန်းရီက ကောင်းကင်ဘုံ၏ လုံထန်ဆန်းကြယ်နယ်မြေထဲတွင် ပိတ်မိနေသည်ဆိုသော ကောလာဟလများကို အထက်ဘုံတွင် ဖြန့်ရန် စေခိုင်းလိုက်သည်။ ဆင်ထားဇာတ်လမ်းမှာ ကျန်းရီက တာဝန်တစ်ခု သွားရောက်ထမ်းဆောင်ရင်း တမလွန်ဘုံမျိုးနွယ် ဆင်ထားသော အစီအရင်တစ်ခုအတွင်း၌ ပိတ်မိသွားသည်၊ ထိုကိစ္စအတွက် ငှက်တောင်ပျံတပ်မှ အရေးကြီးပုဂ္ဂိုလ်များပင် မည်သို့လုပ်ရမည် မသိဖြစ်နေကြသည်၊ သုံးလအတွင်း ကျန်းရီက တမလွန်ဘုံ၏ ထိန်းချုပ်မှုကို ခံလိုက်ရတော့မည်ဟူ၍ ဖြစ်ပေသည်။
သို့သော် ကောလာဟလကို တစ်မျိုးတည်း ဖြန့်၍ မဖြစ်ပေ။ ထိုကောလာဟလနှင့်အတူ ကျန်းရီက ကောင်းကင်ဘုံတွင် မည်သို့ရဲရင့်စွာပြုမူခဲ့ကြောင်းများကိုလည်း ဇာတ်လမ်းဆင်၍ ဖြန့်ရပေမည်။ ဟွင့်သွမ့်ပင်လယ်တွင် ကျန်းရီက မရေမတွက်နိုင်သော စွမ်းအားကြီး သိုင်းသမားများ၏ ဝန်းရံမှုကို မည်သို့ခံခဲ့ရသည်၊ သူက တောက်ဖုန့်၏ နတ်ဘုရားရှောင်တိမ်းအစီအရင်ကို မည်သို့မည်ပုံယူကာ ကောင်းကင်ဘုံသို့ မည်သို့ထွက်ပြေးခဲ့သည်၊ တောက်မျိုးနွယ်မှ တပ်သားများ ဝန်းရံထားသည်ကိုပင် မည်သို့ဖောက်ထွက်ခဲ့သည် စသော အကြောင်းများကိုလည်း သတင်းဖြန့်ရမည်ဖြစ်သည်။
နောက်ဆုံးတွင် ဆန်းကြယ်သောပုဂ္ဂိုလ်တစ်ယောက်က ကျန်းရီကို မိုးပြာဒေသထဲမှ လွတ်မြောက်သွားအောင် ကူညီပေးခဲ့သည်။ ၎င်းနောက် ကျန်းရီက ယန်ကိုးပါးစစ်တပ်ထဲ ဝင်ခဲ့သည်။ ကျန်းရီသည် ယန်ကိုးပါးစစ်တပ်ထဲတွင် လျင်မြန်စွာ ရာထူးတိုးလာပြီး ကောင်းကင်ဘုရင်ယွင်၏ မြေးမလေးဖြစ်သော စစ်သူကြီးယွင်ပင်း၏ အရေးပေးမှုကို ခံခဲ့ရသည်။ သို့ဖြင့် သူသည် ငှက်တောင်ပျံတပ်၌ တပ်ဗိုလ်တစ်ယောက် ဖြစ်လာခဲ့သည်။
ကျန်းရီ၏ လုပ်ဆောင်ချက်များက ယန်ကိုးပါးမြို့ထဲတွင်ပင် သတင်းပျံ့နှံ့နေသည်။ တောက်လန်နှင့် တောက်နူသည်ပင် ယန်ကိုးပါးမြို့သို့ ကိုယ်တိုင်လာ၍ ကျန်းရီကို တောင်းခဲ့သည်။ သို့သော် ယွင်ပင်း၏ တောင်းဆိုချက်ကြောင့် ကောင်းကင်ဘုရင်ယွင်နှင့် ကောင်းကင်ဘုရင်ဝေတို့က ရှေ့ထွက်၍ ကျန်းရီကို ကယ်တင်ပေးခဲ့သည်။
