ငွေတိုးချေးစားခြင်း
Vol. 39 Ch. 538
ဤနေ့သည် ကုဖေးနှင့်အဖွဲ့ဝင်များအတွက် အလွန်ပျော်ရွှင်ရသော နေ့ရက်ဖြစ်သည်။ ကုဖေးသည် သူ၏မိတ်ဆွေဟောင်းများထံမှ ချေးယူခဲ့သော ဆည်းဆာရွှေခုနစ်သောင်းကို ပြန်လည်ပေးဆပ်နိုင်ရုံသာမက ဆည်းဆာရွှေသုံးသိန်း ပြန်လည်ကျေးဇူးဆပ်ခဲ့သည်။ ထိုမိတ်ဆွေညီအစ်ကိုများက သူခက်ခဲနေချိန်တွင် ကူညီပေးခဲ့သောကြောင့်ဖြစ်သည်။ အကြွေးများပေးချေပြီးနောက် အနာဂတ်တွင် သူ၏ဘဝ ကပို၍အဆင်ပြေချောမွေ့လာတော့မည်ဖြစ်သည်။ သူက လက်ကျန်ငွေကြေးများကို သမီးဖြစ်သူအား ပျိုးထောင်ရန်အတွက် ရည်ရွယ်ထားသည်။
လင်းနန်က သူ၏ချစ်သူနှင့် အတူနေထိုင်ရန်အတွက် ရန်ယွင်မြို့စွန်ဒေသ၊ ကုလန်နှင့်လင်းယု၏ ခြံဝန်းအနီးတွင် ခြံဝန်းငယ်တစ်ခု ဝယ်ယူခဲ့သည်။ အနာဂတ်တွင် သူတို့က အိမ်နီးနားချင်းများဖြစ်လာသောကြောင့် အချင်းချင်းကူညီရိုင်းပင်းနိုင်သည်။ ခြံဝန်း၏စျေးနှုန်းက ဆည်းဆာရွှေတစ်သန်း ကျသင့်သောကြောင့် လိုအပ်သည့်ငွေသုံးသိန်းကို ကုလန်တို့ဇနီးမောင်နှံမှ ထုတ်ချေးပေးခဲ့သည်။ ရှောင်ယွဲ့၊ မင်ယွဲ့၊ ဟောက်ရဲစသူတို့မှာလည်း အကြွေးများပေးချပြီး ပို၍ကောင်းမွန်သောဘဝကိုယ်စီ ပိုင်ဆိုင်လာကြသည်။ အဖွဲ့ဝင်တိုင်း၏ဘဝများ ရုတ်တရက်တိုးတက်လာပြီး အတိတ်မှ ခက်ခဲကြမ်းတမ်းသော ဘဝမျိုးတွင် နေထိုင်စရာ မလိုတော့ပေ။
နောက်တစ်ရက်တွင် ကုဖေး၏အဖွဲ့သည် သစ်သားတိမ်ကြယ်ပေါ်မှ သစ်သားပုလဲတစ်လုံး မတော်တဆတွေ့ရှိခဲ့၍ နေ့ချင်းညချင်း ချမ်းသာသွားသည်ဟူသော သတင်းများ ထွက်ပေါ်လာသည်။ အချို့က လင်းနန်သည် ဆည်းဆာရွှေတစ်သန်းတန်ခြံဝန်းကို ဝယ်ယူခဲ့သဖြင့် ကောင်းကင်ဘုံငယ်တွင် ရှာတွေ့ခဲ့သည်မှာ သစ်သားပုလဲတစ်လုံးတည်းမကကြောင်း သတိထားမိခဲ့ကြသည်။ သို့သော် လူတိုင်းက မည်မျှမေးမြန်းပါစေ အဖွဲ့ဝင်များက အမှန်တရားကို ဖုံးကွယ်ထားကြသည်။
