အဘိုးကြီးများ
Vol. 122 Ch. 1701
ယန်ကိုးပါးကောင်းကင်ဧကရာဇ်မှာ မည်သူနည်း။
တိရှအရှင်၊ ဝိညာဉ်ဘုရင်နှင့် ဆောင်းဥတုအရှင်တို့ သုံးယောက်အတွက် ယန်ကိုးပါးကောင်းကင်ဧကရာဇ်မှာ ကောင်းကင်ထက်မှ လမင်းကြီးဖြစ်သည်။ မဟာဧကရာဇ်လေးပါးသည်ပင် သူတို့အတွက် အလွန်အရေးပါနေပြီဖြစ်ရာ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ဆိုလျှင် ပြောနေရန်ပင် မလိုတော့ပေ။
ကျန်းရီက ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဆက်ခံသူ ဖြစ်လိမ့်မည်ဟု မည်သူက ထင်ခဲ့မည်နည်း။ ကျန်းရီမှာ လူသားသမိုင်းတစ်လျှောက်တွင် ဉာဏ်အကောင်းဆုံး၊ သိုင်းပညာတွင် ပါရမီအထူးဆုံး သူများထဲမှ တစ်ယောက်ဖြစ်သလို ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူလည်း ဖြစ်နေသည်။ အကယ်၍ ကျန်းရီအကြောင်းသာ ပေါက်ကြားသွားလျှင် မိုးပြာမဟာဧကရာဇ်နှင့် အခြားဧကရာဇ်များပင် သူ့အား ဦးညွှတ်နှုတ်ဆက်ရပေလိမ့်မည်။
အဘယ်ကြောင့် တိရှအရှင်က ကျန်းရီကို ထိုမျှအထင်ကြီးနေပြီး ကျန်းရီက လူသားမျိုးနွယ်၏ အနာဂတ်မျှော်လင့်ချက်ဟု ပြောခဲ့ကြောင်းကို ဆောင်းဥတုအရှင်နှင့် ဝိညာဉ်ဘုရင်တို့ နားလည်သွားကြသည်။
လူသားမျိုးနွယ်၏ ပျက်သုဉ်းမှုက နီးကပ်လာပြီဖြစ်သည်။ တမလွန်ဘုံမျိုးနွယ်ကို ခုခံနိုင်ရန် လူသားမျိုးနွယ်ကို ဦးဆောင်နိုင်မည့် စွမ်းအားကြီးလူသားတစ်ယောက် လိုအပ်သည်။ မဟာဧကရာဇ်လေးပါးက တစ်ပါးထံတွင်တစ်ပါး လက်အောက်မခံလိုကြသလို ယန်ကိုးပါးစစ်တပ်နှင့် မိစ္ဆာသတ်ဖြတ်စစ်တပ်တို့ကလည်း မဟာဧကရာဇ်စစ်တပ်လေးတပ်အောက်သို့ မဝင်လိုကြပေ။ သို့သော် ကျန်းရီက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဆိုလျှင် သူ၏အဆင့်အတန်းနှင့် ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်ကို အသုံးပြု၍ အားလုံးကို စုစည်းနိုင်ပေသည်။
သို့သော်...
ထိုသို့လုပ်ဆောင်နိုင်ရန် ကျန်းရီက လုံလောက်အောင် အင်အားကြီးနေရန် လိုအပ်သည်။ မဟုတ်လျှင် သူ၏ ဇာစ်မြစ်နှင့် လက်နက်က သူ၏ပျက်သုဉ်းခြင်းကို ဖြစ်စေပေလိမ့်မည်။
“ဝိညာဉ်ဘုရင်... ခင်ဗျား သွားမှာလား၊ မသွားဘူးလား”
တိရှအရှင်၏ အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
“ခင်ဗျား မသွားဘူးဆိုရင်... ခင်ဗျားရဲ့မြေးက လောကကြီးကို အုပ်စိုးတဲ့အချိန်ကျရင် သူက ခင်ဗျားကို အဘိုးအဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူး”
ဝိညာဉ်ဘုရင်၏ မျက်လုံးများ တောက်ပသွား၏။ သူ တိရှအရှင်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
“တိရှအရှင်... ခင်ဗျား ကျုပ်ကို လိမ်နေတာတော့ မဟုတ်ဘူးမလား”
“ခင်ဗျား သွားချင်သွား၊ မသွားချင်နေ၊ ကျုပ် ဂရုမစိုက်တော့ဘူး”
တိရှအရှင်သည် လေထပ်ဖြုန်းမနေတော့ဘဲ ရဲတိုက်၏ အကာအရံများကို ဖွင့်ကာ အပြင်သို့ လျှောက်ထွက်သွားလိုက်သည်။ ဆောင်ဥတုအရှင်ကလည်း တစ်စက္ကန့်ပင် တုံ့ဆိုင်းမနေဘဲ ထွက်သွားသည်။ ထိုအခါမှ ဝိညာဉ်ဘုရင် အံကြိတ်ကာ အော်ပြောလိုက်သည်။
“ရီထူ... အထဲကို ဝင်လာခဲ့”
ဝှစ်...
