မိစ္ဆာချုပ်နှောင်အစီအရင်
Vol. 122 Ch. 1702
ရီကူက သတင်းစုံစမ်းရန် သွားပြီ ဖြစ်သော်လည်း ဝိညာဉ်ဘုရင် စိတ်မအေးနိုင်သေးပေ။ သူသည် အမိန့်ပြားကို ထုတ်၍ ထပ်မံအာရုံစိုက်လိုက်၏။ မကြာခင်မှာပင် မြို့ထဲရှိ အခြားဝိညာဉ်မျိုးနွယ်ဝင်တစ်ယောက်ကို သူ ရှာတွေ့လိုက်သည်။ သို့သော် ထိုမျိုးနွယ်ဝင်က တာဝန်တစ်ခု ထမ်းဆောင်နေရင်းတန်းလန်းဖြစ်၍ နှစ်နာရီကြာပြီးမှ ရောက်လာနိုင်သည်။
ထိုအရာက အဘိုးကြီးသုံးယောက်ကို သံသယမဖြစ်စေပေ။ ထိုမျိုးနွယ်ဝင်များက ဝိညာဉ်မျိုးနွယ်၏ မိသားစုခွဲများမှ မျိုးနွယ်ဝင်များသာ။ ဝိညာဉ်ဘုရင် ဆင့်ခေါ်လိုက်သည်နှင့် သူတို့ ချက်ချင်းရောက်လာမှသာ သံသယဖြစ်စရာကောင်းမည်ဖြစ်သည်။
ထိုဝိညာဉ်မျိုးနွယ်ဝင် ပြောသည်များကလည်း ရီကူပြောခဲ့သည်များနှင့် အနည်းနှင့်အများဆိုသလို တူညီသည်။ သူက အသေးစိတ်မသိသော်လည်း အကြောင်းအရာအချို့ကို သိထားသည်။
သတင်းအမှားများ ပေးရန် ထိုထောက်လှမ်းရေးနှစ်ယောက်ကို ကြိုစီစဉ်ထားသော နောက်ကွယ်မှ ကြိုးကိုင်သူက အတော်လေး ဉာဏ်ကောင်းသည်ဟု ဆိုရပေမည်။ ထို့ပြင် အကယ်၍ ဝိညာဉ်ဘုရင်က မေးသည်နှင့် ထိုထောက်လှမ်းရေးနှစ်ယောက်က ကျန်းရီမှာ အမှန်ပင် လုံထန်ဆန်းကြယ်နယ်မြေထဲတွင် ပိတ်မိနေကြောင်း တန်းပြောလိုက်လျှင် ဝိညာဉ်ဘုရင်တို့က သံသယဝင်သွားနိုင်ကြောင်းကို ကြိုးကိုင်သူက ခန့်မှန်းမိလောက်သည်။ ယခုတွင်မူ ထောက်လှမ်းရေးနှစ်ယောက်က အတိအကျ မပြောလိုက်သလို အကြောင်းအရာများကို အတန်ငယ်ကွဲပြားစွာ ပြောလိုက်ရာ ဝိညာဉ်ဘုရင်တို့သည် သံသယမဖြစ်သည့်အပြင် ပို၍ပင် စိတ်လှုပ်ရှားလာကြလေသည်။
နာရီနှစ်ဆယ်ကြာပြီးနောက် ရီကူ ပြန်ရောက်လာ၏။ ယခင်ကကဲ့သို့ပင် သူသည် တိကျသော သတင်းများကို မစုံစမ်းနိုင်ခဲ့ပေ။ ကျန်းရီက လုံထန်ဆန်းကြယ်နယ်မြေသို့ သွားခဲ့ကြောင်းကိုသာ သိခဲ့သည်။ သို့သော် လုံထန်ဆန်းကြယ်နယ်မြေထဲမှ သတင်းများကို မစုံစမ်းနိုင်ခဲ့ချေ။
“ကောင်းပြီ... မင်းသွားတော့။ ငါ မဆင့်ခေါ်ဘဲနဲ့ ငါတို့ကို လာမရှာနဲ့”
ယခုတွင် ဝိညာဉ်ဘုရင်သည် လုံးဝသတိလက်လွတ်ဖြစ်လာပေပြီ။ အဘိုးကြီးသုံးယောက်သည် လုံထန်ဆန်းကြယ်နယ်မြေနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို ကြည့်ရှု၍ ဗျူဟာများကို စတင်ဆွေးနွေးကြသည်။ နောက်ဆုံးတွင် သူတို့သုံးယောက်သည် အရင်ဆုံး လုံထန်နယ်မြေသို့သွား၍ အခြေအနေကို သူတို့ကိုယ်တိုင် စုံစမ်းရန် ဆုံးဖြတ်လိုက်ကြလေသည်။
