← Chapters

လူသားမျိုးနွယ်၏ မျှော်လင့်ချက်

Vol. 122 Ch. 1700

လူသားမျိုးနွယ်၏ မျှော်လင့်ချက်

Vol. 122 Ch. 1700

“ခင်ဗျားရဲ့ အရိုးတောင် ကျန်မှာမဟုတ်ဘူးတဲ့လား”

တိရှအရှင်က မျက်ခုံးပင့်ကာ ‌မေးလိုက်သည်။

“ခင်ဗျား သတင်းအသစ်တွေ ရထားပြီလား။ ခင်ဗျားရဲ့ မျိုးနွယ်ဝင်တွေက ကောင်းကင်ဘုံက သတင်းတွေကို ထပ်ပို့လိုက်တာလား”

“မဟုတ်ဘူး”

ဝိညာဉ်ဘုရ်က ခေါင်းခါကာ ပြောသည်။

“ကျုပ်တို့ ကြားထားရတဲ့ ကျန်းရီအကြောင်းသတင်းတွေကို အတည်ပြုပြီးပြီ၊ ဒါပေမဲ့ ကျုပ်တို့ကြားနေရတဲ့ ကောလာဟလတွေကိုတော့ ကောင်းကင်ဘုံမှာ မကြားရဘူး။ အဲ့တော့ ဒီကိစ္စတစ်ခုလုံးက ထူးဆန်းနေတယ်။ ခင်ဗျားတို့ ဘာလို့ သေချာတွေးမကြည့်ရတာလဲ။ ဘာလို့ အဲ့ကောလာဟလတွေက ကောင်းကင်ဘုံမှာ မပျံ့နှံ့ဘဲ အထက်ဘုံမှာပဲ ပျံ့နှံ့နေရတာလဲ...”

“ပြီးတော့ ကောလာဟလတွေက တိကျလွန်းတယ်။ ကျန်းရီက လုံထန်ဆန်းကြယ်နယ်မြေထဲမှာ ပိတ်မိနေပြီး သုံးလအတွင်း တမလွန်ဘုံရဲ့ ထိန်းချုပ်မှုကို ခံရတော့မယ်လို့ ပြောကြတယ်။ တစ်ယောက်ယောက်က ကျုပ်တို့အတွက် ထောင်ချောက်ဆင်နေတယ်ဆိုတာ အသိသာကြီးပဲ”

“ဟင်းဟင်း...”

တိရှအရှင်က ခပ်လှောင်လှောင် ပြုံးလိုက်သည်။

“ဝိညာဉ်ဘုရင်... ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။ ကောင်းကင်ဘုံက မျိုးနွယ်ကြီးတွေက ကျုပ်တို့သုံးယောက်ကို ရှင်းပစ်ချင်ရင် ဒီလိုမျိုး အကွက်တွေဆင်နေဖို့ မလိုပါဘူး။ ပြီးတော့ သူတို့က ကျုပ်တို့ကို သတ်ရင် ဘာအကျိုးရမှာမို့လို့လဲ။ ကျုပ်တို့က ကောင်းကင်ဘုံကလူတွေကို အပြစ်ပြုမိခဲ့လို့လား”

ဆောင်းဥတုအရှင်နှင့် ချီချင်ချန်တို့သည် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ ဝိညာဉ်ဘုရင်နှင့် တိရှအရှင်တို့ နှစ်ယောက်စလုံး၏ စကားများက အဓိပ္ပာယ်ရှိသည်ဟု သူတို့ ထင်သည်။ အခြေအနေတစ်ခုလုံးက မည်သည့်နေရာတွင် ထူးဆန်းနေခြင်းဖြစ်ကြောင်းကိုသာ သူတို့ ထောက်မပြနိုင်သေးခြင်းဖြစ်သည်။

ချီချင်ချန်သည် စက္ကန့်အတော်ကြာအောင် တွေးနေပြီးနောက် ပြောလိုက်၏။

“ဒီကိစ္စက တကယ်ကို တစ်ခုခု ထူးဆန်းနေတယ်။ တစ်ယောက်ယောက်က ကျွန်မတို့ကို အကွက်ဆင်နေတာ မဟုတ်ရင် တိုက်ဆိုင်တာပဲဖြစ်ရမယ်။ ကျန်းရီ အန္တရာယ်နဲ့ကြုံနေရတာက ဖြစ်တော့ဖြစ်နိုင်တယ်၊ ယန်ကိုးပါးစစ်တပ်က သတင်းတွေကို ဖုံးဖိထားပေမဲ့ သတင်းတချို့က မတော်တဆ ပေါက်ကြားလာတာ ဖြစ်မယ်...”