ရီထူ ပျံဝင်လာသောအခါ ဝိညာဉ်ဘုရင်က သူ့အား ခပ်သွက်သွက် ညွှန်ကြားလိုက်သည်။
“ငါ ကောင်းကင်ဘုံကို သွားမယ်၊ ငါ မရှိတဲ့အချိန် မင်းက ရီမျိုးနွယ်ခေါင်းဆောင်ပဲ။ ငါ ပြန်မလာနိုင်ခဲ့ရင် မင်းပဲ ရီမျိုးနွယ်ကို ဦးဆောင်ပါ။ တကယ်လို့ မကောင်းတာတစ်ခုခု ဖြစ်လာခဲ့ရင် ငါတို့ ကြိုတင်စီစဉ်ထားသလို ဆောင်ရွက်ပါ”
“ခမည်းတော်...”
ရီထူ စိတ်လှုပ်ရှားသွား၏။ သို့သော် ဝိညာဉ်ဘုရင်က အော်ပြောလိုက်သည်။
“မေးခွန်းတွေ အများကြီးမမေးနဲ့။ ပြီးတော့ ဖျောင်ဖျောင်ကို သူတော်စင်အကျဉ်းထောင်ထဲမှာပဲ ဆက်ထား။ အပြင်မှာ ဖြစ်နေတာတွေကို သူ သိလို့မဖြစ်ဘူး”
ဝှစ်...
ဝိညာဉ်ဘုရင်သည် မှာစရာရှိသည်များကို မှာကြားပြီးနောက် အပြင်သို့ လှစ်ခနဲ ပျံထွက်လိုက်၏။ အပြင်ရောက်သောအခါ သူ တိရှအရှင်နှင့် ဆောင်းဥတုအရှင်တို့ကို မေးလိုက်သည်။
“ခင်ဗျားတို့ ဘာတွေ စီစဉ်ကြဦးမလဲ။ စီစဉ်စရာမရှိရင် ဟွင့်သွမ့်ပင်လယ်ဆီ တည်နေရာပြောင်းရွှေ့ကြတာပေါ့”
“သွားကြစို့”
သူတို့သည် လိုအပ်သည်အားလုံးကို စီစဉ်ထားပြီးဖြစ်သည်။ ဆောင်းဥတုအရှင်သည် ချီချင်ချန်ကို ခေတ္တမျှ ကြည့်လိုက်၏။ ထို့နောက် သူတို့သုံးယောက်သည် ရီမျိုးနွယ်၏ ရဲတိုက်တစ်လုံးထဲသို့ လျင်မြန်စွာ ဝင်သွားကြသည်။ မကြာခင်တွင် အလင်းတန်းတစ်ခု လင်းလက်လာပြီး သုံးယောက်သား ဟွင့်သွမ့်ပင်လယ်သို့ တည်နေရာပြောင်းရွှေ့သွားကြလေသည်။
“ယန်ကိုးပါးကောင်းကင်ဧကရာဇ်... ဧကရာဇ် ကျွန်မရဲ့ ဆုတောင်းကို ကြားနိုင်ရင် ဧကရာဇ်ရဲ့ လောကသားတွေကို ကာကွယ်ပေးပါ...”