ကောလာဟလသက်သက်သာဆိုလျှင် အသုံးဝင်ချင်မှ ဝင်နိုင်မည်။ သို့သော် ကောလာဟလကို အမှန်တရားအချို့နှင့် ရောယှက်လိုက်လျှင်မူ လူများသည် ထိုကောလာဟလဇာတ်လမ်းများကို တဖြည်းဖြည်း ယုံကြည်လာတတ်ကြသည်။ ထို့ပြင် ကောလာဟလများကို ဖြန့်သူက မြစ်ဖြူဘုရင်မဟုတ်။ ဟွင့်သွမ့်ပင်လယ်မှ ထောက်လှမ်းရေးများဖြစ်သည်။ ထိုကောလာဟလများက ဟွင့်သွမ့်ပင်လယ်ထဲတွင် ပျံ့နှံ့နေပြီးဖြစ်သည်။ ယင်းမှာ တောက်လန်၏အကြံပင်။ ကောလာဟလများကို အထက်ဘုံတွင်သာ ဖြန့်၍ မဖြစ်ပေ။ အကယ်၍ အထက်ဘုံမှ တစ်ယောက်ယောက်က ၎င်းကောလာဟလများအကြောင်းကို ဟွင့်သွမ့်ပင်လယ်သို့သွား၍ စုံစမ်းလိုက်လျှင် အမှန်၊ အမှားကို ခွဲခြားနိုင်သွားနိုင်သည်။ သို့ဖြစ်ရာ ကောလာဟလများကို ဟွင့်သွမ့်ပင်လယ်ထဲတွင်လည်း ဖြန့်မှဖြစ်ပေမည်။
အထက်ဘုံတွင် ကျန်းရီက ကျော်ကြားသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ကောလာဟလများက အထက်ဘုံတစ်ခွင်တွင် တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွားသည်။ ၎င်းတို့ကို ဖုံးဖိရန် ကြိုးစားလျှင်ပင် အောင်မြင်လိမ့်မည် မဟုတ်ချေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အထက်ဘုံတစ်ခုလုံး အုတ်အောင်သောင်းနင်းဖြစ်သွားသည်။ ကျန်းရီက အထက်ဘုံမှဖြစ်သည်။ အထက်ဘုံမှ လူတစ်ယောက်က ကောင်းကင်ဘုံကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေနိုင်ခြင်းက အထက်ဘုံတစ်ခုလုံးကို ဂုဏ်ရှိစေသည်။ သို့သော် အချို့မျိုးနွယ်များသည် ကောင်းကင်ဘုံက ကျန်းရီကြောင့် ထွက်ရသည့် ဒေါသကို အထက်ဘုံအပေါ် ပုံချမည်ကို စိုးရိမ်နေကြသည်။
တိရှအရှင်နှင့် ဝိညာဉ်ဘုရင်တို့သည် ထိုကောလာဟလများက မှန်၊ မမှန် လူလွှတ်၍ ချက်ချင်းစုံစမ်းစေလိုက်သည်။ ဝိညာဉ်မျိုးနွယ်သည် ကောင်းကင်ဘုံရှိ သူတို့မျိုးနွယ်ဝင်များကို ဆက်သွယ်၍လည်း ထိုကောလာဟများအကြောင်း စုံစမ်းသည်။
သူတို့ သိလိုက်ရသောအရာများက သူတို့ကို မျက်နှာပျက်သွားစေသည်။ ပုံမှန်အားဖြင့် အထက်ဘုံသည် ကောင်းကင်ဘုံမှ သတင်းအများစုကို မရနိုင်ပေ။ သို့သော် ကျန်းရီက မိုးပြာဒေသတွင် ပြဿနာရှာခဲ့ပြီးနောက် လွတ်မြောက်သွားခဲ့သည်မှာ အမှန်ပင်။ သူက တောက်ဖုန့်ကို သတ်ခဲ့သည့်အကြောင်းမှာလည်း ကောင်းကင်ဘုံတစ်ခွင်တွင် ပျံ့နှံ့နေပေသည်။
***
အတွေးမဲ့ပင်လယ်၊ အမည်မဲ့ကျွန်း...
