← Chapters

သစ်သားချီအဆီအနှစ်

Vol. 39 Ch. 536

သစ်သားချီအဆီအနှစ်

Vol. 39 Ch. 536

"ကိုင်း ဆရာ သွားကြစို့"

ခြင်္သေ့ကြီးက ကြွားလုံးထုတ်နေသောကြောင့် ယဲ့ချန်ပင် ဆွံ့အသွားကာ ခါးသက်သက်ပြုံး၍ ခရီးဆက်ရန် လောဆော်လိုက်ရသည်။

"မင်းတို့ကလေးတွေက ပျင်းစရာကောင်းလိုက်တာ"

ခြင်္သေ့ကြီးက မကျေမနပ်ရေရွတ်၍ ရှေ့ဆုံးမှဦးဆောင် ထွက်ခွာသွားခဲ့သည်။ တစ်ဖွဲ့လုံးက သူ့နောက်မှကပ်လိုက်ကာ သစ်တော၏အနက်ပိုင်းသို့ ချင်းနင်းဝင်ရောက်လာကြသည်။ သူက ကဆုန်ပေါက်ပြေးလွှားနေသောကြောင့် လမ်းတလျှောက်၌ သစ်ပင်ကြီးများ အပိုင်းပိုင်းပြတ်တောက်ကုန်ကာ စွဲလောင်နေသော ခရမ်းရောင်မီးတောက်များကြောင့် မြေပြင်တစ်ခုလုံး မည်းနက်၍ မီးခိုးများထွက်နေသည်။ ယဲ့ချန်၏ကျင့်ကြံဆင့် မြင့်တက်လာသောအခါ သူက ချီပင်လယ်အဆင့်ခုနစ်ခွန်အားကို ထုတ်ဖော်လာနိုင်သည်။ သို့သော် စစ်ဧကရာဇ်တစ်ပါး၏ ပြိုင်ဘက်ကင်းအရှိန်အဝါကို ပိုင်ဆိုင်ထားဆဲပင်ဖြစ်သည်။ ကုဖေးနှင့် အခြားကျင့်ကြံသူများမှာ မြို့ဝန်ရီရန်ထံမှပင် ဤအရှိန်အဝါမျိုး မခံစားဖူးခဲ့ပေ။

"ယဲ့ချန် ဆရာခြင်္သေ့ရဲ့ ကျင့်ကြံဆင့်အစစ်က ဘယ်အဆင့်မှာလဲ"

ရှောင်ယွဲ့က ဖိအားကြောင့် နဖူးမှစီးကျလာသော ချွေးများကိုသုတ်၍ ကြောက်ကြောက်လန့်လန့် စပ်စုလိုက်သည်။ လူတိုင်းကလည်း သိလိုစိတ်ကြောင့် ယဲ့ချန်ကို ဝိုင်းကြည့်နေကြသည်။

"စစ်ဧကရာဇ်အဆင့်"

ယဲ့ချန်က တစ်လုံးချင်းဖြေလိုက်သည်။ သူက ခြင်္သေ့ကြီးကို ဆင့်ခေါ်ထားသောကြောင့် ဤအကြောင်းကို ဖုံးကွယ်ထားရန် မလိုအပ်ပေ။

"အိုးဘုရားရေ"

"ကောင်းကင်ဘုံ ကယ်တော်မူပါ"

"လခွမ်း သူက စစ်ဧကရာဇ်ကြီးလား"

