မင်းကိုယ်မင်း ဘယ်သူထင်နေလဲ
Vol. 122 Ch. 1705
ကျန်းရီသည် ငှက်တောင်ပျံတပ်ထဲမှနေ၍ မည်သူမှ သတိမထားမိအောင် မည်သို့ထွက်သွားရမည်ကို တွေးပင် မတွေးခဲ့ပေ။ တောက်မျိုးနွယ်က အရာအားလုံးကို စီစဉ်ထားလိမ့်မည်ဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့် သူလျှိုက သူ့ကို တည်နေရာပြောင်းရွှေ့အစီအရင်ဆီ ခေါ်သွားသောအခါ သူ လုံးဝမတုံ့ဆိုင်းဘဲ အစီအရင်ထဲ ဝင်ခဲ့ခြင်းဖြစ်သည်။
ကျန်းရီသည် သူက မည်သည့်နေရာသို့ တည်နေရာပြောင်းရွှေ့နေရကြောင်းကို မသိသော်လည်း ရန်သူက သူ့ကို သတ်လိုလျှင် သူတို့၏လုပ်ရပ်ကို မည်သူကမှ သဲလွန်စမကောက်နိုင်မည့် လူသူကင်းရှင်းသော နေရာတစ်ခုတွင် လုပ်ရန်လိုကြောင်းကိုမူ သိပေသည်။
တောက်မျိုးနွယ်က ဤထောင်ချောက်ကိုဆင်ရန် အရင်းအမြစ်များစွာ သုံးခဲ့ရပြီး အချိန်များစွာ စောင့်ဆိုင်းခဲ့ရသည်။ ယင်းမှာ ဘာအဓိပ္ပာယ်နည်း။ တောက်မျိုးနွယ်က ဤကိစ္စကို လူသိမခံလိုဆိုသော အဓိပ္ပာယ်ပင်။ ကျန်းရီ၏ သေဆုံးမှုက သူတို့နှင့် သက်ဆိုင်ကြောင်းကို မည်သူ့ကိုမှ အသိမခံလိုလောက်ပေ။ သို့ဖြစ်ရာ သူတို့သည် ကျန်းရီကို ကြားမှတ်တွင် တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီထံ၌ ရှင်သန်နိုင်ခြေတစ်ခု ရှိပေသေးသည်။
ကျန်းရီ ထွက်ခွာသွားမှုက ငှက်တောင်ပျံတပ်တစ်တပ်လုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ စစ်သူကြီးနှစ်ယောက်က ကျန်းရီနောက်သို့ ချက်ချင်း လိုက်ကြသည်။ သို့သော် သူတို့ ကြားမှတ်သို့ရောက်သောအခါ ထိုမှ တည်နေရာပြောင်းရွှေ့အစီအရင်များက ဖျက်ဆီးခံထားရပြီး အစောင့်အားလုံးလည်း ပျောက်နေကြောင်း သိလိုက်ရသည်။
ထိုကြားမှတ်မှနေ၍ အခြားကြားမှတ်ရှစ်ခုနှင့် ဆန်းကြယ်နယ်မြေခုနစ်ခုဆီသို့ တည်နေရာပြောင်းရွှေ့နိုင်သည်။ ယခုတွင် တည်နေရာပြောင်းရွှေ့အစီအရင်များက ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ ကျန်းရီက မည်သည့်နေရာသို့သွားကြောင်း မည်သူမှ မသိနိုင်တော့ပေ။
ကောင်းကင်ဘုရင်ယွင်နှင့် ကောင်းကင်ဘုရင်ဝေတို့သည် ငှက်တောင်ပျံတပ်သို့ ချက်ချင်း ရောက်လာ၏။ သူတို့၏ မျက်နှာထားများက အလွန်တည်နေကြသည်။ သူတို့နှစ်ယောက်သည် သူတို့က ယန်ကိုးပါးတောင်ကြားမှနေ၍ ငှက်တောင်ပျံတပ်ကို စောင့်ကြည့်နေမည်ဆိုလျှင် မည်သည့်ကိစ္စမှ ဖြစ်မလာနိုင်ဟု ထင်ခဲ့ကြ၏။ အချိန်လည်း အတော်ကြာခဲ့ပြီဖြစ်ရာ တောက်မျိုးနွယ်က လက်စားချေမည့်အကြံကို လက်လျှော့လိုက်လောက်ပြီဟုလည်း ထင်ခဲ့သည်။ ပြီးခဲ့သော ခုနစ်လအတွင်းတွင် တောက်မျိုးနွယ်သည် ဟိုဟိုဒီဒီတွင် အလုပ်များနေခဲ့ရာ သူတို့က ကျန်းရီကိုသတ်ရန် ကြံစည်နေဆဲ ဖြစ်လိမ့်မည်ဟု မည်သူက ထင်ခဲ့ပါမည်နည်း။
