သူ့ကိုယ်သူ အလွယ်တကူ အသေမခံဝံ့
Vol. 122 Ch. 1704
ဓားစာခံထားခြင်းမှာ အတော်လေး အောက်တန်းကျပြီး အလွန်အနှစ်အရသာမဲ့သော လုပ်ရပ်တစ်ခုပင်။ ကျန်းရီက အမှားလုပ်မိသည်ကို သူ့ဘေးမှလူများအား အပြစ်မပေးသင့်ပေ။ ထိုသတင်းသာ ပျံ့နှံ့သွားပါက တောက်မျိုးနွယ်၏ ဂုဏ်သတင်းက မြောင်းထဲရောက်သွားပေလိမ့်မည်။ မိုးပြာမဟာဧကရာဇ်၏ ဂုဏ်သတင်းလည်း ညစ်နွမ်းရပေမည်။
သို့သော် တောက်မျိုးနွယ်၏ အင်အားအရ သူတို့သည် မည်သည့်သဲလွန်စကိုမဆို အလွယ်လေး ဖျက်ဆီးနိုင်လောက်သည်။ သူတို့သည် သူတို့လုပ်ခဲ့သည်များနှင့် ပတ်သတ်၍ သဲလွန်စတစ်ခုမှ ချန်ခဲ့မည် မဟုတ်ပေ။ ကျန်းရီ ထိုအချက်ကို ခိုင်မာစွာ ယုံကြည်ပေသည်။
ထို့ပြင် ဓားစာခံဖြင့် ခြိမ်းခြောက်ခြင်းမှာ သူ့ကဲ့သို့ သံယောဇဉ်ကြီးကာ သစ္စာရှိသော လူမျိုးအပေါ် အလွန်အလုပ်ဖြစ်ကြောင်းကိုလည်း ကျန်းရီ ရှင်းလင်းစွာသိသည်။ တောက်မျိုးနွယ်က ကျန်းရီ၏ အကျင့်စရိုက်များကို အသေးစိတ်လေ့လာခဲ့ကြောင်း ထင်ရှားသည်။ သူတို့က သူ၏ အားနည်းချက်ကို ကောင်းစွာသိကြပေသည်။
ကျန်းရီသည် ဤကဲ့သို့ တူညီသော အခြေအနေမျိုးကို အကြိမ်ပေါင်းများစွာ ကြုံခဲ့ပြီးပေပြီ။ အကြိမ်တိုင်းလည်း သူ ထိပ်တိုက်ရင်ဆိုင်ခဲ့သည်ချည်းသာ။ ဤတစ်ကြိမ်တွင်လည်း သူ သွားမည်ဖြစ်သည်။ သူ တိရှအရှင်နှင့် ဆောင်းဥတုအရှင်တို့အပေါ် အကြွေးတင်နေသည်။ ဝိညာဉ်ဘုရင်ကမူ သူ့အဘိုးဖြစ်သည်။ သူ ထိုအချက်ကို လျစ်လျူရှုလိုလျှင်ပင် ရီဖျောင်ဖျောင်၏ ခံစားချက်များကို ထည့်တွက်ရပေမည်။
သို့သော်...
