ငါ ပိုက်ဆံလိုအပ်တယ်
Vol. 39 Ch. 537
"ဒီတစ်ခေါက် မင်းတို့ ဘယ်လောက်ရခဲ့လဲ"
"ဒီတစ်ခေါက် တော်တော်များများ ရလာတယ်။ စုစုပေါင်း ဆည်းဆာရွှေခြောက်သိန်းလောက် ရလာတယ်ဆိုတော့ ပြန်ရောက်လို့ ခေါင်းဆောင်ဆီကိုအပ်ပြီးရင် တစ်ယောက် သုံးသောင်းရနိုင်တယ်"
"မဆိုးပါလားကွ။ ငါတို့တော့ ဆည်းဆာရွှေသုံးသိန်းပဲ ရခဲ့တယ်"
"ငါတို့ကတော့ ကံဆိုးတယ်။ ဘယ်ကောင်ကများ ချီပင်လယ်အဆင့်တစ်ဆယ် ဝိညာဥ်သားရဲကို ရန်သွားစလိုက်လဲ မသိဘူး။ အကုန်သေကုန်တော့မလို့"
"ငါတို့လည်း တစ်ကောင်တွေ့ခဲ့တယ်။ မရှောင်နိုင်လို့ကတော့ သေပြီပဲဟေ့။ ငါဖြင့် လိပ်ပြာလွင့်မတတ် ကြောက်နေခဲ့တာပဲ"
"ဒီကောင်ကြီးတွေက ကန့်သတ်နယ်မြေအတွင်းမှာပဲ ကျက်စားတတ်တာ မဟုတ်ဘူးလား။ ဒီတစ်ခေါက် ဘာကြောင့် အပြင်ရောက်နေကြတာလဲ"
မုဆိုးအဖွဲ့များက သစ်သားတိမ်ကြယ်၏ လက်ရှိအခြေအနေကို အချင်းချင်းသတင်းပေးရင်း ဆွေးနွေးနေကြသည်။ တစ်ဖွဲ့ချင်းစီက ငွေကြေးများ ရှာဖွေနိုင်ခဲ့ကြသော်လည်း ယဲ့ချန်တို့အဖွဲ့ ရှာဖွေနိုင်ခဲ့သော ပမာဏနှင့်ယှဥ်လျှင် မပြောပလောက်ချေ။ လင်းနန်တို့လူငယ်များက အသက်ငယ်ရွယ်သည့်အတွက် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဘဲ အောင်မြင်မှုများကို ကြွားဝါချင်သော်လည်း ကုဖေးနှင့် ကုလန်က တင်းတင်းကျပ်ကျပ် တားမြစ်ထားခဲ့သည်။ ထို့အပြင် ယဲ့ချန်၏အကြောင်းများကို လျှို့ဝှက်ထားရန် ကတိပေးထားသဖြင့် နှုတ်လုံရပေလိမ့်မည်။ သို့သော် သူတို့၏မျက်လုံးများမှ ပျော်ရွှင်မှုကိုတော့ မဖုံးကွယ်ထားနိုင်ခဲ့ပေ။ အချို့မုဆိုးအဖွဲ့များက သစ်သားတိမ်ကြယ်အတွင်း မကြာခဏဝင်ရောက်တတ်သောကြောင့် အချင်းချင်းရင်းနှီးကြ၏။ သူတို့အမြင်တွင် ယဲ့ချန်တို့အဖွဲ့က ဤနေရာသို့ ပထမဆုံးဝင်ရောက်သူများဖြစ်၍ မသိကြပေ။
"မင်းတို့က ဘယ်အထက်တန်းစားအတွက် အလုပ်လုပ်ပေးကြတာလဲ"
မုဆိုးတစ်ယောက်က ယဲ့ချန်တို့အဖွဲ့ကို မိတ်ဆက်၍ အကျိုးအကြောင်း မေးမြန်းလိုက်သည်။
"ငါတို့က ဘယ်သူ့အတွက်မှ အလုပ်မလုပ်ဘူး။ ငါတို့ကိုယ်တိုင်အတွက် အမဲလိုက်တာဖြစ်တယ်"
လင်းနန်က ဂုဏ်ယူစွာဖြေလိုက်သည်။