“တော်တော် ဂရုမစိုက်တာပဲ... ကျန်းရီက သေချာမတွေးဘဲ ဒီလို သူ့သေလမ်းသူရှာတော့မယ်”
ကောင်းကင်ဘုရင်ယွင်သည် ရဲတိုက်တစ်လုံး၏ အလယ်ခန်းမထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်၍ ရေရွတ်နေ၏။ သူနှင့် ကောင်းကင်ဘုရင်ဝေတို့က သတင်းကို စောင့်နေကြခြင်းပင်။ တပ်တစ်ခုလုံး လှုပ်ရှားနေပြီဖြစ်ပြီး သူလျှို၏ ခြေရာလက်ရာများကို ခြေရာခံနေကြသည်။ ကျန်းရီအနောက် လိုက်သွားသော စစ်သူကြီးနှစ်ယောက်မှာလည်း ပြန်ရောက်မလာသေးပေ။
ဝှစ်...
ထိုစဉ် စစ်သူကြီးတစ်ယောက်က သိုလှောင်လက်စွပ်တစ်ကွင်းကို ကိုင်၍ ရုတ်တရက် ပျံဝင်လာ၏။ သူသည် လက်စွပ်ကို ကောင်းကင်ဘုရင်ဝေအား ပေးကာ ပြောလိုက်သည်။
“ခေါင်းဆောင်နှစ်ယောက်ခင်ဗျာ... ဒီလက်စွပ်ကို ကျန်းရီရဲ့ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲမှာ တွေ့ခဲ့တာပါ”
“ဟင်...”
ကောင်းကင်ဘုရင်ဝေသည် လက်စွပ်ကို ယူ၍ ၎င်းအတွင်းသို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်လိုက်၏။ အထဲတွင် ချိပ်စည်းကျောက်တုံးတစ်တုံးမှလွဲ၍ အခြားမည်သည့်အရာမှ မရှိချေ။ ကောင်းကင်ဘုရင်ဝေသည် ထိုချိပ်စည်းကျောက်တုံးကို လျင်မြန်စွာ ထုတ်၍ ကျောက်တုံးအတွင်းသို့ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်သည်။ ထိုအခါ လေထဲတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
“အန်...”
ထိုပုံရိပ်ထဲတွင် ချိန်းကြိုးများနှင့် ချုပ်နှောင်ခံထားရသော အဘိုးကြီးသုံးယောက်ရှိ၏။ သူတို့သုံးယောက်ကို သိုင်းသမားများစွာက ဝိုင်းရံထားသည်။ နောက်ဆုံးတွင် မြင်ကွင်းက တောက်ရန်အပေါ်၌ ရပ်တန့်သွားသည်။ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့၏ မျက်နှာများ မည်းမှောင်သွား၏။ ကောင်းကင်ဘုရင်ဝေက ဒေါသတကြီး အော်ပြောလိုက်သည်။
“တကယ်ကို တောက်မျိုးနွယ်လား။ ကျန်းရီကို သတ်ဖို့ တောက်နူက လူတွေကို ဓားစာခံလုပ်တာလိုမျိုး အောက်တန်းကျတဲ့အလုပ်ကို လုပ်နေတယ်ပေါ့လေ။ ပြီးတော့ သူက မိစ္ဆာချုပ်နှောင်အစီအရင်ကို သုံးခဲ့တာလား”
ဝုန်း...