ယနေ့တွင် ကျန်းရီသည် ယခင်ကကဲ့သို့ အရူးတစ်ယောက် မဟုတ်တော့ပေ။ သူသည် ယခင်ကလို ရူးရူးမိုက်မိုက်နှင့် အလျင်စလို ပြုမူမည် မဟုတ်ချေ။ ယင်းမှာ သူ့ကို သေစေရုံသာမက အဘိုးကြီးသုံးယောက်ကိုလည်း မြေစာပင်ဖြစ်စေပေလိမ့်မည်။ ထို့ကြောင့် အစီအစဉ်တစ်ခုဆွဲရန် သူ့ကိုယ်သူ အချိန်ငါးရက် ပေးရပေမည်။
တောက်မျိုးနွယ်က သူ့ကို အလိုရှိခြင်းပင်။ သူသာ လုံထန်ဆန်းကြယ်နယ်မြေသို့သွားရန် ငြင်းဆိုမည်ဆိုလျှင် တောက်မျိုးနွယ်က မည်သည်ကိုမှ အလျင်စလို လုပ်မည်မဟုတ်ဘဲ အဘိုးကြီးသုံးယောက်ကိုလည်း ဘေးကင်းအောင် ထားလောက်ပေသည်။ ကျန်းရီ ယင်းကို အတော်လေး သေချာသည်။ ငါးရက်မဆိုထားနှင့် သူ ဆယ်ရက်တောင်းလျှင်ပင် တောက်မျိုးနွယ်က သေချာပေါက် သူ့ကို စောင့်နေပေလိမ့်မည်။
ငါးရက်မှာ မကြာပေ။ သို့သော် ထိုငါးရက်က ကျန်းရီ အုပ်ချုပ်သူအဆင့်သို့ တက်ရန် လုံလောက်ပြီဖြစ်သည်။ ဤမတိုင်ခင်တွင် သူ လပေါင်းများစွာ ကျင့်ကြံခဲ့ပြီးဖြစ်သည်။ သူ ရှေးဦးဆန်းကြယ်နယ်မြေထဲသို့ပင် သုံးကြိမ်ဆက်တိုက် ဝင်ခဲ့သည်။ သူ အုပ်ချုပ်သူအဆင့်သို့ ခြေတစ်လှမ်းရောက်နေပေပြီ။ သို့ဖြစ်ရာ သုံးရက်အတွင်း သူ နောက်ဆုံးခြေလှမ်းကို လှမ်းနိုင်လိမ့်မည်ဟု သူ ယုံကြည်မှု ရှိပေသည်။
ကျန်းရီက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် ဖြစ်သွားလျှင်ပင် တောက်မျိုးနွယ်ဆီသို့ တိုက်ရိုက်သွားနိုင်ဦးမည် မဟုတ်ပေ။ သို့သော် အနည်းဆုံးတော့ သူ့ကိုယ်သူ ကာကွယ်နိုင်ပေလိမ့်မည်။ အဘိုးကြီးသုံးယောက်ကို ဘေးကင်းကင်းနှင့် ကယ်တင်နိုင်ရန် သူ အစီအစဉ်တစ်ခု ဆွဲရန် လိုအပ်သည်။
ကျန်းရီသည် သူက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်ကြောင်း သိလိုက်ပြီးနောက် ပို၍ တာဝန်သိစိတ် ဖြစ်လာသည်။ သူ့ထံတွင် တာဝန်တစ်ခုရှိသလို ခံစားလာရသည်။ ကောင်းကင်ဧကရာဇ်က သူ့ကို ရွေးချယ်ကာ သူအပေါ်တွင် မျှော်လင့်ချက် ထားထားသည်။ သူ ရှင်သန်နိုင်ရန် အကောင်းဆုံးကြိုးစားရမည်။ ပို၍ ပို၍ သန်မာလာရမည်။ နောက်ဆုံးတွင် သူ လူသားမျိုးနွယ်ကို ဦးဆောင်ကာ တမလွန်ဘုံမျိုးနွယ်ကို တိုက်ခိုက်နိုင်ရမည်။ လူသားမျိုးနွယ်ကို ဘေးကင်း လုံခြုံကာ လွတ်လပ်သော အခြေအနေသို့လည်း ပို့ဆောင်ပေးရမည်ဖြစ်သည်။
ယခုတွင် ကျန်းရီသည် သူ့ကိုယ်သူ အလွယ်တကူ အသေမခံဝံ့ပါပေ။ သူ့ပခုံးထက်တွင် ကောင်းကင်ဧကရာဇ်၏ မျှော်လင့်ချက်များနှင့် လူသားမျိုးနွယ်၏ သန်းပေါင်း သောင်းချီသော အသက်များကို ထမ်းထားရသည်။ ကမ္ဘာဦးကောင်းကင်ဘုံသာ ကျဆုံးသွားလျှင် ဓာတုဘုံခုနစ်ဘုံလည်း အဆုံးသတ်သွားပေလိမ့်မည်။ သန်းထောင်ချီသော ရုပ်လောကဘုံများလည်း ပျက်သုဉ်းရမည်ဖြစ်သည်။ မရေမတွက်နိုင်သော လူများမှာလည်း တမလွန်ဘုံ၏ ရုပ်သေးရုပ်များ၊ ကျွန်များ ဖြစ်သွားပေလိမ့်မည်။