"ဒါဆိုရင် မင်းတို့က ဝင်ကြေးကို ကိုယ်တိုင်ရှာဖွေနိုင်ခဲ့ကြတာလား"
တစ်ဖက်လူက အံ့သြသွားပြီး အားကျသောအရိပ်အယောင် ဖြစ်ပေါ်လာသည်။
"ဒါပေါ့ကွ။ ဆည်းဆာရွှေ တစ်သိန်းသုံးသောင်းလေ"
"မင်းတို့ရှာလို့ရသမျှ ငွေကြေးက မင်းတို့အပိုင်ဖြစ်လာတယ်ဆိုရင် တစ်ယောက်ကို အများကြီးရကြတယ်မလား"
"ဒါပေါ့။ ဒါပေါ့"
လင်းနန်က ခေါင်းညိတ်ပြလိုက်သော်လည်း အသေးစိတ်မဖြေခဲ့ပေ။
"ကုဖေးနဲ့အဖွဲ့ အချိန်ပြည့်ပြီ"
ထိုအချိန်တွင် ကြီးကြပ်သူ၏စကားသံ ထွက်ပေါ်လာကာ ယဲ့ချန်တို့အားလုံးက တည်နေရာရွှေ့ပြောင်းအစီအရင်အတွင်း ဝင်ရောက်၍ မတ်တပ်ရပ်လိုက်ကြသည်။ အဖြူရောင်အလင်းတစ်ချက် တောက်ပသွားကာ လေဟာနယ်က တွန့်လိမ်သွား၍ မျက်လုံးများပွင့်လာချိန်တွင် သူတို့အားလုံးသည် ရန်ယွင်မြို့တော်အပြင်ဘက်ရှိ တံခါးများထံ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူတို့က ကျောက်တုံးတံခါးအတွင်းမှ ထွက်လာသောအခါ ဖန်ရောက်တောက်နှင့် နောက်လိုက်များသည်လည်း စန်းဟိုင်ကြယ်မှ ပြန်လည်ရောက်ရှိလာကြသည်။ သူတို့က ကုဖေးတို့အဖွဲ့ကို မြင်သောအခါ ဒေါသကြောင့် မျက်နှာထားများ တင်းမာနေကြသည်။
"ဒီတစ်ခေါက် မင်းတို့ ကံကောင်းသွားတယ်။ စောင့်နေကြစမ်း။ နောက်တစ်ခေါက်ကျရင် အသေဆိုးနဲ့ သေစေရမယ်"
ဖန်ရောက်တောက်က အေးစက်စက်နှာခေါင်းရှုံ့၍ ခြိမ်းခြောက်ကာ လှည့်ထွက်သွားခဲ့သည်။ ဤတစ်ကြိမ်တွင် သူတို့က အရူးလုပ်ခံလိုက်ရရုံသာမက စန်းဟိုင်ကြယ်ပေါ်၌ အချိန်သုံးရက်ခန့် အလဟဿဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူတို့၏ဝင်ငွေအပေါ် များစွာထိခိုက်ခဲ့သောအခါ မကျေမနပ်ဖြစ်နေကြသည်။
"လင်းနန် ဒီခရီးမှာ ငါတို့ ဘယ်လောက်ရခဲ့ကြလဲ"
ကုဖေးက ဖန်ရောင်တောက်ကို လျစ်လျူရှု၍ လင်းနန်ဘက်လှည့်ကာ မေးလိုက်ခြင်းဖြစ်သည်။
"ငါတို့ ဒီတစ်ခေါက် တော်တော်ကံကောင်းတယ် အစ်ကိုကြီး။ သစ်သားပုလဲတစ်လုံးကို ရှာတွေ့နိုင်ခဲ့လို့ ဒါကိုရောင်းချလိုက်ရင် ဆည်းဆာရွှေနှစ်သန်းတောင်ရမှာ။ ဒီလိုဆိုရင် အနာဂတ်မှာ ကောင်းကင်ဘုံငယ်တွေထဲကို မဝင်ရင်တောင် နေဖို့စားဖို့ လုံလောက်သွားပြီ"