“နောက်တော့ အဲ့သတင်းတွေက ဟွင့်သွမ့်ပင်လယ်ဆီ ရောက်ပြီး အထက်ဘုံအထိ ပျံ့လာတာဖြစ်နိုင်တယ်။ ကျန်းရီက ဟွင့်သွမ့်ပင်လယ်ထဲမှာ လူအများကြီး သတ်ခဲ့တယ်။ သူသာ သေတော့မယ်ဆိုရင် ဟွင့်သွမ့်ပင်လယ်ထဲက လူတွေက ပျော်ပြီးခုန်ပေါက်နေကြမှာပဲ...”

“ဒါပေမဲ့ ဒါက ထောင်ချောက်တစ်ခုဆိုရင်...”

ချီချင်ချန် ထရပ်လိုက်ပြီး ခန်းမထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ အသံထွက်၍ တွေးတောလိုက်သည်။

“ထောင်ချောက်တိုင်းမှာ ရည်ရွယ်ချက်ရှိရမယ်။ ဒီထောင်ချောက်က အထက်ဘုံကလူတွေကို သတ်ဖို့ရည်ရွယ်တဲ့ ထောင်ချောက် မဟုတ်ဘူး။ မဟုတ်ရင် အဲ့ထောင်ချောက်အကြောင်း ပေါ်သွားတာနဲ့ အထက်ဘုံ ဘုံတစ်သောင်းလုံး ဒေါသထွက်သွားပြီး ကောင်းကင်ဘုံဆီ လူတွေထပ်ပို့တော့မှာ မဟုတ်ဘူး။ မဟာဧကရာဇ်လေးပါးလည်း ဒေါသူပုန်ထသွားလိမ့်မယ်။ အဲ့တော့ ဒါက တကယ်ပဲထောင်ချောက်ဆိုရင် ကျွန်မတို့အတွက် ရည်ရွယ်တာ မဟုတ်လောက်ဘူး။ ကျန်းရီအတွက် ရည်ရွယ်တာပဲ ဖြစ်ရမယ်”

“ကျန်းရီအတွက် ရည်ရွယ်တာလား”

ချီချင်ချန်၏ သုံးသပ်ချက်များက မျက်လုံးသုံးစုံကို အရောင်လက်သွားစေ၏။ အဘိုးကြီးသုံးယောက်သည်လည်း စတင်၍ အလေးအနက် တွေးတောလာကြသည်။ သူတို့သည် ချီချင်ချန်၏ စကားများက အကျိုးအကြောင်းဆီလျော်သည်ဟု ထင်ကြပေသည်။

သို့သော် အတော်ကြာအောင် တွေးတောပြီးနောက် ဝိညာဉ်ဘုရင်က ထပြောလိုက်သည်။

“အဲ့ဒါက ထောင်ချောက်ဖြစ်ဖြစ်၊ တိုက်ဆိုင်မှုဖြစ်ဖြစ် ကျုပ်ကတော့ ဒီကိစ္စထဲ ဝင်ပါမှာ မဟုတ်ဘူး။ ကျန်းရီတစ်ယောက်အတွက်နဲ့ ကျုပ်တို့မျိုးနွယ်သုံးခုရဲ့ အနာဂတ်ကိုရင်းဖို့က တန်လို့လား။ ကျုပ်တို့သုံးယောက် သေသွားရင် ဘယ်လိုအကျိုးဆက်တွေ ရှိလာမယ်ဆိုတာကို ခင်ဗျားတို့လည်း ကောင်းကောင်းသိတာပဲ။ အနည်းဆုံးဆိုရင်တောင် ကျုပ်တို့ရဲ့နယ်မြေတွေကို ဆုံးရှုံးလိုက်ရလိမ့်မယ်”