ချီချင်ချန်သည် ရှုပ်ထွေးသော မျက်နှာထားဖြင့် ကောင်းကင်ထက်သို့ ထိုးတက်သွားသော အလင်းတန်းကြီးကို ကြည့်၍ ဆုတောင်းလိုက်သည်။ ရီထူ၊ ရီပုဟွေနှင့် အခြားသူများသည်လည်း မှင်တက်စွာရပ်၍ အလင်းတန်းကြီးကို ကြည့်နေကြသည်။ ထိုအဘိုးကြီးသုံးယောက် မည်သည့်အရာများအား လုပ်တော့မည်ကို သူတို့အားလုံး ခန့်မှန်းနေကြပေသည်။
ကောင်းကင်ဘုံ...
အထက်ဘုံမှ လူများအတွက် ကောင်းကင်ဘုံမှာ အလွန်အန္တရာယ်များသောနေရာတစ်ခုဖြစ်သည်။ ကောင်းကင်ဘုံတွင် သူတို့ အလွယ်တကူ အသက်ဆုံးရှုံးရနိုင်သည်။ ထိုအဘိုးကြီးသုံးယောက် ကောင်းကင်ဘုံမှနေ၍ ဘေးကင်းကင်း ပြန်လာနိုင်၊ မလာနိုင်မှာ ကောင်းကင်၏အလိုအပေါ်တွင် မူတည်ပေသည်။
***
အဘိုးကြီးသုံးယောက်သည် ကောင်းကင်ဝိညာဉ်ကျွန်းသို့ တည်နေရာပြောင်းရွှေ့ခဲ့၏။ ကျွန်းပေါ်တွင် အုပ်ချုပ်သူအဆင့် သိုင်သမား ဆယ်ယောက် စောင့်ကြပ်နေသည်။ အဘိုးကြီးသုံးယောက်သည် ထိုအစောင့်များက သူတို့ကို ပြဿနာရှာလိမ့်မည်ဟု ထင်ခဲ့ကြ၏။ သို့သော် သူတို့က ကောင်းကင်ဘုံသို့သွား၍ စစ်ထဲဝင်ကြမည့်သူများဟု ပြောလိုက်သောအခါ အစောင့်များသည် မည်သည့်မေးခွန်းမှ ထပ်မမေးကြတော့ဘဲ သူတို့အတွက် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုကို ချက်ချင်းနှိုးပေးကြပေသည်။
ထို့ကြောင့် သူတို့သုံးယောက်သည် ဟွင့်သွမ့်ပင်လယ်ထဲတွင်ပင် သတင်းမစုဆောင်းနိုင်တော့ပေ။ တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးပြီးပြီဖြစ်ရာ သူတို့ များစွာ မတွေးတောတော့ဘဲ အရင်ဆုံး ကောင်းကင်ဘုံသို့ တက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။
နာရီနှစ်ဆယ်ကျော် တည်နေရာပြောင်းရွှေ့ပြီးနောက် သူတို့သုံးယောက်သည် ယန်ကိုးပါးမြို့ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုထဲတွင် ထွက်ပေါ်လာကြ၏။ သူတို့သုံးယောက်၏ အရှိန်အဝါများက အလွန်အားကောင်းရာ အစီအရင်အနီးမှ အစောင့်များက ချက်ချင်း အာရုံစိုက်လိုက်ကြသည်။ ထို့နောက် တပ်မှူးချုပ်တစ်ယောက် ရောက်လာကာ မေးမြန်းလိုက်သည်။
“ခင်ဗျားတို့သုံးယောက်က ဘယ်သူတွေလဲ။ အထက်ဘုံကလား”