လူတိုင်း မင်သက်သွားကြပြီး ကြက်ဥတစ်လုံး ပစ်ထည့်နိုင်သည်အထိ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ကုဖေးဖြစ်စေ ကျန်အဖွဲ့ဝင်များဖြစ်စေ ထိတ်လန့်အံ့သြလွန်းသဖြင့် မျက်လုံးများ ပြူးကျယ်ကုန်သည်။ စစ်ဧကရာဇ်အဆင့်သည် တိုက်ကြီးတစ်ခုလုံးတွင် အုပ်စိုးသူများဖြစ်ကြပြီး တစ်နည်းပြောရလျှင် ခြင်္သေ့ကြီးသာ သူ၏အစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်ပါက သစ်သားတိမ်ကြယ်တစ်ခုလုံး တုန်ခါသွားပေလိမ့်မည်။ အကယ်၍ သူသာမကျေနပ်လျှင် ရန်ယွင်မြို့တစ်ခုလုံးကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။ အကယ်၍ အခြားလူများသာ ယဲ့ချန်၌ စစ်ဧကရာဇ်အဆင့် ကာကွယ်ရေးသားရဲတစ်ကောင် ပိုင်ဆိုင်ထားကြောင်းသိလျှင် ထိပင်ထိရဲမည်မဟုတ်ပေ။ အကယ်၍ တစ်ယောက်ယောက်က ယဲ့ချန်ကိုသတ်၍ ခြင်္သေ့ကြီးဒေါသထွက်သွားလျှင် တစ်မြို့လုံးရှိကျင့်ကြံသူများ အသားပြားဖြစ်အောင် ရိုက်သတ်ခံရနိုင်ချေရှိသည်။ ခြင်္သေ့ကြီး၏ခွန်အားဖြင့် ယဲ့ချန်၏ ကာကွယ်ရေးသားရဲဖြစ်နေသော အကြောင်းအရင်းကို မည်သူမှ မတွေးနိုင်ခဲ့ပေ။

အကယ်၍ သာမန်ကျင့်ကြံသူများသာ ယဲ့ချန်ထံတွင် ကြောက်မက်ဖွယ်နောက်ခံတစ်ခု ပိုင်ဆိုင်ထားကြောင်းသိလျှင် ဆက်တိုက်ဖားယားနေပေလိမ့်မည်။ သို့သော် ကုဖေးတို့လူစုမှာ နေရထိုင်ရခက်ခဲနေပြီး ယဲ့ချန်နှင့်စကားပြောရန် အကျပ်ရိုက်နေသဖြင့် တွန့်ဆုတ်နေကြသည်။ ခြင်္သေ့ကြီး၏နောက်ခံကြောင့် ယဲ့ချန်ကို အထက်တန်းစားတစ်ယောက်အဖြစ် သတ်မှတ်ရနိုင်သော်လည်း သူတို့က သာမန်လူတန်းစားများဖြစ်ကြသည်။ ထို့ကြောင့် ယဲ့ချန်ကို ဆက်ဆံရမည့်ပုံစံကို အလေးအနက်စဥ်းစားနေကြသည်။

"ကျုပ်က ဒီကိစ္စကို ဖုံးကွယ်ထားမိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ။ ဗွေမယူဖို့ မျှော်လင့်ပါတယ်"

နေရထိုင်ရခက်ခဲနေသော ပတ်ဝန်းကျင်ကြောင့် ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။

"ဒီလိုမပြောပါနဲ့။ ညီလေးယဲ့ကသာ ငါတို့အပေါ် အထင်မသေးဘူးဆိုရင် မင်းက ညီအစ်ကိုတစ်ယောက်ပါပဲ"

ကုဖေးက ကိုယ့်ကိုကိုယ်တည်ငြိမ်စေရန် ကြိုးစား၍ ပြန်ပြောလိုက်သည်။

"ကျုပ်က ဘယ်သူ့ကိုမှ အထင်မသေးတတ်ပါဘူးဗျာ။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက လူတစ်ယောက်ရဲ့ဘဝကို အဆုံးအဖြတ်မပေးနိုင်ပါဘူး။ ကျန်တဲ့ကျင့်ကြံသူတွေက ခင်ဗျားတို့ကိုအထင်သေးရင် ကိုယ်ပိုင်ခွန်အားနဲ့ သူတို့အမြင်တွေကို ပြောင်းလဲပစ်ရမယ်"

ယဲ့ချန်က ခေါင်းယမ်း၍ လေးနက်စွာပြောလိုက်သည်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက လူတစ်ယောက်၏ပါရမီကို တစ်ဘဝလုံး ဆုံးဖြတ်ပေးနိုင်သည်ဟု သူက လုံးဝမယုံပေ။ ခဏတာစကားစမြည်ပြောပြီးနောက် တင်းမာနေမှုများ ပြေလျော့သွားကာ လူတိုင်းက ယဲ့ချန်ကို ပုံမှန်အတိုင်း ပြန်လည်ဆက်ဆံလာကြသည်။