“တန်တန်၊ မတန်တန် ကျုပ်တော့ ကောင်းကင်ဘုံကို သွားမှာပဲ”

ဆောင်းဥတုအရှင်က ထရပ်ကာ ပြောသည်။

“ကျုပ် အဲ့ကိုသွားဖို့ အစောကတည်းက ပြင်ဆင်ထားပြီးပြီ။ လူသားမျိုးနွယ်က ဖျက်ဆီးခံရတော့မယ်။ ချင်ချန်ကလည်း အရွယ်ရောက်နေပြီ။ လူသားမျိုးနွယ်အတွက် ကျုပ် ပေးဆပ်ရမယ်။ ကျုပ် အခု မသွားသေးဘူးဆိုရင် ဆောင်းဥတုဘုံမှာပဲ အရိုးဆွေးရလိမ့်မယ်”

“ချင်ချန်...”

ဆောင်းဥတုအရှင်က ချီချင်ချန်ကို မျက်နှာချင်းဆိုင်၍ ပြောလိုက်သည်။

“ခမည်းတော် ကောင်းကင်ဘုံကိုရောက်ရင် ကျန်းရီနဲ့ပတ်သတ်တဲ့ သတင်းတွေကို သိနိုင်ဖို့ နည်းလမ်းရှာမှာပါ။ ခမည်းတော် သူ့ကို ကယ်နိုင်မယ်ဆိုရင် သေချာပေါက် ကယ်မှာပါ။ မကယ်နိုင်ဘူးဆိုရင်တော့ အတင်းလုပ်မှာ မဟုတ်ဘူး။ ခမည်းတော် အကောင်းဆုံး ကြိုးစားခဲ့တယ်လို့ပဲ ပြောနိုင်မှာပေါ့...”

“သမီးတော်က မငယ်တော့ဘူး။ သမီးတော်က အတွေ့အကြုံအများကြီးကို ဖြတ်ကျော်ပြီး ရင့်ကျက်လာပြီ။ ခမည်းတော် မရှိတုန်း ဆောင်းဥတုဘုံက သမီးတော်အပေါ် မှီခိုရမှာ.. ချီမျိုးနွယ်ကရောပဲ။ သမီးတော် ခေါင်းဆက်မာလို့ မရတော့ဘူး။ ဒီတစ်ခေါက်ခရီးကနေ ခမည်းတော် ပြန်လာချင်မှ လာနိုင်လိမ့်မယ်။ ခမည်းတော်အတွက် ဝမ်းမနည်းပါနဲ့... ဘာလို့လဲဆိုတော့ ခမည်းတော်က လူသားမျိုးနွယ်အတွက် တိုက်ခိုက်နေတာမို့လို့ပဲ...”

ဆောင်းဥတုအရှင်၏စကား မဆုံးသေးခင်မှာပင် ချီချင်ချန်၏ မျက်ဝန်းများထဲ၌ မျက်ရည်များ ဝဲတက်လာ၏။ သူမသည် တစ်စုံတစ်ခု ပြောလိုသော်လည်း နောက်ဆုံးတွင် မပြောတော့ရန်သာ ဆုံးဖြတ်လိုက်ပြီး ဆောင်းဥတုအရှင်ကို မျက်ရည်ဝိုင်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

“ကောင်းပြီ.. ဝိညာဉ်ဘုရင်က မသွားမှတော့ ဆောင်းဥတုအရှင်နဲ့ ကျုပ်ပဲ သွားပါမယ်”

တိရှအရှင်က ဝိညာဉ်ဘုရင်ကိုကြည့်၍ ပြောလိုက်သည်။

“သူက သူ့ရဲ့မြေးအတွက် စွန့်လွှတ်အနစ်နာခံရတာကို တန်တယ်လို့ မတွေးပေမဲ့ ကျုပ်တွေးတယ်။ ကျန်းရီအတွက် ကျုပ်ရဲ့အသက်ကို စွန့်လွှတ်ရမယ်ဆိုရင်တောင်၊ မိုမျိုးနွယ်တစ်ခုလုံးကို စွန့်လွှတ်ရမယ်ဆိုရင်တောင် အဲ့ဒါက တန်တယ်လို့ ကျုပ်ထင်တယ်’

“အာ...”