ရုတ်တရက် ချိပ်စည်းကျောက်တုံးက ပေါက်ကွဲထွက်သွားပြီး ပုံရိပ် ပျောက်ကွယ်သွား၏။ အလယ်ခန်းမထဲရှိ လူအားလုံး တုန်လှုပ်သွားကြသည်။ ကောင်းကင်ဘုရင်ဝေလည်း ပို၍ဒေါသထွက်လာသည်။
“သူတို့က ဒီချိပ်စည်းကျောက်တုံးကို နှစ်ကြိမ်သုံးပြီးတာနဲ့ ပေါက်ကွဲသွားအောင်တောင် လုပ်ထားသေးတာလား။ တောက်နု... မင်းတို့က သက်သေကိုဖျောက်ပြီး တာဝန်မယူချင်တာပေါ့လေ”
ဝှစ်...
အပြင်မှနေ၍ လူနှစ်ယောက်ပျံဝင်လာ၏။ စစ်သူကြီးနှစ်ယောက် ပြန်လာပေပြီ။ သူတို့က တည်နေရာပြောင်းရွှေ့အစီအရင်များ ဖျက်ဆီးခံလိုက်ရကြောင်း တင်ပြလိုက်သောအခါ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ ဒေါသငယ်ထိပ်ရောက်သွားလေတော့သည်။
“အစောကပုံရိပ်... အဲ့နေရာက ဘယ်နေရာလဲ”
ကောင်းကင်ဘုရင်ယွင်သည် အလယ်ခန်းမအပြင်တွင် စုဝေးနေကြသော ငှက်တောင်ပျံတပ်မှ ရာထူးကြီးပုဂ္ဂိုလ်များကိုကြည့်၍ မေးလိုက်သည်။ သူတို့ထဲမှ တစ်ယောက်က ခေတ္တမျှ တွေးတောကာ ပြန်ဖြေလိုက်သည်။
“အဲ့နေရာက လုံထန်ဆန်းကြယ်နယ်မြေလို့ ထင်ရပါတယ်၊ အနားက ဆန်းကြယ်နယ်မြေတွေထဲမှာ လုံထန်ဆန်းကြယ်နယ်မြေမှာပဲ ရေကန်ကြီးတစ်ကန် ရှိတာပါ”
“လုံထန်ဆန်းကြယ်နယ်မြေလား”
ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ထို့နောက် ကောင်းကင်ဘုရင်ယွင်က အော်ပြောလိုက်သည်။
“ဟုတ်တယ်... တောက်မျိုးနွယ်က လုံထန်ဆန်းကြယ်နယ်မြေမှာ စပြီး မသင်္ကာစရာတွေကို လုပ်ခဲ့တာပဲ။ နောက်ပိုင်း သူတို့လုပ်ခဲ့တဲ့ဟာတွေကို လုံထန်ဆန်းကြယ်နယ်မြေက ကိစ္စတွေကို ဖုံးကွယ်ဖို့ပဲ”
“တစ်ယောက်ယောက် လာစမ်း...”