မူလတွင် သူတို့က ချီပင်လယ်အဆင့် ကျင့်ကြံသူများဖြစ်သော်လည်း ဆင်းရဲစွာနေထိုင်ကြရသည်။ ဖန်ယုက ကုဖေးနှင့်ကုလန်ကို အပြင်းအထန်ဖိနှိပ်ထားသော်လည်း သူတို့က ရုတ်တရက်ချမ်းသာလာ၍ ဘဝများကောင်းမွန်လာသောအခါ ထိုအထက်တန်းစားကို မကျေမချမ်းဖြစ်စေခဲ့သည်။ သူက သတင်းကိုကြားသောအခါ ဒေါသထွက်လွန်းသဖြင့် အလှဆင်ဝိညာဥ်ရတနာများကို ဖျက်ဆီးခဲ့ပြီး ဖန်ရောင်တောက်တို့လူစုကို အပြင်းအထန်ကြိမ်းမောင်းခဲ့သည်။ ထို့အပြင် ကုဖေးတို့အဖွဲ့ နောက်တစ်ကြိမ် ကောင်းကင်ဘုံငယ်များအတွင်းဝင်ရောက်လျှင် သတ်ပေးနိုင်သူကို ဆည်းဆာရွှေနှစ်သန်းပေးမည်ဟု ကြေညာခဲ့သည်။ သူက ကုဖေးတို့၏ပိုင်ဆိုင်မှုများကို တာအိုစံအိမ်ကိုကြောက်ရသဖြင့် မလုယူဝံ့သော်လည်း နောက်ထပ်ပိုက်ဆံမရှာနိုင်စေရန် ကြံစည်တားမြစ်လိုခြင်းဖြစ်သည်။ စိတ်ဓာတ်အောက်တန်းကျသော ဖန်ယုက ကုလန်နှင့်ပတ်သက်သူများကိုပါ ကောင်းမွန်သောဘဝတစ်ခုတွင် နေထိုင်နိုင်မည်ကို မလိုလားခဲ့ပေ။
ညအချိန် ကျရောက်လာသော်လည်း ခြံဝန်းထဲ၌ ယဲ့ချန်နှင့် ကုလန်က စကားစမြည်ပြောဆိုနေကြသည်။
"အစ်ကိုကု ရန်ယွင်မြို့မှာ ငွေရှာလို့ရတဲ့ နည်းလမ်းတွေ ထပ်ပြောပြပေးပါဦး"
ယဲ့ချန်က ဆည်းဆာရွှေဆယ်သန်းကို အရင်းပြု၍ စီးပွားရေးတစ်ခု အစပြုလိုသောကြောင့် စုံစမ်းလိုက်ခြင်းဖြစ်သည်။
"ငါ့မှာလည်း အကြံကောင်း မရှိဘူး။ မင်းရဲ့ငွေဆယ်သန်းကို ကောင်းကောင်းအသုံးချစရာနေရာ ရှားပါးတယ်။ တစ်မြို့လုံးက စီးပွားရေးလုပ်ငန်းတွေကို အထက်တန်းစားတွေကချုပ်ကိုင်ထားပြီး ငွေဆယ်သန်းက စျေးဆိုင်တစ်ဆိုင်တောင် ဝယ်လို့မရဘူး။ နယ်မြေတစ်ခုဆိုရင် ဝေးရောပေါ့"
ကုလန်က ခါးသက်သက်ပြုံး၍ ခေါင်းယမ်းပြလိုက်၏။ ယဲ့ချန်လည်း တိတ်ဆိတ်သွားပြီး ကောင်းကင်မူလတိုက်ကြီး၏လူအဖွဲ့အစည်းက အလွန်ကျစ်လစ်ကြောင်း နားလည်လိုက်သည်။ ဆည်းဆာရွှေဆယ်သန်းတည်းဖြင့် အထက်တန်းစားများ၏ အသိုင်းအဝိုင်းသို့ တိုးဝင်ရန် မဖြစ်နိုင်ချေ။ သူက စိတ်ထဲတွင် အစီအစဥ်ချမှတ်နေသဖြင့် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သည်။ သူက ဤရက်များအတွင်း ဆေးစံအိမ်မှ ဆေးပညာဗဟုသုတများစွာကို လေ့လာခွင့်ရခဲ့သောကြောင့် ကောင်းကင်မူလတိုက်ကြီး၏ဆေးပညာအပေါ် ယေဘူယျသဘော နားလည်လာခဲ့သည်။ ဆည်းဆာရွှေသန်းနှစ်ဆယ်ဖြင့် ကြေးသခင်တစ်ယောက်ဖြစ်လာနိုင်ပြီး ဤနည်းဖြင့် သူက ကြယ်တစ်ပွင့်နတ်မူလဆေးဖော်စပ်ရန် လိုအပ်သော ကုန်ကြမ်းများ၊ဆေးပင်များကို ဝယ်ယူနိုင်ပေလိမ့်မည်။ ထိုဆေးတစ်လုံးကို ဆည်းဆာရွှေငါးသန်းမှ ခြောက်သန်းအထိ ရောင်းချနိုင်သောကြောင့် ကောင်းကင်ဘုံငယ်များအတွင်း အမဲလိုက်ခြင်းထက် ပို၍ထိရောက်ပေသည်။
ပိုက်ဆံလုံလောက်စွာရလျှင် ယဲ့ချန်သည် အရှေ့ပိုင်းတိုက်ကြီးသို့ပြန်ရန် ဆုံးဖြတ်ထားသည်။ ထိုနေရာတွင် သူမရှာဖွေရသေးသော ရှေးဟောင်းနယ်မြေများတည်ရှိနေပြီး ကျောက်စိမ်းနန်းတော်အတွင်းရှိ ကြယ်မြို့၏တားမြစ်အစီအရင်ကို ချိုးဖျက်ရန် ကြိုးစားမည်ဖြစ်သည်။ ကြယ်မြို့အတွင်းဝင်ရောက်နိုင်ခဲ့ပါက သူက ရတနာများစွာ သေချာပေါက်ရရှိပေလိမ့်မည်။ သို့သော် ကောင်းကင်မူလတိုက်မှ ဝင်ထွက်သွားလာခွင့်အတွက်ပင် ဆည်းဆာရွှေသန်းနှစ်ဆယ် ကျသင့်ပေသည်။
"အစ်ကိုယဲ့က ပိုက်ဆံလိုအပ်တယ်ဆိုရင် ငါတို့က ခရမ်းပြာကြယ်ရဲ့ ကောင်းကင်ဘုံငယ်ကို ခရီးထွက်နိုင်တယ်။ အဲ့ဒီကြယ်က ပိုက်ဆံရှာလို့ကောင်းတဲ့ နေရာတစ်ခုဖြစ်တယ်။ ဒါပေမယ့် ငါတို့ကို ဖန်ယုကစောင့်ကြည့်နေတဲ့အတွက် ကောင်းကင်ဘုံငယ်ကိုရောက်ရင် အသတ်ခံရတာ၊ လမ်းပိတ်ခံရတာမျိုး ရှိနိုင်တယ်"
ကုလန်က အကြံပေးလိုက်သော်လည်း သူ၏လေသံက စိုးရိမ်နေခဲ့သည်။ ယဲ့ချန်ထံတွင် ကာကွယ်ရေးသားရဲတစ်ကောင် ပိုင်ဆိုင်ထားသော်လည်း ခြင်္သေ့ကြီး၏ အစစ်အမှန်ထုတ်သုံးနိုင်သော ခွန်အားက ချီပင်လယ်အဆင့်ခုနစ်ဖြစ်သောကြောင့် ရန်သူများကိုခြောက်လှန့်ရုံသာ တတ်နိုင်ပေလိမ့်မည်။