ကုဖေးက ဖန်ရောင်တောက်ကို ရန်စလိုသည့်ရည်ရွယ်ချက်အား နားလည်သောကြောင့် လင်းနန်က လေသံကိုမြှင့်၍ ဖြေလိုက်သည်။ လင်းနန်၏စကားကို ကြားသောအခါ ဖန်ရောင်တောက်တို့လူစု၏ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။ လင်းနန်က သူတို့ကို ရန်စလိုသည့်အတွက် လုပ်ကြံပြောခြင်းလား သို့မဟုတ် သူတို့က သစ်သားပုလဲကို အမှန်တကယ်ရခဲ့ခြင်းလား မဝေခွဲနိုင်ပေ။ အမှန်တကယ်သာဆိုလျှင် ဆည်းဆာရွှေနှစ်သန်းတန် သစ်သားပုလဲကို ရောင်းချလိုက်ပါက ကုဖေးနှင့်အဖွဲ့ဝင်တိုင်းက အနည်းဆုံး နှစ်သိန်းစီရကြပေလိမ့်မည်။ ဖန်ရောင်တောက်နှင့် နောက်လိုက်များသည် ဖန်ယု၏အစေခံများဖြစ်သောကြောင့် ဆည်းဆာရွှေသိန်းချီအထိသာ ပိုင်ဆိုင်ကြသည့်အပြင် လွတ်လပ်မှုကို ကန့်သတ်ခံထားရသောကြောင့် ကိုယ်ပိုင်အသင်းများဖွဲ့စည်းကာ ကောင်းကင်ဘုံငယ်များအတွင်း ဝင်ရောက်ခွင့်မရှိချေ။ ထို့ကြောင့် လင်းနန်၏စကားက သူတို့ကို အရှိုက်ထိသွားစေကာ စိတ်ဓာတ်ကျသွားခဲ့ကြသည်။ အကယ်၍ ကုဖေးတို့လူစုသာ ကောင်းကင်ဘုံငယ်များအတွင်း နောက်တစ်ကြိမ် ဝင်ရောက်ခြင်းမရှိလျှင် လက်စားချေရန် အခွင့်အရေးက ထာဝရပျောက်ဆုံးသွားပြီဖြစ်သည်။
"သွားကြစို့"
ဖန်ရောင်တောက်က အံကြိတ်ပြီး ကုဖေးတို့တစ်ယောက်ချင်းစီတိုင်းကို စိုက်ကြည့်ကာ ဒေါသတကြီးအမိန့်ပေး၍ လှည့်ထွက်သွားခဲ့သည်။ ဖန်ရောင်တောက်နှင့် နောက်လိုက်များ ထွက်ခွာသွားသောအခါ ကုဖေးတို့အဖွဲ့က အောင်ပွဲခံဟန်ဖြင့် ကျေနပ်အားရစွာ ပြုံးနေခဲ့ကြသည်။
"ဖန်ယုရဲ့နောက်လိုက်ခွေးကို သင်ခန်းစာပေးချင်လို့ သစ်သားပုလဲအကြောင်း ထုတ်ပြောမိလိုက်တယ်။ မပြောသင့်မှန်းသိပေမယ့် သူ့ကို ဒီအတိုင်း အလွတ်မပေးနိုင်ဘူး။ စိတ်မရှိပါနဲ့ ညီလေးယဲ့"
ကုဖေးက ယဲ့ချန်ကို တောင်းပန်စကားဆိုလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ သူတို့က အနှေးနဲ့အမြန် သိသွားကြမှာပဲ"
ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ ကုဖေးတို့လူစုသည် ဖန်ယု၏ဖိနှိပ်ခြင်းကို အချိန်ကြာမြင့်စွာ ခံလာရသောကြောင့် အခွင့်အရေးရသောအခါ ပြန်လည်ထိုးနှက်ခဲ့ခြင်းကို သူက နားလည်ပေးနိုင်သည်။