သစ်သားတိမ်ကြယ်ပေါ်တွင် ခြင်္သေ့ကြီးက အရာအားလုံးကိုဖျက်ဆီးနိုင်သော နတ်လက်နက်တစ်ခုပမာ အစွမ်းထက်နေသည်။ သူက ကောင်းကင်သို့မော့၍ ဟိန်းလိုက်သောအခါ စစ်ဧကရာဇ်အရှိန်အဝါက ဘက်ပေါင်းစုံသို့ ပြန့်ထွက်သွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ ချီပင်လယ်အဆင့်တစ်ဆယ် ဝိညာဥ်သားရဲများက ဉာဏ်ရည်နိမ့်ကျသောကြောင့် အကြောက်လွန်သွားပြီး ခြေဦးတည်ရာသို့ သွေးရူးသွေးတန်း ထွက်ပြေးသွားကြသည်။ ၎င်းတို့က ကြောက်မက်ဖွယ်အရှိန်အဝါကို အာရုံခံမိသောအခါ မွေးရာပါအသိစိတ်၏လှုံ့ဆော်မှုအရ သေဘေးမှလွတ်မြောက်စေရန် ပြေးလွှားနေကြပြီး နောက်ကျကျန်ရစ်မည်ကိုပင် စိုးရိမ်နေကြသည်။

ယဲ့ချန်တို့လူစုသည် ခြင်္သေ့ကြီး၏အနောက်မှ ကပ်လိုက်လာရင်း သစ်သားတိမ်ကြယ်၏ကန့်သတ်နယ်မြေသို့ အလွယ်တကူရောက်ရှိလာကြသည်။ ထို့ကြောင့် သူတို့က ဆင်ဖြူတော်မှီ၍ ကြံစုပ်ရသော ခံစားချက်ကို ကောင်းကောင်းနားလည်လိုက်ကြသည်။ သူတို့ရှေ့တည့်တည့်တွင် အလွန်အမင်းကြီးမားပြီး မီတာထောင်ချီမြင့်သော သစ်ပင်ကြီးတစ်ပင် ရှိနေသည်။ ၎င်းက တိမ်များထံသို့ဦးတည်ကာ မြင့်တက်နေသဖြင့် အဆုံးမရှိဟုပင် ထင်မှတ်ရ၍ များပြားလှသော သစ်ကိုင်းကြီးများအောက်တွင် နေရောင်ပင် ကွယ်ပျောက်သွားရသည်။ သစ်သားအဆီအနှစ်များက ၎င်း၏ပင်စည်အတွင်း ဖြစ်ပေါ်နေသောကြောင့် ယဲ့ချန်သည် ချီပင်လယ်ကိုအသက်သွင်းကာ တည်နေရာကို အာရုံခံလိုက်သည်။ ထို့နောက် ယဲ့ချန်၊ ကုလန်နှင့် ကုဖေးတို့ လေပေါ်သို့ပျံတက်လာကာ တည်နေရာတစ်ခုစီကို လက်နက်များဖြင့် တိုက်ခိုက်လိုက်ကြသည်။

"ထန် ထန် ထန်"

သစ်ပင်၏အခေါက်က အလွန်မာကျောသောကြောင့် လက်နက်ချင်းထိခတ်သံများ ထွက်ပေါ်လာကာ ၎င်းတို့က ပြန်ကန်ထွက်လာခဲ့သည်။ ယဲ့ချန်က သူ့လက်ထဲရှိ သာမန်ဝိညာဥ်လက်နက်ကိုပြန်သိမ်းကာ မိစ္ဆာဝံပုလွေဆေဘာအားထုတ်ယူ၍ ပင်စည်တွင် အပေါက်တစ်ခု အလွယ်တကူထွင်းလိုက်သည်။ ကုညီအစ်ကိုသည် ယဲ့ချန်လက်ထဲရှိ သွေးနီရောင်ဆေဘာကို တစ်ချက်ကြည့်ကာ လက်နက်များပြန်သိမ်း၍ မြေပြင်သို့ ဆင်းသက်လိုက်ကြသည်။ ယဲ့ချန်က အံ့သြစရာများ တစ်ခုပြီးတစ်ခုလုပ်ပြနေသောကြောင့် သူတို့အသားကျနေပြီဖြစ်ရာ မအံ့သြတော့ပေ။ အချိန်ခဏအကြာတွင် သစ်ပင်၏ပင်စည်၌ အပေါက်သုံးခုဖြစ်ပေါ်လာကာ အစိမ်းရောင်တဖိတ်ဖိတ်တောက်ပနေသော သစ်သားချီအဆီအနှစ်သုံးခု ထွက်ပေါ်လာသည်။