လုံထန်ဆန်းကြယ်နယ်မြေက ကမ္ဘာဦးကောင်းကင်ဘုံ၏ အပြင်ဘက်တွင် တည်ရှိရာ သိပ်မဝေးပေ။ ဝိညာဉ်ဘုရင်ရှိနေလျှင် သူတို့သုံးယောက်သည် လုံထန်ဆန်းကြယ်နယ်မြေထဲသို့ လျှို့ဝှက်၍ ဝင်နိုင်သည်။ လုံထန်ဆန်းကြယ်နယ်မြေက အတော်လေး အန္တရာယ်များသည်။ ၎င်းက တမလွန်မြစ်ဆန်းကြယ်နယ်မြေနှင့် ဆင်တူသည်။ အထဲတွင် တမလွန်ဘုံမိစ္ဆာများစွာရှိပြီး လူသားမျိုးနွယ်နှင့် တမလွန်ဘုံမိစ္ဆာများက မပြတ် တိုက်ခိုက်နေကြသည်။ နှစ်စဉ်နှစ်တိုင်း ထိုဆန်းကြယ်နယ်မြေထဲတွင် ယန်ကိုးပါးတပ်သားများစွာ ကျဆုံးရပေသည်။
ဝိညာဉ်ဘုရင်တို့တွင် ပြဿနာတစ်ခု ရှိနေ၏။ သူတို့ အာကာသဟင်းလင်းပြင်ထဲ မည်သို့ ထွက်ရမည်နည်း။ ကမ္ဘာဦးကောင်းကင်ဘုံက အထက်ဘုံကဲ့သို့ မဟုတ်ပေ။ ဤနေရာမှာ အာကာပြင်က အလွန်ခိုင်မာသည်။ ဝိညာဉ်ဘုရင်သည်ပင် အာကာပြင်ကို မစုတ်ဖြဲနိုင်လောက်ပေ။
သူတို့သုံးယောက်သည် အတော်ကြာအောင် ဆွေးနွေးပြီးနောက် ရူးသွပ်မဟာဧကရာဇ်မြို့သို့ တည်နေရာပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ကြ၏။ သူတို့သည် ဝိညာဉ်ဘုရင်၏ အဆက်အသွယ်ဟောင်းများ၏ အကူအညီဖြင့် အာကာသထဲသို့ တည်နေရာပြောင်းရွှေ့ပြီးမှ လုံထန်ဆန်းကြယ်နယ်မြေသို့ ပျံသန်းသွားရန် စီစဉ်ထားသည်။ ထိုနည်းနှင့်ဆိုလျှင် သူတို့၏ခရီးက နှောင့်နှေးနိုင်သော်လည်း လုံခြုံပေလိမ့်မည်။ ထို့ပြင် ဝိညာဉ်မျိုးနွယ်ဝင်များက သူတို့၏ မျိုးနွယ်ခေါင်းဆောင်အား ကောင်းကင်ဘုံမှ အကြောင်းများကို သတင်းပေးနေကြောင်းလည်း ပေါ်သွားလိမ့်မည် မဟုတ်ပေ။
သူတို့သုံးယောက်သည် ယန်ကိုးပါးစစ်တပ်သို့သွား၍ အကူအညီတောင်းရန် လုံးဝမတွေးမိကြချေ။ ဝိညာဉ်ဘုရင်က ရူးသွပ်မဟာဧကရာဇ်စစ်တပ်မှ ဖြစ်ခဲ့ပြီး တိရှအရှင်မှာ ယန်မဟာဧကရာဇ်စစ်တပ်မှ ဖြစ်ခဲ့သည်။ ထို့ကြောင့် သူတို့သည် ယန်ကိုးပါးစစ်တပ်နှင့် စိမ်းနေသည်။ အခြားအကြောင်းတစ်မှာမူ မာနဖြစ်သည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင်အစွမ်းအစအပေါ်တွင်သာ မှီခိုလိုသည်။ အခြားသူများကို မတောင်းဆိုလိုပေ။