တိရှအရှင်၏ စကားများက အားလုံးကို မှင်တက်သွားစေ၏။ တိရှအရှင်၏ မျက်လုံးများထဲတွင် ကျန်းရီက ထိုမျှအရေးပါသည်လော။ သူက ကျန်းရီအတွက်နှင့် မိုမျိုးနွယ်တစ်ခုလုံးကို စတေးရန်ပင် အသင့်ဖြစ်နေသည်လော။

“နေဦး...”

ဝိညာဉ်ဘုရင်သည် တိရှအရှင်က ထွက်သွားတော့မည်ကို တွေ့လိုက်သောအခါ ရုတ်တရက် အော်ပြောလိုက်သည်။

“တိရှအရှင် ခင်ဗျား စကားကို ရှင်းရှင်းပြောပါ။ အဲ့မျိုးမစစ်ကျန်းရီက ဘာတွေ အဲ့လောက်ထူးခြားနေတာလဲ။ ဘာလို့ သူက ခင်ဗျားအတွက် အဲ့လောက်အ‌ရေးကြီးနေတာလဲ”

“သူ့မှာ ဘာထူးခြားတာမှ မရှိပါဘူး”

တိရှအရှင်က ပဟေဠိဆန်ဆန်ပြုံးလိုက်ပြီး စက္ကန့်အနည်းငယ်ကြာအောင် စကားစရပ်လိုက်ပြီးမှ ဆက်ပြောသည်။

“ဒါပေမဲ့ သူက လူသားမျိုးနွယ်ရဲ့ အနာဂတ်မျှော်လင့်ချက်ပဲ။ လူသားမျိုးနွယ်ရဲ့ သေခြင်း၊ ရှင်ခြင်းက သူ့အပေါ် မူတည်နေတယ်”

“ဘာ...”

ဝိညာဉ်ဘုရင် အံ့အားသင့်သွားပြီး ဆောင်းဥတုအရှင်နှင့် ချီချင်ချန်တို့လည်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ တိရှအရှင်က ချဲ့ကား၍ ပြောနေခြင်းဟု သူတို့နှစ်ယောက်စလုံး တွေးလိုက်ကြသည်။ လူသားမျိုးနွယ်က ယခုအခြေအနေသို့ ရောက်နေပေပြီ။ ကျန်းရီက လူသားမျိုးနွယ်ကို ဤအခြေအနေမှနေ၍ အမှန်တကယ် ကယ်တင်နိုင်ပါမည်လော။

“တိရှအရှင်... ခင်ဗျား ပေါက်ကရတွေ ပြောနေတာ မဟုတ်ဘူးဆိုတာ သေချာလား”

ဝိညာဉ်ဘုရင်က မယုံကြည်နိုင်ဟန်ဖြင့် မေး၏။

“ဟင်းဟင်း...”

တိရှအရှင်သည် ခပ်အေးအေးပြုံးကာ လှမ်းကြည့်လိုက်၏။

“ကျုပ် ငယ်ငယ်တုန်းက ကောင်းကင်ဘုံကို ရောက်ခဲ့ဖူးတာ ခင်ဗျားတို့လည်း သိမှာပေါ့။ အဲ့တုန်းက ကျုပ်က ယန်မဟာဧကရာဇ်စစ်တပ်ထဲမှာ စစ်သူကြီးတစ်ယောက် ဖြစ်ခဲ့တယ်”

“အင်း... အဲ့ဒါကို ကျုပ်တို့အကုန်လုံး သိသားပဲ”

ဆောင်းဥတုအရှင်က ခေါင်းညိတ်ကာ ဝိညာဉ်ဘုရင်ကို ကြည့်လိုက်သည်။

“ဝိညာဉ်ဘုရင်ကလည်း ရူးသွပ်မဟာဧကရာဇ်စစ်တပ်ထဲမှာ စစ်သူကြီးတစ်ယောက် ဖြစ်ခဲ့ဖူးတယ် မဟုတ်လား”

“အဲ့ဒါတွေကို မေ့လိုက်ပါတော့...”

ဝိညာဉ်ဘုရင်က လက်ဝှေ့ယမ်းကာ ပြောသည်။ သူ အတိတ်ကို ပြန်မတွေးလိုပေ။

“တိရှအရှင်... ခင်ဗျားပြောချင်တာကို တဲ့တိုးပြောပါ”

“အဲ့တုန်းက ကောင်းကင်ဘုံက အတော်လေး အင်အားကြီးနေတုန်းပဲ...”