"ရတနာကိုရပြီ။ သွားကြစို့"

သူက ၎င်းတို့ကိုသိမ်းယူပြီးနောက် တစ်ဖွဲ့လုံးက အဝေးသို့ထွက်ခွာ ပျောက်ကွယ်သွားကြသည်။ ဝိညာဥ်သားရဲများပြန်ရောက်လာပြီး သူတို့စောင့်ကြပ်နေသော အဆီအနှစ်များ ခိုးယူခံလိုက်ရကြောင်း သိသောအခါ ဒေါသတကြီး ဟိန်းဟောက်နေကြသည်။ သို့သော် ယဲ့ချန်တို့အဖွဲ့က ထိုအချိန်တွင် အဝေးသို့ရောက်နေပြီဖြစ်သည်။

"ဒီရတနာတွေကို ညီလေးယဲ့ရှာတွေ့တာဆိုတော့ မင်းပဲ ယူထားလိုက်ပါ"

ကုဖေးက ပြောလိုက်ခြင်းဖြစ်သည်။ အဆီအနှစ်တစ်ခုချင်းစီက ဆည်းဆာရွှေတစ်သန်းတန်ကြေးရှိသော်လည်း သူတို့၏အားထုတ်မှုမပါဝင်သောကြောင့် အခွင့်အရေးယူရန် မျက်နှာပူနေခဲ့သည်။

"သဘောတူထားတဲ့အတိုင်း လုပ်ကြရအောင်"

ယဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။ ဤရတနာများ၏တန်ဖိုးက သူ့အတွက် များစွာအရေးမပါသော်လည်း ကုဖေးတို့အတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေသည်။

"လက်မခံပါရစေနဲ့"

အဖွဲ့ဝင်များက တစ်ယောက်ပြီးတစ်ယောက် ငြင်းဆန်နေခဲ့ကြသည်။ သူတို့က ပိုက်ဆံကို အလွန်လိုအပ်နေသော်လည်း ယဲ့ချန်၏ အားထုတ်မှုသက်သက်အပေါ် အမြတ်မထုတ်လိုခဲ့ပေ။

"ဒီလိုလုပ်ကြရအောင်။ ဒီအဆီအနှစ်သုံးခုကိုတော့ စည်းကမ်းအတိုင်း ခွဲယူကြမယ်။ နောက်ထပ်တွေ့သမျှရတနာတွေကိုတော့ ကျုပ်က ခုနစ်ဆယ်ရာခိုင်နှုန်းယူပြီး ကျန်တဲ့သုံးဆယ်ရာခိုင်နှုန်းကို အဖွဲ့က ရမယ်"

ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် အကြံပြုလိုက်သည်။ ကုဖေးတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်နေပြီး ယဲ့ချန်၏စကားကို မငြင်းဆန်ကြတော့ပေ။ သူက ခုနစ်ဆယ်ရာခိုင်နှုန်းယူမည်ဖြစ်သော်လည်း ဆရာခြင်္သေ့ကြီး၏အစွမ်းက သူတို့မျက်မြင်ပင် ဖြစ်သည်။ ခြင်္သေ့ကြီး၏အကူအညီဖြင့် သစ်သားချီအဆီအနှစ်များကို အလွယ်တကူရှာဖွေနိုင်သောကြောင့် အသက်နှင့်ရင်း၍ အမဲလိုက်ခြင်းထက် အကျိုးအမြတ်များစွာ ရပေလိမ့်မည်။