သုံးယောက်သား မြို့ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်သို့ သွားကာ နတ်ဘုရားအမြစ်များပေး၍ ရူးသွပ်မဟာဧကရာဇ်မြို့ဆီသို့ တည်နေရာပြောင်းရွှေ့လိုက်ကြ၏။ သူတို့ထွက်သွားသည်နှင့် ရီကူနှင့် အခြားဝိညာဉ်မျိုးနွယ်ဝင်တို့ သက်ပြင်းချလိုက်ကြသည်။ အရာအားလုံးက သူတို့၏ အစီအစဉ်အတိုင်း ဖြစ်နေပေသည်။ ဝိညာဉ်ဘုရင်က အမှန်ပင် ရူးသွပ်မဟာဧကရာဇ်မြို့သို့ တည်နေရာပြောင်းရွှေ့သွားသည်။ အကယ်၍ သူတို့သာ ယန်ကိုးပါးစစ်တပ်ကို အကူအညီသွားတောင်းလျှင် အစီအစဉ်က လုံးဝပျက်သွားနိုင်ပေသည်။
ရီကူနှင့် အခြားလူသည် ရဲတိုက်တစ်လုံး၏ လျှို့ဝှက်အခန်းထဲ ဝင်ကာ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်နှင့် တွေ့ဆုံး၍ သတင်းပေးလိုက်၏။ ထိုပုဂ္ဂိုလ်က တစ်ကိုယ်လုံး ဝတ်ရုံနက်ခြုံထားရာ ရီကူတို့သည် ၎င်းက မည်သူဖြစ်ကြောင်းကို မသိနိုင်ကြပေ။
“ဟုတ်ပြီ... မင်းတို့ရဲ့တာဝန် ပြီးပြီ”
ထိုဝတ်ရုံနက် ရီကူတို့နှစ်ယောက်၏ တင်ပြချက်ကို ကြားသောအခါ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“အခု သွားကြတော့။ လူတစ်ယောက်က မင်းတို့နှစ်ယောက်ကို ခေါ်သွားလိမ့်မယ်။ မင်းတို့ ခဏလောက် ပုန်းနေလိုက်ကြ။ ပြီးမှ ငါ မင်းတို့ကို ဆုချီးမြှင့်မယ်။ ငါ မင်းတို့နှစ်ယောက်ကို ကတိပေးပါတယ်၊ ဝိညာဉ်ဘုရင် သေသွားရင် ရီရှန်းက ဒုတိယဝိညာဉ်ဘုရင် ဖြစ်လာလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်အရှင်”
ရီကူ ဒူးထောက်က ခံစားချက်များဖြင့် ဦးညွှတ်လိုက်၏။ ထို့နောက် သူသည် အခြားလူကိုခေါ်ကာ ထွက်သွားသည်။ သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ဝတ်ရုံနက်က သူ၏ဝတ်ရုံကို ချွတ်လိုက်၏။ ထိုအခါ ခံ့ညားသော မျက်နှာတစ်ခု ထွက်ပေါ်လာသည်။ သူမှာ ကောင်းကင်ဘုရင်မူ၏မြေး မူဟယ်ယွီပင်။
“မင်းတို့ရဲ့ နတ်ဘုရားအမြစ်တွေကို တမလွန်ဘုံမှာပဲ သွားသုံးလိုက်ကြ”
မူဟယ်ယွီ ခပ်ရေးရေး ပြုံးလိုက်၏။ လူသေများကသာ လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ ထိုဝိညာဉ်မျိုးနွယ်ဝင် နှစ်ယောက်က သတိမထားခဲ့ခြင်း မဟုတ်ပေ။ အကျိုးအမြတ်က သူတို့ကို အလွန်ဆွဲဆောင်နိုင်ခဲ့ခြင်းသာ။ ရီကူနှင့် အခြားတစ်ယောက်သည် သူတို့၏အသက်နှင့် လောင်းကြေးထပ်ရန် ဆုံးဖြတ်ခဲ့ပြီး ရှုံးသွားခြင်းဖြစ်ပေသည်။