"ရတနာတွေကို အရင်သွားရောင်းကြမယ်"
ကုဖေးက လူတိုင်းကိုဦးဆောင်၍ ရန်ယွင်မြို့တော်၏လေလံအိမ်ကို ထွက်လာခဲ့သည်။ ၎င်းကို မြို့တော်ဝန်ရီရန်က ဖွင့်လှစ်ထားခြင်းဖြစ်ကာ ရတနာများကိုဖြစ်စေ၊ ကောင်းကင်ဘုံငယ်များမှ ဝိညာဥ်သားရဲအလောင်းများကိုဖြစ်စေ ရောင်းဝယ်နိုင်သည်။ ထို့အပြင် ရောင်းဝယ်သူများ၏ ကိုယ်ရေးအချက်အလက်များကိုလည်း လျှို့ဝှက်ထားပေးသည်။
"လေလံအိမ်က ဘယ်လိုပစ္စည်းတွေ ရောင်းဝယ်တာလဲ"
ယဲ့ချန်က စပ်စုလိုက်ခြင်းဖြစ်သည်။ သူက ကြီးကျယ်ခမ်းနားသော လေလံအိမ်ကို အကဲခတ်နေသည်။ ရန်ယွင်မြို့အတွင်းရှိ မြေတစ်လက်မချင်းစီက တန်ဖိုးကြီးသောကြောင့် လေလံအိမ်၏မြေနေရာတန်ဖိုးကပင် ဆည်းဆာရွှေသန်းပေါင်းများစွာ တန်ကြေးရှိပေလိမ့်မည်။
"ဝိညာဥ်လက်နက်အမျိုးမျိူးနဲ့ ဆေးပင်တွေကို ရောင်းဝယ်တယ်။ တစ်ခါတရံ နတ်မူလဆေးလုံးကို ရောင်းချတတ်တယ်။ လေလံပွဲကြီးတွေရှိရင် အဆင့်နှစ်ဆေးလုံးမျိုးတွေတောင် ထွက်ပေါ်လာတတ်တယ်။ ပြီးတော့ ရန်ယွင်မြို့၊ အိမ်နဲ့နယ်မြေတွေရဲ့ ဂရန်စာချုပ်တွေကိုလည်း ရောင်းချလေ့ရှိတယ်"
ကုဖေးက ခဏတာစဥ်းစား၍ အဖြေပေးလိုက်သည်။ အိမ်နှင့်နယ်မြေများ၏ ဂရန်များအကြောင်းကို ကြားသောအခါ အဖွဲ့ဝင်တိုင်း၏မျက်လုံးများ၌ မျှော်လင့်ချက်များ ပြည့်နှက်လာသည်။ ကောင်းကင်မူလတိုက်ကြီးတွင် မွေးဖွားကြီးပြင်းလာသူများက အိမ်နှင့်နယ်မြေများ ပိုင်ဆိုင်နိုင်ရန် ရည်မှန်းထားကြသည်။ သူတို့က မြို့တော်များအတွင်း အိမ်တစ်လုံးပိုင်ဆိုင်ချင်သကဲ့သို့ မြို့ပြင်ရှိနယ်မြေတစ်ခုကို ပိုင်ဆိုင်ချင်ကြသည်။ နေစရာအခြေအမြစ်မရှိသူများအဖြစ် ဘဝကို မဖြတ်သန်းလိုကြပေ။ မြို့တော်များ၏ ဆင်ခြေဖုံးရပ်ကွက်များတွင် မွေးဖွားလာသူများ၏ မိဘများမှာ ခက်ခဲကြပ်တည်းကြသည်။ သူတို့က နေ့စဥ်နေ့တိုင်း လစာအနည်းငယ်ဖြင့်နေထိုင်ရပြီး အထက်တန်းစားများကို အခွန်အခပေးဆောင်ရသည်။ မြို့စွန်ဒေသရှိ အိမ်အများစုကို အထက်တန်းစားများက ပိုင်ဆိုင်ထားသောကြောင့် လခမပေးနိုင်လျှင် လမ်းပေါ်သို့ မောင်းထုတ်ခံရပေလိမ့်မည်။