တိရှအရှင် အတိတ်ကို ပြန်မြင်ယောင်လာသည်။

“ယန်မဟာဧကရာဇ်က စစ်တပ်ကို ဦး‌ဆောင်ပြီး ကြယ်တာရာဘုံမှာ သွားတိုက်ခိုက်ခဲ့တယ်။ ကျုပ်တို့တွေ မရေမတွက်နိုင်တဲ့ တမလွန်ဘုံမိစ္ဆာတွေကို ရှင်းပစ်ခဲ့ကြတယ်။ နောက်ဆုံး ကျုပ်တို့ ကြယ်တာရာမြို့ကို ပြန်သိမ်းပိုက်နို်ငခဲ့တယ်။ ကြယ်တာရာမြို့ထဲမှာ ကျုပ် ဘာရခဲ့လဲဆိုတာ ခင်ဗျားတို့ ခန့်မှန်းကြည့်ကြ”

ချီချင်ချန်သည် အသက်ပင် ကျယ်ကျယ်မရှူဝံ့ဘဲ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“ဘာရခဲ့တာလဲ”

“မှော်ဖန်လုံးတစ်လုံး”

တိရှအရှင်က လေသံပြတ်ပြတ်ဖြင့် ဆက်ပြောသည်။

“မှော်ဖန်လုံးတွေက ပုံရိပ်တွေကို မှတ်တမ်းတင်ထားနိုင်တယ်။ ကျုပ်ရခဲ့တဲ့ မှော်ဖန်လုံးက အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးတစ်ယောက်ရဲ့ ဖန်လုံးပဲ။ အဲ့ဖန်လုံးထဲမှာ သမိုင်းအပိုင်းအစတစ်ခုကို မှတ်တမ်းတင်ထားတယ်။ တမလွန်ဘုံမျိုးနွယ်က ကောင်းကင်နန်းတော်ကို ဝိုင်းရံထားတဲ့ မြင်ကွင်းပေါ့။ အဲ့ထဲမှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ် ဘယ်လိုအသတ်ခံလိုက်ရတယ်ဆိုတာကို မှတ်တမ်းတင်ထားတယ်”

“အဲ့ဒါက...”

ဆောင်းဥတုအရှင်နှင့် ဝိညာဉ်ဘုရင်တို့ မျက်လုံးပြူးသွားကြ၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ် မည်သို့အသတ်ခံလိုက်ရကြောင်းမှာ ပဟေဠိတစ်ခု ဖြစ်ခဲ့သည်။ တမလွန်ဘုံမျိုးနွယ်က ထိုမြင်ကွင်းကို မှတ်တမ်းတင်ထားလိမ့်မည်ဟု သူတို့ မထင်ခဲ့ပေ။

ဆောင်းဥတုအရှင်၊ ဝိညာဉ်ဘုရင်နှင့် ချီချင်ချန်တို့သည် ပါးစပ်မဟဝံ့တော့ဘဲ တိရှအရှင်က ထိုပဟေဠိအား ဖြေရှင်းမည်ကိုသာ စောင့်ဆိုင်းနေလိုက်ကြသည်။ တိရှအရှင်သည် မျက်လုံးမှိတ်ကာ စက္ကန့်အတော်ကြာအောင် နှုတ်ဆိတ်သွား၏။ နောက်မှ သူ သက်ပြင်းချလိုက်သည်။

“တမလွန်ဘုံဧကရာဇ်က သန်းရာချီတဲ့ တမလွန်ဘုံမျိုးနွယ် စစ်တပ်ကြီးတစ်ခုကို ဦးဆောင်ပြီး ကောင်းကင်နန်းတော်ကို ဝိုင်းရံထားတယ်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သူ့ကိုယ်သူ သတ်သေပြီး ကောင်းကင်နန်းတော်ကို ပျောက်ကွယ်သွားစေခဲ့တယ်။ ကောင်းကင်ဧကရာဇ်ရဲ့ နတ်ဘုရားလက်နက်ကလည်း ခုနစ်ပိုင်းကွဲထွက်သွားခဲ့တယ်...”