ထိုသို့ဖြစ်လာလျှင် တစ်လောကလုံး၌ လူသားများ ကင်းမဲ့သွားမည်ဖြစ်သည်။ တမလွန်ဘုံမိစ္ဆာများနှင့် မခြားသော ဖုတ်ကောင်များသာ လျှောက်ပတ်သွားနေလိမ့်မည်။ လောကသည် ကြည်လင်သော ကောင်းကင်ကိုလည်း ထပ်မြင်ရလိမ့်မည် မဟုတ်ချေ။ တစ်လောကလုံး အမှောင်ဖုံးကာ လေထုထဲတွင် တမလွန်ဘုံအရှိန်အဝါများ ပြည့်နှက်သွားပေမည်။ ထိုလောကသည် မည်သည့်အခါတွင်မှ မိန်းမပျိုလေးများ၏ ရယ်သံများနှင့် ကလေးငယ်များ၏ အော်ဟစ်ဆော့ကစားသံကို ကြားရတော့မည် မဟုတ်ပေ။ မျှော်လင့်ချက်လည်း ရှိတော့မည် မဟုတ်ပေ။
ထိုလောကက မည်ကဲ့သို့သော လောကမျိုး ဖြစ်လာမည်နည်း။
ကျန်းရီ တွေး၍ပင် မကြည့်နိုင်ချေ။ သူ လက်သီးကို ခပ်ဖွဖွ ဆုပ်လိုက်သည်။ သူ တောက်မျိုးနွယ်အပေါ် အမုန်းတရားမ ရှိတော့ပေ။ လူသားမျိုးနွယ်က တစ်ကိုယ်ကောင်းဆန်လွန်းသည်။ မိမိလည်ပင်းထက်တွင် ဓားတင်ခံထားရချိန်မှာပင် တစ်ယောက်ကိုတစ်ယောက် အကောက်ကြံရန် တွေးတောနေကြပေသေးသည်။
တစ်ကိုယ်ကောင်းဆန်ခြင်းမှာ လူသားသဘာဝပင်။ ကျန်းရီ သူ့နှလုံးသားကိုသူ ပြန်မေးခွန်းလိုက်သည်။ တောက်နူ၊ တောက်လန်နှင့် တောက်နုတို့ကို သတ်နိုင်မည့် အခွင့်အရေးရမည်ဆိုလျှင် သူ ထိုသူတို့ကို လူသားမျိုးနွယ်၏ အကျိုးအတွက် အလွှတ်ပေးလိုက်နိုင်မည်လော။
အဖြေမှာ ရှင်းလင်းသည်။
ကျန်းရီသည် တောက်မျိုးနွယ်ကို အပြစ်မတင်ပေ။ ဤလောကထဲတွင် ခြောက်ပြစ်ကင်းသဲလဲစင်ကောင်းသော သူတော်စင်မျိုး မရှိချေ။ သူသည်လည်း ထိုသို့သော သူတော်စင်မျိုး ဖြစ်လာမည်မဟုတ်။ သူ့အနေဖြင့် တမလွန်ဘုံနှင့် တိုက်ခိုက်ရန်၊ ထိုသို့တိုက်ခိုက်ရာတွင်လည်း လိပ်ပြာလုံစေရန်သာ တတ်နိုင်ပေသည်။
ကျန်းရီသည် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲတွင် ဆယ့်ခြောက်နာရီကြာအောင် ထိုင်၍ ထိုပြဿနာကို အဘက်ဘက်မှ သုံးသပ်လိုက်၏။ သူ အဖြေအမျိုးမျိုးကို တွေးတောခဲ့မိသော်လည်း ၎င်းတို့ကို တစ်ခုပြီးတစ်ခု ပယ်ချခဲ့သည်။ နောက်ဆုံးတွင် ဤကိစ္စကို ကိုင်တွယ်ရန် အကောင်းဆုံးနည်းလမ်းကို တွေးမိသွားပေသည်။ သို့သော် ထိုနည်းလမ်း၏ ရလဒ်က မည်သို့ရှိမည်ကိုမူ မည်သူမှ မသိနိုင်ပေ။ အရာအားလုံးက ကံတရားအပေါ်တွင်သာ မူတည်သည်။
နည်းလမ်းကို ဆုံးဖြတ်ပြီးပြီဖြစ်၍ ကျန်းရီ အတွေးအားလုံးကို ဘေးဖယ်လိုက်ပြီး အနှစ်သာရကိုသာ ဆက်လက်လေ့လာလိုက်သည်။ ထိုသို့ဖြင့် သူသည် မှန်းထားသည့်အချိန်ထက်ပင် စောစွာ အုပ်ချုပ်သူအဆင့်သို့ ရောက်သွားလေသည်။ ယခု သူ အနှစ်သာရကို အပြည့်အဝ သိမြင်နားလည်သွားလေပြီ။