“တောက်နု... ဒီကကိစ္စတွေအတွက် ကျွန်တော် ခင်ဗျားကို ကူညီပြီးပြီ။ ကျန်တာတွေကတော့ ခင်ဗျားတို့ရဲ့ တာဝန်ပဲ။ ကျန်းရီ... ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့။ ယွင်ပင်းက ငါ့အပိုင်ပဲ ဖြစ်ရမယ်”
မူဟယ်ယွီသည် သက်ပြင်းသဲ့သဲ့ချကာ လျှို့ဝှက်ခန်းထဲမှ လျှောက်ထွက်သွားလေသည်။
သာမန်အခြေအနေတွင်သာဆိုလျှင် ဝိညာဉ်ဘုရင်တို့ ယန်ကိုးပါးမြို့ထဲ ရောက်လာခြင်းကို ကောင်းကင်ဘုရင်များက သေချာပေါက် သိမည်ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် မူမျိုးနွယ်က အရာအားလုံးကို စီစဉ်ထားသဖြင့် ကောင်းကင်ဘုရင်ဝေ၊ ကောင်းကင်ဘုရင်ယွင်နှင့် အခြားကောင်းကင်ဘုရင်များသည် ထိုအကြောင်းကို လုံးဝမသိကြပေ။
***
ယခုတွင် ဝိညာဉ်ဘုရင်တို့က လုံထန်ဆန်းကြယ်နယ်မြေသို့သွားရန် ဆုံးဖြတ်လိုက်ပြီဖြစ်၍ ကျန်သောအရာများက လွယ်ကူသွားပြီဖြစ်သည်။
ဝိညာဉ်ဘုရင်တို့သုံးယောက်သားသည် ဝိညာဉ်ဘုရင်၏ အဆက်အသွယ်ဟောင်းကို အသုံးပြု၍ အာကာသထဲ အောင်အောင်မြင်မြင် တည်နေရာပြောင်းရွှေ့နိုင်လိုက်၏။ အာကာသထဲ တည်နေရာပြောင်းရွှေ့ပေးရန်မှာ ကြီးကြီးမားမားကိစ္စ မဟုတ်သဖြင့် ဝိညာဉ်ဘုရင်၏ မိတ်ဆွေဟောင်းများက ချက်ချင်း ကူညီပေးလိုက်ကြပေသည်။
သူတို့သုံးယောက်သည် အာကာသဟင်းလင်းပြင်ထဲ ရောက်သောအခါ လုံထန်ဆန်းကြယ်နယ်မြေဆီသို့ စတင်ပျံသန်းသွားကြ၏။ သူတို့က အလွန်လျင်မြန်သော်လည်း အကွာအဝေးကြောင့် အနည်းဆုံး တစ်လလောက် သွားရပေလိမ့်မည်။ သို့သော် သူတို့ တစ်ယောက်တစ်လှည့်စီ ဦးဆောင်၍ ပျံသန်းမည်ဆိုလျှင် ယင်းက သူတို့အတွက် အခက်အခဲမရှိနိုင်ပါပေ။
အာကာသဟင်းလင်းပြင်ထဲတွင် ကင်းလှည့်နေသူများရှိ၏။ တောက်မျိုးနွယ်က သူတို့သုံးယောက်၏ လှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။ လုံထန်ဆန်းကြယ်နယ်မြေထဲမှ ပြင်ဆင်စရာရှိသည်များကိုမူ အစောကတည်းက ပြင်ဆင်ထားပြီးဖြစ်သည်။ အင်အားကြီးသော တောက်မျိုးနွယ်သည် အုပ်ချုပ်သူအဆင့် သိုင်းသမားသုံးယောက်ကို ချုပ်ထားနိုင်ရန် အခြားမျိုးနွယ်ကြီးများနှင့် ပူးပေါင်းခဲ့ရာ ထိုအစီအစဉ်အား အကောင်အထည်ဖော်ရန်မှာ အလွန်လွယ်ကူခဲ့ပေသည်။