ဆင်းရဲသူများကြားတွင် ပါရမီအနည်းငယ်ရှိသူများက ချီပင်လယ်အဆင့်သို့ ရောက်လာသောအခါ ဘဝက ပို၍အဆင်ပြေလာခဲ့သည်။ သူတို့၏လုပ်အားခဖြင့် ခြံဝန်းတစ်ခုငှားရမ်းကာ မိသားစုကို ပြန်လည်ကူညီခဲ့ကြသည်။ သို့သော် ဆိုးရွားသောအတိတ်မှ မှတ်ဉာဏ်များက သူတို့၏စိတ်ထဲတွင် အမြစ်တွယ်နေကြသည်။
ကောင်းကင်မူလတိုက်ကြီးသည် မျိုးဆက်သွေးအဆင့်အတန်းနှင့် ပါရမီက အလွန်အရေးပါသော နေရာတစ်ခုဖြစ်သည်။ မျိုးဆက်သွေး မမြင့်မားလျှင် သို့မဟုတ် ပါရမီညံ့ဖျင်းလျှင် ကျင့်ကြံသူတစ်ယောက်က တစ်ဘဝလုံး အမှိုက်ကောင်အဖြစ် ရှင်သန်သွားရပေလိမ့်မည်။
အကယ်၍ ကံကောင်းမှုတစ်ခုခုကိုသာ မကြုံတွေ့ရလျှင် ကုဖေးနှင့်အဖွဲ့ဝင်များ ရောက်နိုင်သော အမြင့်ဆုံးအဆင့်မှာ ချီပင်လယ်အဆင့်ဖြစ်သည်။ ကောင်းကင်မူလတိုက်ကြီးပေါ်တွင် ချီပင်လယ်အဆင့်ကျင့်ကြံသူများက နွားတစ်ကောင်၏အမွေးများကဲ့သို့ ပေါများလှသောကြောင့် မထူးခြားပေ။ ကုဖေး၏ဦးဆောင်မှုဖြင့် လေလံအိမ်တွင် သစ်သားချီအဆီအနှစ် ၊သစ်သားပုလဲနှင့် ဝိညာဥ်သားရဲအလောင်းများကို ရောင်းချလိုက်ကြသည်။ ရောင်းရငွေက သူတို့ထင်ထားသည်ထက် ပို၍များပြားနေပြီး စုစုပေါင်း ဆည်းဆာရွှေဆယ့်ခြောက်သန်းကျော်ဖြစ်သည်။ ယဲ့ချန်သည် ဝေစုအဖြစ် နှစ်သန်းရရှိမည်ဖြစ်ပြီး အဖွဲ့ခေါင်းဆောင်ကုဖေးက တစ်သန်းနီးပါးပိုင်ဆိုင်သွားကာ ကျန်လူများအတွက် ဝေစုက တစ်ယောက်လျှင် ခုနစ်သိန်းကျော်ဖြစ်သည်။ အလွန်များပြားသော ပမာဏကြောင့် အမြဲတမ်းတည်ငြိမ်နေတတ်သော ကုလန်နှင့် လင်းယုပင် ပျော်ရွှင်မှုများကို မထိန်းချုပ်နိုင်ခဲ့ပေ။ လင်းနန်၊ ရှောင်ယွဲ့၊ မင်ယွဲ့စသော လူငယ်လေးများက အလွန်အမင်းဝမ်းသာနေကာ ကိုယ့်ကိုကိုယ်ပင် ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ကုန်သည်။ ဆည်းဆာရွှေခုနစ်သိန်းက အထက်တန်းစားများအတွက် တစ်နပ်စာသာဖြစ်သော်လည်း သာမန်လူများအတွက် အလွန်များသည့် ပမာဏဖြစ်သည်။
ယဲ့ချန်တစ်ယောက်တည်းသာ အလွန်အမင်း တည်ငြိမ်နေခဲ့သည်။ သူက ကောင်းကင်ဘုံငယ်အတွင်း ပထမဆုံးဝင်ရောက်သော ခရီးတွင် အဆင်ပြေချောမွေ့ခဲ့ပြီး လက်ရှိတွင် ဆည်းဆာရွှေဆယ်သန်းအထိ ပိုင်ဆိုင်လာခဲ့သည်။ သို့သော် ဤပမာဏက ကောင်းကင်မူလတိုက်ဝင်ခွင့်တစ်ခုကိုသာ ဝယ်ယူနိုင်သောကြောင့် သူ၏မျိုးနွယ်ဝင်များအားလုံးကို ကယ်တင်နိုင်စွမ်း မရှိချေ။ သူက ပိုက်ဆံရှာရန် နည်းလမ်းများ ထပ်မံရှာဖွေရပေလိမ့်မည်။
