ငါးရက်အတွင်း ရောက်မည်
Vol. 122 Ch. 1703
ကျန်းရီသည် အမှန်ပင် အကာအရံများကို နှစ်ထပ် ထားထားသည်။ သူ ယွင်ပင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ သူမသည် တာဝန်တစ်ခု ထမ်းဆောင်ပြီး ပြန်လာတိုင်း သူ့ဆီ တစ်ခေါက် လာ၍ အဓိပ္ပာယ်မရှိသော အကြောင်းများကို ပြောတတ်သည်။ သူမ၏အကြံကို သူသိ၏။ သူမက သူ့ထံမှ သတင်းနှိုက်လိုနေခြင်းပင်။ သူမကို အမှန်အတိုင်း မပြောသေးသ၍ သူ့ထံသို့ ရောက်လာပြီး သူ၏ကျင့်ကြံခြင်းကို နှောင့်ယှက်နေဦးမည်သာ။
ထို့ကြောင့် ကျန်းရီသည် ယွင်ပင်းကို လုံးဝအရေးမစိုက်တော့ရန် ဆုံးဖြတ်ကာ အကာအရံများကို နှစ်ထပ် ထားလိုက်ခြင်းဖြစ်သည်။ ထိုအကာအရံများနှင့်ဆိုပါက ယွင်ပင်း သူ့အခန်းထဲဝင်လာလိုလျှင် အစွမ်းကုန် ထုတ်သုံးရပေလိမ့်မည်။
ယွင်ပင်းသည် ထုံးစံအတိုင်း တစ်ခေါက်ထပ်၍ ရောက်လာခဲ့သေး၏။ ကျန်းရီက အကာအရံများကို နှစ်ထပ် ထားထားကြောင်း တွေ့လိုက်သောအခါ သူ့ထံမှနေ၍ မည်သည့်သတင်းမှ နှိုက်ထုတ်၍ ရမည်မဟုတ်ကြောင်း သူမ သဘောပေါက်သွားသည်။ သူမ၏မာနလည်း အတော်လေး ထိခိုက်သွားသည်။ ထို့ကြောင့် သူမ နောက်ထပ် ထပ်၍ လာမရှာတော့ပေ။
ကျန်းရီသည် ကျင့်ကြံနေစဉ်တွင် အချိန်ကို များစွာအရေးမထားပေ။ အားဖြည့်ဆေးလုံးများကိုလည်း သောက်ထား၍ ဆာလောင်ခြင်းလည်း မဖြစ်ချေ။ သူသည် ကောင်းကင်စွမ်းအားကိုသာ အဆက်မပြတ်ကျင့်ကြံရင်း သူ့ခန္ဓာကိုယ်ကို စွမ်းအင်ဖြည့်နေသည်။ သူ၏အာရုံကိုလည်း အနှစ်သာရအား လေ့လာရာတွင် နှစ်မြှုပ်ထားသည်။ သူ မောပန်းလာတိုင်း လှဲလျောင်းကာ တစ်ရေးအိပ်သည်။ နိုးလာသည်နှင့် ဆက်၍ ကျင့်ကြံသည်။
လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲတွင် ကျန်းရီ၏ ကောင်းကင်စွမ်းအား ကျင့်ကြံနှုန်းက အလွန်မြန်၏။ ထို့ပြင် သူ့တွင် နတ်ဘုရားသစ်ရွက်လည်း ရှိရာ ကျင့်ကြံနှုန်းက မြန်သင့်သည်ထက်ပင် ပိုလျင်မြန်နေသည်။ ထို့ကြောင့် ကျန်းရီသည် လောကထဲရှိ အရာအားလုံးကို မေ့လျော့နေပေသည်။ သူသည် အထက်ဘုံတွင် ဖြစ်နေသည့်အရာများကို မတွေးလိုပေ။ ရီချန်၊ ယဉ်ရို့ပင်း၊ စုလောရွှယ်နှင့် ရီဖျောင်ဖျောင်တို့၏ အကြောင်းကိုလည်း မတွေးလိုပါချေ။