"ဒါဆိုရင် ငါတို့က ညီလေးယဲ့အပေါ် အခွင့်အရေးယူမိပါပြီ"

ကုဖေးက မျက်နှာပူပူနှင့် ခေါင်းညိတ်ပြလိုက်သည်။ လင်းနန်၊ရှောင်ယွဲ့စသော လူငယ်လေးများက အလွန်ပျော်ရွှင်နေကြသည်။ သူတို့က ချစ်သူများပိုင်ဆိုင်ထားကာ ဤခရီးအကြောင်း ဖုံးကွယ်ထားကြသည်။ သူတို့၏လက်ရှိဘဝက အလွန်ဆင်းရဲသောကြောင့် ကောင်းကင်ဘုံငယ်များအတွင်း ဝင်ရောက်ကာ အသက်နှင့်ရင်း၍ စွန့်စားခဲ့ကြသည်။ အကြောင်းအရင်းမှာ အနာဂတ်တွင် သူတို့၏ဇနီးများကို ဒုက္ခမရောက်စေလိုသောကြောင့်ဖြစ်သည်။ သစ်သားချီအဆီအနှစ်သုံးခုကို ရောင်းချလိုက်လျှင် ဆည်းဆာရွှေသုံးသန်းကျော် ရမည်ဖြစ်သောကြောင့် ခွဲဝေလိုက်လျှင် တစ်ယောက်ကို အနည်းဆုံး တစ်သိန်းရနိုင်ပေလိမ့်မည်။ သူတို့အတွက် ဤပမာဏက အလွန်များပြားပြီး မြို့စွန့်ဒေသတွင် သူဌေးများအဖြစ် သတ်မှတ်၍ရပေသည်။ အထက်တန်းစားများအတွက် ဤပမာဏက မပြောပလောက်သော်လည်း သူတို့အတွက် အိမ်ကောင်းကောင်းတစ်လုံးငှားရမ်းနိုင်ပြီး စားဝတ်နေရေးအတွက် ပူပန်စရာလိုမည် မဟုတ်တော့ပေ။ အဖွဲ့ဝင်တိုင်းက ယဲ့ချန်ကို အလွန်ကျေးဇူးတင်နေကြပြီး သူ့ကြောင့်သာမဟုတ်လျှင် သစ်သားချီအဆီအနှစ်များကို ရယူနိုင်စရာ မရှိချေ။

"ယဲ့ချန် ညာဘက်ကီလိုမီတာနှစ်သောင်းမှာ နောက်ထပ်အဆီအနှစ်သုံးခု ထပ်ရှိတယ်။ လိုက်လာခဲ့"

ခြင်္သေ့ကြီးက မျက်လုံးမှိတ်၍ အာရုံခံနေရာမှ ပြောလိုက်ခြင်းဖြစ်သည်။ သူ၏စိတ်ဝိညာဥ်က အလွန်သန်မာပြီး ယဲ့ချန်၏ချီပင်လယ် အာရုံခံနိုင်သည်ထက် အဆပေါင်းများစွာပိုလေသည်။ သူ၏စကားကြောင့် အဖွဲ့ဝင်တိုင်း၏မျက်လုံးများ အရောင်လက်လာကြပြီး နောက်မှထပ်ကြပ်မကွာ လိုက်ပါလာကြသည်။

လမ်းတလျှောက်တွင် ယဲ့ချန်တို့က ချီပင်လယ်အဆင့်ခုနစ် ဝိညာဥ်သားရဲများကို ရှင်းလင်းခဲ့ပြီး ခြင်္သေ့ကြီးက အဆင့်တစ်ဆယ်သားရဲများကို ခြောက်ထုတ်ရန် အရှိန်အဝါဖြင့် ကြိုးစားပေးခဲ့သည်။ သူ၏နည်းလမ်းက အသိဉာဏ်ရှိသော လူသားများအပေါ် များစွာမထိရောက်သော်လည်း ဝိညာဥ်သားရဲများ၏အသိဉာဏ်က အလွန်နိမ့်ကျနေခဲ့သည်။ အရှိန်အဝါထွက်ပေါ်လာချိန်တွင် ထွက်ပြေးသွားသော ၎င်းတို့က ခြင်္သေ့ကြီး၏အစစ်အမှန်ခွန်အားသည် ချီပင်လယ်အဆင့်ခုနစ်သာဖြစ်ကြောင်းသိလျှင် သေချာပေါက် ရူးသွပ်သွားနိုင်ကြသည်။