***
အပြင်မှသူလျှိုက ရဲတိုက်ဂိတ်တံခါးတွင် ဆက်ရပ်နေ၏။ သူသည် မကြာခဏဆိုသလို ဂိတ်တံခါးမှနေ၍ ကျန်းရီ၏ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းကို လှမ်းကြည့်တတ်သည်။ ကျန်းရီကို မည်သူနှင့်မှ ဆက်သွယ်ခွင့်ပေး၍ မဖြစ်ပေ။ တစ်ချိန်တည်းမှာပင် သူလျှိုသည် ငှက်တောင်ပျံတပ်ထဲရှိ အခြားသူလျှိုများထံသို့လည်း လျှို့ဝှက်သတင်းပို့ခဲ့သည်။ သူတို့၏ အစီအစဉ်က အသက်ဝင်ပေပြီ။
သူလျှိုများသည် ကျန်းရီ၏သတင်းကို တောက်မျိုးနွယ်ဆီသို့ ပေးပို့လိုက်၏။ ထိုအခါ တောက်မျိုးနွယ်က ပြင်ဆင်စရာရှိသည်များကို စတင်ပြင်ဆင်လေသည်။ သူလျှိုများကလည်း ငှက်တောင်ပျံတပ်နှင့် ယန်ကိုးပါးစစ်တပ်ကို မျက်စိဒေါက်ထောက်၍ စောင့်ကြည့်နေကြသည်။ အကယ်၍ ကျန်းရီက ကောင်းကင်ဘုရင်ဝေကို အသိပေးလိုက်လျှင် တောက်မျိုးနွယ်သည် သူတို့၏ မကောင်းသော အစီအစဉ်အားလုံးကို ချက်ချင်း ဖျက်သိမ်းလိုက်မည်ဖြစ်သည်။ ဝေပင်းပင်းသည် သူတို့ကို စွပ်စွဲနိုင်ရန် သက်သေရှာတွေ့မည် မဟုတ်သဖြင့် ဤကိစ္စကို ကြီးကျယ်သွားအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာသည်။ လေးရက်မြောက်နေ့တွင် တောက်မျိုးနွယ်သည် မျိုးနွယ်အသီးသီး၏ အာရုံကို ဆွဲဆောင်ရန် လှုပ်ရှားမှုကြီးတစ်ခု လုပ်လိုက်သည်။ တောက်နူက တောက်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများကို ကိုယ်တိုင်ဦးဆောင်၍ ရှေးဟောင်းနယ်မြေတစ်ခုသို့ သွားလိုက်၏။ ကောလာဟလများက ထပ်မံ၍ ပျံ့နှံ့သွားပြန်သည်။ လူများသည် ထိုရှေးဟောင်းနယ်မြေထဲ၌ ကောင်းကင်ဧကရာဇ်၏ အမွေအနှစ်ကို ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး ထိုရဲတိုက်ထဲတွင် ကောင်းကင်ဧကရာဇ်၏ ဆန်းကြယ်စွမ်းရည်များနှင့် လျှို့ဝှက်အတတ်များရှိကြောင်း ပြောဆိုလာကြသည်။
ထိုသတင်းပျံ့နှံ့သွားသောအခါ ယန်မဟာဧကရာဇ်၊ ချီလင်းဧကရီနှင့် ရူးသွပ်မဟာဧကရာဇ်တို့ အာရုံစိုက်လာကြသည်။ သို့သော် မိုးပြာမဟာဧကရာဇ်က မည်သို့မှ မလှုပ်ရှားသဖြင့် အခြားမဟာဧကရာဇ်များလည်း မလှုပ်ရှားကြချေ။ သူတို့လက်အောက်မှ မျိုးနွယ်ကြီးများကသာ ထိုရှေးဟောင်းနယ်မြေသို့ သွားကြပေသည်။ ကုန်းယန်မျိုးနွယ်၊ လျန်မျိုးနွယ်နှင့် ဟန်မျိုးနွယ်တို့အပါအဝင် ကောင်းကင်ဘုံမှ မျိုးနွယ်ကြီးများသည်လည်း နောက်မှ ဖြည်းဖြည်းချင်း လိုက်သွားကြလေသည်။
၎င်းမျိုးနွယ်ကြီးများသည် ထိုရှေးဟောင်းနယ်မြေ၌ မည်သည်မှ မရှိကြောင်း သိထား၏။ သို့သော် သူတို့လည်း တောက်မျိုးနွယ်နှင့်အတူ သရုပ်ဆောင်ရမည်ဖြစ်သည်။ ထိုမှ လုံထုံဆန်းကြယ်နယ်မြေတွင် ဖြစ်ပျက်နေသည့်အရာများကို အပြင်လူများက သိမသွားမည်ဖြစ်သည်။
တောက်နုနှင့် တောက်လန်တို့သည် လုံထန်ဆန်းကြယ်နယ်မြေအနီး၌ ကိုယ်တိုင် ပုန်းအောင်းနေကြ၏။ သူတို့သည် ကျန်းရီ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ ဤတစ်ခေါက် အစီအစဉ်အတွက် သူတို့ အချိန်များစွာပေးခဲ့ရပြီး အရင်းအမြစ်များစွာ သုံးခဲ့ရသည်။ အကယ်၍ သူတို့ ကျန်းရီကို မသတ်နိုင်လိုက်လျှင် တောက်မျိုးနွယ်သည် ကောင်းကင်ဘုံ၏ အကြီးမားဆုံး ဟာသတစ်ခု ဖြစ်လာပေလိမ့်မည်။ မိုးပြာမဟာဧကရာဇ်သည်လည်း အလွန်ဒေါသထွက်သွားပေလိမ့်မည်။