ဤတစ်ကြိမ်တွင် သူ၏ရန်သူက အလွန်အင်အားကြီးသည်။ သူ ငှက်တောင်ပျံတပ်ထဲမှနေ၍ အပြင်ထွက်လိုက်သည်နှင့် အသက်ဆုံးရှုံးရနိုင်သည်။ သူ ဤတပ်ထဲတွင် တစ်သက်လုံး မနေလိုပေ။ သူ ပိုသန်မာလာရမည်။ တောက်မျိုးနွယ်က သူ့ကို မည်သို့မှ မလုပ်နိုင်တော့သည်အထိ၊ တောက်နူပင် သူ့ကို မသတ်နိုင်လောက်တော့သည်အထိ သူ သန်မာလာရမည်။ မိုးပြာမဟာဧကရာဇ်မှာတော့ သူ့ကဲ့သို့ လူငယ်တစ်ယောက်ကို ပေါ်ပေါ်ထင်ထင် လာသတ်လိမ့်မည် မဟုတ်ပေ။
အပင်မြင့်လေ၊ လေတိုက်ခံရလေပင်။
တောက်နူပင် သူ့ကို မသတ်နိုင်လောက်တော့အောင် သန်မာလိုလျှင် ကျန်းရီ တစ်ဆင့်ချင်း ကျင့်ကြံရပေမည်။ ရှေးဦးစွာ သူ၏အခြေကို ခိုင်အောင်လုပ်ပြီးမှ အုပ်ချုပ်သူအဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
ကျန်းရီသည် သွေးကြောမှတ်များထဲရှိ ဆန်းကြယ်သော ပုံသဏ္ဌာန်များကို သဘောပေါက်အောင်လုပ်၍ မဟာနတ်ဘုရားအတတ် အစစ်အမှန်ကို နားလည်လိုသည်။ သို့သော် ယင်းက သူ့ကို အချိန်တိုအတွင်း သန်မာလာစေမည် မဟုတ်သလို ပညာရှင်အစစ်အမှန်တစ်ယောက် ဖြစ်လာစေနိုင်မည့် လမ်းစဉ်လည်း မဟုတ်ပေ။ အခြေခံကောင်းတစ်ခုမရှိလျှင် သူ၏ အခြားသောတိုက်ခိုက်စွမ်းရည်များကို တိုးတက်အောင်လုပ်နိုင်မည် မဟုတ်ချေ။ ထိုလမ်းစဉ်ဖြင့် သူ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
ကျန်းရီ အခန်းအောင်းကျင့်ကြံနေခဲ့သည်မှာ သုံးလရှိခဲ့ပြီဖြစ်သည်။ အနိမ့်ဘုံတွင် နှစ်နှစ်ဆယ် ကုန်သွားပေပြီ။ သူသည် အနှစ်သာရကို သိမြင်နားလည်သွားပြီး ကောင်းကင်စွမ်းအားကို အပြည့်အဝ ကျင့်ကြံပြီးသည်အထိ ဆက်အခန်းအောင်းလို၏။ အုပ်ချုပ်သူအဆင့်သို့ မရောက်မချင်း သူ အပြင်ထွက်မည် မဟုတ်ချေ။
***
တောက်မျိုးနွယ်သည် မည်သို့မှ မတတ်နိုင်ဘဲ ခါးသီးစွာ စောင့်ဆိုင်းနေရသည်။ ထိုမျှသာမက သူတို့သည် လုံထန်ဆန်းကြယ်နယ်မြေထဲမှ တမလွန်ဘုံမိစ္ဆာများကို ရှင်းလင်းရန် လူများလည်း မပြတ်စေလွှတ်နေရသည်။ ဝိညာဉ်ဘုရင်တို့ကို သေသွားစေ၍ မဖြစ်သည် မဟုတ်လော။ ယင်းကိစ္စများက တောက်နုကို သွေးအန်ချင်စိတ် ပေါက်လောက်အောင် စိတ်မချင့်မရဲဖြစ်နေစေသည်။ ဤပုံအတိုင်း ဆက်သွားလျှင် ကောင်းကင်ဘုရင်ဝေနှင့် အခြားကောင်းကင်ဘုရင်များက လုံထန်ဆန်းကြယ်နယ်မြေထဲမှ အခြေအနေကို သိသွားပေတော့မည်။ ထိုအခါ တောက်မျိုးနွယ် အားထုတ်ခဲ့ရသမျှက အချည်းနှီးဖြစ်သွားပေလိမ့်မည်။
လေးလ၊ ငါးလ...