နှစ်ရက်အတွင်း ယဲ့ချန်သည် သစ်သားချီအဆီအနှစ်ကိုးခုနှင့် သစ်သားပုလဲနှစ်လုံး ရရှိခဲ့သည်။ အဆီအနှစ်တစ်ခုကို ဆည်းဆာရွှေတစ်သန်းဖြင့်ရောင်းချနိုင်ပြီး ပုလဲတစ်လုံး၏ပေါက်စျေးက နှစ်သန်းကျော်ဖြစ်သည်။ တစ်နည်းပြောရလျှင် သူတို့က သုံးရက်အတွင်း ဆည်းဆာရွှေဆယ့်လေးသန်း ရှာဖွေနိုင်ခဲ့ခြင်းဖြစ်သည်။ ကုဖေးတို့အတွက် ဤအဖြစ်အပျက်က အိပ်မက်ပမာထင်မှတ်ရပြီး စိတ်လှုပ်ရှားလွန်းသဖြင့် တိမ်များပေါ်ရောက်နေသယောင် ခံစားနေကြရသည်။ ယဲ့ချန်က သူတို့၏မျက်နှာထားများကြောင့် ကျေနပ်စွာ ပြုံးလိုက်မိသည်။ လူတိုင်းက ရုတ်တရက်ချမ်းသာလာသော အဖြစ်ကို လက်ခံနိုင်ရန် အချိန်ယူရပေလိမ့်မည်။

"ညီလေးယဲ့ ငါတို့ကိုယ်ငါတို့ အသုံးမကျဘူး ခံစားရတယ်"

ကုဖေးက အရင်ဆုံး သတိပြန်ဝင်လာသောအခါ ခေါင်းကုတ်၍ အရှက်ပြေရယ်မောလိုက်သည်။

"မဟုတ်ပါဘူးဗျာ။ အချိန်ပြည့်ပြီဆိုတော့ ထွက်ကြဖို့ သင့်ပြီ"

ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။ ကုဖေးနှင့်အဖွဲ့က အမဲလိုက်ခရီး၏ရလဒ်ကို ကျေနပ်စွာဖြင့် သစ်သားတိမ်ကြယ်၏ ပို့ဆောင်ရေးအစီအရင်ထံ ပြန်လည်ထွက်ခွာလာကြသည်။ အစီအရင်အတွင်း၌ ကျင့်ကြံသူများစွာစုဝေးနေကြပြီး အားလုံးက သုံးရက်အချိန်ပြည့်လျှင် ထွက်ခွာရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ သစ်သားတိမ်ကြယ်၏ကြီးကြပ်သူက အသင်းများကို တစ်ခုချင်း နာမည်ခေါ်၍ မှတ်တမ်းတင်ကာ ထွက်ခွာခွင့်ပေးနေခဲ့သည်။

"လီဟန်နဲ့အဖွဲ့ အချိန်ပြည့်ပြီ"

ကျင့်ကြံသူခြောက်ယောက်က တည်နေရာရွှေ့ပြောင်းအစီအရင်အတွင်း ဝင်ရောက်သွားကြပြီး အဖြူရောင်အလင်း တစ်ချက်အလက်တွင် ပျောက်ကွယ်သွားကြသည်။

"ဝမ်ရီနဲ့အဖွဲ့ အချိန်ပြည့်ပြီ"

သို့သော် အချို့ကျင့်ကြံသူများက နာမည်ခေါ်ခံရချိန်တွင် ထွက်ပေါ်လာခြင်း မရှိပေ။ သူတို့က ကောင်းကင်ဘုံငယ်အတွင်း သေဆုံးသွားခြင်း သို့မဟုတ် အချိန်မီ ပြန်ရောက်မလာခြင်း ဖြစ်နိုင်သည်။

All Chapters