"ညီလေးယဲ့ ငါ အရင်ဆုံးသွားနှင့်မယ်။ ငါ့ညီအစ်ကိုတွေဆီက ဆည်းဆာရွှေခုနစ်သောင်း ချေးထားခဲ့တယ်။ သူတို့က သတင်းစောင့်နေကြမှာဖြစ်လို့ သူတို့ကို အကြွေးသွားဆပ်လိုက်ဦးမယ်။ မင်းကို အများကြီးကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ မင်းဘာလိုလို ငါကုဖေးက တစ်ချက်မတွန့်ဘဲ ကူညီပေးပါမယ်"
ကုဖေးက ယဲ့ချန်ကို လက်နှစ်ဖက်ဆုပ် အရိုအသေပေးကာ ထွက်ခွာသွားခဲ့သည်။
"အစ်ကိုကုက အားနာလွန်းနေပါပြီ။ နောက်မှပြန်ဆုံကြတာပေါ့"
ယဲ့ချန်က တစ်ချက်ပြုံး၍ ပြန်လည်နှုတ်ဆက်လိုက်သည်။ လင်းနန်နှင့် အခြားအဖွဲ့ဝင်များကလည်း မိသားစုများထံပြန်ရန် အလျင်လိုနေသောကြောင့် ယဲ့ချန်ကို နှုတ်ဆက်ပြီး အလျှိုလျှိုထွက်ခွာသွားကြသည်။ လူတိုင်းက သူအကူအညီလိုအပ်လျှင် ကူညီမည်ဟု ကိုယ်စီကတိပေးသွားကြသည်။ နောက်ဆုံးတွင် ယဲ့ချန်၊ ကုလန်နှင့် လင်းယုတို့သုံးယောက်သာ ရန်ယွင်မြို့စွန်ရှိ ခြံဝန်းထံ ပြန်လာခဲ့ကြသည်။
"အစ်ကိုယဲ့ မင်းက ဆည်းဆာရွှေဆယ်သန်းလောက် တစ်ခါတည်းရလိုက်တာတောင် မပျော်ဘူးလား။ ဒီပမာဏက အထက်တန်းစားတွေအတွက်တောင် လျစ်လျူရှုလို့ရတာမျိုး မဟုတ်ဘူး"
ကုလန်က ယဲ့ချန်၏မျက်နှာထားတည်ငြိမ်ပုံကို အကဲခတ်၍ မေးမြန်းလိုက်သည်။
"ဆည်းဆာရွှေဆယ်သန်းက နည်းလွန်းတယ်"
ယဲ့ချန်က ခါးသက်သက်ပြုံး၍ ခေါင်းယမ်းပြလိုက်သည်။ ကုလန်က သူထမ်းပိုးထားရသော တာဝန်များအကြောင်း သိရှိမထားခဲ့ပေ။
"ဆည်းဆာရွှေဆယ်သန်းက ရန်ယွင်မြို့တော်မှာဆိုရင် တော်တော်များနေပါပြီ။ အစ်ကိုယဲ့က ငွေဘယ်လောက် လိုအပ်နေလို့လဲ"
ကုလန်က ယဲ့ချန်၏အဖြေကြောင့် စိတ်ရှုပ်သွားပုံပေါ်သည်။