တောက်မျိုးနွယ်သည် လုံထန်ဆန်းကြယ်နယ်မြေထဲတွင် သိုင်းသမား တစ်သိန်းကျော် ဆုံးရှုံးခဲ့ပြီဖြစ်သည်။ သူတို့ အခြေအနေကို ဆက်ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ပေ။ တောက်မျိုးနွယ်က ထိုဆန်းကြယ်နယ်မြေဆီသို့ လူများ အဆက်မပြတ် စေလွှတ်နေ၍ မဖြစ်ချေ။ ယင်းက သူတို့၏ ပုံစံလည်း မဟုတ်ပေ။
“ဆန်းကြယ်နယ်မြေကို ချိပ်ပိတ်လိုက်”
အခြေအနေများက ဤအဆင့်အထိ ရောက်လာပြီဖြစ်ရာ တောက်နု ဆက်၍ ရှောင်မထွက်နိုင်တော့ပေ။ မိုးပြာမဟာဧကရာဇ်က ကျန်းရီထံမှ ဓားကို ယူပေးရန် သူတို့အား အမိန့်ပေးထားသည်။ သို့ဖြစ်ရာ သူ အခြားမည်သို့ လုပ်နိုင်ဦးမည်နည်း။ ထို့ပြင် သူသည် ၎င်းဆန်းကြယ်နယ်မြေထဲတွင် သူ့မျိုးနွယ်ဝင်များစွာကို သေစေခဲ့ပြီးဖြစ်သည်။ ယခုမှတော့ သူ လက်မလျှော့နိုင်ပါပေ။
တောက်မျိုးနွယ်၏ စစ်တပ်သည် လုံထန်ဆန်းကြယ်နယ်မြေကို ဝိုင်းရံလိုက်၏။ မည်သူကမှ ၎င်းနယ်မြေအနား ကပ်ခွင့်မရှိတော့။ တောက်နုသည် တောက်မျိုးနွယ်က ထိုဆန်းကြယ်နယ်မြေထဲ၌ တမလွန်ဘုံမျိုးနွယ်နှင့် တိုက်ခိုက်နေခြင်းဖြစ်၍ မလိုလားအပ်သော ဆုံးရှုံးမှုများ မဖြစ်စေရန် နယ်မြေကို ချိပ်ပိတ်လိုက်ရခြင်းဖြစ်ကြောင်း အပြင်လူများအား ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် တောက်မျိုးနွယ်တစ်ခုတည်း တိုက်ခိုက်ရခြင်းမှာ လက်စားချေရန်အတွက်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။ သူတို့မျိုးနွယ်တစ်ခုလုံးသည် ထိုဆန်းကြယ်နယ်မြေထဲတွင် တမလွန်ဘုံမိစ္ဆာများနှင့် သူသေကိုယ်သေ တိုက်ခိုက်ကြတော့မည်ဖြစ်သည်။
အရူးများပင် ထိုကဲ့သို့သော ကြေညာချက်ကို ယုံမည် မဟုတ်ချေ။ အခြားမျိုးနွယ်များနှင့် အဖွဲ့အစည်းများသည် တောက်မျိုးနွယ်က မည်သည်ကို ကြံနေကြောင်း စုံစမ်းရန် ထောက်လှမ်းရေးများ စေလွှတ်လိုက်ကြသည်။ သို့သော် တောက်နုက အခြေအနေတစ်ခုလုံးကို ချုပ်ကိုင်ထားပြီး အမှန်တရားကို သိသူများအားလည်း သတင်းအချက်အလက်တစ်ခုပင် မပေါက်ကြားစေရန် မှာကြထားပေသည်။
ထို့ပြင်...