သို့ဖြင့် အဘိုးကြီးသုံးယောက်သည် တစ်လကြာပြီးနောက် လုံထန်ဆန်းကြယ်နယ်မြေထဲ ရောက်သွားလေတော့သည်။ သူတို့သည် ဘာမှမလုပ်နိုင်သေးခင်မှာပင် ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားကြလေသည်။
ကောင်းကင်ဘုံသည် အထက်ဘုံမှ ကိစ္စများကို လုံးဝအရေးမစိုက်ပေ။ အထက်ဘုံတွင် ကပ်ဘေးတစ်ခုဖြစ်လာသဖြင့် လှမ်းအကူအညီတောင်းမှသာ သူတို့ အာရုံစိုက်ကြသည်။ အထက်ဘုံမှ ဘုံအရှင်သုံးပါးက ကောင်းကင်ဘုံသို့ တက်လာခဲ့ပြီး လုံထန်ဆန်းကြယ်နယ်မြေသို့ လျှို့ဝှက်၍ သွားခဲ့ကြသည်။ မည်သူကမှ ထိုကိစ္စကို အရေးမစိုက်ကြပေ။ သူတို့သုံးယောက် လုံထန်ဆန်းကြယ်နယ်မြေတွင် သေသွားလျှင်ပင် အရေးစိုက်သူ ရှိလိမ့်မည် မဟုတ်ချေ။
အရာအားလုံး နေရာတကျ ဖြစ်သောအခါ တောက်မျိုးနွယ်၏ သူလျှိုသည် ကျန်းရီကို စတင်မျှားထုတ်လေသည်။
သို့သော် ကျန်းရီက သူ၏လျှို့ဝှက်ကျင့်ကြံခြင်းအခန်းကို အကာအရံနှစ်ထပ်ဖြင့် ပိတ်ထားသဖြင့် တောက်နုတို့ အလွန်မချင့်မရဲ ဖြစ်သွားကြသည်။ သူတို့ ထိုအကာအရံများကို မတိုက်ခိုက်လျှင်၊ သို့မဟုတ် အကာအရံများကို ဖွင့်ပေးရန် တပ်မှူးချုပ်တစ်ယောက်ကို အကူအညီမတောင်းလျှင် သူတို့ ကျန်းရီကို ဆက်သွယ်နိုင်မည် မဟုတ်ပေ။
အကာအရံများကို အကြောင်းမရှိဘဲ တိုက်ခိုက်လိုက်လျှင် သူလျှိုက ချက်ချင်း ပေါ်သွားပေလိမ့်မည်။ ကောင်းကင်ဘုရင်ယွင်လည်း ထိုကိစ္စအပေါ် အာရုံစိုက်လာလိမ့်မည်။ ထို့ပြင် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းများကို တာဝန်ယူရသော တပ်မှူးချုပ်မှာ ကောင်းကင်ဘုရင်ယွင်၏ လက်အောက်ငယ်သားဖြစ်ရာ တောက်မျိုးနွယ်သူလျှိုသည် မည်သို့လုပ်ရမည်မသိ ဖြစ်နေပေသည်။
အဘိုးကြီးသုံးယောက်ကို လုံထန်ဆန်းကြယ်နယ်မြေထဲတွင် ချုပ်ထားရန် အရင်းအနှီးများစွာ၊ လူများစွာ သုံးခဲ့ရသည်။ သို့သော် ယခုတွင် သူတို့သည် ကျန်းရီကို မည်သို့မှ မလုပ်နိုင် ဖြစ်နေသည်။ ထို့ကြောင့် တောက်မျိုးနွယ် အကြံကုန်လာလေသည်။
ကျန်းရီက အခန်းအောင်းကျင့်ကြံနေခြင်းပင်။ သူ မည်မျှကြာအောင် ကျင့်ကြံနေမည်ကို မည်သူ သိသနည်း။ သူက ဆယ်နှစ် သို့မဟုတ် နှစ်ဆယ်ချီကြာအောင် ကျင့်ကြံနေမည်ဆိုလျှင် မျိုးနွယ်ကြီးများသည် သူ့ကို ထိုမျှကြာအောင် စောင့်ကြည့်နေနိုင်မည် မဟုတ်ချေ။
သို့သော် သူတို့တွင် အခြားရွေးချယ်စရာ ရှိပါသေးသလော။