"အစ်ကိုကု မင်းမသိသေးတာ တစ်ခုရှိတယ်။ လောလောဆယ်မှာ အရှေ့ပိုင်းတိုက်ကြီးက ဝိညာဥ်သားရဲကပ်ဘေးကို နေရာအနှံ့ ရင်ဆိုင်နေကြရတယ်။ ငါ့မျိုးနွယ်ဝင်တွေက အဲဲ့ဒီမှာ နေထိုင်ကြတယ်။ ဆည်းဆာရွှေဆယ်သန်းက လူတစ်ယောက်ကိုသာ ခေါ်ဆောင်လာခွင့်ရှိတယ်။ ငါ့မျိုးနွယ်ဝင်တွေက ထောင်ချီတဲ့အပြင် နောက်လိုက်နောက်ပါတွေလည်း အများကြီးရှိသေးတယ်။ ဝိညာဥ်သားရဲကပ်ဘေးက အချိန်တိုင်းပြင်းထန်လာနေပြီး သူတို့သေမှာကို ငါ လက်ပိုက်ကြည့်မနေနိုင်ဘူး။ အများဆုံးတစ်နှစ်အတွင်း ဝိညာဥ်သားရဲတွေက ချီပင်လယ်အဆင့်ကို ရောက်လာမှာဖြစ်လို့ သူတို့ကိုကယ်တင်နိုင်ဖို့ နည်းလမ်းတစ်ခု ရှာရလိမ့်မယ်"
ယဲ့ချန်က သက်ပြင်းတစ်ချက်ချ၍ အသေးစိတ်ရှင်းပြလိုက်သည်။ သူ၏စကားကြောင့် ကုလန်ရော လင်းယုပါ အလွန်အံ့သြ တုန်လှုပ်သွားကြသည်။ ဆည်းဆာရွှေဆယ်သန်းက ဝင်ခွင့်တစ်ခုကိုသာ ဝယ်ယူနိုင်သောကြောင့် ယဲ့ချန်၏ပခုံးပေါ်ရှိတာဝန်က အလွန်ကြီးမားနေသည်။
"အစ်ကိုယဲ့ မင်းက တကယ့်ကို လေးစားထိုက်သူတစ်ယောက်ပါလား။ အနာဂတ်မှာ မင်းအကူအညီလိုအပ်ရင် ပြောသာပြောလိုက်ပါ။ ငါတို့က အများကြီးမသန်မာပေမယ့် အကောင်းဆုံးကူညီမယ်"
ကုလန်၏မျက်လုံးများတွင် ယဲ့ချန်အပေါ် လေးစားစိတ်များထင်ဟပ်နေကာ ကတိပေးလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကု"
ဤသို့ဖြင့် လူသုံးယောက်က ခြံဝန်းငယ်လေးတစ်ခုထံ အတူတကွပြန်လာကြသည်။ လွန်ခဲ့သောသုံးရက်အတွင်း ဆေးစံအိမ်တွင် ယဲ့ချန်တစ်ယောက်က မီးအလုပ်သမားအဖြစ် လုပ်ကိုင်နေခဲ့သည်။ မင်ယွင်သည် တစ်နေ့လျှင် အနည်းဆုံး အဆင့်တစ်နတ်မူလဆေး ငါးလုံးအထိ ဖော်စပ်နိုင်နေသောကြောင့် အလွန်ပျော်ရွှင်နေသည်။ သူက ကြယ်တစ်ပွင့်ဆေးဆရာများကြားတွင် ထုတ်လုပ်နှုန်း အမြင့်ဆုံးဖြစ်လာသောကြောင့် ကြီးကြပ်သူကပင် ချီးမွမ်းခဲ့သည်။ လစာလည်း ပမာဏများစွာ တိုးပွားလာသောကြောင့် ခြေထောက်နှင့် မြေကြီးလွတ်အောင် ဘဝင်မြင့်နေသော မင်ယွမ်က အချို့နေရာများတွင် အပျော်အပါး လိုက်စားတတ်လာသည်။
ကျန်တစ်ဖက်တွင် ယဲ့ချန်သည် ဆေးစာအုပ်များကို ဆက်တိုက်လေ့လာနေခဲ့ပြီး အကြောင်းအရာတိုင်းကို စိတ်ထဲ၌ အလွတ်မှတ်သားနိုင်ခဲ့၏။ မီးအလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့သော ဆယ်ရက်အတွင်း သူက ကြယ်တစ်ပွင့်ဆေးဆရာတစ်ယောက် လေ့လာရမည့် ဆေးစာအုပ်တိုင်းကို ဖတ်ရှူပြီးစီးခဲ့လေသည်။