“နေပါဦး...”

ဝိညာဉ်ဘုရင်သည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွား၍ တိရှအရှင်ကို စကားဖြတ်ပြောလိုက်သည်။

“ကောင်းကင်ဧကရာဇ်ရဲ့ နတ်ဘုရားလက်နက်က တမလွန်ဘုံဧကရာဇ်ဆီမှာ မဟုတ်ဘူးလား။ အဲ့အကြောင်းကို ကောင်းကင်ဘုံတစ်ခွင်လုံး သိတယ်မဟုတ်ဘူးလား”

“မဟုတ်ဘူး...”

တိရှအရှင်က ခိုင်မာစွာ ပြန်ပြောသည်။

“တမလွန်ဘုံဧကရာဇ်က ကောင်းကင်ဧကရာဇ်ရဲ့ နတ်ဘုရားလက်နက်ကို တုပပြီးလုပ်ခဲ့တာ ဖြစ်မယ်။ ကောင်းကင်ဧကရာဇ်ရဲ့ နတ်ဘုရားလက်နက်က တစ်ပိုင်းစီ ကွဲထွက်သွားခဲ့တာပဲ။ အဲ့ဒါကို ကျုပ်မျက်လုံးတွေနဲ့ ကိုယ်တိုင်မြင်ခဲ့တာ။ ချင်ချန်... မင်းလည်း မြင်ခဲ့မှာပေါ့”

“ကျွန်မလား...”

ချီချင်ချန် ခပ်ဖြည်းဖြည်း မျက်တောင်ပုတ်ခတ်လိုက်၏။ ရုတ်တရက် သူမ သဘောပေါက်သွား၏။ သူမ တစ်ကိုယ်လုံး တုန်ယင်သွားပြီး တုန်ယင်သောအသံဖြင့် ပြောလိုက်၏။

“တိရှအရှင်... ကျန်းရီရဲ့ မီးနဂါးဓားက ကောင်းကင်ဧကရာဇ်ရဲ့ နတ်ဘုရားလက်နက်လို့ ပြောနေတာလား”

“ဟုတ်လည်း ဟုတ်တယ်၊ မဟုတ်လည်း မဟုတ်ဘူး”

တိရှအရှင်က ခေါင်းညိတ်ကာ ပြန်ပြောသည်။

“သူ့မှာက အပိုင်းနည်းနည်းပဲ ရှိသေးတယ်။ အပိုင်းအကုန်လုံးကို မစုစည်းရသေးဘူး။ မင်း ကျန့်ရှဆန်းကြယ်နယ်မြေထဲက ကျန့်ရှဘုရင်ကို မှတ်မိတယ် မဟုတ်လား။ တကယ်တော့ ကျန့်ရှဘုရင်က ကောင်းကင်ဧကရာဇ်ရဲ့ နတ်ဘုရားလက်နက်ရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာကို ငါ သိထားတယ်။ နောက်ဆုံးကျ ကျန့်ရှဘုရင်ကို ဘယ်သူက သိမ်းသွင်းနိုင်ခဲ့လဲ”

“ကျန်းရီ...”

ချီချင်ချန် ရေရွတ်လိုက်သည်။

“ဟုတ်တယ်... ကျန့်ရှဘုရင်က မီးနဂါးဓားနဲ့ ပေါင်းစည်းခဲ့တာပဲ။ နောက်တော့ မီးနဂါးဓားရဲ့ အရှိန်အဝါက အဆအများကြီး ပိုအားကောင်းလာခဲ့တယ်...”

ရှူး...ရှူ...

ဆောင်းဥတုအရှင်နှင့် ဝိညာဉ်ဘုရင်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြ၏။ ကျန်းရီ၏ လက်ထဲတွင် ရှိနေသော ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်က တစ်လောကလုံးကို အုပ်စိုးနိုင်သော လက်နက်ဖြစ်သည်။ ယင်းမှာ မည်သည့်အဓိပ္ပာယ်ဖြစ်ကြောင်းလည်း ထင်ရှားသည်။ ကျန်းရီက ယန်ကိုးပါးမဟာဧကရာဇ်၏ ဆက်ခံသူပင်။

All Chapters