"ကျုပ် သေချာစဥ်းစားရဦးမယ်"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။ လက်ရှိအခြေအနေများအရ ကောင်းကင်ဘုံငယ်များတွင် အမဲလိုက်ခြင်းထက် ပို၍ကောင်းမွန်သော ငွေရှာနည်းမျိုး သူက တွေးမရခဲ့ပေ။ အကယ်၍ သူက ကြေးသခင်တစ်ယောက်ဖြစ်လာချင်လျှင် လိုအပ်သောပမာဏကို ရှာဖွေရန်အတွက် ကောင်းကင်ဘုံငယ်များထံ နောက်တစ်ခေါက် ခရီးထွက်ရပေလိမ့်မည်။ ခရမ်းပြာကြယ်က မည်သို့သောနေရာဖြစ်ကြောင်း မသိရသော်လည်း ၎င်း၏ဝင်ကြေးသက်သက်ကပင် ဆည်းဆာရွှေနှစ်သန်းဖြစ်သည်။
ကောင်းကင်ဘုံငယ်သို့ ပထမဆုံးခရီးက အဆင်ပြေချောမွေ့ခဲ့ပြီး ပြဿနာတစ်စုံတစ်ရာ မကြုံခဲ့ရပေ။ သို့သော်လည်း သူ၏ကျင့်ကြံဆင့်က အလွန်အားနည်းနေသောကြောင့် ရန်သူများနှင့်တွေ့လျှင် ပြဿနာတက်သွားနိုင်သည်။ သူက ချီပင်လယ်အဆင့်သုံးဖြစ်သောကြောင့် ခြင်္သေ့ကြီးကလည်း အဆင့်ခုနစ်ခွန်အားကိုသာ ထုတ်သုံးနိုင်သောအခါ ကောင်းကင်ဘုံငယ်အတွင်း အတွင်းအပြင်အန္တရာယ်များကို ဖြေရှင်းနိုင်ရန် မလွယ်ကူချေ။ သူက ခရမ်းပြာကြယ်သို့ သွားရောက်စွန့်စားဝံ့သော်လည်း မိသားစုကိုယ်စီရှိကြသော ကျန်အဖွဲ့ဝင်များက စွန့်စားရန် လွယ်ကူမည်မဟုတ်ပေ။ သူက ဤအကြောင်းကို လေးလေးနက်နက်စဥ်းစားနေပြီး ရန်သူများမမှတ်မိစေရန် နေရောင်အောက်မှသူခိုးကျင့်စဥ်နှင့် အသွင်အပြင်ကို ပြောင်းလဲရပေလိမ့်မည်။
"ငါ အကြံတစ်ခုရပြီကွ"
ကုလန်က တစ်ခုခုကိုတွေးမိလိုက်သဖြင့် ပေါင်ကို ဖြန်းခနဲရိုက်ကာ ရုတ်တရက်ထအော်လိုက်သည်။
"ဘာအကြံများလဲ"
"ရန်ယွင်မြို့ထဲမှာ အစွမ်းထက်တဲ့ကျင့်ကြံသူတွေရှိပေမယ့် သူတို့က ကောင်းကင်ဘုံငယ်တွေထဲကိုဝင်ရောက်ဖို့ ဝင်ကြေး မတတ်နိုင်ကြဘူး။ ငါတို့က သူတို့ကို ငွေတိုးချေးပေးလို့ရတယ်။ ကောင်းကင်ဘုံငယ်က ပြန်ရောက်လာရင် အတိုးနှုန်းကို ငါးဆယ်ရာခိုင်နှုန်းကောက်ခံမယ်။ ဒီကိစ္စက တစ်ခုတော့ စွန့်စားရလိမ့်မယ်။ ငွေချေးသွားတဲ့သူတွေက ကောင်းကင်ဘုံငယ်တွေထဲမှာ ရတနာမရတာဖြစ်ဖြစ်၊ သေသွားတာဖြစ်ဖြစ် အရှုံးပေါ်လိမ့်မယ်"