တောက်နုက အလွန်ဉာဏ်ကောင်းသည်။ သူသည် လူများစေလွှတ်၍ ကောလာဟလများကို တမင်ဖြန့်စေလိုက်သည်။ ဥပမာဆိုရသော် တောက်မျိုးနွယ်က လုံထန်ဆန်းကြယ်နယ်မြေထဲတွင် ရတနာတစ်ခု ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး သူတို့၏ ကြေညာချက်က ၎င်းရတနာအကြောင်း အပြင်လူများ မသိစေနိုင်ရန်ဖြစ်သည်ဆိုသော ကောလာဟလမျိုးပင်။ ယင်းအပြင် တောက်မျိုးနွယ်က အခြားတစ်နေရာတွင် ရှေးဟောင်းနယ်မြေတစ်ခုကို ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး ၎င်းရှေးဟောင်းနယ်မြေမှ ရတနာများကို မောင်ပိုင်စီးလိုသဖြင့် အခြာလူများအား လုံထန်ဆန်းကြယ်နယ်မြေအပေါ် အာရုံလွှဲထားခြင်းဟူသော ကောလာဟလများလည်း ပျံ့နှံ့နေသည်။
အချိန်တိုအတွင်းမှာပင် ကောလာဟလများစွာ ပျံ့နှံ့သွားသည်။ တောက်နုသည် တောက်မျိုးနွယ်ဝင်များကို နေရာအနှံ့သို့ စေလွှတ်၍ အင်အားစုများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်စေခဲ့သည်။ သို့ဖြင့် ကမ္ဘာဦးကောင်းကင်ဘုံတစ်ခွင်လုံးသည် တောက်မျိုးနွယ် အလိုရှိသကဲ့သို့ ရှုပ်ထွေးလာပေသည်။
တစ်လကြာပြီးနောက် တောက်နုတို့သည် သတင်းကောင်းတစ်ခုကို ရလိုက်၍ ဝမ်းသာမျက်ရည်ပင် ကျသွားကြ၏။ နောက်ဆုံးတွင် ကျန်းရီက အခန်းအောင်းကျင့်ကြံနေရာမှ ထွက်လာပေပြီ။
ပြီးခဲ့သောတစ်လအတွင်း တောက်နုသည် ရူးမလိုပင် ဖြစ်ခဲ့ရသည်။ တောက်မျိုးနွယ်မှ တပ်သားများက ဟန်ဆောင်လှုပ်ရှားပြခဲ့ရသည်။ နေရာအနှံ့ကို ခြေဆန့်ခဲ့ရသည်။ သူတို့မျိုးနွယ်သည် ပင်ပန်းမှုကြောင့် ပြိုလဲတော့မလိုပင် ဖြစ်နေပြီဖြစ်သည်။
ထိုမျှ လုပ်ပြီးသည်အထိ ကျန်းရီက ထွက်မလာသေးလျှင် သူတို့ လက်လျှော့လိုက်ရန်သာ ရှိတော့သည်။ ကျန်းရီက မည်သည့်အချိန်မှ ထွက်လာမည်ကို မည်သူမှ မသိသည် မဟုတ်လော။ သူက နှစ်ပေါင်းဆယ်ချီကြာမှ ထွက်လာမည်ဆိုလျှင် မည်သို့လုပ်မည်နည်း။ တောက်မျိုးနွယ်က ထိုတစ်ချိန်လုံး ဟန်ဆောင်လှုပ်ရှားမနေနိုင်ပါချေ။
တောက်မျိုးနွယ်မှ သူလျှိုများသည် ကျန်းရီ ထွက်လာလျှင်ထွက်လာချင်း တောက်မျိုးနွယ်ကို မဆက်သွယ်နိုင်ခဲ့ပေ။ သူ ထွက်လာစဉ်၌ တပ်မှူးချုပ်တစ်ယောက် ရှိနေခဲ့သည်။ ထို့ကြောင့် သူလျှိုများသည် သူတို့အကြောင်း ပေါ်သွားမည်စိုး၍ ချက်ချင်း သတင်းမပို့နိုင်ခဲ့ချေ။
ကျန်းရီက တပ်မှူးချုပ်ဆီသွား၍ ရှေးဦးဆန်းကြယ်နယ်မြေသို့ သွားလိုကြောင်း ပြောခဲ့သည်။ တပ်ထဲတွင် ရှေးဦးဆန်းကြယ်နယ်မြေသို့ တိုက်ရိုက်ရောက်သည့် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု ရှိသည်။ ကျန်းရီထံတွင် ကောင်းကင်ဘုရင်ဝေ၏ အမိန့်ပြားရှိရာ ဆန်းကြယ်နယ်မြေထဲသို့ သုံးကြိမ် အလကားဝင်ခွင့်ရှိသည်။ တပ်မှူးချုပ်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ကျန်းရီကို တည်နေရာပြောင်းရွှေ့ပေးလိုက်သည်။ သူလျှိုများမှာလည်း ရွေးချယ်စရာမရှိဘဲ ကျန်းရီ ထွက်သွားသည်ကိုသာ ကြည့်နေခဲ့ရပေသည်။