မိုလင်းချိုးသည် ကျွန်းထဲသို့ ပျံသန်းလာပြီး ဦးညွှတ်ကာ သူ သိခဲ့ရသည့် အရာအားလုံးကို တင်ပြလိုက်သည်။ ပြီးနောက် သူ ဆက်ပြော၏။
“အရှင်... ရွှမ်ယဲ့၊ အဆိပ်ဝိညာဉ်၊ ကျန်ဝူရွှမ်း၊ မိုယောင်အာနဲ့ ကျန်တဲ့သူတွေက အရှင့်ကို တွေ့ချင်နေပါတယ်။ သူတို့က ကောင်းကင်ဘုံကို သွားချင်တယ်လို့ ပြောနေကြပါတယ်”
“အင်း... တဇွတ်ထိုးနိုင်ကြတာပဲ”
တိရှအရှင်၏ မျက်နှာထား မည်းမှောင်သွားပြီး အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။
“သူတို့ကို ဖမ်းပြီး ချုပ်ထားလိုက်။ သူတို့က ဒီလိုအချိန်မျိုးမှာ ပြဿနာရှာချင်နေတာလား။ သူတို့ရဲ့ အစွမ်းအစလောက်နဲ့... သူတို့က ကောင်းကင်ဘုံကို အသေခံဖို့ သွားမှာလား”
ကျန်ဝူရွှမ်းသည် ချမ်ဝမ်ကွမ်း၊ မိုယောင်အာ၊ ကျန်းရိလျှို၊ ဟွမ်ဖူထောင်ထျန်း၊ စစ်ထူရီရှောင်နှင့် လူငယ်မျိုးဆက်မှ အခြားသူများနှင့်အတူ အထက်ဘုံသို့ တက်လှမ်းလာခဲ့ပြီဖြစ်သည်။ မြေခွေးလေး ရှောင်ဖေးသည်ပင် လူသားအဖြစ်ပြောင်းလဲကာ တက်လှမ်းလာနိုင်ခဲ့ပေပြီ။
ကျန်းရီ၏ ဇာစ်မြစ်က ထူးခြားသည်။ မိုလင်းချိုးသည် ကျန်းရီကို မျက်နှာလုပ်လိုသည်။ ထို့ကြောင့် သူသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ တက်လှမ်းလာသူတိုင်းကို စောင့်ရှောက်ပေးထားသည်။ ယခင်ကလည်း ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ အရင်းအမြစ်များစွာ ပို့ပေးခဲ့သေးသည်။
အထက်ဘုံသို့ တက်လှမ်းနိုင်ရန် လိုအပ်ချက်သုံးခုရှိသည်။ ၎င်းတို့မှာ အတွင်းအား၊ စည်းမျဉ်းများနှင့် စိတ်ဝိညာဉ်တို့ဖြစ်သည်။
ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ လူများအနေဖြင့် ‘အတွင်းအား’နှင့် ‘စိတ်ဝိညာဉ်’အပိုင်းတွင် အောင်မြင်အောင် လုပ်နိုင်လျှင် အထက်ဘုံသို့ အလွယ်တကူ တက်လှမ်းနိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိုလင်းချိုးက သူတို့ စည်းမျဉ်းများကို အလွယ်တကူနားလည်နိုင်စေရန်အတွက် ဆယ်ချီသော နတ်ဘုရားအထိမ်းအမှတ်များကို ပို့ပေးခဲ့၍ပင်။ ၎င်းအထိမ်းအမှတ်များကို ကြည့်ခြင်းက ကောင်းကင်ပန်းချီကားများကို ကြည့်ခြင်းထက် စည်းမျဉ်းများကို ပိုလွယ်ကူစွာ နားလည်စေနိုင်သည်။ သူတို့သာ ဉာဏ်ရည်ဉာဏ်သွေးတစ်ခု ရှိလျှင် အနည်းဆုံး စည်းမျဉ်းတစ်ခုကိုတော့ နားလည်မည်ဖြစ်သည်။ သို့ဖြစ်ရာ လူများစွာ တက်လှမ်းလာနိုင်ခဲ့ခြင်းမှာ မထူးဆန်းပါပေ။