ကုရန်က သူ့အကြံကို ရှင်းပြလိုက်သည်။ ဤအကြံက မဆိုးလှသော်လည်း ယဲ့ချန်က အသေးစိတ်အချက်အလက်များ ထပ်မံဖြည့်သွင်းရန် စဥ်းစားရဦးမည်ဖြစ်သည်။ အချို့သောလူညစ်များက ငွေချေးပြီးမှ ကောင်းကင်ဘုံငယ်များအတွင်း ရတနာမရရှိခဲ့ဟု လိမ်လည်လျှင် အခက်တွေ့နိုင်သည်။
"ဒီလိုလုပ်ကြရအောင်။ ဆည်းဆာရွှေတစ်သိန်း ချေးပေးလိုက်ရင် အချိန်ကန့်သတ်ချက်သုံးရက် ပေးလိုက်မယ်။ အချိန်ပြည့်သွားရင် သူတို့အခြေအနေက ဘာဖြစ်ဖြစ် အတိုးရောအရင်းပါ တစ်သိန်းခွဲ ပြန်ပေးဆပ်ခိုင်းရမယ်။ ဒီအတွက် အကြွေးစာချုပ်တစ်ခုလည်း ချုပ်ဆိုရမယ်။ တကယ်လို့ သူတို့က ကောင်းကင်ဘုံငယ်ထဲမှာသေဆုံးသွားရင်တော့ ငါတို့ငွေကို အဆုံးလို့ သတ်မှတ်လိုက်ကြတာပေါ့။ ဒီငွေတိုးချေးတဲ့အလုပ်က စွန့်စားရမယ်ဆိုပေမယ့် ထိုက်တန်ပါတယ်။ အမဲလိုက်အဖွဲ့တွေက ကောင်းကင်ဘုံငယ်ထဲကိုရောက်ရင် အနည်းနဲ့အများတော့ ငွေရှာနိုင်ကြလိမ့်မယ်။ သေဆုံးနှုန်းကလည်း ကျင့်ကြံသူအယောက်နှစ်ဆယ်မှ တစ်ယောက်ပဲရှိတာဆိုတော့ မဆိုးလှပါဘူး"
ယဲ့ချန်က ငွေတိုးချေးရန်အတွက် အသေးစိတ်အချက်အလက်များ ပြင်ဆင်လိုက်သည်။
"အစ်ကိုယဲ့ပြောတာ ကောင်းတယ်"
ကုလန်၏မျက်လုံးများ တောက်ပလာကာ ချက်ချင်းထောက်ခံလိုက်သည်။ ယဲ့ချန်စီစဥ်ထားသော အတိုးနှုန်းက အထက်တန်းစားများ၏အတိုးနှင့်ယှဥ်လျှင် အလွန်ရက်ရောသည်ဟု ဆိုနိုင်သည်။ ထို့အပြင် အထက်တန်းစားများက သူတို့၏လက်အောက်ငယ်သားများကို ထိန်းချုပ်၍စေခိုင်းရန်သာ တွေးတတ်ကြသည်။ ငယ်သားများကိုယ်တိုင် ငွေရှာနိုင်မည့် အခွင့်အရေးမျိုး လုံးဝခွင့်ပြုထားမချေ။ အကယ်၍ အခွင့်အရေးပေးလိုက်လျှင် ငယ်သားများက သူတို့၏အုပ်ချုပ်မှုအောက်မှ ရုန်းထွက်သွားမည်ကို စိုးရွံ့နေကြသည်။ များပြားလှသော အတိုးနှုန်းကြောင့် သာမန်ကျင့်ကြံသူများက အထက်တန်းစားများထံ ငွေချေးရန် လက်တွန့်ကြစမြဲပင်ဖြစ်သည်။
"ဒီငွေဆယ်သန်းကို စီမံခန့်ခွဲဖို့ အစ်ကိုကုကို ဒုက္ခပေးရတော့မယ်။ မင်းစိတ်တိုင်းကျ လုပ်နိုင်ပါတယ်။ ဒါပေမယ့် အထက်တန်းစားတွေ သတိထားမိသွားရင် ပြဿနာတက်နိုင်လို့ သေချာပေါက်ဂရုစိုက်ပါ"