ကောင်းကင်ဘုရင်ဝေ အော်ခေါ်လိုက်၏။
“ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ အပြင်ရောက်နေတဲ့ ခေါင်းဆောင်ခြောက်ယောက်ရဲ့ တပ်တွေက လွဲပြီး ကျန်တဲ့တပ်သုံးဆယ့်ခြောက်တပ်စလုံးက အာကာသထဲကိုသွားပြီး လုံထန်ဆန်းကြယ်နယ်မြေကို ဝိုင်းရမယ်။ ညီ(၁၃)နဲ့ ညီ(၁၈)ကို ယန်ကိုးပါးမြို့ကို စောင့်ကြပ်နေဖို့ ပြောလိုက်ပါ။ ကျန်တဲ့ကောင်းကင်ဘုရင်တွေက တိုက်ပွဲထွက်ရမယ်”
“ညီနှစ် သွားကြစို့”
ကောင်းကင်ဘုရင်ဝေသည် အားကောင်းသော သတ်ဖြတ်အရှိန်အဝါနှင့် အပြင်သို့ လျှောက်ထွက်သွား၏။ ကောင်းကင်ဘုရင်ယွင်ကလည်း သူ့အနောက်မှ လိုက်သွားသည်။ ဤတစ်ခေါက်တွင် ကောင်းကင်ဘုရင်နှစ်ပါးသည် အမှန်ပင် ဒေါသထွက်သွားကြပေပြီ။ အကယ်၍ ကျန်းရီသာ သေသွားမည်ဆိုလျှင် သူတို့သည် တောက်မျိုးနွယ်မှ အကြီးအကဲအားလုံးကို သေချာပေါက် သတ်ပစ်မည်ဖြစ်သည်။
ကောင်းကင်ဘုရင်ဝေ၏ အမိန့်ဖြင့် ယန်ကိုးပါးစစ်တပ်တစ်ခုလုံး စတင်လှုပ်ရှားကြသည်။ တပ်သားများသည် မရေမတွက်နိုင်သော ဆန်းကြယ်နယ်မြေများမှနေ၍ အာကာသထဲသို့ တည်နေရာပြောင်းရွှေ့ကာ လုံထန်ဆန်းကြယ်နယ်မြေကို ဝန်းရံရန် လျင်မြန်စွာ သွားလိုက်ကြလေသည်။
ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့က အရင်ဆုံး ထွက်သွားကြပြီး ယန်ကိုးပါးမြို့ကို စောင့်ကြပ်ရန် တာဝန်ကျသော ကောင်းကင်ဘုရင်နှစ်ပါးမှလွဲ၍ ကျန်သော ကောင်းကင်ဘုရင်နှစ်ဆယ့်ခြောက်ပါးက နောက်မှ လိုက်သွားကြသည်။ တမလွန်ဘုံစစ်တပ်နှင့် တိုက်ခိုက်ရန် မဟုတ်ဘဲ ယန်ကိုးပါးစစ်တပ်တစ်တပ်လုံး တိုက်ပွဲထွက်သည်ကို သမိုင်းတစ်လျှောက်တွင် တစ်ခါမှ မမြင်ခဲ့ဖူးပါပေ။
ယန်ကိုးပါးမြို့ထဲရှိ မျိုးနွယ်ကြီးများမှ ထောက်လှမ်းရေးများက မြို့သို့ သတင်းလှမ်းပို့သောအခါ တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ မကြာခင်တွင်လည်း ရှေးဟောင်းနယ်မြေကို အာရုံစိုက်နေခဲ့သည့် ကောင်းကင်ဘုံတစ်ခွင်လုံးသည်လည်း ယန်ကိုးပါးမြို့တွင် ဖြစ်ပျက်နေသည်များအပေါ် ပြောင်း၍အာရုံစိုက်လာပေသည်။
လုံထန်ဆန်းကြယ်နယ်မြေက ကမ္ဘာဦးကောင်းကင်ဘုံနှင့် သိပ်မဝေးပေ။ သို့သော် ထိုဆန်းကြယ်နယ်မြေထဲတွင် တည်နေရာပြောင်းရွှေ့အစီအရင် မရှိသဖြင့် ထိုနယ်မြေထံသို့ ပျံသန်း၍သာ သွားနိုင်သည်။ ထိုနယ်မြေထဲ၌ တမလွန်ဘုံမျိုးနွယ်ဘက်ကရော လူသားမျိုးနွယ်ဘက်ကပါ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု မတည်ဆောက်နိုင်ခဲ့ပေ။ တစ်ဘက်က တည်ဆောက်သည့် တည်နေရာပြောင်းရွှေ့အစီအရင်ကို ကျန်တစ်ဘက်က ဖျက်ဆီးပစ်သည်ချည်းသာ။
လုံထန်ဆန်းကြယ်နယ်မြေက ကျယ်ပြောသည်။ ၎င်းနယ်မြေသည် ကမ္ဘာဦးကောင်းကင်ဘုံနှင့် နီးရာ ကမ္ဘာဦးကောင်းကင်ဘုံအတွင်း မကျူးကျော်ခင် တစ်ထောက်နားရန် နေရာကောင်းတစ်ခုဖြစ်နေသည်။ တမလွန်ဘုံမျိုးနွယ်က ထိုဆန်းကြယ်နယ်မြေကို ထိန်းချုပ်နိုင်လိုက်မည်ဆိုလျှင် ကမ္ဘာဦးကောင်းကင်ဘုံကို တိုက်ခိုက်ရန် တမလွန်ဘုံတပ်များကို မပြတ်စေလွှတ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ကောင်းကင်ဘုံသည် တမလွန်ဘုံက ထိုဆန်းကြယ်နယ်မြေအား ထိန်းချုပ်နိုင်လိုက်မည်ကို ခွင့်မပြုနိုင်ပေ။ ထို့ကြောင့် ထိုနယ်မြေထဲတွင် တိုက်ပွဲများ မပြတ်ဖြစ်နေခဲ့ခြင်းဖြစ်ပေသည်။
လုံထန်ဆန်းကြယ်နယ်မြေသာမက ကမ္ဘာဦးကောင်းကင်ဘုံအနီးရှိ ဆန်းကြယ်နယ်မြေကြီးများအားလုံးသည် တူညီသော ကံကြမ္မာနှင့် ရင်ဆိုင်နေရသည်။ တမလွန်ဘုံဧကရာဇ်က စွမ်းအားအပြည့် ပြန်မရသေးသလို ကမ္ဘာဦးကောင်းကင်ဘုံက လူသားမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားများစွာကို စုစည်းထားရာ တမလွန်ဘုံမျိုးနွယ်သည် ကမ္ဘာဦးကောင်းကင်ဘုံထဲ အင်အားအလုံးအရင်းနှင့် မကျူးနိုင်သေးဘဲ ပြင်ဆင်၍သာ နေရလေသည်။ လူသားမျိုးနွယ်က ကမ္ဘာဦးကောင်းကင်ဘုံကို ကာကွယ်ရန် စိတ်ပိုင်းဖြတ်ထားရာ အနီးရှိ ဆန်းကြယ်နယ်မြေအားလုံးကို သိမ်းပိုက်နိုင်ရန် လိုအပ်သည်။ မဟုတ်လျှင် တမလွန်ဘုံစစ်တပ်က မည်သည့်အချိန်တွင် ကျူးကျော်လာမည်ကို မသိနိုင် ဖြစ်သွားပေလိမ့်မည်။
***
ကျန်းရီသည် သုံးကြိမ်တည်နေရာပြောင်းရွှေ့ပြီးနောက် လုံထန်ဆန်းကြယ်နယ်မြေနှင့် အနီးဆုံး ကြားမှတ်သို့ ရောက်သွား၏။ ထိုကြားမှတ်တွင် လူတစ်ယောက်မှ ရှိမနေပေ။ ထိုမှ အစောင့်များသည် အသတ်ခံရသူကခံရ၊ မောင်းထုတ်ခံရသူကခံရခဲ့သည်။
ဝုန်း...ဝုန်း...