ကောင်းကင်ကြယ်တာရာနယ်နမိတ်မှနေ၍ တက်လှမ်းလာသူတိုင်းကို ကျန်းရီစီရင်စုနယ်သို့ တန်းပို့ပေးသည်။ အဆိပ်ဝိညာဉ်သည် အရာအားလုံးကို ကြီးကြပ်၍ စီရင်စုနယ်ကို တည်ငြိမ်အောင် လုပ်ထားသည်။ သို့သော် ကျန်းရီ၏သတင်းများကို ကြားလိုက်သောအခါ သိမ်းငှက်ပြာတောင်ပေါ်တွင် စတင်ရင် ရုတ်ရုတ်သဲသဲ ဖြစ်လာပေသည်။ သို့ဖြင့် အဆိပ်ဝိညာဉ်သည် ကျန်းရီ၏မိတ်ဆွေအားလုံးကို တိရှအရှင်နှင့် တွေ့ဆုံရန် ခေါ်လာရလေတော့သည်။
“ဟုတ်ကဲ့ပါ”
မိုလင်းချိုး ခေါင်းညိတ်လိုက်သည်။ ကျန်းရီ သေသည်၊ ရှင်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သိုဖြစ်ရာ ဤမှ ကိစ္စများကို သူက ကျန်းရီကိုယ်စား ကိုင်တွယ်ပေးရပေမည်။ အကယ်၍ အဆိပ်ဝိညာဉ်တို့က တဇွတ်ထိုးလုပ်မည်ဆိုလျှင် မိုလင်းချိုး ရွေးချယ်စရာမရှိတော့ဘဲ သူတို့အားလုံးကို ဖမ်းရပေလိမ့်မည်။ ထို့ပြင် သူက တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးမပေးလျှင် ထိုသူများ ကောင်းကင်ဘုံသို့ သွားနိုင်မည် မဟုတ်ချေ။
“မီးမရှိဘဲ မီးခိုးမထွက်ဘူး”
တိရှအရှင်သည် သက်ပြင်းရှည်ကြီးတစ်ချက် ချပြီးနောက် ကောင်းကင်ကိုမော့ကြည့်ကာ ရေရွတ်လိုက်၏။
“အရှင်... အရှင့်ရဲ့ဆက်ခံသူက လွယ်လွယ်မသေလောက်ဘူး မဟုတ်လား။ သူက ဒီလိုဘေးဒုက္ခတွေကို ရင်ဆိုင်ဖို့ ကံကြမ္မာပါလာခဲ့တာလား။ ကျုပ်တို့ သူ့ကို သွားကယ်ရမှာလား”
တိရှအရှင်သည် အတော်ကြာအောင် ရေရွတ်နေပြီးနောက် ထရပ်လိုက်သည်။
“ငါ အပြင်ကိုသွားလိုက်ဦးမယ်။ ကောင်းကင်ဘုံကိုလည်း ရောက်ချင်ရောက်လိမ့်မယ်။ ငါမရှိတုန်း တိရှဘုံက ကိစ္စတွေကို မင်းပဲ ကြီးကြပ်ထားပါ။ ကျန်းရီရဲ့ မိတ်ဆွေတွေကို အမည်မဲ့ကျွန်းမှာ လာနေခိုင်းလိုက်ပါ။ ငါ ကျန်းရီကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာခဲ့မှာပါလို့ သူတို့ကို ပြောလိုက်။ တကယ်လို့ သူတို့က တဇွတ်ထိုးလုပ်မယ်ဆိုရင်တော့... သူတို့အကုန်လုံးကို ဖမ်းထားလိုက်”
“ဟုတ်ကဲ့ပါ”
တိရှအရှင်က စိတ်ဆုံးဖြတ်ပြီးပြီဖြစ်၍ မိုလင်းချိုးအနေဖြင့် အမိန့်နာခံလိုက်ရန်သာ ရှိတော့သည်။ တိရှအရှင်သည် ခေတ္တမျှ တွေးတောပြီးနောက် ဆက်ပြောသည်။
“ငါ ပြန်မလာခဲ့ရင် ငါတို့ရဲ့မူလအစီအစဉ်အတိုင်းပဲ တိရှဘုံကနေ ထွက်သွားကြပါ။ ငါတို့ အမှားလုပ်လို့ မရဘူး”
“အရှင်...’