ဤနေရာက ကောင်းကင်ဘုံဖြစ်သော်လည်း ဝိညာဉ်ဘုရင်သည် ယခင်က ရူးသွပ်မဟာဧကရာဇ်စစ်တပ်ထဲတွင် စစ်သူကြီးပင် ဖြစ်ဖူးသူဖြစ်ရာ သူ၏အရှိန်အဝါက ထိုအုပ်ချုပ်သူအဆင့် တပ်မှူးချုပ်၏ အရှိန်အဝါထက် များစွာပိုအားကောင်းပေသည်။ ဝိညာဉ်ဘုရင်သည် အမိန့်ပြားတစ်ပြားကိုထုတ်၍ ပစ်ပေးလိုက်ပြီး မားမားမတ်မတ် ရပ်နေလိုက်၏။
“အာ... စစ်သူကြီးရီဟူပဲ”
ဝိညာဉ်ဘုရင်၏ အမိန့်ပြားမှာ သူ ရူးသွပ်မဟာဧကရာဇ်စစ်တပ်ထဲတွင် ရှိခဲ့စဉ်က ရထားသော အမိန့်ပြားဖြစ်သည်။ နောက်ပိုင်းတွင် သူ အထက်ဘုံသို့ ပြန်သွားခဲ့သော်လည်း ထိုအမိန့်ပြားကို သိမ်းထားခဲ့သည်။ တပ်မှူးချုပ်သည် အမိန့်ပြားကို စစ်ဆေးပြီးနောက် စိတ်အေးသွား၏။ သူသည် တိရှအရှင်နှင့် ဆောင်းဥတုအရှင်တို့ကိုပင် မစစ်ဆေးတော့ဘဲ လက်ဆုပ်ကာ ပြောလိုက်သည်။
“ဒီတစ်ခေါက် ကောင်းကင်ဘုံကို ဘာလာလုပ်တာပါလဲ စစ်သူကြီးရီ။ စစ်သူကြီးက ယန်ကိုးပါးစစ်တပ်ထဲ ဝင်ချင်တယ်ဆိုရင် ကျွန်တော် ကောင်းကင်ဘုရင်တွေကို ချက်ချင်း အကြောင်းကြားပေးပါမယ်။ စစ်သူကြီးအနေနဲ့ တစ်ခါတည်း ရာထူးမြင့်မြင့်ရမှာပါ”
“ကျုပ်က အိုပါပြီ။ ကျုပ် စစ်ထဲဝင်လည်း ဘာအကျိုးမှ ရှိမှာ မဟုတ်ပါဘူး။ ဒီတစ်ခေါက် ကျုပ်လာခဲ့တာ အလည်အပတ်သဘောမျိုးပါပဲ”
ဝိညာဉ်ဘုရင်သည် လက်ဆုပ်၍ ပြန်ပြောလိုက်ပြီး တိရှအရှင်နှင့် ဆောင်းဥတုအရှင်တို့ကို ခေါ်ကာ တည်းခိုးခန်းတစ်ခန်းသို့ သွားလိုက်သည်။ တပ်မှူးချုပ်သည် ဝိညာဉ်ဘုရင်ကို အနှောင့်အယှက် မပေးတော့ပေ။ ဓာတုဘုံများမှ အဘိုးကြီးအချို့သည် ဤကဲ့သို့ပင် ကောင်းကင်ဘုံသို့ အလည်အပတ် ရောက်လာတတ်ကြသည်။ ယင်းမှာ သာမန်သာဖြစ်သည်။
“ဝိညာဉ်ဘုရင်... ဘာလို့ ကျုပ်တို့ ယန်ကိုးပါးစစ်တပ်ထဲ မဝင်လိုက်တာလဲ။ အဲ့လိုဆို သတင်းအချက်အလက်တွေရဖို့ ပိုလွယ်သွားမယ် မဟုတ်ဘူးလား”
တည်းခိုခန်းထဲရောက်သောအခါ ဆောင်းဥတုအရှင်က ချက်ချင်းမေးလိုက်သည်။
“ဟားဟား...”
ဝိညာဉ်ဘုရင်က ရယ်၍ ပြန်ပြော၏။
“ကျုပ်က ရူးသွပ်မဟာဧကရာဇ်စစ်တပ်ကပဲ။ ကျုပ်က အငြိမ်းစားယူပြီးပြီဆိုပေမဲ့ ဘယ်လိုလုပ် ယန်ကိုးပါးစစ်တပ်ထဲကို အလွယ်လေး ဝင်နိုင်မှာလဲ”
ဝိညာဉ်ဘုရင်က ဆက်ပြောသည်။
“ပြီးတော့ ကျုပ်တို့သာ ယန်ကိုးပါးစစ်တပ်ထဲဝင်လိုက်ရင် သတင်းစုဆောင်းဖို့ ပိုခက်သွားလိမ့်မယ်။ ယန်ကိုးပါးစစ်တပ်ထဲမှာ ဝိညာဉ်မျိုးနွယ်ဝင်တွေ ရှိသေးတယ်။ ကျုပ် သူတို့ကို ဆင့်ခေါ်ပြီး သတင်းမေးနိုင်ပါတယ်”
“အင်း...”