သူလျှိုသည် ထိုကြားမှတ်ရှိ တည်နေရာပြောင်းရွှေ့အစီအရင်များကို တုံ့ဆိုင်းခြင်းမရှိဘဲ ဖျက်ဆီးပစ်လိုက်၏။ ကျန်းရီသည် မအံ့ဩတော့ဘဲ ၎င်းသူလျှိုကို အေးစက်စက်သာ ကြည့်နေလိုက်သည်။ သူ့ပုံစံက တိုက်ခိုက်မည့်ပုံလည်း မပေါ်ပေ။
“ကျန်းရီ... အဲ့ဘက်ကို နာရီနှစ်ဆယ်ကျော် ပျံသွားရင် လုံထန်ဆန်းကြယ်နယ်မြေကို ရောက်သွားလိမ့်မယ်။ မင်း ဓားစာခံတွေကို ကယ်ချင်ရင် ငါ့နောက်က လိုက်ခဲ့”
သူလျှိုသည် တည်နေရာပြောင်းရွှေ့အစီအရင်များကို ဖျက်ဆီးပြီးနောက် ကျန်းရီကို ငေးကြည့်ကာ ပြောလိုက်၏။
“ငါ့ကို ဓားစာခံလုပ်ဖို့ စိတ်တောင်မကူးနဲ့။ ငါက အရေးမပါတဲ့သူတစ်ယောက်ပဲ။ ဒါပေမဲ့ ငါသေမယ်ဆိုရင် ဝိညာဉ်ဘုရင်၊ တိရှအရှင်နဲ့ ဆောင်းဥတုအရှင်တို့ အကုန်လုံး သေရလိမ့်မယ်”
“ဟာသပဲ”
ကျန်းရီ နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်။
“မင်းကိုယ်မင်း ဘယ်သူထင်နေလဲ။ ငါက မင်းကို သတ်လိုက်ပြီး လုံထန်ဆန်းကြယ်နယ်မြေကို မသွားဘူးဆိုရင်ရော တောက်မျိုးနွယ်ဝင်တွေက သူတို့ကို သတ်ရဲပါ့မလား။ အဲ့တော့ အပိုတွေ ပြောမနေဘဲ လမ်းသာပြစမ်း”
“အာ...”
သူလျှို မျက်နှာပျက်သွားပြီး သူ့မျက်ဝန်းများထဲတွင် ရန်လိုသည့်အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သို့သော် သူ ပြန်မပြောဝံ့ပေ။ ကျန်းရီ၏စကားက မှန်ပေသည်။ ကျန်းရီက သူ့ကို သတ်လိုက်လျှင်ပင် တောက်မျိုးနွယ်က လုံးဝစိတ်ထဲထားမည် မဟုတ်ပေ။
ဝှစ်...
သူလျှိုသည် အနောက်ဘက်သို့ ပျံသန်းသွား၏။ ကျန်းရီသည်လည်း ကိုယ်ထဲတွင် ကောင်းကင်စွမ်းအား လှည့်ပတ်၍ အရှိန်အဝါထုတ်ကာ ပျံသန်းလိုက်သည်။ သူလျှိုသည် ကျန်းရီ၏ အရှိန်အဝါကို အာရုံခံမိသောအခါ မျက်နှာပျက်သွား၏။ အစောတွင် ကျန်းရီက သူ့အရှိန်အဝါကို လျှော့ထားခဲ့ခြင်းဖြစ်ပြီး ယခုမှ အပြည့်အဝ ထုတ်ပြလိုက်ခြင်းပင်။ ယခုတွင် သူလျှိုသည် ကျန်းရီက အုပ်ချုပ်သူအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိသွားလေပြီ။
‘ဟင်းဟင်း...’
သို့သော် သူလျှို စိတ်ထဲမှ ရယ်လိုက်၏။ ကျန်းရီက အုပ်ချုပ်သူအဆင့်သို့ ရောက်သွားလျှင်လည်း ဘာအရေးနည်း။ တောက်လန်နှင့် တောက်နုတို့က လုံထန်ဆန်းကြယ်နယ်မြေအနီးတွင် ပုန်းအောင်းနေသည်။ မကြာခင်တွင် ကျန်းရီက သေချာပေါက် အသေဆိုးနှင့် သေရတော့မည်ဖြစ်သည်။