သူတို့ ကောင်းကင်ဘုရင်ယွင်နှင့် အခြားကောင်းကင်ဘုရင်များ အာရုံစိုက်လာအောင် လုပ်မိလျှင် သူတို့၏ ကြိုးပမ်းအားထုတ်ထားမှုများက သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူတို့သည် ကျန်းရီထံ လျှို့ဝှက်သတင်းပို့၍သာ ဓားစာခံများကို သူ့ဘာသာ သွားကယ်အောင် လုပ်ရမည်ဖြစ်သည်။ မဟုတ်လျှင် သူတို့အားလုံး ဆောင်ရွက်ခဲ့ရသည့် ကြိုတင်ပြင်ဆင်မှုများက ဘာအကျိုးရှိပါမည်နည်း။
သူတို့ စောင့်နေရန်သာ တတ်နိုင်သည်။
လုံထန်ဆန်းကြယ်နယ်မြေထဲတွင် ပိတ်မိနေသော အဘိုးကြီးသုံးယောက်က အချိန်တိုအတွင်း သေသွားမည် မဟုတ်ပေ။ တောက်မျိုးနွယ်ကလည်း သူတို့ကို သတ်လိုစိတ် မရှိချေ။ သူတို့ကို ဓားစာခံအဖြစ် အသုံးချ၍ ကျန်းရီကို မျှားထုတ်လိုခြင်းသာဖြစ်သည်။ ထိုမှ ကျန်းရီကိုသတ်ကာ သူ၏မီးနဂါးဓားကို ယူနိုင်မည်ဖြစ်သည်။
လုံထန်ဆန်းကြယ်နယ်မြေ၏ အလယ်တွင် ဝိညာဉ်ဘုရင်တို့သုံးယောက်သည် အနက်ရောင်ချိန်းကြိုးများနှင့် ချုပ်နှောင်ခံထားရသည်။ သူတို့၏ ကောင်းကင်စွမ်းအားကို ချိပ်ပိတ်ထားသဖြင့် သူတို့ အချုပ်အနှောင်မှနေ၍ ရုန်းမထွက်နိုင်ကြပေ။
“ကျွတ်... ဆောင်းဥတုအရှင် ခင်ဗျားသမီးရဲ့ ခန့်မှန်းချက်က မှန်နေပြီ။ ဒါက တကယ်ကို ထောင်ချောက်တစ်ခုပဲ။ ပစ်မှတ်က ကျုပ်တို့သုံးယောက်မဟုတ်ဘူး... ကျန်းရီပဲ”
တိရှအရှင်က ခါးသီးသောလေသံဖြင့် ပြောလိုက်သည်။ ယခုအထိ ထိုအရာများကို မသိသေးလျှင် သူတို့သည် အထက်ဘုံ၏ ထိပ်သီးများဖြစ်ရန် ထိုက်တန်မည် မဟုတ်ချေ။ ဆောင်းဥတုအရှင်ကလည်း ခါးသက်သက် ရယ်လိုက်သည်။ သို့သော် သူ မည်သို့မှ မပြောပေ။
ဝိညာဉ်ဘုရင်က မည်းမှောင်သော မျက်နှာထားဖြင့် ဆိုသည်။
“မိစ္ဆာချုပ်နှောင်အစီအရင်က တမလွန်ဘုံဘုရင်တွေကို ချုပ်နှောင်ဖို့သုံးတဲ့ အစီအရင်ပဲ။ အခုတော့ ကျုပ်တို့သုံးယောက် အဲ့အစီအရင်ထဲမှာ ပိတ်မိနေပြီ။ အဲ့မျိုးနွယ်ကြီးတွေက တကယ်ကို အရှက်မရှိတာပဲ”
“သူတို့က အဲ့ဓားကို လိုချင်တာပဲ”
တိရှအရှင်က မှေးမှိန်သော မျက်ဝန်းများဖြင့် ပြောလိုက်၏။
“အဲ့ဓားအတွက်ဆိုရင် သူတို့က အရှက်မရှိတဲ့လုပ်ရပ်တွေကို လုပ်ဖို့ မပြောနဲ့ တမလွန်ဘုံမျိုးနွယ်နဲ့တောင် ပူးပေါင်းနိုင်တယ်။ ဟူး... ကျန်းရီ ရောက်မလာပါစေနဲ့လို့ ကျုပ် မျှော်လင့်ပါတယ်။ သူ သေသွားရင် လူသားမျိုးနွယ်အတွက် လုံးဝမျှော်လင့်ချက်မဲ့သွားလိမ့်မယ်”