တော်သေးသည်မှာ ကျန်းရီက ရှေးဦးဆန်းကြယ်နယ်မြေထဲတွင် သုံးရက်သာ နေခွင့်ရှိခြင်းပင်။ တောက်မျိုးနွယ်သည် ထိုမျှတော့ စောင့်နိုင်ပေသည်။
သုံးရက်ကြာပြီးနောက်တွင် သူလျှိုများသည် ကျန်းရီ ပြန်ရောက်လာမည်ကို မျက်လုံးဒေါက်ထောက်၍ စောင့်နေကြ၏။ သို့သော် သူ ပြန်ရောက်မလာပေ။ သို့ဖြင့် သူလျှိုများက လှည့်ပတ်စုံစမ်းရာ ကျန်းရီက ရှေးဦးဆန်းကြယ်နယ်မြေအပြင်သို့ ပြန်ရောက်လျှင်ရောက်ချင်း အထဲကို နောက်တစ်ကြိမ် ထပ်ဝင်သွားခြင်းဖြစ်ကြောင်း သိလိုက်ရလေသည်။
သုံးရက် ထပ်မံကုန်ဆုံးသွားသည်။ သို့သော် ကျန်းရီ ပေါ်မလာသေးချေ။ အပြင်တွင် စောင့်ကြည့်နေကြသော သူလျှိုများ ငိုချင်စိတ်ပင် ပေါက်လာကြသည်။ တောက်နုတို့သည်လည်း သတင်းကောင်းကို မျှော်လင့်စောင့်စားနေကြသည်။ သို့သော် ကျန်းရီက ရှေးဦးဆန်းကြယ်နယ်မြေထဲ ထပ်ဝင်သွားပြန်သည်။
ကိုးရက်ကြာပြီးနောက် ကျန်းရီ ပြန်ထွက်လာသည်။
သူလျှိုများသည် အခွင့်အရေးကို တွေ့သည်နှင့် ကျန်းရီထံသို့ လျှို့ဝှက်အသံပို့လွှတ်လိုက်ကြ၏။
“ကျန်းရီ... တိရှအရှင်၊ ဝိညာဉ်ဘုရင်နဲ့ ဆောင်းဥတုအရှင်တို့ သုံးယောက်က လုံထန်ဆန်းကြယ်နယ်မြေထဲမှာ ပိတ်မိနေကြတယ်။ မင်း သူတို့ကို ကယ်ချင်ရင် အဲ့ကို တစ်ယောက်တည်းသွားပါ။ မင်း အဲ့ကို သုံးရက်အတွင်း ရောက်ရမယ်။ ပြီးတော့ အဲ့အကြောင်းကို သူများတွေကို ပြောပြလို့လည်း မရဘူး။ မဟုတ်ရင် မင်း သူတို့ရဲ့အလောင်းတွေကိုပဲ ရလိမ့်မယ်”
ကျန်းရီသည် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲ ထပ်ဝင်ရန် ဟန်ပြင်နေသော်လည်း ရုတ်တရက် ရပ်တန့်လိုက်၏။ သူ၏ အေးစက်စက်အကြည့်က အသံပို့လွှတ်လိုက်သော သူလျှိုအပေါ် ကျရောက်သွားသည်။ သူ နှစ်စက္ကန့်မျှ ငြိမ်နေပြီးနောက် လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။
“မင်း.. ငါနဲ့လိုက်ခဲ့။ ငါ မင်းနဲ့ စကားပြောချင်တယ်’
သူလျှို ရင်ထိတ်သွား၏။ သို့သော် ချက်ချင်း ဣန္ဒြေပြန်ဆည်ကာ လက်ဆုပ်၍ ပြန်ပြောလိုက်သည်။
“တပ်ဗိုကျန်းက ကျွန်တော့်ကို ဘာညွှန်ကြားချင်လို့ပါလဲ”
“အထဲကိုလာခဲ့၊ ငါ မင်းကို ပြောပြမယ်”
ကျန်းရီသည် သူ၏လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲ လျှောက်ဝင်သွားလိုက်၏။ သူလျှိုလည်း အံကြိတ်ကာ နောက်မှလိုက်သွားရသည်။ ကျန်းရီ၏ မိတ်ဆွေများက တောက်မျိုးနွယ်၏ လက်ထဲတွင် ရှိနေရာ ကျန်းရီက သူ့ကို မသတ်လောက်ဟု မျှော်လင့်ရပေသည်။
အခြားအစောင့်များသည် ကျန်းရီနှင့်အတူ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲ ဝင်သွားသော သူလျှိုကိုကြည့်၍ ကျန်းရီက လိင်တူစိတ်ဝင်စားသူတစ်ယောက်လောဟု တွေးလိုက်ကြ၏။ မဟုတ်လျှင် ကျန်းရီသည် အဘယ်ကြောင့် အခြားယောက်ျားတစ်ယောက်ကို သူ့အခန်းထဲ ခေါ်ပါမည်နည်း။
ရွှီး...