မိုလင်းချိုး၏ မျက်နှာထားက ညိုမှိုင်းသွားသည်။ ကောင်းကင်ဘုံက အန္တရာယ်များကြောင်း သူသိသော်လည်း တိရှအရှင်က သူပြန်မလာနိုင်ခဲ့လျှင် မည်သို့လုပ်ရမည်ကို ညွှန်ကြားခဲ့လိမ့်မည်ဟု သူ မျှော်လင့်မထားပေ။ ကောင်းကင်ဘုံက သူထင်ထားသည်ထက် အန္တရာယ်ပိုများလောက်ပေသည်။
ရွှက်...ရွှက်...
တိရှအရှင်သည် မည်သို့မှ ဆက်မပြောတော့ဘဲ အာကာပြင်ကို စုတ်ဖြဲ၍ ထွက်သွား၏။ သူသည် ဟွင့်သွမ့်ပင်လယ်သို့ တန်းမသွားလိုက်ဘဲ သူတော်စင်ဝိညာဉ်ဘုံသို့ အရင်သွားလိုက်သည်။ သူက အထက်ဘုံ၏ ထိပ်သီးအနည်းငယ်ထဲမှ တစ်ယောက်ဖြစ်ပြီး သူ၏တိုက်ခိုက်စွမ်းရည်များက ထိပ်တန်းဖြစ်သည်။ သို့သော် ဤနေရာက အထက်ဘုံပင်။ ကောင်းကင်ဘုံတွင်မူ သူက ပမွှားလေးသာ ဖြစ်နိုင်သည်။ သိမ်းငှက်စိမ်းဘုရင်သာ ကောင်းကင်ဘုံတွင် အဆင့်တစ်ခု ရှိနိုင်သည်။ သိမ်းငှက်စိမ်းဘုရင်က အလွန်လျင်မြန်ပေသည်။ သူ ပုံစံပြောင်းလိုက်လျှင် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများပင် သူ့ကို မီအောင်လိုက်နိုင်လိမ့်မည် မဟုတ်ချေ။
ကောင်းကင်ဘုံတွင် အစွမ်းပြနိုင်လောက်သော နောက်ထပ်သိုင်းသမားတစ်ယောက်လည်း ရှိသေးသည်။ ထိုသိုင်းသမားမှာ ဝိညာဉ်ဘုရင်ပင်။ သူ၏ ပုန်းကွယ်ခြင်းအတတ်က အလွန်အစွမ်းထက်သည်။ ဝိညာဉ်ဘုရင်သာ ကိုယ်ဖျောက်လိုက်မည်ဆိုလျှင် ဧကရာဇ်တစ်ပိုင်းအဆင့်အောက်ရှိ မည်သည့်သိုင်းသမားကမှ သူ့ကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။ သာမန် အုပ်ချုပ်သူအဆင့် သိုင်းသမားများလည်း သူ့လက်ထဲတွင် သေရနိုင်သည်။
ထို့ကြောင့် တိရှအရှင်သည် ကောင်းကင်ဘုံသို့ တန်းမသွားဘဲ သူတော်စင်ဝိညာဉ်ဘုံသို့ အရင်လာခဲ့ခြင်းဖြစ်ပေသည်။
ဝိညာဉ်ဘုရင်မှာ ကျန်းရီ၏ အဘိုးပင်။ တိရှအရှင်သည် ဝိညာဉ်ဘုရင်ကိုပါ ကောင်းကင်ဘုံသို့ ခေါ်သွားလိုနေသည်။ ဝိညာဉ်ဘုရင်သာပါလျှင် ကျန်းရီကို ကယ်တင်နိုင်ခြေ ပိုမြင့်သွားပေလိမ့်မည်။