တိရှအရှင်က လက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူတို့ စစ်တပ်ထဲဝင်လိုက်လျှင် ပြန်ထွက်ရန် ခက်ခဲပေလိမ့်မည်။ ဝိညာဉ်ဘုရင်က စစ်တပ်ထဲမှ သတင်းများကို အလွယ်တကူ စုံစမ်းနိုင်ရာ သူတို့ ယန်ကိုးပါးစစ်တပ်ထဲဝင်ရန် မလိုအပ်ပေ။
ရွှီး...
ဝိညာဉ်ဘုရင်သည် အဖြူရောင်အမိန့်ပြားတစ်ပြားကို ထုတ်၍ ၎င်းအတွင်းသို့ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်၏။ ထို့နောက် သူ မျက်လုံးမှိတ်ကာ ၎င်းအပေါ် အာရုံစိုက်လိုက်သည်။ ငါးမိနစ်ကြာပြီးနောက် မျက်လုံးပြန်ဖွင့်၍ ပြောသည်။
“ဟုတ်ပြီ... မြို့ထဲမှာ ဝိညာဉ်မျိုးနွယ်ဝင်တစ်ယောက် ရှိနေတယ်။ ခဏနေရင် သူ ဒီကို ရောက်လာလိမ့်မယ်”
“ကောင်းတယ်...”
တိရှအရှင်က လက်မထောင်၍ ချီးကျူးလိုက်၏။ သူ အမှန်တကယ် အထင်ကြီးသွားခြင်းပင်။ ဝိညာဉ်မျိုးနွယ်ဝင်များက ထိပ်တန်းထောက်လှမ်းရေးများဖြစ်သဖြင့် နေရာတိုင်းတွင် ကြိုဆိုခံရပေသည်။ လောကတစ်ခွင်လုံးတွင် ဝိညာဉ်မျိုးနွယ်ဝင်များရှိသည်။ ကောင်းကင်ဘုံမှ အဖွဲ့အစည်းတိုင်းတွင်လည်း ဝိညာဉ်မျိုးနွယ်ဝင်အနည်းငယ်စီ ရှိကြသည်။ ဝိညာဉ်ဘုရင်မှာ မျိုးနွယ်ခေါင်းဆောင်ဖြစ်ရာ ထိုဝိညာဉ်မျိုးနွယ်ဝင်များကို စိတ်ကြိုက်ဆင့်ခေါ်နိုင်ပေသည်။
သူတို့သုံးယောက် စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် အခန်း၏ အကာအရံများ လင်းလက်လာ၏။ တိရှအရှင်သည် အကာအရံများကို ဖွင့်ပေးလိုက်ရာ အခန်းထဲသို့ လေပြေတစ်ချက် တိုးဝင်လာပြီး လူတစ်ယောက်အဖြစ် စုစည်းသွားသည်။ ထိုသူက ဒူးထောက်ကာ ပြောလိုက်သည်။
“ရီကူ မျိုးနွယ်ခေါင်းဆောင်နဲ့ အရှင်တို့ကို အရိုအသေပေးပါတယ်”
“ရီကူလား...”
ဝိညာဉ်ဘုရင် မျက်မှောင်ကြုတ်လိုက်၏။ သူ ထိုသူအား ဤနေရာတွင် တာဝန်ချထားပေးခဲ့သည်ကို မမှတ်မိပေ။
“မင်းက ဘယ်မိသားစုကလဲ”
ရီကူက တင်ပြသည်။
“မျိုးနွယ်ခေါင်းဆောင်ကို တင်ပြပါတယ်.. ကျွန်တော်က ပဉ္စမမိသားစုကပါ။ ကျွန်တော့်ရဲ့ အကြီးဆုံးအဘိုးက ရီရှန်းပါ”
“ဪ..ဪ... မင်းက ရီရှန်းရဲ့ မိသားစုကကိုး”
ဝိညာဉ်ဘုရင် ခေါင်းညိတ်လိုက်သည်။ ရီရှန်းမှာ မျိုးနွယ်ထဲရှိ အလွန်အရေးပါသော အကြီးအကဲတစ်ယောက်ပင်။ ထိုမျိုးနွယ်ဝင်၏ ဇာစ်မြစ်ကို အတည်ပြုပြီးနောက်တွင် ဝိညာဉ်ဘုရင်သည် တိရှအရှင်က အခန်း၏ အကာအရံများအား ပြန်နှိုးမည်ကို စောင့်လိုက်သည်။ ပြီးမှ သူ မေးလိုက်လေသည်။
“မင်းဆီမှာ ကျန်းရီရဲ့သတင်းတွေ ရှိလား”
“ကျန်းရီလား...”