အခန်းထဲသို့ ရောက်သောအခါ ကျန်းရီက အခန်းအကာအရံများကို နှိုးလိုက်သည်။ ထို့နောက် စကားတစ်ခွန်းမှ မပြောဘဲ သူလျှိုကို ငါးမိနစ်ကြာအောင် စိုက်ကြည့်နေသည်။ ထို့ကြောင့် သူလျှိုမှာ ကြက်သီးများပင် ထလာလေသည်။ ငါးမိနစ်ကြာပြီးမှ ကျန်းရီ ပြောလိုက်သည်။
“မင်းက တောက်မျိုးနွယ်က မဟုတ်လား။ တောက်နုကို ငါနဲ့လာမကစားနဲ့လို့ ပြောလိုက်စိမ်းပါ။ ငါ သူ့ကို ယုံမှာ မဟုတ်ဘူး။ သူ လက်စားချေချင်ရင် ငှက်တောင်ပျံတပ်ကိုလာပြီး ငါ့ကို သတ်လို့လည်း ပြောလိုက်”
ရွှီး...
သူလျှို၏ လက်ထဲတွင် ချိပ်စည်းကျောက်တုံးတစ်တုံး ထွက်ပေါ်လာ၏။ သူသည် ၎င်းကျောက်တုံးကို ကျန်းရီထံ ပစ်ပေးကာ ပြောလိုက်သည်။
“ကျန်းရီ... မင်းဘာသာ ကြည့်လိုက်”
ကျန်းရီသည် ချိပ်စည်းကျောက်တုံးကို ဖမ်း၍ ၎င်းအတွင်းသို့ ကောင်းကင်စွမ်းအားထည့်လိုက်၏။ အခန်းထဲ၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်ထဲတွင် ရေပြင်တစ်ခုအောက်ခြေ၌ ချိန်းကြိုးများနှင့် တုပ်နှောင်ခံထားရသော အဘိုးကြီးသုံးယောက်ရှိနေ၏။ သူတို့သုံးယောက် ပတ်ပတ်လည်တွင် တောက်မျိုးနွယ်မှ တပ်သားများက စောင့်ကြပ်နေကြသည်။ ကျန်းရီသည် ထိုပုံရိပ်ထဲတွင် သူ မျက်မှန်းတန်းမိသူတစ်ယောက်ကိုလည်း တွေ့လိုက်ရသည်။ ထိုသူမှာ တောက်မျိုးနွယ်၏သခင်လေး တောက်ရန်ပင်။
ကျန်းရီ၏ မျက်ဝန်းများက ရေခဲတမျှ အေးစက်သွား၏။ သူ မည်သို့မှ မပြောဘဲ သူလျှိုကို စိုက်ကြည့်ကာ နောက်ထပ်ငါးမိနစ်ကြာအောင် တိတ်တဆိတ် တွေးတောလိုက်သည်။ ပြီးမှ သူ ပြောသည်။
“ငါ ငါးရက်အတွင်း ရောက်မယ်လို့ တောက်နုကို ပြောလိုက်။ ငါ ဒီအကြောင်းကို ဘယ်သူ့ကိုမှလည်း ပြောမှာ မဟုတ်ဘူး။ ဒါပေမဲ့... သူတို့ထဲက တစ်ယောက်ယောက် တစ်ခုခု ဖြစ်လို့ကတော့ ငါ ဒီအကြောင်းကို တစ်လောကလုံးသိသွားအောင် သတင်းဖြန့်လိုက်မယ်။ အဲ့ကျရင် ကောင်းကင်ဘုရင်ဝေနဲ့ တခြားမဟာဧကရာဇ်တွေက ငါ့ကိုယ်စား တရားမျှတမှု ရှာပေးမှာပဲ”