တိရှအရှင် အလွန်လျင်မြန်စွာ ပျံသန်းခဲ့သည်။ အနိမ့်ဘုံအချိန် တစ်ရက်အတွင်းမှာပင် သူ သူတော်စင်ဝိညာဉ်တောင်သို့ ရောက်သွားသည်။ ဆောင်းဥတုအရှင်နှင့် ချီချင်ချန်တို့လည်း သူတော်စင်ဝိညာဉ်တောင်သို့ ရောက်နေကြကြောင်း သူ၏ ကောင်းကင်စိတ်အာရုံဖြင့် သိလိုက်ရသည်။ တောင်ပေါ်ရှိ နန်းတော်အရှေ့တွင် ရီထူက စောင့်ဆိုင်းနေပေသည်။ ရီထူသည် တိရှအရှင်ကို တွေ့သောအခါ အံ့အားသင့်ပုံမပေါ်ဘဲ ဦးညွှတ်ကာ ပြောလိုက်သည်။
“တိရှအရှင်၊ ခမည်းတော်က အရှင့်ကို စောင့်နေပါတယ်”
“ဟင်းဟင်း...”
တိရှအရှင်က ခပ်ရေးရေးပြုံးလိုက်ပြီး နန်းတော်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ဝင်သွားလိုက်သည်။ နန်းတော်၏ အလယ်ခန်းမထဲတွင် ဆောင်းဥတုအရှင်၊ ချီချင်ချန်နှင့် ဝိညာဉ်ဘုရင်တို့ ရှိနေကြသည်။ တိရှအရှင်သည် ဆောင်းဥတုအရှင်နှင့် ချီချင်ချန်တို့ကို ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ဝိညာဉ်ဘုရင်ကို မျက်နှာသေဖြင့်ကြည့်ကာ ပြောလိုက်လေသည်။
“ဝိညာဉ်ဘုရင်... ခင်ဗျားပုံစံက ဘာလဲ။ သူက ခင်ဗျားရဲ့မြေး၊ ကျုပ်ရဲ့မြေး မဟုတ်ဘူး။ ခင်ဗျား ကောင်းကင်ဘုံကို မသွားဘူးလား။ ခင်ဗျားမသွားရင်နေ... ကျုပ်သွားမယ်”
ဆောင်းဥတုအရှင်နှင့် ချီချင်ချန်တို့လည်း အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်၍ ဝိညာဉ်ဘုရင်ကို ကြည့်လိုက်ကြသည်။ ဝိညာဉ်ဘုရင်က ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
“သွားချင်တဲ့သူ သွားကြပေါ့။ ကျုပ်က အသက်ကြီးနေပြီ၊ မတိုက်ခိုက်နိုင်တော့ဘူး။ ဒီတစ်ကြိမ် ကျုပ် ကောင်းကင်ဘုံကိုသွားရင် အရိုးတောင် ကျန်မှာ မဟုတ်ဘူး။ ခင်ဗျားတို့က ရီမျိုးနွယ်ရဲ့ အနာဂတ်ကို ကျန်းရီတစ်ယောက်အတွက်နဲ့ စွန့်လွှတ်ခိုင်းနေတာလား။ အဲ့ဒါက မတန်ဘူး”