ရီကူသည် မျက်မှောင်ကြုတ်ကာ ခေတ္တမျှ တွေးတောကာ ပြောဖြေလိုက်၏။
“ကျန်းရီနဲ့ပတ်သတ်တဲ့ သတင်းတွေကို ဖုံးဖိထားပါတယ်။ ဒါပေမဲ့ တချို့သတင်းတွေကို စုံစမ်းဖို့က မခက်လောက်ပါဘူး”
“ဖုံးဖိထားတာလား”
တိရှအရှင်နှင့် ဆောင်းဥတုအရှင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ချီချင်ချန်၏ ခန့်မှန်းချက်က မှန်နေပြီလော။
ဝိညာဉ်ဘုရင်သည် တစ်ခဏမျှတွေးတောကာ ပြောလိုက်သည်။
“ကျန်းရီက လုံထန်ဆန်းကြယ်နယ်မြေထဲမှာ ပိတ်မိနေတယ်လို့ ငါကြားထားတယ်။ မင်း အဲ့အကြောင်းနဲ့ပတ်သတ်ပြီး ဘာတွေသိထားလဲ”
“သိထားပါတယ်”
ရီကူက အလွန်ပြတ်သားစွာ ပြောသည်။
“အဲ့နေ့တုန်းက သခင်မလေးယွင်ပင်းက စစ်တပ်ကို ရေးကြီးသုတ်ပြာနဲ့ ပြန်လာခဲ့ပါတယ်။ နောက်တော့ ကောင်းကင်ဘုရင်ယွင်ကိုယ်တိုင် အပြင်ထွက်သွားခဲ့ပါတယ်။ ကြည့်ရတာ သူတို့ရဲ့တာဝန်က တစ်ခုခု မှားသွားတဲ့ပုံပါပဲ။ ငှက်တောင်ပျံတပ်က အများကြီး ဆုံးရှုံးခဲ့ပါတယ်။ ကျန်းရီကသာ မကူညီခဲ့ရင် သခင်မလေးယွင်ပင်းတောင် သေသွားလောက်ပါပြီ...”
“အန်...”
အဘိုးကြီးသုံးယောက်သည် သူတို့ကြားလိုက်ရသည်ကို အတန်ငယ် ယုံကြည်သွားဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ကျန်းရီ၏ အကျင့်စရိုက်က ထိုသို့သာ မဟုတ်ပါလား။ ဝိညာဉ်ဘုရင်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ကျန်းရီက တကယ် လုံထန်ဆန်းကြယ်နယ်မြေထဲမှာ ပိတ်မိနေ၊ မနေဆိုတာကို သွားစုံစမ်းလိုက်။ မင်း ရနိုင်သမျှ သတင်းမှန်သမျှကို စုဆောင်းခဲ့”
ရီကူသည် ဦးညွှတ်၍ အမိန့်နာခံကာ တည်းခိုခန်းအတွင်းမှနေ၍ ချက်ချင်းပျံထွက်သွား၏။ အပြင်သို့ ရောက်သောအခါ သူ့မျက်နှာပေါ်တွင် ကောက်ကျစ်သော အေးစက်စက်အပြုံး ထွက်ပေါ်လာ၏။ သူသည် သူသာကြားနိုင်လောက်သော လေသံဖြင့် ရေရွတ်လိုက်သည်။
“အဘိုးကြီး... ခင်ဗျား မသေရင် ဘယ်လိုလုပ် ကျုပ်အဘိုးက ပလ္လင်ကို ရနိုင်မှာလဲ”