ရှေးဟောင်းနယ်မြေတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေမှုက ယန်ကိုးပါးစစ်တပ်ကို အာရုံစိုက်သွားစေသည်။ သို့သော် ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ နှစ်ယောက်စလုံး မည်သို့မှ မလှုပ်ရှားကြချေ။ သူတို့သည် သတင်းများကိုသာ စောင့်ကြည့်နေသည်။ ယခင်တွင် ကျန်းရီက ကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အစအနကို တွေ့ခဲ့ဖူးသည်။ သို့ဖြစ်ရာ ကောင်းကင်ဧကရာဇ်၏ ရတနာများက အဘယ်သို့ ထိုရှေးဟောင်းနယ်မြေထဲတွင် ရှိပါမည်နည်း။ ယခင်က ကျန်းရီသည် ကောင်းကင်ဘုံသို့ မရောက်ဖူးသလို ထိုရှေးဟောင်းနယ်မြေသို့လည်း မသွားဖူးချေ။ ထို့ကြောင့် ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့သည် ၎င်းရှေးဟောင်းနယ်မြေထဲ၌ ကောင်းကင်ဧကရာဇ်၏ ရတနာများ မရှိနိုင်ကြောင်း သေချာနေခြင်းဖြစ်ပေသည်။
သို့သော် အခြားကောင်းကင်ဘုရင်များကမူ လှုပ်ရှားလိုက်ကြသည်။ ကောင်းကင်ဘုရင်မူက အခြားကောင်းကင်ဘုရင်ငါးပါးကို ခေါ်၍ ထိုရှေးဟောင်းနယ်မြေသို့ သွား၏။ ကောင်းကင်ဘုရင်မူက တောက်မျိုးနွယ်နှင့်အတူ သရုပ်ဆောင်နေခြင်းလော သို့မဟုတ် အမှန်ပင် အခြေအနေတစ်ခုလုံးကို မသိခြင်းလောကိုတော့ မည်သူမှ မသိပေ။
ငါးရက်မြောက်နေ့တွင် ကျန်းရီသည် အခန်းအောင်းကျင့်ကြံရာမှ ထွက်လာသည်။ သူသည် ထွက်လာချင်းချင်း မည်သို့မှ မလှုပ်ရှားသေးဘဲ သူလျှိုကိုကြည့်ကာ ပြောလိုက်သည်။
“မင်း... ဒီကိုလာခဲ့”
သူလျှို ရင်တုန်သွား၏။ သူသည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ကျန်းရီထံ လျှောက်သွားကာ လက်ဆုပ်၍ ပြောလိုက်သည်။
“တပ်ဗိုလ်ကျန်း... ဘာညွှန်ကြားချင်လို့ပါလဲ”
“ငါ့ကို တစ်နေရာကိုခေါ်သွား”
ကျန်းရီ လက်ဝှေ့ယမ်းကာ ပြောလိုက်၏။ ထိုမှ သူလျှို စိတ်အေးသွားသည်။ ကြည့်ရသည်မှာ ကျန်းရီက မည်သည်ကိုမှ အလျင်စလို မပြုမည့်ပုံပင်။
သူလျှိုသည် ကျန်းရီကို ရဲတိုက်အပြင်သို့ ခေါ်သွားသည်။ လမ်းတစ်လျှောက်တွင် ကျန်းရီသည် စကားတစ်ခွန်းမှ မပြောချေ။ သူ့ကို အနည်းဆုံး ကောင်းကင်စိတ်အာရုံ ဆယ်ခုက အာရုံခံနေကြောင်း သူ ကောင်းစွာသိသည်။ သူ၏လှုပ်ရှားမှုတိုင်းက စောင့်ကြည့်ခံနေရပေသည်။ သူလျှိုက သူ့ကို တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ သွက်လက်စွာ ခေါ်သွားသည်။ သူတို့သည် ထိုအစီအရင်ထဲ ဝင်လိုက်ကြ၏။ အနီးမှ အစောင့်များသည်လည်း မည်သည့်မေးခွန်းမှမမေးဘဲ အစီအရင်ကို နှိုးပေးလိုက်ကြလေသည်။
“အန်...”