ယဲ့ချန်က ပြောလိုက်သည်။
"အစ်ကိုယဲ့ ငါ့ကို ဘာကြောင့် ဒီလောက်ယုံကြည်ရတာလဲ။ တကယ်လို့ ငါက ပိုက်ဆံတွေကို အပိုင်သိမ်းလိုက်ပြီး မင်းကိုပြန်မပေးရင် ဘယ်လိုလုပ်မလဲ"
ကုလန်က ယဲ့ချန်ကို တစ်ချက်ကြည့်၍ ပြန်မေးသည်။
"ကျုပ်က အစ်ကိုကုကို ယုံကြည်ပါတယ်။ တကယ်လို့ မင်းကသာ ပိုက်ဆံတွေကို အလွဲသုံးစားလုပ်သွားမယ်ဆိုရင်လည်း လူကဲခတ်ညံ့ခဲ့အတွက် ကိုယ့်ကိုကိုယ် အပြစ်တင်လိုက်ပါမယ်"
ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။
"မင်းရဲ့ငွေတွေကို ငါ ကောင်းကောင်းကိုင်တွယ်ပေးမယ်။ ဘာမှစိတ်ပူမနေနဲ့။ အစ်ကိုယဲ့က သာမန်လူတစ်ယောက်မဟုတ်ဘူးလို့ ခံစားရတယ်။ မင်း တစ်နေ့ကောင်းစားသွားရင် ငါတို့ကိုကူညီပေးဖို့ မမေ့နဲ့နော် ဟား ဟား"
ကုလန်က ဟက်ဟက်ပက်ပက်ရယ်မော၍ ဆုံးဖြတ်ချက်တစ်ခု ပြတ်သားစွာချလိုက်ကာ ယဲ့ချန်၏ပခုံးကိုပုတ်ပြီး ကတိပေးလိုက်သည်။
"ဒါပေါ့ဗျာ"
ကုလန်တို့အဖွဲ့က လူကောင်းသူကောင်းများဖြစ်သောကြောင့် ယဲ့ချန်က သူတို့ကိုပစ်ထားရန် အစီအစဥ်မရှိချေ။
ကုလန်က ဆည်းဆာရွှေဆယ်သန်းနှင့်အတူ ညတွင်းချင်းထွက်ခွာသွားသည်။ သူက ဤပိုက်ဆံများကို လျှို့ဝှက်ချေးငှားမည်ဖြစ်ကာ အထက်တန်းစားများသတိမပြုမိစေရန် ဂရုစိုက်ရပေလိမ့်မည်။ သူက ရန်ယွင်မြို့တွင်းရှိ အဆက်အသွယ်များနှင့် ချိတ်ဆက်၍ ချီပင်လယ်အဆင့်ကျင့်ကြံသူများထံ အိမ်တိုင်ရာရောက်သွားခဲ့သည်။ ဆည်းဆာရွှေခြောက်သန်းကျော်ကို တစ်ညတည်းဖြင့် ချေးပေးလိုက်ရသောကြောင့် နောက်ရက်များတွင် ငွေတိုးချေးရန် ဆယ်သန်းက လောက်ပင်မလောက်ချေ။
သာမန်ကျင့်ကြံသူများတွင် အဆက်အသွယ်ကိုယ်စီနှင့် အဖွဲ့များပိုင်ဆိုင်ထားကြသော်လည်း ကောင်းကင်ဘုံငယ်များ၏ဝင်ခွင့်ကို ပေးချေရန် မတတ်နိုင်ကြပေ။ ဆည်းဆာရွှေတစ်သိန်းက သူတို့အတွက် အလွန်များသောပမာဏဖြစ်သည်။ ထို့အပြင် ဤပမာဏက စန်းဟိုင်ကြယ်သို့သာ သွားရောက်နိုင်ပြီး ကျင့်ကြံသူအများစုမှာ ရေဓာတ်အခြေပြုကျင့်ကြံသူများ မဟုတ်ကြပေ။ အခြားကောင်းကင်ဘုံငယ်များ၏ဝင်ငွေက စျေးကြီးနေချိန်တွင် ယဲ့ချန်၏ငွေတိုးချေးခြင်းသည် သူတို့၏အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်ခဲ့သည်။ ထို့အပြင် သူ၏အတိုးနှုန်းက အထက်တန်းစားများယူသော အကျိုးအမြတ်၏ ခုနစ်ဆယ်ရာခိုင်နှုန်းဖြင့်ယှဥ်လျှင် များစွာသင့်တော်ပေသည်။ အထက်တန်းစားများထံမှ ငွေချေးခွင့်မရှိသည့်အပြင် ခုနစ်ဆယ်ရာခိုင်နှုန်းပေးလိုက်ရလျှင် အသက်နှင့်ရင်းရသော မုဆိုးများအတွက် ငွေများစွာ မကျန်တော့ပေ။
နောက်တစ်ရက်တွင် ကောင်းကင်ဘုံငယ်များသို့ ရန်ယွင်မြို့တော်မှ သွားရောက်သော အဖွဲ့အရေအတွက်က ရုတ်တရက်တိုးလာသည်။ အတိတ်တွင် သာမန်ကျင့်ကြံသူများက အုပ်စုတစ်ခုနှစ်ခုသာရှိသော်လည်း ယနေ့တွင် အဖွဲ့ပေါင်းသုံးဆယ်အထိ ကောင်းကင်ဘုံငယ်များအတွင်း ဝင်ရောက်သွားကြသည်။ ဤအဖြစ်က အထက်တန်းစားများကို သတိပြုမိစေခဲ့သော်လည်း သာမန်လူတန်းစားများ၏ ငွေအရင်းအမြစ်ကို မစဥ်းစားနိုင်ခဲ့ကြပေ။
ကုလန်ငွေချေးပေးလိုက်သူများမှာ ယုံကြည်စိတ်ချရသူများဖြစ်သည့်အပြင် နှစ်ဖက်လုံးက စာချုပ်ချုပ်ဆိုထားသောကြောင့် အထက်တန်းစားများ မည်မျှစုံစမ်းပါစေ၊ အချက်အလက်များဖော်ထုတ်ရန် မဖြစ်နိုင်ပေ။ နံနက်ခင်းတွင် လက်ကျန်ငွေလေးသန်းကိုလည်း ကျင့်ကြံသူများလာရောက် ချေးငှားသွားခဲ့ကြသည်။ ကျင့်ကြံဆင့်မြင့်သူများ၏ ရည်ရွယ်ချက်က စန်းဟိုင်ကြယ်မဟုတ်သောကြောင့် ငွေကြေးလိုအပ်ချက်က ပို၍များလာခဲ့သည်။ ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူများပါဝင်သော အဖွဲ့အချို့သည် ဆည်းဆာရွှေငါးသိန်းခြောက်သိန်းအထိ ချေးသွားကြသောကြောင့် ငွေဆယ်သန်းက လုံလောက်မနေခဲ့ပေ။
ယဲ့ချန်က သူချေးပေးလိုက်သော ငွေများကို ပြန်ရမရ သေချာခြင်းမရှိပေ။ ဤမေးခွန်း၏ အဖြေကို အချိန်သုံးရက်ကြာမှ သိရပေလိမ့်မည်။