ကျန်းရီနှင့် သူလျှိုတို့က အလွန်လျင်မြန်စွာ ပြုမူခဲ့ကြသည်။ မည်သူမှ မတုံ့ပြန်နိုင်သေးခင်မှာပင် သူတို့ တည်နေရာပြောင်းရွှေ့သွားကြသည်။ ကျန်းရီ တည်နေရာပြောင်းရွှေ့သွားသည့်အခိုက်တွင် တည်နေရာပြောင်းရွှေ့အစီအရင်များကို စောင့်ကြပ်နေကြသော တပ်သားများသည် သူတို့ခေါင်းကိုသူတို့ ရိုက်ကာ သတ်သေလိုက်ကြ၏။
ဝုန်း...ဝုန်း...ဝုန်း...
ထိုတပ်သားအားလုံး၏ ဦးခေါင်းများ ပေါက်ကွဲထွက်သွားပြီး သွေးများနှင့် ဦးနှောက်အပိုင်းအစများက မြေပြင်ပေါ်တွင် ပြန့်ကျဲသွားသည်။ တည်နေရာပြောင်းရွှေ့အစီအရင်များကို စောင့်ကြပ်နေခဲ့သော တပ်သားအားလုံး သေဆုံးသွားသည်။ တစ်ယောက်မှ ရှင်မကျန်ခဲ့ပေ။
အရူးများပင် ကိစ္စကြီးတစ်ခု ဖြစ်နေပြီဖြစ်ကြောင်း ပြောနိုင်ပေသည်။ လူများ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး အော်ဟစ်ညွှန်ကြားလိုက်သံများ ထွက်ပေါ်လာသည်။ ငှက်တောင်ပျံတပ်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားလေသည်။
“ဘာဖြစ်တာလဲ”
ယွင်ပင်းသည် တာဝန်သွားထမ်းဆောင်မနေပေ။ သူမသည် ရဲတိုက်ထဲတွင် ကျင့်ကြံနေခြင်းဖြစ်ပြီး အုတ်အော်သောင်းနင်းအသံများကို ကြားလိုက်သည်နှင့် အပြင်သို့ ချက်ချင်း ပျံထွက်လာသည်။ တပ်မှူးချန်လျန်က ခပ်သွက်သွက် တင်ပြလိုက်သည်။
“စစ်သူကြီး... ကျန်းရီက ရုတ်တရက်ကြီး လူတစ်ယောက်နဲ့ တည်နေရာပြောင်းရွှေ့သွားတာပါ။ တည်နေရာပြောင်းရွှေ့အစီအရင်တွေကို စောင့်ကြပ်နေတဲ့ အစောင့်တွေအကုန်လုံးလည်း သူတို့ကိုယ်သူတို့ သတ်သေသွားကြပါတယ်”
“ကျွတ်.. ကျွန်မတို့ ပြဿနာအကြီးအကျယ်တက်ပြီ”
ယွင်ပင်း ရုတ်ခြည်း မျက်နှာပျက်သွား၏။ သူမသည် အမိန့်ပြားတစ်ပြားကို ထုတ်၍ချိုးကာ ကောင်းကင်ဘုရင်ယွင်အား ချက်ချင်း အသိပေးလိုက်လေသည်။